Thursday, August 16, 2012

လူတွေကို ဆက်ဆံခြင်း


လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မုန်တိုင်းထန်နေတဲ့ ညတစ်ညမှာ လူကြီးတစ်ယောက်နဲ့ သူ့မိန်းမဟာ ဖီလာဒဲဖီးယားက ဟိုတယ်လေးတစ်ခုရဲ့ ဧည့်ခန်းထဲဝင်လာကြတယ်။ မိုးလွတ်အောင်ကြိုးစားရင်း လင်မယားနှစ်ယောက်ဟာ တစ်ညတာ ခိုလှုံရဖို့ မျှော်လင့်ရင်း ကောင်တာရှေ့ကို ချဉ်းကပ်လိုက်တယ်။ “ငါတို့ကို ဒီမှာ အခန်းတစ်ခန်းပေးနိုင်မလား။” လို့ ယောင်္ကျားဖြစ်သူက မေးလိုက်တယ်။
          နှစ်လိုဖွယ်အပြုံးနဲ့ ဖော်ရွေတဲ့ လူတစ်ယောက်ဖြစ်တဲ့စာရေးက ဒီစုံတွဲကို ကြည့်လိုက်ပြီး မြို့တွင်းမှာ ညီလာခံ(၃) ခု ရှိကြောင်းရှင်းပြတယ်။ “ကျွန်တော်တို့ရဲ့ အခန်းတွေ အားလုံးကို ယူထားပြီးသားဖြစ်နေပါပြီ။” လို့စာရေးက ပြောတယ်။ “ဒါပေမဲ့ ခင်ဗျားတို့လို ဖော်ရွေတဲ့စုံတွဲကို မနက်တစ်နာရီမှာ မိုးရွာထဲ ကျွန်တော် မလွှတ်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ အခန်းမှာ ခင်ဗျားတို့အိပ်ဖို့ လိုလိုလားလား ရှိပါရဲ့လား ခင်ဗျာ။ အဲဒါဟာ အကောင်းစား အခန်းတစ်ခန်းတော့ လုံးဝမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီအခန်းဟာ ခင်ဗျားတို့ကို တစ်ညတာ သက်တောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။”
          ထိုကြောင့် စုံတွဲက သဘောတူလိုက်တယ်။ နောက်နေ့မနက်မှာ သူဟာ သူ့ရဲ့ ငွေတောင်းခံလွှာကို ပေးတဲ့အခါ လူကြီးက စာရေးကိုပြောတယ်။ “မင်းဟာ အမေရိကန်က အကောင်းဆုံးဟိုတယ်ရဲ့ အကြီးအကဲဖြစ်သင့်တဲ့ မန်နေဂျာမျိုးပဲ။ တစ်နေ့နေ့မှာ မင်းအတွက် ဟိုတယ်တစ်လုံး ငါဆောက်ပေးဖြစ်လိမ့်မယ်။”
          စာရေးဟာ သူတို့ကို ကြည့်ပြီး ပြုံးလိုက်တယ်။ သုံးယောက်စလုံး အားပါးတရ ရယ်လိုက်ကြတယ်။ သူတို့ကားမောင်းထွက်လိုက်တော့ လင်မယားစုံတွဲဟာ ကူညီတတ်တဲ့ စာရေးဟာ တကယ်ထူးခြားတယ်လို့ ဆုံးဖြတ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖော်လည်းဖော်ရွေပြီး ကူလည်းကူညီတတ်တဲ့ လူတွေကို တွေ့ရဖို့ မလွယ်ကူလို့ပါပဲ။
