Sunday, October 14, 2012

ဒီအချိန်ရောက်ရင်



“ဒီအတိုင်းဆက်သွားလို့တော့မဖြစ်တော့ဘူး။” ဟု ဆိုကာကျွနု်ပ်တို့သူငယ်ချင်းသုံးယောက် တီးတိုးတိုင်ပင်နေကြသည်။ သူငယ်ချင်းသုံးယောက်ဆိုသည်မှာ ကျွနု်ပ်အပါအဝင် စိုက်ပျိုးရေးနှင့် ကျောင်းပြီးထားပြီး ဆေးနှင့်ဆေးပစ္စည်းဆိုင်ဖွင့်ထားသော လဲ့လဲ့၊ မိဘလက်ငုတ်လက်ရင်း ခေါက်ဆွဲစက်ကို ဦးစီးလုပ်ကိုင်နေသော ကြည်စုငယ်ကို ဆိုလိုခြင်းဖြစ်သည်။ ထိုစဉ် ကျွနု်ပ်တို့သူငယ်ချင်းတွေ စနေနေ့တိုင်းဆုံဆည်းရာနေရာလေးသို့ အမြဲနောက်ကျမှရောက်လေ့ရှိသော အိမ်ထောင်ရှင်မကြီး အင်ကြင်းက “ဘာတွေပြောနေကြတာလဲဟင်။” ဟု ဝင်မေး၏။ “ဘာဖြစ်ရမလဲ။သီတင်းကျွတ်တော့မယ်လေ။” လို့ ကျွနု်ပ်တို့သုံးယောက်က ရှင်းပြတော့ အင်ကြင်းမက “အဲဒါဘာဖြစ်လဲ။ နင်တို့ဗျောက်ဖောက်မလို့လား။” ဟု ဇိုးဇိုးဆတ်ဆတ်ပြန်ဖြေသည်။
“သီတင်းကျွတ်ရင် မင်္ဂလာဆောင်ဖိတ်စာတွေရောက်လာတော့မှာလေဟ။”
ထိုသို့ဆိုလိုက်မှ ကျွန်ုပ်တို့သုံးယောက်အကျိတ်အနယ်ဆွေးနွေးမည့် စကားဝိုင်းအကြောင်း သူက ရိပ်မိသွားသည်။
ကျွနု်ပ်၊လဲ့လဲ့နှင့် ကြည်စုငယ်မှာ မင်္ဂလာဆောင်တွေလက်ဖွဲ့ရသည်မှာ ပြန်လမ်းမရှိသော လမ်းကို လျှောက်နေရခြင်းဟု ယုံကြည်ထားကြသူများဖြစ်သည်။
“အဲဒါခက်တာပဲ။ဖိုင်နယ်မှာ တိုင်ကွယ်နေခဲ့တော့ အခုချိန်မှာ ကိုယ်ကပဲ လက်ဖွဲ့တွေသွားနေရတာပဲဟ။” ဟု ကျွနု်ပ်က ပြောလိုက်သည်။
“ငါကတော့ ဖိုင်နယ်မှာ တိုင်ကွယ်မနေခဲ့ဘူးဟ။ ကျောင်းမှာ အီစီကလီလေးတွေတော့ ရှိခဲ့သား။” ဟု လဲ့လဲ့က ဆတ်ဆတ်ထိမခံ ခွန်းတုန့်ပြန်သည်။
“ငါက နင်တို့တတွေ ကျောင်းကို ကျော့ကျော့လေးတက်နေခဲ့ရကတည်းက အိမ်စီးပွားရေးကို ကူညီလုပ်ပေးခဲ့ရတာဆိုတော့ ငါ့မှာ အချစ်ရေးစဉ်းစားချိန်မရခဲ့ပါဘူးဟ။ငါက တိုင်ကွယ်ချိန်ကို မရခဲ့ဘူး။” ဟု အမှတ်ကောင်းရရန်ဝင်ပြောသည်။
“ဘာ   ဒါဆို ငါတစ်ယောက်ပဲ တိုင်ကွယ်နေခဲ့တာပေ့ါ ဟုတ်လား။ အိုဘယ့်မြားနတ်မောင်။ အသင်ဘယ်သွားနေသနည်း။ ကျွနု်ပ်တို့တစ်နှစ်တစ်နှစ် ရင်းနှီးမြှုပ်နှံနေရတဲ့ လက်ဖွဲ့တွေအတွက် အရင်းကျေစေရန် ဆောင်ရွက်ပေးတော်မူပါ။” ဟု ကျွနု်ပ်က တိုင်တည်ငြီးတွားလိုက်တော့ အိမ်ထောင်ရှင်မကြီး အင်ကြင်းက အားရပါးရရယ်သည်။ ရယ်မှာပေါ့။ သူက ဖိုင်နယ်မှာတိုင်ကွယ်ခွင့်တောင် မရဘဲ ဖိုင်မနယ်ခင်ကတည်းက အိမ်ထောင်ရေးလောကထဲ ခြေစုံပစ်ဝင်သွားတာလေ။ သူ့မင်္ဂလာဆောင်မှာ ရခဲ့တဲ့လက်ဖွဲ့တွေအတွက် အခုချိန်မှာ သူပြန်လက်ဖွဲ့နေရသော လက်ဖွဲ့တွေသည် တနည်းဆိုရလျှင် အတိုးသာသာလောက်သာရှိပါ၏။ ဘယ်တော့ပြန်ရနိုင်မလဲ မသိနိုင်သော ရင်းနှီးမြှုပ်နှံမှုကို မငြီးမညူပြုနေရသည်ကတော့  ကျွန်ုပ်တို့သုံးယောက်သာဖြစ်၏။ 
