Friday, August 10, 2012

အချိန်မီတယ်ဆိုရုံလေး


အဲဒီလူငယ်လေးဟာ သူ့အဖေနဲ့ အတူ နေထိုင်ခဲ့တယ်။ သူတို့နှစ်ယောက်မှာ အလွန်ထူးခြားတဲ့ သံယောဇဉ်ရှိတယ်။
          သားဖြစ်သူဟာ အရန်ခုံမှာပဲ အမြဲထိုင်နေရသည့်တိုင် သူ့အဖေဟာ ပွဲကြည့်စင်ကနေ အမြဲအားပေးလေ့ရှိတယ်။ သူဟာ ပြိုင်ပွဲတစ်ပွဲမှ လွတ်သွားတယ်လို့ မရှိခဲ့ဘူး။
          အဲဒီလူငယ်လေး အထက်တန်းကျောင်းရောက်တဲ့အခါ အတန်းရဲ့ အငယ်ဆုံး ဖြစ်နေတယ်။ ဒါပေမဲ့ သူ့အဖေဟာ သူ့ကို ဆက်လက်အားပေးခဲ့တယ်။ အဲဒါကိုလည်း ပြတ်ပြတ်သားသား လုပ်ခဲ့တယ်။ သူ့မှာသာ ဆန္ဒမရှိရင် အမေရိကန်ဘောလုံး ကစားခွင့်ရမှာ မဟုတ်ပေ။ ဒါပေမဲ့ လူငယ်လေးဟာ ဘောလုံးကို ချစ်မြတ်နိုးပြီး အောင်မြင်သည်အထိ ကြံ့ကြံ့ခံဖို့ ဆုံးဖြတ်ခဲ့တယ်။ လေ့ကျင့်ချိန်တိုင်းမှာ အကောင်းဆုံး ကြိုးစားဖို့ သန္နိဌာန် ချထားတယ်။ တစ်နေ့နေ့မှာ ကစားခွင့်ရဖို့ မျှော်လင့်ထားတယ်။
          အထက်တန်းကျောင်းသားဘ၀ တစ်လျှောက်လုံး သူဟာ လေ့ကျင့်မှု တစ်ခု သို့မဟုတ် ပြိုင်ပွဲတစ်ပွဲကို မပျက်ကွက်ခဲ့ဖူးပေ။ ဒါပေမဲ့ လေးနှစ်တာ ကာလပတ်လုံး အရန်ခုံမှာပဲ ဆက်လက်ရှိနေခဲ့တယ်။ သူ ယုံကြည်အားထားရတဲ့ အဖေဟာ သူ့အတွက် အားတက်စေမယ့် စကားလုံးတွေနဲ့ ပွဲကြည့်စင်မှာ အမြဲရှိနေတယ်။
          လူငယ်လေး ကောလိပ်ရောက်တဲ့အခါ ဘောလုံးအသင်းမှာမိနစ်ပိုင်းကစားသူအနေနဲ့ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ လူတိုင်းဟာ သူဂိုးသွင်းနိုင်မှာ မဟုတ်ဘူးလို့ သေချာသိနေကြတယ်။ ဒါပေမဲ့ သူ လုပ်နိုင်ခဲ့တယ်။
          နည်းပြဟာ သူ့ကို စာရင်းမှာ ထည့်ဖို့ လက်ခံခဲ့တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူဟာလေ့ကျင့်မှုတိုင်းမှာ သူ့ရဲ့ စိတ်နှလုံးကို အမြဲမြှုပ်နှံထားလို့ပဲ ဖြစ်တယ်။ တစ်ချိန်တည်းမှာ အခြားအသင်းသားတွေကိုလည်း အခွင့်အရေးပေးခဲ့တယ်။ သူတို့ ဆိုးဆိုးဝါးဝါးလိုအပ်နေတာကိုလည်း လောဆော်ပေးခဲ့တယ်။
          သူဂိုးသွင်းနိုင်တဲ့ သတင်းဟာ သူ့ကို အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်စေတယ်။ သူဟာ အနီးဆုံးဖုန်းဆီ ပြေးလွှားသွားပြီး သူ့အဖေဆီ ဖုန်းဆက်တယ်။ သူ့အဖေဟာ သူ့ရဲ့ စိတ်လှုပ်ရှား ပျော်ရွှင်မှုကို မျှဝေခံစားခဲ့တယ်။ ကောလိပ်အားကစားပြိုင်ပွဲအားလုံးအတွက် သူ့အဖေဆီ အားကစားလက်မှတ်တွေ ပို့ပေးခဲ့တယ်။
          အဲဒီဇွဲကောင်းတဲ့ လူငယ်အားကစားသမားလေးဟာ ကောလိပ်မှာရှိတဲ့ လေးနှစ်တာ ကာလအတွင်း လေ့ကျင့်မှုကို ဘယ်တော့မှ မပျက်ကွက်ခဲ့ပါ။ ဒါပေမဲ့ သူဟာ ပြိုင်ပွဲမှာ ကစားဖို့ အခွင့်အရေးတော့ မရခဲ့ဖူးပေ။
          သူရဲ့ ကောလိပ်ဘောလုံးပြိုင်ပွဲ အဆုံးသတ်မှာပေ့ါ။ သူဟာ သရေကျနေတဲ့ အဆုံးအဖြတ်ပေးမယ့် ကစားပွဲ မတိုင်ခင် လေ့ကျင့်ကွင်းပေါ် ခပ်သွက်သွက်လျှောက်ခဲ့တယ်။ နည်းပြဟာ သူ့ကို ကြေးနန်းစာ တစ်စောင်နဲ့ စောင့်နေခဲ့တယ်။ လူငယ်လေးဟာ ကြေးနန်းဖတ်ပြီး ငြိမ်သက်သွားတယ်။
          တံတွေးမြိုချပြီး သူဟာနည်းပြကို ဗလုံးဗထွေးနဲ့ ပြောလိုက်တယ်။
          “ဒီမနက်ပဲ ကျွန်တော့အဖေ ဆုံးသွားတယ်။ ဒီနေ့ လေ့ကျင့်ချိန်ဖျက်လို့ ရမလား။” နည်းပြဟာ သူ့ပခုံးပေါ် ညင်ညင်သာသာ ဖက်လိုက်ပြီး
          “သား ဒီအပတ် အနားယူလိုက်ပါ။ ပြီးတော့ စနေနေ့မှာ ပြိုင်ပွဲဆီ ပြန်လာဖို့တောင် စီစဉ်မနေနဲ့။” လို့ပြောတယ်။
          စနေနေ့ရောက်တဲ့အခါ ပြိုင်ပွဲဟာ အခြေအနေ သိပ်မကောင်းပေ။ ကစားချိန် တတိယပိုင်းရောက်တဲ့ အထိ သူတို့အသင်းဟာ ဆယ်မှတ်လျှော့နည်းနေချိန် ငြိမ်သက်နေတဲ့ လူငယ်လေးဟာ ဘယ်သူမှမရှိတဲ့ အဝတ်လဲခန်းထဲ တိတ်တဆိတ် ဝင်လာပြီး သူ့ရဲ့ ဘောလုံးဝတ်စုံကို ဝတ်လိုက်တယ်။ ကွင်းဘေးမှာ သူပြေးလာတဲ့အခါ နည်းပြနဲ့ သူ့ကစားဖော်တွေဟာ သူတို့ရဲ့ သစ္စာရှိ အသင်းသား ပြန်လာတာကို မြင်တဲ့အခါ အံ့အားသင့်သွားကြတယ်။
          “ဆရာ ကျွန်တော့်ကို ကစားခွင့်ပြုပါ။ ကျွန်တော် ဒီနေ့ကစားရမှဖြစ်မယ်။” လို့ လူငယ်လေးက ပြောတယ်။ နည်းပြဟာ သူ့ကို မကြားချင်ဟန်ဆောင်နေတယ်။ ဒီအဆုံးအဖြတ် ပွဲပြီးခါနီးမှာ သူ့ရဲ့ အညံ့ဆုံး ကစားသမားကို ထည့်ကစားဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ဒါပေမဲ့ လူငယ်လေးဟာ ဇွတ်လုပ်ခဲ့တယ်။
     နောက်ဆုံးတော့ လူငယ်လေးအတွက် စိတ်မကောင်းဖြစ်မိလို့ နည်းပြဟာ အလျှော့ပေးလိုက်တယ်။ “ကောင်းပြီ။ မင်းဝင်ကစားပါ။”လို့ သူကပြောတယ်။
          သိပ်မကြာခင်မှာ နည်းပြ၊ကစားသမားတွေနဲ့ ပွဲကြည့်စင်က လူတိုင်းဟာ သူတို့ရဲ့ မျက်လုံးတွေကို မယုံကြည်နိုင်အောင် ဖြစ်ရတယ်။
          အရင်က မကစားခဲ့ဖူးတဲ့ အမည်မသိ အဲဒီကောင်လေးဟာ အရာရာကို အဆင်ပြေပြေ ကစားနေတယ်။ တစ်ဖက်အသင်းက သူ့ကို မတားနိုင်ကြ။သူဟာ နာမည်ကျော်အားကစားသမားတစ်ယောက်လို ပြေးတယ်။ ကျော်ဖြတ်တယ်။ တားဆီးပြီး လျှင်မြန်စွာ ဘောလုံးဝင်လုတယ်။ သူ့အသင်းဟာ အောင်ပန်းဆွတ်ဖို့ စတင် အားထုတ်ကြတယ်။ မကြာခင်မှာ အမှတ်တူဖြစ်လာတယ်။
          ပြိုင်ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုလောက်မှာ အဲဒီလူငယ်လေးဟာ ဘောလုံးကို ကြားဖြတ်ယူ၊ကွင်းတစ်လျှောက် ပြေးပြီး အနိုင်ဂိုးရခဲ့တယ်။ သူ့အသင်းသားတွေဟာ သူတို့ပခုံးပေါ် သူ့ကို မြှောက်တင်ကြတယ်။ သင် ကြားဖူးမှာမဟုတ်တဲ့ သြဘာသံတွေနဲ့။
          နောက်ဆုံးတော့ ပွဲကြည့်စင်မှာ လူတွေမရှိတော့ပေ။ အဲဒီနောက် အသင်းသားတွေဟာ ရေချိုးပြီးတော့ အဝတ်လဲခန်းမှ ထွက်ခဲ့ကြတယ်။ နည်းပြဟာ လူငယ်လေးတစ်ယောက်တည်း ငြိမ်ငြိမ်သက်သက် ထိုင်နေတာကို သတိပြုမိတယ်။
          နည်းပြဟာ သူ့ဆီရောက်လာပြီး ပြောတယ်။
          “ကောင်လေး။ ငါ မယုံနိုင်ဘူးကွာ။ မင်းအရမ်းတော်တယ်။ မင်းဘာဖြစ်သွားတယ်ဆိုတာ ငါ့ကို ပြောပြကွာ။ မင်း အဲဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။”
          သူဟာ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ နည်းပြကိုကြည့်ပြီး ပြောလိုက်တယ်။
          “ဟုတ်ကဲ့။ ကျွန်တော့်အဖေ ဆုံးသွားတယ်ဆိုတာ ဆရာသိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အဖေဟာ မျက်မမြင်ဆိုတာရော ဆရာသိရဲ့လား။
          လူငယ်လေးက တံတွေးမြိုချပြီး အားတင်းပြုံးလိုက်တယ်။
          “အဖေဟာ ကျွန်တော့် ပြိုင်ပွဲတွေ အားလုံးလာကြည့်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ဟာ ကျွန်တော်ကစားတာကို တွေ့မြင်နိုင်တဲ့ ပထမဆုံးအကြိမ်ပဲ။ ကျွန်တော်လုပ်နိုင်တယ်ဆိုတာ အဖေ့ကို သက်သေပြချင်လို့ပါ။”

