Friday, August 10, 2012

လမ်းပြကြယ်


မနီလာမြို့မှာ ကြီးပြင်းခဲ့ရတဲ့ ရက်ဗ်တိုနီလိန်းဟာ မျက်စိအတွင်းတိမ်ရောဂါ၊ မျက်စိထဲ ရိပ်ရိပ်ထင်နေတဲ့ ရောဂါနဲ့ ရေတိမ်ရောဂါ ခံစားနေရတယ်။ သူ့ကျောင်းစာအုပ်မှာ ရေးထားတဲ့ ပုံမှန်အရွယ်စာသားတွေနဲ့ သူ့ဆရာတွေ ကျောက်သင်ပုန်းပေါ် ရေးသားထားတာတွေကို သူမဖတ်နိုင်ပါဘူး။ မကြာခဏ ဝမ်းနည်း အားငယ်ရတယ်။
          ၁၉၈၈ ခုနှစ် အသက်သုံးဆယ်မှာ သူဟာ ကာဗိုက်မြို့ရှိ ဘုရားကျောင်းတစ်ကျောင်းမှာ သင်းအုပ်ဆရာအဖြစ် လုပ်ခဲ့တယ်။ ဖန်သားပြင်ပေါ်က စကားလုံးတွေကို အသံထွက်ဘာသာစကားအဖြစ် ပြောင်းပေးနိုင်တဲ့ အသံဖန်တီးပေးတဲ့ ကိရိယာက တစ်ဆင့် မျက်မမြင်တွေ အတွက် ကွန်ပျူတာသုံးစွဲနိုင်တဲ့ အခွင့်အလမ်းရှိတယ်ဆိုတာ သူသဘောပေါက်သွားတယ်။ မျက်မမြင်တွေအတွက် ဖွင့်ထားတဲ့ အမေရိကန်ကျောင်းတစ်ကျောင်းမှာ ကွန်ပျူတာသင်ခန်းစာကို စာပေးစာယူတက်ခဲ့တယ်။ သူ့ကျောင်းသင်တန်းကြေးကို ဖြည့်ဆည်းဖို့ ကွန်ပျူတာ ဆက်စပ်ပစ္စည်းတွေ စပြင်ခဲ့တယ်။
          သုံးနှစ်ကြာပြီးတဲ့နောက် သူ လုံးလုံးမမြင်ရတော့ပါဘူး။ ဘုရားကျောင်းအလုပ်ကို စွန့်လွှတ်ဖို့ တွန်းအားဖြစ်လာတယ်။ စက်ပြင်အလုပ်နဲ့ သူ့ကိုယ်သူ ထောက်ပံ့ထားရပြီး တီးဝိုင်းတစ်ခုမှာ ကီးဘုတ်လည်း တီးပါသေးတယ်။ အခုချိန်မှာ အသက်(၅၀) ရှိပြီဖြစ်တဲ့ လိန်းက “ကျွန်တော် လုံး၀ အသုံးမဝင်တာ မဖြစ်ချင်ခဲ့ဘူး။” လို့ ပြန်ပြောပြတယ်။
          ကလေးဘဝတုန်းက ကွန်ပျူတာဖန်တီးဖို့ အိပ်မက်မက်ခဲ့တယ်။ US ကို ပြောင်းသွားတဲ့ သူ့အမေက သူ့အတွက် အသံမျိုးစုံ ဖန်တီးနိုင်တဲ့ ကိရိယာလေး ပို့ပေးခဲ့တယ်။
          အဲဒီနောက် လိန်းဟာ ဘက်လိုက်တာ၊ဦးစားပေးဆက်ဆံတာတွေ မရှိဘဲ သူ့အတန်းဖော်တွေရဲ့ ကျန်တဲ့သူတွေ အပေါ် ဆက်ဆံတာမျိုး မျှော်လင့်ရင်း မနီလာကွန်ပျူတာကျောင်းမှာ စာရင်းသွင်းခဲ့တယ်။ သူနဲ့ အမြင် အာရုံချို့ယွင်းချက်မရှိတဲ့ အတန်းဖော်တွေကြားက ကွဲပြားမှုက သူ့ရဲ့အသံမျိုးစုံ ဖန်တီးပေးနိုင်တဲ့ ကိရိယာလေးသာ ဖြစ်တယ်လို့ ခံစားမိတယ်။
          လိန်းဟာ တခြားမျက်မမြင်ပုဂ္ဂိုလ်တွေလည်း သူရင်ဆိုင်နေရတဲ့ အခက်အခဲမျိုးကို ကျော်လွှားဖို့ ရုန်းကန်နေရတယ်ဆိုတာ သိတယ်။ ဒါ့ကြောင့် သူ့အိမ်မှာ မျက်မမြင်သူငယ်ချင်းငါးယောက်အတွက် ကိန်းကြီးခန်းကြီး မဆန်တဲ့ ကွန်ပျူတာသင်ရိုးကို စတင်ပို့ချခဲ့တယ်။
