Wednesday, August 8, 2012

အကောင်းဆုံး လက်ဆောင်


2nd Yr Final Term အင်္ဂလိပ်စာဖြေပြီး ထွက်လာတော့ သူငယ်ချင်းတစ်ယောက်က စာရောက်နေလို့ဆိုပြီး ယူလာပေးတယ်။ဘယ်သူလဲဆိုတဲ့ အတွေးက ကျွန်မရင်ထဲ ခဏတော့ စိုးမိုးသွားတယ်။ ဟုတ်တယ်လေ။ ကျွန်မ သူငယ်ချင်းတွေက ကျွန်မဆီ စာရေးရင် ကျောင်းလိပ်စာနဲ့ ဘယ်တော့မှ ထည့်လေ့မရှိကြဘူး။ Pen Friend တစ်ယောက်ဖြစ်မယ်ဆိုတဲ့ အသိက ကျွန်မရင်ထဲကို လှုပ်ရှားသွားစေတယ်။ စာကို ချက်ချင်းပဲ ဖောက်ဖတ်ကြည့်လိုက်တယ်။ သူ့ကိုယ်သူလည်း မိတ်ဆက်ထားတယ်။ သူ့နာမည်က ထိုက်ထိုက်သုန်တဲ့။ စာဆုံးသွားတော့ ကျွန်မစိတ်မကောင်းဖြစ်သွားမိတယ်။ ကွန်ပျူတာကောလိပ် တက်နေကြသူချင်းမို့ သူက ကျွန်မကို ပထမနှစ်က ကျောင်းစာနဲ့ ပတ်သက်ပြီး မသိတာလေးတွေ အကူအညီတောင်းထားတယ်။ စာပြန်ရင် မုံရွာကနေ မြစ်ကြီးနားကို (၂)ရက်နဲ့ ဘယ်လိုမှ မရောက်နိုင်မှန်းသိလို့ စိတ်မကောင်းဖြစ်ရုံမှတစ်ပါး ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။ စာမေးပွဲ ဖြေနေစဉ်အတွင်းဆိုတော့ ကိုယ့်ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေခဲ့သလို သူ့အတွက်လည်း စာမေးပွဲဖြေနိုင်ပါစေလို့ ဆုတောင်းပေးမိတယ်။ စာမေးပွဲပြီးမှ သူ့ဆီ စာပြန်ဖြစ်ခဲ့တယ်။
သူ့ဆီက စာတစ်စောင်ထပ်ရောက်လာတယ်။ ဒီတစ်ခါတော့ အိမ်လိပ်စာ ပေးထားတဲ့အတွက် အိမ်လိပ်စာနဲ့ ရောက်လာပါတယ်။ ကျောင်းပိတ်ရက်တွေအတွင်းဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ အိမ်လိပ်စာကသာ အဆင်ပြေပါတယ်။ ကျွန်မမှာ အဖိုးတန်တဲ့ Pen Friend တစ်ယောက်ရပြီ ဖြစ်လို့ ပျော်ရွှင်မိခဲ့တယ်။ ဘာလို့လဲဆိုတော့ သူနဲ့ ကျွန်မဟာ ဝါသနာချင်းတူလို့ပါ။ စာတွေကို တရှိုက်မက်မက် ဖတ်တတ်ပြီး စာရေးဆရာဖြစ်ချင်ကြတယ်။ သူ့ရဲ့စာထဲမှာ အခုခေတ်လူငယ်တွေရဲ့ ဝတ်စားဆင်ယင်မှုအပေါ် ကျွန်မရဲ့ အမြင်ကိုမေးထားတယ်။ ကျွန်မကလည်း စာပြန်လိုက်ပါတယ်။ ခုခေတ် လူငယ်အချို့ရဲ့ ဝတ်စားဆင်ယင်မှုက တခါတလေ အရမ်းဟော့ကြောင်းနဲ့ အမြင်မတော်ကြောင်းစတဲ့ အမြင်တချို့နဲ့ ကျွန်မရဲ့ ဝတ်စားဆင်ယင်ပုံကိုလည်း ပြောပြလိုက်ပါတယ်။
တိုက်ဆိုင်လိုက်တာ။ သူနဲ့ ကျွန်မရဲ့ ဝတ်စားဆင်ယင်ပုံက တော်တော့်ကို တူပါတယ်။ ယောင်္ကျားလေးဝတ် ဂျင်းဘောင်းဘီကို ခုံမင်စွာ ဝတ်တတ်ကြတယ်။ ရှပ်အကျီၤကို မြတ်နိုးစွာ ဝတ်တယ်။ တစ်ခုပဲ ကွဲတယ်။ သူက T.Shirt ဝတ်တတ်ပြီး ကျွန်မက လုံးဝမ၀တ်ပါဘူး။ ဘောင်းဘီကျပ်ကျပ်၊အကျီၤကျပ်ကျပ်တွေကို နှစ်ယောက်စလုံး သဘောမကျကြပါဘူး။ ယောင်္ကျားလေးလို ဝတ်ရတာ အရမ်းကြိုက်ပြီး ထဘီဝတ်ရတာကိုတော့ ကျွန်မတို့ အရမ်းစိတ်ပျက်ကြတယ်။
သူက Hip Hop သီချင်းတွေ၊ Rap တွေကို ရင်ခုန်ပြီး ကျွန်မကတော့ သီချင်းအေးအေးလေးတွေပဲ နှစ်ခြိုက်တယ်။ ဘယ်Music က ပိုကောင်းတယ်ဆိုပြီးတော့လည်း မငြင်းခုံကြဘူး။ တစ်ယောက်အကြိုက်ကို တစ်ယောက်နားလည်ပေးနိုင်ကြတယ်။
