Monday, August 27, 2012

လူ့အလိုနတ်မလိုက်နိုင်


‘’ လူကလေး။ ဟေး လူကလေး’’
ဂျူယန်ဟာ ပတ်ပတ်လည် ကြည့်လိုက်တယ်။ ‘’ ဘယ်သူလဲ။ ခင်ဗျား ဘယ်နေရာမှာလဲ။ ကျွန်တော် ခင်ဗျားကို မမြင်ရဘူး။ ‘’
‘’ဒီမှာ။ ဒီမှာလေ။ ‘’
ခပ်လှမ်းလှမ်းက မြစ်တစ်စင်းနားမှာ သစ်ပင်တွေရှိနေတယ်။ ဂျူယန်ဟာ သူ့ဆီသွားတယ်။အဲဒီလူဟာ အရပ်ရှည်ပြီး အစိမ်းရောင်မျက်လုံးတွေ ရှိတယ်။
‘’ ခင်ဗျား ဘယ်သူလဲ။’’ လို့ ဂျူယန်က မေးလိုက်တယ်။
‘’ငါ ကားလော့(စ်)ပဲ။ ဘာစီလိုနာက လာတာလေ။ ‘’
‘’ ဘာစီလိုနာလား။ ဒါဆို အရမ်းဝေးမှပေါ့။ ‘’
‘’ ဟုတ်တယ်။ ငါလူတစ်ယောက်ကို ရှာနေတာ။ အဘိုးအို တစ်ယောက်ပေ့ါ။’’
‘’ အဲဒီလူက အရမ်းအိုမင်းနေပြီ။ လူတွေပြောကြတာက သူဘယ်တော့မှ သေမှာ မဟုတ်ဘူးတဲ့။ သူတို့က သူသေနိုင်မှာ မဟုတ်ဘူး လို့ ပြောကြတယ်။ ‘’
‘’ အိုး။ အဲဒီလူကို ကျွန်တော်သိပြီ။ သူ အဲဒီနေရာမှာ နေတာ။ တောင်ပေါ်မှာပေ့ါ။ အိမ်လေးကို ခင်ဗျားတွေ့လား။ ဟုတ်တယ်။ အဲဒီမှာ။ ကြည့်လိုက်ပါဦး။ မိန်းမကြီးတစ်ယောက် အိမ်ထဲ အခုဝင်သွားပြီ။ ‘’
‘’ သူမက ဘယ်သူလဲ။ ‘’
‘’အိုး။ သူမက ဒီရွာမှာနေတဲ့ သူပေ့ါ။ သူမဟာ ညစာစားချိန်တိုင်း သူ့အိမ်ကို အစားအသောက်တွေ ယူသွားပေးတတ်တယ်။ ပြီးတော့ သူ့မှာ ဇနီးသည်လည်း မရှိတော့ဘူး။ ကလေးတွေလည်း မရှိတော့ဘူး။ အပေါင်းအသင်း မိတ်ဆွေတွေလည်း မရှိတော့ဘူး။ သူတို့အားလုံး သေသွားကြပြီ။ အားလုံး အားလုံးပေါ့။ ‘’
‘’ ငါ သူ့ဆီသွားရမယ်။ ကျေးဇူးပဲ ကောင်လေး။ ‘’
‘’ မဟုတ်သေးဘူး။ မသွားနဲ့။ ရပ်လိုက်ပါ။ ‘’
ကားလော့(စ်)ဟာ ပြန်လှည့်လာတယ်။
‘’ ဘာကြောင့်လဲ။’’
‘’ ကောင်းပြီ။ သူ…. သူက ကျွန်တော်တို့နဲ့ မတူဘူး။ ကျွန်တော်တို့ပြောတတ်တဲ့ ဘာသာစကားကို မပြောတတ်ဘူး။ သူ ကျွန်တော်တို့ကို တစ်စုံတစ်ရာတော့ ပြောပြတယ်။ ဒါပေမဲ့ သူပြောတာ ကျွန်တော်တို့ နားမလည်ဘူး။ သူ ဒီအကြောင်းချည်းပဲ ထပ်ခါထပ်ခါ ပြောတယ်။
‘’ ငါ သူ့ကို တွေ့ချင်တယ်။ ဘိုင့်။’’
ကားလော့(စ်)ဟာ တောင်ပေါ်တက်သွားပြီး လူကြီးရဲ့ အိမ်ထဲဝင်လိုက်တယ်။ အိမ်ရှေ့တံခါးက ပွင့်နေတယ်။ ဒါ့ကြောင့် သူအထဲဝင်လိုက်တယ်။ သူ့ရှေ့မှာ လူတစ်ယောက်ရှိတယ်။ သူ အရမ်းအိုမင်းမစွမ်းရှိနေပြီး နာမကျန်းဖြစ်နေတယ်။
