Monday, August 27, 2012

နှလုံးသားကပြောသောစကား


ဟိုးရှေးရှေးတုန်းက သူ့အိပ်မက်ထဲက အမျိုးသမီးတစ်ယောက်ကို လက်ထက်ခဲ့တဲ့ လူကြီးတစ်ယောက်ရှိတယ်။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ မိန်းကလေးငယ်လေးတစ်ယောက် မွေးဖွားခဲ့တယ်။
 မိန်းကလေး ကြီးပြင်းလာတဲ့အခါ လူကြီးက သူမကို ပွေ့ဖက်ပြီး “ဖေဖေ မင်းကို ချစ်တယ် သမီးလေးရယ်” လို့ သူမကိုပြောတယ်။ ကလေးမလေးဟာ နှုတ်ခမ်းစူပြီး ပြောလိုက်တယ်။  “သမီး အခုငယ်ငယ်လေး မဟုတ်တော့ဘူး” အဲဒီနောက် လူကြီးက ရယ်မောပြီး ပြောလိုက်တယ်။ “ဒါပေမဲ့ ငါ့အတွက်တော့ ထာဝရသမီးငယ်လေး ပါပဲကွယ်။”
ရှေ့ဆက်ငယ်ရွယ်တော့မှာ မဟုတ်တဲ့ မိန်းကလေးဟာ သူမအိမ်ကို ထားခဲ့ပြီး ကမ္ဘာလောကထဲ ထွက်လာခဲ့တယ်။ သူမဟာ သူမအကြောင်း ပိုပြီးနားလည်လာတဲ့အခါ သူမဟာ လူကြီးအကြောင်းလည်း ပိုပြီး နားလည်လာတယ်။ ထိုလူကြီးရဲ့ ခွန်အားတစ်ခုကတော့ သူ့မိသားစုကို သူ့ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြတတ်တဲ့ အရည်အချင်းပါပဲ။ သူမ ကမ္ဘာလောကထဲမှာ ဘယ်နေရာရောက်ရင်ပဲဖြစ်ဖြစ် လူကြီးဟာ သူမကို ဖုန်းဆက်ပြီး ပြောတယ်။ “ဖေဖေ မင်းကိုချစ်တယ် သမီးလေးရယ်။”
ရှေ့ဆက်ပြီး ရင့်ကျက်တော့မှာဖြစ်တဲ့ မိန်းကလေးငယ်လေးဟာ ဖုန်းခေါ်တာကို လက်ခံရမိတဲ့နေ့ ရောက်လာတယ်။ လူကြီးဟာ လူစဉ်မမီဖြစ်ခဲ့တယ်။ ရုတ်တရက်လေဖြတ်ခဲ့တယ်။ သူစကား မပြောနိုင်တော့ဘူး။ မပြုံးနိုင်တော့ဘူး။ မရယ်မောနိုင်တော့ဘူး။ လမ်းမလျှောက်နိုင်တော့ဘူး။ မပွေ့ဖက်နိုင်တော့ဘူး။ မကခုန်နိုင်တော့ဘူး။ ပြီးတော့ ရှေ့ဆက်ရင့်ကျက်လာမှာဖြစ်တဲ့ မိန်းကလေးငယ်လေးကို သူဟာ ချစ်ကြောင်း မပြောနိုင်တော့ဘူး။
ဒါ့ကြောင့် သူမဟာ လူကြီးနံဘေး အရောက်သွားခဲ့တယ်။ သူမအခန်းထဲ လမ်းလျှောက်ဝင်သွားတဲ့အခါ သူ ပိန်ချုံးသွားပြီး မသန်စွမ်းတော့တာကို သူမတွေ့ရတယ်။ သူ သူမကို ကြည့်ပြီး စကားပြောဖို့ ကြိုးစားခဲ့ပေမဲ့ သူမတတ်နိုင်ခဲ့ပေ။
မိန်းကလေးဟာ သူမ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကို လုပ်ဆောင်ခဲ့တယ်။ သူမဟာ လူကြီးနဲ့ ကပ်လျက် ခုတင်ပေါ်တက်လိုက်ပြီး သူမအဖေရဲ့ အသုံးမဝင်တော့တဲ့ ပခုံးတွေကို သိုင်းပြီး သူမလက်တွေနဲ့ ဖက်ထားလိုက်တယ်။
သူ့ရင်ဘတ်ပေါ်မှာ သူမဦးခေါင်းတင်ထားပြီး အကြောင်းအရာ တော်တော်များများကို စဉ်းစားမိတယ်။ သူမဟာ လူကြီးက သူမကို ရင်ဝယ်ပိုက်ထားပြီး အမြဲတမ်းကာကွယ်ပေးခဲ့တာကို သတိရမိတယ်။ သူမကို နှစ်သိမ့်ပေးဖူးတဲ့ ချစ်ခြင်းမေတ္တာ စကားလုံးတွေကို ဆုံးရှုံးရတဲ့အတွက် သူမ ပူဆွေးသောက ရောက်မိတယ်။
အဲဒီနောက် သူမဟာ လူကြီးရဲ့ နှလုံးခုန်သံဆီကနေ ကြားလိုက်ရတယ်။ ခန္ဓာကိုယ်ရဲ့ ကျန်အပိုင်းတွေကို ထိခိုက်သွားပေမဲ့ နှလုံးဟာ ဆက်ခုန်နေပါတယ်။ ပြီးတော့ သူမအဲဒီမှာ နားနေစဉ် ထူးထူးခြားခြား ဖြစ်ပျက်ခဲ့ပါတယ်။ သူမကြားချင်နေတာကို ကြားခဲ့ရတယ်။
သူ့ပါးစပ်က ကြာကြာမပြောနိုင်တဲ့ စကားလုံးတွေဟာ နှလုံးခုန်သံကနေ ထွက်လာတယ်။ “ဖေဖေ မင်းကို ချစ်တယ် သမီးငယ်လေး။ ဖေဖေ မင်းကို ချစ်တယ် သမီးငယ်လေး။” သူမစိတ်ချမ်းသာသွားတယ်။

Source : Condensed Chicken Soup For The Soul ,Heart Song written by Patty Hansen
No.(112),October,2008, The Best English Magazine

0 comments:

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။