Thursday, August 9, 2012

ရစ်ပတ်ထားသော အဖြူရောင်နှောင်ကြိုးများ


ညီအစ်ကို မောင်နှမအရင်း တစ်ယောက်မှ မရှိတဲ့ ကိုယ့်ဘဝမှာ အဖော်ဆိုတာ အရေးအကြီးဆုံးပဲ။ ‘Only Child’ ဆိုတဲ့ ဂုဏ်ပုဒ်ကြီး  ပိုင်ဆိုင်ထားတဲ့ ကိုယ့်ဘဝမှာ စာအုပ်တွေဟာ သူငယ်ချင်းကောင်းအဖြစ် အခုချိန်ထိ ရပ်တည်နေတုန်းပေါ့။ ငယ်ငယ်လေးကတည်းက ကိုယ်နဲ့ အိုးမကွာ၊အိမ်မကွာ ကစားပေးမယ့် အဖော်ဆိုတာ မရှိခဲ့တော့ စာအုပ်တွေသာ ကိုယ်နဲ့ နပန်းလုံးစရာ သူငယ်ချင်းဖြစ်ခဲ့တာပါ။ ရွှေသွေးတို့၊မိုးသောက်ပန်းတို့ဆိုတာ ကိုယ်ငယ်ငယ်လေးကတည်းက ဖတ်ခဲ့တာတွေပေ့ါ။ လေးတန်း၊ငါးတန်းလောက်မှာတော့ ဖေဖေဖတ်တဲ့ မဂ္ဂဇင်းတွေကို ဖတ်ဖြစ်ခဲ့တယ်။ ဖေဖေနဲ့ စာအုပ်ငှားဆိုင်လေးကို လိုက်လိုက်သွားပြီး ပုံပြင်စာအုပ်တွေ၊ ကာတွန်းစာအုပ်တွေကို  ငှားဖတ်ခဲ့တယ်။ ကိုယ်တို့ အမြဲတမ်း ငှားဖြစ်တဲ့ စာအုပ်ဆိုင်ကတော့ Cupid စာအုပ်ငှားဆိုင်ပါပဲ။ အဲဒီစာအုပ်ငှားဆိုင်လေးကို ကိုယ်ကလေးဘဝကတည်းက သဘောကျခဲ့တာ။ စာအုပ်တွေကိုလည်း ဖလင်ဖုံး(သို့) ဂျပ်ပြားတွေနဲ့သပ်သပ်ရပ်ရပ်ဖုံးထားလို့ စာအုပ်တွေကို ကြည့်လိုက်ရင် အမြဲတမ်း သန့်ရှင်းသပ်ရပ်နေတာပါ။ ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်ကိုလည်း တိတိကျကျ သတ်မှတ်ထားတာ စည်းကမ်းကို တန်ဖိုးထားလို့ ထင်ပါရဲ့။ စာအုပ်ငှားဆိုင်လေးမှာ ငှားတဲ့သူတွေ အရမ်းပေါတယ်လေ။ ကိုယ်သာ မုံရွာမှာ အမြဲရှိနေဖြစ်မယ်ဆိုရင် Cupid စာအုပ်ငှားဆိုင်လေးမှာပဲ စာအုပ်တွေကို အမြဲတမ်း ငှားဖတ်ဖြစ်နေဦးမှာပါ။ ကိုယ် ခုနှစ်တန်းစာမေးပွဲဖြေပြီး နွေရာသီကျောင်းပိတ်ရက်မှာပေါ့။ Cupid ကို စာအုပ်ငှားဖို့ သွားခဲ့တယ်။ ကိုယ့်မျက်လုံးတွေဟာ ခါတိုင်းလို ကာတွန်းတွေ၊ပုံပြင်တွေထားတဲ့ စင်ဘက်မှာ မရှိခဲ့ဘူး။ လူကြီးသူကောင်းတွေဖတ်ကြတဲ့ စင်ဘက်ကိုရောက်နေတယ်လေ။ အဲဒီနေ့က ဆရာချစ်စံဝင်းရဲ့ စာအုပ်ကို ငှားခဲ့တယ်။(စာအုပ်နာမည်တော့ မမှတ်မိတော့ပါ။) ကလေးတစ်ယောက်အနေနဲ့ ဆရာချစ်စံဝင်းရဲ့ စာအုပ်ဟာ အရမ်းမြင့်နေတာပေါ့။ အိမ်ရောက်တော့လည်း ငှားလာတဲ့ စာအုပ်ကို ကြည့်ပြီး ကြီးကျယ်လိုက်တာလို့ အပြောခံခဲ့ရပါတယ်။ ကိုယ့်စိတ်ထဲမှာတော့ ဂုဏ်တွေယူလို့ပေါ့။ ရှစ်တန်းကျောင်းသူ ဘဝမှာတော့ ကိုယ်စုထားတဲ့ မုန့်ဖိုးလေးနဲ့ ဆရာကောင်းသန့်ရဲ့ သမီးလေးဖတ်ဖို့ အမှတ် ၁၊၂ ကို ဝယ်ခဲ့တယ်။ ဆရာကောင်းသန့်ရဲ့ စာတွေဟာ ကိုယ့်စိတ်ဓာတ်တွေကို တက်ကြွစေခဲ့တယ်။ သမီးလေးဖတ်ဖို့ အမှတ် ၂ စာမျက်နှာ ၆ မှာ Only One But Lion (တစ်ကောင်းတည်း ဒါပေမယ့် ခြင်္သေ့) ဆိုတဲ့ စာသားလေးက ကိုယ့်အတွက်တော့ အထိမိဆုံးပါပဲ။ မောင်နှမအရင်း မရှိလို့ အားငယ်မိတဲ့ အခါတိုင်း ‘တစ်ကောင်တည်း ဒါပေမယ့် ခြင်္သေ့’ ဆိုတဲ့ စာသားလေးက ကိုယ့်ကို အားတွေဖြစ်စေခဲ့တယ်။ Only Child တွေရဲ့  အားနည်းချက်က တစ်ခါတစ်ရံ အထီးကျန်တတ်တယ်။ ဝမ်းနည်းတတ်တယ်။ ကိုယ်စိတ်ဓာတ်ကျ အားငယ်နေချိန်မှာ စာကောင်းကောင်းတစ်ပုဒ် ဖတ်လိုက်ရလို့ကတော့ ကိုယ့်စိတ်ဓာတ်တွေဟာ ခါကာဘိုရာဇီ တောင်ထိပ်ရောက်သွားသလို မြင့်တက်သွားတော့တာပေါ့။ အဲဒီလိုအချိန်မှာ အားငယ်စိတ်ဆိုတာလည်း မရှိတော့ဘူး။ ဝမ်းနည်းမှုဆိုတာလည်း မရှိတော့ဘူးပေါ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိလာတယ်။ဒါ့ကြောင့်မို့ စာအုပ်တွေဟာ ကိုယ့်ရဲ့ ငယ်ပေါင်း သူငယ်ချင်းကောင်း ၊ ကိုယ်ယုံကြည်ရတဲ့သူ၊ ကိုယ့်ကို ယုံကြည်မှုပေးတဲ့သူပါပဲ။ အခုထိလည်း ကိုယ်စိတ်ဓာတ်ကျ၊စိတ်ပင်ပန်းနေရင် စာအုပ်ဆိုင်သွားပြီး ကိုယ့်မှာရှိတဲ့ ပိုက်ဆံနဲ့ စာအုပ်တစ်အုပ်ဝယ်ဖတ်လိုက်တာပဲလေ။ ကိုယ့်ဗီရိုလေးလည်း စာအုပ်တွေနဲ့ ပြည့်နှက်နေတော့တယ်။
ကိုယ်ကျောင်းနေတဲ့ အရွယ်မှာ သက်ရှိသူငယ်ချင်းတွေအများကြီးနဲ့ ကြုံတွေ့ခဲ့ဖူးတယ်။ သူငယ်တန်းကနေ ဆယ်တန်းအထိ ကိုယ်အရမ်းခင်တဲ့ သူငယ်ချင်းရှိခဲ့သလို ကိုယ့်ကို ခင်တဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် ကိုယ့်မှာ စားအတူ ၊ လာအတူ၊သွားအတူ သူငယ်ချင်းတော့မရှိခဲ့ပါဘူး။ အဲဒီလို သူငယ်ချင်းမျိုးကို အခုထိ တောင့်တနေဆဲပါ။ သူငယ်ချင်းဆိုရင်လည်း ငယ်သူငယ်ချင်းကမှ ပိုကောင်းတယ်လို့ ထင်ထားခဲ့တာ။ အဲဒီအတွေးဟာ မှားယွင်းနေမှန်း အဖြူရောင်နှောင်ကြိုးတစ်ချောင်းက ရစ်ပတ်လိုက်မှပဲ သိလိုက်ရတယ်။ အဖြူရောင်နှောင်ကြိုးလေးရဲ့ နာမည်က အေးမြတ်မွန်လေ။ မွန်မွန်နဲ့ GCCE တက်မှ သူငယ်ချင်းဖြစ်ခဲ့တာပါ။ အခုတော့ မန္တလေးမှာ ကျောင်းတက်နေတယ်။ ကိုယ်တို့နှစ်ယောက် ဝေးခဲ့တာ GCCE Second  Term ဖြေပြီးကတည်းကပါ။ မွန်မွန်နဲ့ တွေ့စက သိပ်မရင်းနှီးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ငယ်သူငယ်ချင်းတစ်ယောက်လိုပဲ ရင်းနှီးခဲ့ကြတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ခင်မင်ကြတယ်ဆိုရာမှာ အကြောင်းပြချက်တွေ ရှိဖို့လိုမယ်မထင်ပါဘူး။ ဒီလိုပဲ ကိုယ်တို့နှစ်ယောက်ကလည်း အကြောင်းပြချက်တွေမရှိဘဲ ဖြူစင်စွာ ခင်မင်ခဲ့ကြတာပါ။ မွန်မွန်က ဂျပန်ဘာသာကို အရမ်းဝါသနာပါတဲ့သူပါ။ (၁၀)တန်းအောင်ပြီး လိုင်းတွေမကျခင်မှာ အားနေလို့ GCCE တက်ခဲ့တာပေါ့။ ကွန်ပျူတာကောလိပ်မှာတက်ခွင့်ရချင်လားလို့ မွန့်မွန့်ကိုမေးတော့ “တက်လည်း တက်ချင်တယ်။ မတက်လည်း မတက်ချင်ဘူး” တဲ့လေ။ ကိုယ့်ဘက်ကတော့ မွန့်မွန့်ကို GCCE ကနေ GCC ကို တက်ခွင့်ရရင် တက်စေချင်ခဲ့တာပါ။ Second Term ဖြေပြီးတော့ သူဝါသနာပါတဲ့ ဂျပန်ဘာသာကို မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်မှာ သွားတက်ခဲ့တယ်။ GCCE အောင်စာရင်းထွက်တော့ ကိုယ်တို့နှစ်ယောက်လုံး တက်ခွင့်ရခဲ့တယ်။ ကိုယ်ကတော့ ဝမ်းသာအားရဖြစ်လို့။ ဒါပေမယ့် မွန်မွန်ကတော့ ဂျပန်ဘာသာကိုပဲ ရွေးချယ်ခဲ့တယ်လေ။ သူမ ကွန်ပျူတာကို မတက်လောက်ဘူးဆိုတာ ကိုယ်မျှော်လင့်ထားပြီးသားပါ။ ကိုယ့်အနေနဲ့ သူမကို ကွန်ပျူတာတက်ဖို့ တိုက်တွန်းခဲ့ပေမယ့် မွန်မွန့်ရဲ့ ဆုံးဖြတ်ချက်တွေဟာ ခိုင်မာနေခဲ့တယ်။ မွန်မွန့်ကို ချီးကျူးမိတယ်။ မွန်မွန့်နေရာမှာ ကိုယ်သာဆို အဲဒီလို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ပါ့မလားလို့လေ။ အခုဆိုရင် ကိုယ်တို့နှစ်ယောက်သိပ်မတွေ့ဖြစ်ကြတော့ပါဘူး။စာချင်းပဲ ဆက်သွယ်နိုင်တော့တယ်။ ဝမ်းသာစရာ၊ဝမ်းနည်းစရာ စတဲ့အကြောင်းအရာတွေကို စာနဲ့ရေးပြီး ရင်ဖွင့်ရတာကလည်း အရသာတစ်မျိုးပေါ့။ ကိုယ်တို့နှစ်ယောက်ဟာ ခရစ္စမတ်နေ့၊ သူငယ်ချင်းများနေ့နဲ့  မွေးနေ့တွေမှာ အမှတ်တရလက်ဆောင်တွေ အပြန်အလှန်ပို့ကြတယ်။ လက်ဆောင်ဆိုတာ တန်ဖိုးနည်းတာ၊ များတာနဲ့ မဆိုင်ဘဲ ပေးသူရဲ့ သတိတရ ရှိနေမှုတွေနဲ့သာ ဆိုင်တယ်လို့ ကိုယ်တို့ ယုံကြည်ထားကြတယ်။ တန်ဖိုးတွေပါလာရင် ကိုယ်တို့ရဲ့ ခင်မင်မှုတွေ အရောင်ပြောင်းသွားနိုင်တယ်လေ။ ကိုယ်တို့ဟာ ငယ်သူငယ်ချင်းတွေ မဟုတ်ကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးနိုင်တယ်။ ယုံကြည်နိုင်တယ်။ သတိတရ ရှိနေမှုတွေကြောင့်ပါ ကိုယ်တို့ကြားက သံယောဇဉ်တွေ ပိုခိုင်မြဲလာရတယ်။ ခင်မင်မှုကို ခင်မင်မှုနဲ့ ရင်းပြီးမှပဲ ရတယ်ဆိုတာ အရမ်းမှန်တာပါပဲ။ သူငယ်ချင်းဆိုရင် ငယ်သူငယ်ချင်းကမှ ကောင်းတယ်ဆိုတဲ့ အတွေးမှားလည်း ကိုယ့်မှာ မရှိတော့ပါဘူး။
နောက်ထပ်အဖြူရောင်သံယောဇဉ်ကြိုးတစ်ချောင်းကျန်ပါသေးတယ်။ (၁၀)တန်းဖြေပြီးတော့ Light,Best,Top,For All စတဲ့ မဂ္ဂဇင်းတွေ ဝယ်ဖတ်ခဲ့တယ်။ ဘာသာပြန်ပြိုင်ပွဲတွေမှာ သူ့နာမည်တွေ့လို့ မိတ်ဆက်စာ စရေးခဲ့တယ်။ သူကတော့ မနိုနိုပဲပေါ့။ မနိုဆီက ပြန်စာမှာ ဘာသာပြန်ပြိုင်ဖို့ လက်တွန့်မနေသင့်ကြောင်း ဆုံးမထားတယ်။ အကြံပေးထားတယ်။ မနိုကြောင့်ပဲ For All မှာ ဝင်ပြိုင်ဖြစ်ခဲ့တယ်။ အင်္ဂလိပ်ကနေ မြန်မာလို ဘာသာပြန်ရတယ်။ ကိုယ့်နာမည်လေးလည်း လက်ရွေးစင် စာရင်းထဲမှာ ပါခဲ့တယ်။ မနိုက ကိုယ့်နာမည်တွေ့ပြီး စာထပ်ရေးလာတယ်။ အခုအချိန်မှာ မနိုနဲ့ စာအဆက်အသွယ်ပြတ်နေပေမယ့် မနိုကို သတိရမိပါတယ်။ Chicken Soup For The Soul ထဲက စာတွေဘာသာပြန်ပြီး Best