‘’ ကျွန်တော် ခင်ဗျားကို စကားပြောချင်ပါတယ်။ ‘’ လို့ ကားလော့(စ်)က ပြောလိုက်တယ်။ ‘’ကျွန်တော် အထဲဝင်လာလို့ ရမလား။ ‘’
အဘိုးအိုက တစ်စုံတစ်ရာ ပြောလိုက်တယ်။ ဒါပေမဲ့ စကားလုံးတွေက စပိန် ဘာသာစကားမဟုတ်ပါဘူး။ အရမ်းအရမ်းကို ရှေးကျတဲ့ ဘာသာစကားပါ။
ကားလော့(စ်)က ရပ်လိုက်တယ်။အဲဒီနောက် သူက အဘိုးအိုကို ထိုဘာသာစကားနဲ့ ‘’ ဟယ်လို’’ လို့ ပြောလိုက်တယ်။
မျက်ရည်တွေဟာ အဘိုးအိုရဲ့ မျက်နှာကို ဖြတ်ပြီး စီးဆင်းလာတယ်။
‘’ မင်း ငါ့ဘာသာစကားကို ပြောတတ်တာပဲ။ ငါ့ကို မင်းနားလည်နိုင်မှာပါ။’’
‘’ ဟုတ်ကဲ့။’’ လို့ ကားလော့(စ်)က ပြောလိုက်တယ်။ ‘’ကျွန်တော် ခင်ဗျားကို နားလည်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ရှေးဘာသာစကားတွေကို သင်ကြားနေသူတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော့်ကို ပြောပြပါ။ ခင်ဗျား ဒီဘာသာစကားကို ဘယ်လိုပြောတတ်တာလဲ။ ဒီနေ့ ခေတ်မှာ ဒီသာသာစကားကို ဘယ်သူမှ မပြောတတ်ကြတော့ဘူး။ ‘’
‘’ င့ါရဲ့ ဘဝဇာတ်ကြောင်းကို နားထောင်ကြည့်ပါ။’’ လို့ အဘိုးအိုက ပြောလိုက်တယ်။
‘’ ငါဟာ လူချမ်းသာတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ ငါဟာ ငါ့မိန်းမနဲ့ ငါ့ပိုက်ဆံကို ချစ်မြတ်နိုးတယ်။ တစ်ညနေမှာ လူတစ်ယောက် ငါ့အိမ်ကို ရောက်လာခဲ့တယ်။ မိုးရွာနေတယ်။ ‘’ ကျွန်တော် အရမ်းချမ်းတုန်ပြီး စိုစွတ်နေပါတယ်။ အထဲဝင်လာလို့ ရမလား။ ‘’ လို့ သူက ပြောတယ်။
‘’ ရပါတယ်။’’ လို့ ငါက ပြောတော့ ထိုလူ အထဲဝင်လာတယ်။
ထိုလူဟာ ငါ့အိမ်တွင်းမှာရှိတဲ့ လှပတဲ့ အရာအားလုံးကို ကြည့်နေတယ်။
‘’ခင်ဗျား တော်တော်ချမ်းသာတာပဲ။ ‘’ လို့ သူကပြောတယ်။ ‘’ ခင်ဗျားမှာ အရာအားလုံးရှိနေတယ်။ ‘’
‘’ခင်ဗျားမှာ မရှိတာဘာလဲ။’’လို့ သူက မေးတယ်။
‘’ကျွန်တော် အသက်ရှိတာကို လိုချင်တယ်။ ကျွန်တော် အသက်ရှင်လျက်ပဲ ရှိချင်တယ်။ ပြီးတော့လည်း အသက်ရှင်လျက်ပဲ ရှိချင်တယ်။ နောက်ပြီးတော့လည်း အသက်ရှင်လျက်ပဲ ရှိချင်တယ်။ ဘယ်တော့မှ မသေချင်ဘူး။’’
‘’ကျွန်တော် ခင်ဗျားကို ဘ၀ တစ်ခု ပေးနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားပျော်နိုင်ပါ့မလား။ အဲဒါကိုရော ခင်ဗျားအလိုရှိရဲ့လား။’’