နောက်ပြီး ဆရာကြီး မြသန်းတင့်ရဲ့ လေရူးသုန်သုန်ထဲက မီလာနီဆိုတဲ့ ဇာတ်ကောင်ကို ကျွန်မတို့ အရမ်းသဘောကျကြတယ်။ အရမ်းလေးစားကြတယ်။ အက်ရှလေကိုတော့ မပြတ်သားတဲ့သူ ၊ကိုယ့်ကိုယ်ကို မသိတဲ့သူလို့ ယူဆကြတယ်။ စကားလက်အိုဟာရာကိုတော့ မာယာများပြီး လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နိုင် သူလို့ထင်မြင်ကြတယ်။ ရက်ဘက်တလာကိုတော့ အခြေအနေနဲ့ အချိန်အခါကို သိတဲ့သူ၊ တစ်ကိုယ်ကောင်းဆန်တယ်ထင်ရပေမယ့် သမီးရဲ့ ဖခင်ကောင်းတစ်ယောက်အဖြစ် မှတ်ချက်ချကြတယ်။ ဆရာကြီး အောင်သင်းရဲ့ ဆောင်းပါးတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ကြတယ်။ အကြိုက်ဆုံး စာရေးဆရာတွေမှာတော့ သူနဲ့နည်းနည်းကွဲတယ်။ သူက ဆရာမ မိုးမိုး(အင်းလျား)၊ဆရာမ မစန္ဒာ ၊ ဆရာသော်တာဆွေ၊ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာမ ဝင်းဝင်းလတ် ၊ ဆရာမ ကြည်အေး၊ ဆရာ တက္ကသိုလ် ဘုန်းနိုင်တို့ကို အရမ်းသဘောကျတယ်။ ကျွန်မကတော့ ဆရာမကြီး ဂျာနယ်ကျော် မမလေး၊ ဆရာကြီးမြသန်းတင့်၊ ဆရာအောင်သင်း၊ ဆရာ ဇောဂျီ၊ ဆရာကြီး ရွှေဥဒေါင်း၊ဆရာမ မစန္ဒာ တို့ကို အရမ်းလေးစား အားကျမိတယ်။ စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်း ကိုယ့်ရဲ့အမြင်ကို ဆွေးနွေးကြတယ်။ ဘယ်စာအုပ်ဖတ်သင့်တယ်လို့ လမ်းညွှန်ကြတယ်။
ကျွန်မတို့ နှစ်ယောက်လုံး စာဖတ်ဝါသနာပါတာအပြင် စာအုပ်စုတာလည်း ရူးသွပ်ကြတယ်။ စာအုပ်တွေကို ပိုင်ဆိုင်လိုက်ရရင်ပဲ ပီတိဖြစ်သွားတဲ့ စိတ်ဓာတ်ချင်းလည်း တူညီကြပါတယ်။ ကိုယ်ပိုင် စာအုပ်ဆိုင်ကြီး ဖွင့်နိုင်ဖို့လည်း အိပ်မက်မက်ကြတယ်။ လူတွေ အသိဉာဏ်တိုးပွားစေဖို့ ကိုယ့်မြို့ ကိုယ့်ရွာမှာ Library တစ်ခုတည်ထောင်ချင်တဲ့ ဆန္ဒကလည်း ကျွန်မတို့ရဲ့ စိတ်မှာ ကိန်းအောင်းနေပါတယ်။ စီးပွားရေးလုပ်ရမှာကို မုန်းပြီး ပညာနဲ့ပဲ အသက်မွေးချင်ကြတယ်။ ပညာကို ပြန်ဖြန့်ဝေချင်ကြတယ်။
အသက်အရွယ်မတူပေမယ့် သူဟာ ကျွန်မအတွက် မိတ်ဆွေကောင်း တစ်ယောက်ပါ။ ကျွန်မကိုယ်တိုင်လည်း သူ့အတွက် မိတ်ဆွေကောင်းတစ်ယောက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ သူက ကျွန်မကို ရှာဖွေရင်း တွေ့ရှိခဲ့တယ်။ ကျွန်မကတော့ သူ့ကို မရှာဖွေဘဲ တွေ့ရှိခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ နှစ်ယောက်ရဲ့ တွေ့ဆုံမှုအတွက် ကံကြမ္မာကို ထာဝရ ကျေးဇူးတင်နေမှာပါ။ တကယ်တော့ ကိုယ်နဲ့ စိတ်တူကိုယ်တူ ၊ ဝါသနာတူတဲ့ မိတ်ဆွေကောင်းတစ်ယောက် ရထားတာဟာ လူတစ်ယောက်အတွက် အကောင်းဆုံးလက်ဆောင် လက်ဝယ်ပိုင်ဆိုင်ထားခြင်းပဲ ဖြစ်ပါတော့တယ်။
PS . Pen Friend ညီမလေး ထိုက်ထိုက်သုန်အတွက် အမှတ်တရ
မှတ်ချက်။          ။ No.67,Beauty Magazine September 2005  Youth Forum ကဏ္ဍတွင် ဖော်ပြခံရသော စာမူဖြစ်သည်။

0 comments:

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။