ကိုလစဉ်လိုလို ပေးပို့ဖြစ်ခဲ့တာ တစ်နှစ်နီးပါးရှိပါပြီ။ ရွေးချယ်ခံရတာ နှစ်ပုဒ်ပဲ ရှိသေးပေမယ့် အားမလျှော့ပါဘူး။ ဆက်ကြိုးစားသွားမှာပါ။ Teen ရဲ့ဘာသာပြန်ပြိုင်ပွဲမှာလည်း ပထမဆုရခဲ့အတွက် အရမ်းကြည်နူးမိပါတယ်။ အားပေးတိုက်တွန်းခဲ့တဲ့ မနိုကို ဒီစာမျက်နှာပေါ်ကနေ အရမ်းကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
ကိုယ့်ဘဝမှာ သက်မဲ့သူငယ်ချင်းကောင်းလည်း ရှိတယ်။ သက်ရှိ အခင်ဆုံး သူငယ်ချင်းလည်းရှိတယ်။ Pen Friend အစ်မတစ်ယောက်လည်း ရထားသေးတယ်။ ကိုယ်ကျေနပ်ပါတယ်။ ကိုယ့်အတွက်တော့ အဖြူရောင်နှောင်ကြိုးတွေဟာ တစ်သက်တာ သတိရစရာတွေပါ။ ကိုယ့်ကို ချည်နှောင်ထားတဲ့ အဖြူရောင်နှောင်ကြိုးတွေကို ကိုယ်ချစ်တယ်။ မြတ်နိုးတယ်။ အဖြူရောင်နှောင်ကြိုးတွေကို ကိုယ်ထာဝရသတိရတယ်။ ကိုယ့်ကိုလည်း သတိရကြမယ်ဆိုရင်ဖြင့်…………
No.24 October,2004 ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း ရေးကြည့်ပါကဏ္ဍ
(ဒီစာမူလေးက စာရေးသူဆယ်ကျော်သက်တုန်းက ဖူးငုံမှာပါခဲ့တဲ့ စာမူလေးပါ။ အခုတော့လည်း စာရေးသူကို အမြဲ ရစ်ပတ်ထားနိုင်တဲ့ နှောင်ကြိုးကတော့ စာအုပ်တွေပါ။ ဝေးကွာသွားလို့ ပြေလျော့သွားတဲ့နှောင်ကြိုးတွေ ရှိသလို အသစ်အသစ်ရစ်ပတ်လာတဲ့ နှောင်ကြိုးတွေလည်း များလာပါပြီ။ စာရေးသူကတော့ အဖြူရောင်နှောင်ကြိုးတွေကို ငံ့လင့်နေတုန်းပါပဲ။)

5 comments:

လွင်ပြင်လှိုင်းငယ် said...

အဖြူရောင်နှောင်ကြိုးဆိုတာဘ၀မှာ မရှိမဖြစ်လိုအပ်တဲ့ ကြိုးလေးပါပဲ

ငွေရိုးဖြူ said...

အားပေးသွားပါတယ်။

စံပယ်ချို said...

အဖြူရောင်နှောင်ကြိုးတွေနဲ့ လာရောက်ဖတ်နေခြင်းပါပဲကွယ်

Phyu Lwin said...

အစ်မလည်း အဖြူရောင်နှောင်ကြိုးတွေကို ချစ်တယ် :)

Anonymous said...

ခင်မင်မှုကို ခင်မင်မှုနဲ့ ရင်းပြီးမှ ရတယ်ဆိုတာ အရမ်းမှန်တာပဲ .. ဟုတ်တယ်နော် ရိုးမြေကျ ...းး))

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။