Monday, October 8, 2012

အချစ်ဟုခေါ်သည်



ဆံနွယ်ကောက်ကောက်လေးတွေကို ချစ်တတ်လာတာ
ဒါဟာ ပြောင်းလဲမှုရဲ့ အစ
ချစ်ခြင်းရဲ့ အပျိုးနိဒါန်း
ထို့ကြောင့် ထိုအရာကို အချစ်ဟုခေါ်သည်။
ရေခဲမုန့်ကို ပါဆယ်ထုပ် လက်ဆောင်ပေးချင်လာတာ
ဒါဟာ ရူးသွပ်မှုရဲ့ အစ
ချစ်ခြင်းရဲ့ ဝင်္ကပါလမ်း
ထို့ကြောင့် ထိုအရာကို အချစ်ဟုခေါ်သည်။
ဖိနပ်ပေးရင် ဝေးတတ်တယ်ဆိုတဲ့ ပညတ်ချက်ကြား
ဘယ်တုန်းကမှ မနီးစပ်ဖူးဘဲ ဝေးသွားမှာ စိုးရွံ့နေတာ
ဒါဟာ ကြောက်ရွံ့မှုရဲ့ အစ
ချစ်ခြင်းရဲ့ ကဝေအတတ်
ထို့ကြောင့် ထိုအရာကို အချစ်ဟုခေါ်သည်။
အနှောင့်အယှက်များဖြစ်နေမလားဆိုတဲ့ စိတ်နဲ့
ဖုန်းကို တိတ်တိတ်လေးပိတ်
နေ့ရက်တိုင်းကို အရောင်လွင့်ဖြတ်သန်းနေတာ
ဒါဟာ အလွမ်းရဲ့ အစ
ချစ်ခြင်းရဲ့ ဆုလာဘ်
ထို့ကြောင့် ထိုအရာကို အချစ်ဟုခေါ်သည်။        ။
ရိုးမြေကျ         (24.9.2012,9am)
ဒီကဗျာလေးက ရုံးမှာ meeting လုပ်နေတုန်း ထွက်လာတဲ့ကဗျာလေးပါ။

13 comments:

မိုးနတ်ကြယ်စင် said...

ကောင်းလိုက်တာ မရယ်...တစ်ပုဒ်လုံးကို အရမ်းကြိုက်တယ်...
ကဗျာတွေများများရေးပါနော်..မ...
မရေးတဲ့ ကဗျာတွေ မိုးနတ် အရမ်းဖတ်ချင်တယ်...
ပြီးတော့လေ....ခု မိုးနတ်.(ပိုချစ်ရတဲ့လူ ကိုယ်ပဲဖြစ်ပါစေ) ဆိုတဲ့
ဆရာမ ဂျုးစာအုပ်ဖတ်နေတယ်..အဲဒါလေးလဲပြောချင်တယ် မကိုလေ..
ချစ်ခင်လေးစားအားကျလျက်....မိုးနတ်

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးတကယ့်ကိုကောင်းတယ်။meeting လုပ်ရင်းတောင် ကဗျာကောင်းလေးထွက်တယ် တော်လိုက်တာ

စံပယ်ချို said...

ဟုတ်တာပေါ့ရှင်

အလွမ်းရဲ့ အစ
ချစ်ခြင်းရဲ့ ဆုလာဘ်ဆိုတာလေ-----
ချစ်တဲ့ sis jasmine

မြတ်နိုးသူ said...

အဲလိုစိတ်လေးပေါ်လာတာတကယ်ပဲအချစ်လား
ညလေးမသိလို့မေးတာနော်(ဟီး)

Cameron said...

meeting ခန်းထဲမှာ စိတ်လွင့်နေတဲ့သဘောပေါ့ဟုတ်လား...။ ကဗျာကောင်းတစ်ပုဒ်တော့ထွက်လာတယ် ချီးကျူးစရာပဲ...။

လေပြေချို said...

ရုံးမှာ meeting လုပ်နေတုန်း ထွက်လာဆိုတော့လေ..
မှတ်မိသေးတယ် လေပြေလဲ တစ်နေ့က အလုပ်ကိစ္စနဲ့ မေးလ်တွေပို့နေတာ ကဗျာခေါင်းစဉ်လေး စဉ်းစားမိလို့ ချရေးရင်း လိပ်စာမှားသွားရော
အဆူခံလိုက်ရတာလဲ အီစိမ့်သွားတာပဲ :)))))

ကဗျာလေး အားပေးခဲ့တယ်နော်
ခင်တဲ့
လေပြေ

Phyu Lwin said...

ဖိနပ်ပေးရင် ဝေးတတ်တယ်ဆိုတာ တကယ်များဖြစ်နေလေသလား ..ပြောကြတာတော့ကြားဖူးတာပဲနော် ;'(

ချစ်စံအိမ် said...

ချစ်သူကဖိနပ်ပေးမယ်လုပ်တော့မပေးရဘူးလို့ မယူဘူးလို့  အချစ်လို့ ခေါ်တာလားကွယ် ..:)

Thu said...

မိုက်တယ်ကဗျာကိုပြောတာနော်။:P
meetingလုပ်နေတုန်းထွက်လာတဲ့ကဗျာတဲ့။အဟိ

အလွမ်းမြို့ said...

meeting လုပ်နေတာ သေချာနားမထောင်ဘဲ ကဗျာကို ထွက်ပေါက်
ပေးသေးတယ်နော်။အဟင့်။အထက်လူကြီး ဖုန်းနံပတ်ပေး...တိုင်မလို့.
အဟီး...
အားပေးသွားတယ်။ ထူးအယ်လင်းက (အချစ်လို့ခေါ်သလားတဲ့) ရိုးမြေကျ
ကတော့ (အချစ်ဟုခေါ်သည်)ပေါ့..
အားပေးလျှက်
မကြီးလွမ်း

နွေလ said...

မိုက်တယ်ဟေ့
အလုပ်ရှုပ်နေတာတောင်
ဦးနှောက်က ကဗျာတစ်ပုဒ် ထုတ်နိုင်တယ်
ကျွန်တော်တို့ကတော့ အလကားနေရင်း
စိတ်ဓာတ်တွေ ကျ ဘာစာမှ မရေးနိုင်သေးဘူး
အခု အချစ်လို့ ခေါ်တဲ့ အရာကြီးကြောင့်လည်း ပါတာပေါ့လေ

Nge said...

အရမ်းကောင်းတဲ့ခံစားချက်တွေပဲ...

Nge said...
This comment has been removed by the author.

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။