          နှစ်နှစ်ကုန်လွန်ခဲ့တယ်။ စာရေးဟာ လူကြီးဆီက စာတစ်စောင် လက်ခံရရှိတဲ့အချိန်မှာ သူဟာ အဖြစ်အပျက်ကို မေ့လုနီးနီးဖြစ်နေပါပြီ။ စာဟာ အဲဒီမုန်တိုင်းထန်တဲ့ ညကို ပြန်သတိရစေပါတယ်။ လူငယ်လေးကို သူတို့ဆီကို လာလည်ဖို့ ပြောရင်း နယူးယောက်(ခ်)ကို လာဖို့ လက်မှတ်တစ်စောင် (စာနဲ့အတူ) ထည့်ပေးလိုက်ပါတယ်။ လူကြီးက သူ့ကို နယူးယောက်(ခ်)မှာ တွေ့ဆုံပြီး သူ့ကို ပဉ္စမမြောက် ရိပ်သာလမ်းနဲ့ (၃၄) လမ်းထောင့်ကို ဦးဆောင်ခေါ်သွားပါတယ်။ ထို့နောက် သူက ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံသစ်ကြီးကို ညွှန်ပြလိုက်တယ်။ ကောင်းကင်ကို ထိုးဖောက်နေတဲ့ ကင်းစောင့်မျှော်စင်၊ မျှော်စင်ငယ်လေးတွေနဲ့ အနီရောင် ကျောက်တုံးတွေနဲ့ ခမ်းနားတဲ့ အဆောက်အအုံကြီး တစ်ခုပေါ့။ “မင်း စီမံအုပ်ချုပ်ဖို့အတွက် ငါဆောက်ထားတဲ့ ဟိုတယ်ပဲ။” လို့ လူကြီးက ပြောတယ်။
          “နောက်နေတာလား ခင်ဗျာ။” လို့ လူငယ်က ပြောတယ်။
          “ငါ အပြောင်အပျက်ပြောနေတာ မဟုတ်ဘူးဆိုတာတော့ မင်းကို အခိုင်အမာပြောနိုင်တယ်။”လို့ လူကြီးက လျှို့ဝှက်စွာ ပြုံးပြီးပြောတယ်။ လူကြီးရဲ့နာမည်က ဝီလျံဝေါ့ဒေါ့ဖ်အက်စတာဖြစ်ပြီး ခမ်းနားတဲ့ အဆောက်အအုံကတော့ ဝေါ့ဒေါ့ဖ် အက်စတာရီးယားဟိုတယ်ပဲ ဖြစ်ပါတယ်။ လူငယ်စာရေးလေးကတော့ ဟိုတယ်ရဲ့ ပထမဆုံး မန်နေဂျာဖြစ်ခဲ့တဲ့ ဂျော့(ချ)စီဘော့(တ်)ပဲ ဖြစ်ပါတယ်။ အဲဒီ လူငယ်စာရေးလေးဟာ ကမ္ဘာ့စွဲမက်ဖွယ် အကောင်းဆုံးဟိုတယ်တွေထဲက တစ်ခုမှာ မန်နေဂျာဖြစ်လာစေခဲ့တဲ့ အဖြစ်အပျက်ရဲ့ အလှည့်အပြောင်းကိုတော့ ကြိုမသိခဲ့ပေ။
          သင်ခန်းစာအနေနဲ့ကတော့….လူတိုင်းကို မေတ္တာတရား၊ယဉ်ကျေးသိမ်မွေ့မှု၊အလေးထားမှုတွေနဲ့ ဆက်ဆံပါ။ သင် ဘယ်တော့မှ မှားမှာ မဟုတ်ပါ။

Source : Chicken Soup For The Worker’s Soul, Treating People by Author Unknown
No.(71),May,2005 The Best English Magazine

3 comments:

လွင်ပြင်လှိုင်းငယ် said...

ကောင်လိုက်တဲ့ ဘာသာပြန်လေး ။အကျိုးလိုလားလို့လုပ်တာမဟုတ်ပေမယ့် စေတနာအကျိုးကိုသူပြန်ခံစားရတာပေါ့ ။

မြတ်နိုးသူ(MUFL) said...

ကိုယ့်ရဲ့မှန်ကန်တဲ့စိတ်ရင်းစေတနာ
တွေကြောင့်တူညီတဲ့အကျိုးကိုခံစား
ရတာပေါ့နော်အမ
အားပေးသွားပါတယ်

စံပယ်ချို said...

စေတနာ ဖြူစင်ခဲ့ရင်တော့ ဘယ်သူမဆို
သက်ရောက်မှုလေးတစ်ခုကိုခံစားရမှာပါညလေးရေ

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။