‘’ ကျွန်တော် လိုချင်ပါတယ်။ ‘’လို့ ငါဖြေခဲ့တယ်။
‘’ ဒီစာအုပ်ထဲမှာ စကားလုံးအချို့ ကျွန်တော်ရေးထားခဲ့မယ်။ အရာအားလုံး ဟာ အချိန်တန်ရင်ပျက်စီးရမှာပဲ။ ဒီစကားလုံးတွေ ၊ ဒီစာမျက်နှာ၊ ဒီစာအုပ်ဟာ တစ်နေ့နေ့မှာ အားလုံးအဆုံသတ်ရမှာပဲ။ အဲ့ဒီနေ့မှာ ခင်ဗျားသေလိမ့်မယ်။ ဒါပေမဲ့ စာအုပ်ကို မျက်စိ ရှေ့မှောက်မှာ မထားနဲ့။ အခု ဒီစာအုပ်ကို အဝေးမှာ ထားလိုက်ပါ။ အဲဒါက ခင်ဗျားကို ဘ၀ တစ်ခုပေးလိမ့်မယ်။ ‘’
ငါဟာ ငယ်ရွယ်နုပျိုနေပြီး အသက်ရှင်လျက် ရှိချင်တယ်။ ဒါ့ကြောင့် အဲဒီစာအုပ်ကို အဝေးမှာ ထားလိုက်တယ်။
ငါဟာ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့တယ်။ ပြီးတော့ အခုထိလည်း ငါအသက်ရှင်နေတုန်းပဲ။ ငါ့မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ငါ့မိသားစု အားလုံးဟာ သေကုန်ကြပြီ။ ငါလမ်းမလျှောက်နိုင်တော့ဘူး။ ငါသေချင်နေတယ်။ ဒါပေမဲ့ ငါမတတ်နိုင်ဘူး။ ငါမေးပြီးရင်း မေးမိတယ်။ ဒါပေမဲ့ အခုချိန်မှာ ဘယ်သူမှ ငါပြောတဲ့ ဘာသာစကားကို မပြောတတ်ကြတော့ဘူး။ ဘယ်သူမှလည်း ငါ့ကို နားမလည်နိုင်ကြဘူး။ ဘယ်သူမှလည်း ငါ့ကို မကူညီနိုင်ကြဘူး။ ဒါပေမဲ့ မင်းတော့တတ်နိုင်ပါတယ်။ ငါသေချင်နေတယ်။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ငါ့ကို ကူညီပါဦး။’’
‘’ဒါပေမဲ့ ဘယ်လိုကူညီရမှာလဲ။ ‘’လို့ ကားလော့(စ်)က ပြောလိုက်တယ်။
‘’အဲဒီ စာအုပ်ကို ငါ့အတွက် ယူပေးပါ။ ပန်းခြံရဲ့ အဆုံးမှာရှိတဲ့ အခန်းငယ်လေးထဲ မှာပါ။ အဲဒါကို ယူပြီး မီးထဲထည့်လိုက်ပါ။ ‘’
ကားလော့(စ်)ဟာ ထွက်သွားပြီး ထိုစာအုပ်နဲ့ ပြန်ရောက်လာတယ်။ သူဟာ စာအုပ်ကို မီးထဲထည့်လိုက်တယ်။
ထိုလူနှစ်ယောက်လုံးဟာ မီးကို ကြည့်နေကြတယ်။
‘’ ကြည့်ပါဦး။ စာအုပ်မီးလောင်နေပြီ။ ‘’ လို့ ကားလော့(စ်)က ပြောလိုက်တယ်။
‘’ဟုတ်တယ်။အခု ငါပျော်သွားပြီ။ ‘’ လို့ အဘိုးအိုက ပြောတယ်။
‘’ ကျေးဇူးပဲ။ ငါ့ဘဝကြီး အဆုံးသတ်သွားပြီ။ ‘’

No.106, The Best English Magazine April,2008 တွင်ဖော်ပြခံရသော စာမူဖြစ်သည်။

0 comments:

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။