          ဒီနေ့ခေတ်မှာ သူတို့ဝယ်နိုင်တာထက် (၁၉၈၀)နှောင်းပိုင်းနှစ်တွေတုန်းက ကွန်ပျူတာတွေဟာ ပိုစရိတ်စကကြီးပါတယ်။ “တချို့သူငယ်ချင်းတွေက ငွေစပ်တူထည့်ပြီး ကျွန်တော်လည်း ကျွန်တော့်မုန့်ဖိုးထဲကနေ ငွေတချို့ထည့်ခဲ့ရတယ်။” လို့ သူက ပြန်ပြောင်းပြောပြတယ်။
          မကြာခင်မှာဘဲ လိန်းနဲ့ သူ့ရဲ့ ပူပူနွေးနွေး လေ့ကျင့်သင်ကြားပေးထားတဲ့ အတန်းသားတွေဟာ အမျိုးသား အသက်မွေးမှုဆိုင်ရာ  ပြန်လည်ထူထောင်မှုစင်တာ နဲ့ ဖိလစ်ပိုင်မျက်မမြင် အဖွဲ့အစည်းလို အသင်းအဖွဲ့တွေဆီ “သူတို့ဟာ မျက်မမြင်တွေအတွက် ကွန်ပျူတာအတတ်ပညာ ကျွမ်းကျင်မှုကို အခမဲ့ သင်ကြားပေးမယ်။” ဆိုတဲ့ ရိုးစင်းတဲ့ ကမ်းလှမ်းချက်တစ်ခုနဲ့ သွားရောက်လည်ပတ်ခဲ့တယ်။
          သင်ရိုးညွှန်းတမ်းတွေအကြောင်း သတင်းပျံ့သွားတဲ့အခါ ပိုပိုများလာတဲ့ မျက်မမြင်ပုဂ္ဂိုလ်တွေကလည်း အကူအညီ ပေးကြပြီး မီဒီယာတွေကလည်း အကူအညီပေးကြပြီး မီဒီယာတွေကလည်း စ အာရုံစိုက်မိလာကြတယ်။ နောက်ဆုံးမှာတော့ (၁၉၉၄) ခုနှစ်မှာ သူ့အိမ်မှာ မျက်မမြင်တွေအတွက် ATRIEV ကွန်ပျူတာကျောင်းကို ဖွင့်လှစ်ခဲ့တယ်။ မျက်မမြင်ဆရာလေးယောက်ရှိတယ်။ အားလုံးစေတနာ့ ဝန်ထမ်းတွေပါပဲ။ “ကျွန်တော်တို့ရဲ့ ကျောင်းသားအများစုဟာ သွားလာစရိတ် အကုန်အကျ မခံနိုင်တာကြောင့် ကျွန်တော်တို့အိမ်မှာပဲ အိပ်ကြရတယ်။” လို့ လိန်းက ပြန်ပြောပြတယ်။
          ကွန်ပျူတာသင်တန်းကျောင်းတစ်ခုက သူ့ကို စာသင်ခန်းနေရာလွတ်ပေးပြီးတဲ့နောက်မှကို သင်တန်းကြေးမကောက်ခံသေးတဲ့ ATRIEV ကို ဆက်လက်ထိန်းသိမ်းဖို့ ရုန်းကန်ခဲ့ရတယ်။”ကျွန်တော် ကူညီပေးခဲ့တဲ့သူတွေရဲ့ အောင်မြင်မှုက ကျွန်တော်ရှေ့ဆက်သွားနိုင်အောင် လုပ်ပေးခဲ့တာပဲ။ ATRIEV က မျက်မမြင်တွေအတွက် မျှော်လင့်ချက်သာပေးတာမဟုတ်ဘူး။ ကျွန်တော်တို့က သူတို့တွေကို ဘဝတွေပါပေးခဲ့တာပါ။