“ဒီတော့ action plan ဆွဲရမယ်။ ဒီ investment ဟာ အရင်းကျေနိုင်မကျေနိုင် ခွဲခြမ်းစိတ်ဖြာရမယ်။ လိုအပ်ရင် budget ပါဆွဲရမယ်။” လို့ ကုမ္ပဏီဝန်ထမ်းပီပီ ကျွနု်ပ်ကပြောလိုက်တော့ ကျန်သူငယ်ချင်းနှစ်ယောက်မှာ သူတို့မရင်းနှီးသော စကားလုံးများပြောလိုက်တော့ စဉ်းစားရကြပ်ကုန်ကြ၏။
“အင်းဆေးကုမ္ပဏီတွေက ပရိုမိုးရှင်းလုပ်သလို မင်္ဂလာဆောင်တွေလဲ ပရိုမိုးရှင်းပေးရင်သိပ်ကောင်းမယ်။ မင်္ဂလာဆောင်တစ်ခုလာရင် ဖရီးနှစ်ခုသွားခွင့်ရှိတယ်ဆို သိပ်ကောင်းမယ်။” ဟု ဆေးဆိုင်ပိုင်ရှင်ပီပီ ပရိုမိုးရှင်းကိုပဲ အမြဲမျှော်လင့်နေသည့် လဲ့လဲ့က ဝင်ပြောပြန်သည်။
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင် ကြည်စုမ ဆိုပုံကတော့
“အင်း ဆိုင်တွေမှာအကြွေးပေးသလို မင်္ဂလာဆောင်လက်ဖွဲ့ကို ဆောင်ပြီးနောက်နှစ်မှ ပေးလို့ရရင် ဒီကြားထဲ အဲဒီငွေနဲ့ လုပ်ငန်းလည်ပတ်နိုင်မယ်။”
စကားဝိုင်းထဲဝင်ခွင့်မပေးပေမယ့် ဆေးကုမ္ပဏီမှာ Supervisor လုပ်နေသော အင်ကြင်းမက အားကျမခံ ဝင်ပြောပြန်၏။
“အင်းဆေးကုမ္ပဏီမှာလို မင်္ဂလာဆောင်ကနေပြန်ရင် မုန့်တွေကြိုက်သလောက် FOC သယ်ခွင့်ရရင် သိပ်ကောင်းမှာပဲ။”
စကားဝိုင်းသည် ခဏငြိမ်ဆိတ်သွား၏။
မိတ်ဆွေတို့ကို ခွဲခြမ်းစိတ်ဖြာကြည့်ရလျှင် ကျောင်းတက်စဉ်က မေးထူးခေါ်ပြောပင် မရှိဘဲ ၎င်းတို့မင်္ဂလာဆောင်ခါနီးချိန်ရောက်လာလျှင် ဖက်လဲတကင်းနှုတ်ဆက်တတ်ကြကုန်သော မိတ်ဆွေတွေလည်းရှိသည်။ ဒါ့အပြင် ကျောင်းတက်စဉ်က မေးထူးခေါ်ပြောရှိပေမယ့် ၎င်းတို့ မင်္ဂလာဆောင်ချိန်မှာ ကျွနု်ပ်တို့ထံ ဖိတ်စာပို့ဖို့ မေ့နေတတ်ကြသော မိတ်ဆွေသူငယ်ချင်းတို့လည်း ရှိကုန်၏။ ထိုသို့မေ့နေကြလျှင် ကျွနု်ပ်တို့ သူငယ်ချင်းတစ်တွေမှာ ထခုန်မိမတတ် ဝမ်းသာကြကုန်၏။ နောက်ထပ် မိတ်ဆွေအမျိုးအစားတစ်မျိုးမှာ သူငယ်ချင်းအရင်းခေါက်ခေါက်ထဲတွင်ပါသောသူများဖြစ်၏။ ၎င်းတို့အတွက်ကတော့ သူတို့တွေမွေးဖွားလာမည့် ဘေဘီလေးတွေအထိပါ ရင်းနှီးမြှုပ်နှံမှုပြုရ၏။ ဘေဘီတွေနှင့် ပတ်သက်သော ရင်းနှီးမြှုပ်နှံမှုများမှာ ကလေးရက်(၁၀၀)ပြည့်၊ (၂၀၀)ပြည့်၊(၃၀၀)ပြည့်မွေးနေ့ မှသည် ထိုကလေးမင်္ဂလာဆောင်မည့်အချိန်ထိဖြစ်၏။
စကားဝိုင်းသည် ငြိမ်ဆိတ်နေရာမှ ပြန်အသက်ဝင်မလာတော့ဘဲ သီတင်းကျွတ်တော့မှာကို စိုးရိမ်နေကြသော ကျွနု်ပ်တို့ သူငယ်ချင်းတစ်တွေ၏ သက်ပြင်းမောတွေနှင့်သာ ထိုနေ့တွေ့ဆုံမှုကို အဆုံးသတ်လိုက်ရပါတော့သည်။
ရိုးမြေကျ(14.10.2012, 6:40pm)