Ref; Chicken Soup For The Christian Souls , One Moment In Time by Author Unknown
No.(70),April,2005 The Best English Magazine

4 comments:

လွင်ပြင်လှိုင်းငယ် said...

ဘာသာပြန်လေး စိတ်ဝင်တစားအားပေးသွားပါတယ်

စံပယ်ချို said...

ကေသီရေ ဘာသာပြန်လေးကောင်းတယ်
ကောင်းလေးကိုမျက်မမြင်ဖခင်တစ်ယောက်က ပွဲကြည့်စင်
ကနေအမြဲအားပေးခဲ့တယ်နော်
အဲတာ ဖခင်တစ်ယောက်ရဲ့ အားပေးမှု ချစ်ခြင်းတွေပေါ့
အမှန်သူမြင်ရတာမှ မဟုတ်တာ---ဒါကိုသူ့သားကလဲ
ဖခင်ကိုနားလည်တယ်လေ---
သူအနိုင်ရလိုက်ပွဲကို ကောင်းကင်ဘုံကနေကြည့်နေလောက်ပြီနော်
ဲ့

မိုးညချမ်း said...

မမရေ ... ဖတ်ရင်းနဲ့ ၀မ်းနည်းခြင်းကိုလည်း ခံစားလိုက်ရသလို ကျေနပ်ပီတိကိုလည်း ခံစားလိုက်ရတယ် ... ပိုစ့်လေးက အရမ်းကောင်းတာပဲ ... :)

နွေလ said...

လူတစ်ယောက်ဟာ
တွန်းအားတစ်ခုနဲ့ ကြုံကြိုက်လာပြီဆိုရင်
လုပ်နိုင်သွားတော့တာပါပဲ
အချိန်မီတယ်ဆိုရုံလေးပဲ ဖြစ်ဖြစ်ပေါ့

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။