          ၂၀၀၀ ခုနှစ်မှာ အလှည့်အပြောင်းဖြစ်လာပါတယ်။ ဖိလစ်ပိုင်နည်းပညာနဲ့ အတတ်ပညာဖွံ့ဖြိုးမှု အာဏာပိုင်အဖွဲ့အစည်းက ကျောင်းသားတွေအတွက် သင်ရိုးညွှန်းတမ်းနဲ့ ပညာသင်လို စီမံခန့်ခွဲမှုတွေနဲ့ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ အဲဒီနောက် ATRIEV ဟာ US အခြေစိုက် ပညာရေးဆိုင်ရာ နည်းပညာနဲ့ ပတ်သက်တဲ့ အိုဗာဘရူနစ်မွန်နက်ဝါ့ခ်နဲ့ဂျာမနီက ခရစ်တိုဖယ်ဘလိုင်းဒန်း မစ်ရှင်(သို့) ခရစ်ယာန် မျက်မမြင် သာသနာပြုအဖွဲ့ကနေ ငွေရေးကြေးရေး အထောက်အပံ့တွေ စရခဲ့တယ်။
          အခုတော့ ကူဇွန်မြို့မှာ အခြေစိုက်ပြီး ATRIEV ဟာ မျက်မမြင်တွေနဲ့ အမြင်အာရုံချို့ယွင်းနေတဲ့သူ (၃၅၀) ကျော်ကို လေ့ကျင့်သင်ကြားပေးပြီးပါပြီ။ ဆရာနှစ်ယောက်နဲ့ လေ့ကျင့်ပေးသူ ဆယ်ယောက်ရှိပါတယ်။ အားလုံးအမြင်အာရုံ ချို့ယွင်းနေပါတယ်။ သင်ရိုးတွေထဲမှာ ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲခြင်း၊ ဝက်ဆိုဒ်ရေးခြင်းနဲ့ အက္ခရာသင်္ကေတရေးသားခြင်းတွေ ပါဝင်ပါတယ်။
          လောဒက်(စ်)ဘောဂိုနီးရားဟာ မျက်စိအတွင်းတိမ်ကြောင့် အသက်နှစ်ဆယ်မှာ အမြင်အာရုံ ဆုံးရှုံးခဲ့ရတဲ့နောက်မှာ မိသားစုနဲ့ သူငယ်ချင်းတွေက ATRIEV  မှာ စာရင်းသွင်းဖို့ သူမကို စည်းရုံးသိမ်းသွင်းခဲ့တယ်။ ပထမဆုံးသူမဟာ ကွန်ပျူတာအခြေခံ ပညာကိုလေ့လာခဲ့ရတယ်။ အဲဒီနောက် အီလက်ထရွန်းနစ်စနစ်သုံး ကုန်သွယ်မှု သင်ရိုးကို သင်ယူခဲ့တယ်။ ဒီနေ့မှာတော့ သူမဟာ ဖိလစ်ပိုင်ရဲ့ ပထမဆုံးမျက်မမြင် ကွန်ယက် ကျွမ်းကျင်သူ ဖြစ်နေပါပြီ။”တိုနီသာ မရှိရင် ဒီနေ့လိုမျိုး ကျွန်မတို့ ဒီနေရာမှာ ရှိနိုင်မှာ မဟုတ်ပါဘူး။ သူက ကျွန်မတို့ ဘဝတွေကို ပြန်ပေးခဲ့တာပါ။” လို့ ဘောဂိုနီးယားက ပြောပါတယ်။
          အိမ်ထောင်သည်ကလေးလေးယောက်ရှိတဲ့ လိန်းက သူ့ရည်မှန်းချက်ပန်းတိုင်က အမြဲရိုရှင်းပါတယ်လို့ ပြောပါတယ်။ လူတိုင်းလူတိုင်း ရယူနိုင်သလိုမျိုး သူ့လို မျက်မမြင်တွေကလည်း နည်းပညာကို တန်းတူ အသုံးပြုနိုင်ဖို့ပါပဲ။”ကျွန်တော် မသန်စွမ်းပေမယ့် လူတွေအများကြီးကို ကူညီခဲ့ရတဲ့အတွက် ပျော်ရွှင်ပါတယ်။”

Ref:Blind Leading The Blind by Mars W.Mosqueda , Reader’s Digest April 2009
No.(133),July 2010,The Best English Magazine

ပို့စ်အဟောင်းလေးပါ။


0 comments:

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။