11 comments:

Thu said...

အပျိုကြီး လက်ဖွဲ.ဖိုးကြောက်နေပြီ။ဟိဟိ..
စတာပါ။
ဟုတ်တယ်။ သီတင်းကျွတ်ရင် ဖိတ်စာတွေလာတော့မယ်။:D

ဆန်းစနေ၀န်း said...

ဖိတ်စာလှမ်းပို့လိုက်မယ်ဗျို.....

Phyu Lwin said...

ဘယ်တော့ပြန်ရနိုင်မလဲ မသိနိုင်သည့် ရင်းနှီးမြုပ်နှံမှုကို မငြီးမငြူ ပြုနေရသည်တဲ့ .. မှန်အိ :DD

လရိပ်အိမ် said...

ဒီအချိန်ရောက်ရင် လွမ်းတယ်။ ( စည်သူလွင် + ဟေမာနေဝင်း )

လွင်ပြင်လှိုင်းငယ် said...

သီတင်းကျွတ်ရင်ကြောက်တတ်ကြသလား ဟိ

နွေလ said...

ရာသီစာ ချကျွေးလိုက်တာပါလား အစ်မရေ
မနှစ်ကမှ အိမ်က အပျိုကြီး တစ်ယောက်
အိမ်ထောင်ကျသွားတာမို့ ဒါမျိုးတွေ ကြုံဖူးတယ်လေ
ရယ်ရသား ...

မြတ်နိုးသူ said...

မကြာခင်သီတင်းကျွတ်တော့မယ်
သီချင်းလေးသတိရသွားလို့ပါ
ဒီအချိန်ရောက်ရင်တဲ့
အာပေးသွားပါတယ်အမ

ချင်းမလေး said...

လာမှာပေါ့.. သူ့ အလှည့်ပြီးရင်
ကိုယ့်အလှည့်ပေါ့.. ဟဲဟဲ..
အားငယ်နဲ့ .. ကြောက်နဲ့ ..
ဒီက မမကြီးလဲကျန်သေးတယ်.. :P

စံပယ်ချို said...

ဒီကဖြစ် ပေးချင်လွန်းလို့ လူပျိုကြီးတွေကလဲ တစ်ယောက်မှမစွံဘူးဖြစ်နေတယ်
ဘယ့်နဲ့လုပ်ရမယ်မသိပါကွယ်

ချစ်စံအိမ် said...

ပိုစ့်လေးဖတ်ပြီးသီတင်ကျွတ်ကိုအမှတ်ရနဲ့ ဒီနှစ်မှမစွံရင်တော့ အပျိုကြီးတကယ်လုပ်ပြီး ဟီး

ပဥာက် said...

ဒီထက်မကပိုပြီး အသ်သွင်းလိုက်ရင်ကောင်းမယ်..ကျနော်သဘောကျတယ်

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။