Friday, August 10, 2012

အိပ်မက်ထဲက ကျောင်းတော်ကြီး

ကျွန်မကတော့ ၂၀၀၁မှာ ၁၀ တန်းအောင်ထားသူပါ။ ဂုဏ်ထူးတစ်ခုမှ မပါပေမယ့် အမှတ်က မနည်းပါဘူး။ဒါပေမယ့် မျှော်လင့်သလို ဖြစ်မလာတဲ့အတွက် စိတ်ဓာတ်ကျခဲ့ပါတယ်။ စိတ်တည်ငြိမ်ဖို့အတွက် စန်းမြသီတာကဖွင့်တဲ့ ဝါတွင်းတရားစခန်းကို ဝင်ဖြစ်ခဲ့ပါတယ်။စခန်းဝင်နေတုန်းမှာ သူငယ်ချင်းတစ်ယောက်က ကျွန်မမိဘတွေကို ကွန်ပျူတာကောလိပ်က ဖွင့်တဲ့ ပေါင်းကူးသင်တန်းကို လျှောက်ခိုင်းခဲ့ပါတယ်။ မိဘတွေက လျှောက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ကွန်ပျူတာကောလိပ်ကဖွင့်တဲ့ အခြေခံပေါင်းကူးသင်တန်းကို တက်ရောက်ခွင့် ရခဲ့ပါတယ်။ ကျောင်းတက်ရတော့မှာဖြစ်တဲ့အတွက် တရားစခန်းမှာ ၁၉ ရက်ပဲနေခဲ့ရပါတယ်။ တရားထိုင်ခဲ့တဲ့ အတွက်လည်း စိတ်တည်ငြိမ်နေပါပြီ။
 မုံရွာ ကွန်ပျူတာကောလိပ်က မြို့ထဲကနေသွားရင် ၇မိုင်လောက်ဝေးပါတယ်။ အရမ်းဝေးတဲ့အတွက် ကျောင်းကားတွေ ပြေးဆွဲပေးပါတယ်။ပေါင်းကူးသင်တန်းကို တက်ခွင့်ရတဲ့ကျွန်မတို့အဖွဲ့က အုပ်စုတောင့်ပါတယ်။ ရှစ်ယောက်ရှိပါတယ်။ရှစ်ယောက်လုံး ၂၀၀၁ အောင်တွေဖြစ်ပြီး အ.ထ.က(၁) ကျောင်းထွက်တွေပါ။ပေါင်းကူးသင်တန်းက ၁၁ နာရီ ကနေ ၄း၃၀ ထိတက်ရမှာပါ။ ကျောင်းကားကို ၁၀း၃၀ လောက်မှာ ကျွန်မတို့ အဖွားအိမ်ရှေ့က စောင့်စီးရပါတယ်။ (အဖွားအိမ်က ဗိုလ်ချုပ်လမ်းဘေးမှာပါ။) ကားခက အသွား ၁၅ ကျပ်၊ အပြန် ၁၅ ကျပ်ပါ။ ကားကတော့ ရှစ်စီးလောက်ဆွဲပေးပါတယ်။ ပထမဆုံး သူငယ်ချင်းတွေနဲ့ ကျောင်းကားစီးပြီးတက်ရတာမို့ အရမ်းပျော်ပါတယ်။ ကားပေါ်မှာ သူငယ်ချင်းအချင်းချင်း နောက်ရင်းပြောင်ရင်းနဲ့ စီးလာလိုက်ကြတာ မုံရွာကွန်ပျူတာကောလိပ်ကို ရောက်ပါတယ်။ကျောင်းတော်ကြီးကို ဝင်းအကျယ်ကြီးထဲမှာ တွေ့ရပါတယ်။မုံရွာမြို့ အစိုးရကွန်ပျူတာကောလိပ်ဆိုတဲ့ စာတန်းကလည်း ကြွေပြားချပ်တွေပေါ်မှာ ဝံ့ဝံ့ကြွားကြွားပါပဲ။လေ့လာကြည့်လိုက်တော့ အဆောင်(၅)ဆောင် ရှိပါတယ်။ (၄) ဆောင်က စာသင်ဆောင်ဖြစ်ပြီး ၊ ကျန်တဲ့အဆောင်ကတော့ အခြားမြို့မှ စာလာသင်ရတဲ့ ဆရာမတွေအတွက်ပါလို့ နောက်ပိုင်းမှာသိရတယ်။ကျောင်းသားရေးရာလို့ထင်ရတဲ့ အဆောင်မှာကျောင်းသား၊ကျောင်းသူတွေ အုံခဲနေတာပါပဲ။စုံစမ်းကြည့်လိုက်တော့ ကျောင်းအပ်နေတာတဲ့။ ဒါနဲ့ ကျွန်မတို့အဖွဲ့လည်း ကျောင်းအပ်ဖို့ သွားကြတယ်။ ဆရာမ စာလာသင်မယ်ဆိုတဲ့အတွက် သူငယ်ချင်း နှစ်ယောက်ကို ကျောင်းအပ်ဖို့ထားခဲ့ပြီး ခုံဦးဖို့ ကျွန်မနဲ့ ကျန်သူငယ်ချင်းတွေ အခန်းဆီကိုသွားခဲ့ကြတယ်။အဆောင်တစ်ဆောင်မှာ အခန်းနှစ်ခန်းရှိပါတယ်။ ကျွန်မတို့က အဆောင်တစ်ဆောင်ရဲ့ အခန်းအကျယ်ကြီးထဲဝင်ပြီး ခုံဦးကြပါတယ်။ဆရာမကို စောင့်နေကြတယ်။ နာရီဝက်လောက်ကြာတဲ့အထိ ဆရာမ ရောက်မလာပါဘူး။ခဏကြာတော့ ကျောင်းအပ်နေတဲ့ သူငယ်ချင်းနှစ်ယောက် ရောက်လာပါတယ်။ နင်တို့ဘာလို့ စာဝင်မသင်တာလဲလို့လည်း မေးပါတယ်။ ကျွန်မတို့လည်း ကြောင်အမ်းအမ်းနဲ့ပေါ့။ ငါတို့စာသင်ဖို့အတွက် ခုံဦးထားတာဆိုတော့ သူတို့နှစ်ယောက်က ရယ်လိုက်ကြတာ။ ဟိုဘက်အဆောင်မှာ သင်နေတာဆိုမှ ကျွန်မတို့လည်း လွယ်အိတ်ကိုယ်စီ ယူပြီး အပြေးသွားကြပါတယ်။ ဆရာမကို ခွင့်တောင်းပြီးဝင်ထိုင်ကြပါတယ်။ ကျောင်းအပ်နေကြလို့ထင်တယ်။ အခန်းထဲမှာ လူအများကြီး မရှိပါဘူး။ ကျောင်းကနေလှမ်းကြည့်ရင် ဗောဓိတစ်ထောင်က လျောင်းတော်မူဘုရား ကို ဖူးမြင်ရပါတယ်။ ကျောင်းစတက်တဲ့နေ့ကတော့ ကျွန်မတို့အတွက် ကမောက်ကမနဲ့ပါပဲ။ မုန့်ဆိုင်လေးတွေကတော့ ကျောင်းဝင်းအပြင်မှာ ရှိပါတယ်။ မုန့်ဆိုင်ကလေးတွေကတော့ ပကာသနမပါဘဲ ရိုးရိုးစင်းစင်းနဲ့ပါ။ မြို့ထဲမှာလောက် မုန့်စုံမရပေမယ့် စားလို့ကောင်းပါတယ်။
 နောက်နေ့တွေမှာ အချိန်စာရင်းထုတ်ပေးပါတယ်။စက်ချိန်တွေလည်း ပါပါတယ်။ စာသင်ချိန်တွေပြီးတော့ စက်ခန်းဝင်ရမယ့်အချိန်ရောက်လာပါတယ်။ ကွန်ပျူတာကို မြင်သာမြင်ဖူးပြီး မကိုင်ဘူးသေးပါ။ ဘာလို့လဲဆိုတော့ ကျွန်မက ၁၀တန်းအောင်ပြီး သူများတွေ Computer Basic တက်နေချိန်မှာ မတက်ခဲ့လို့ပါ။ ကျွန်မတို့အဖွဲ့မှာ လေးယောက်သာ Basic တက်ပြီးသူတွေဖြစ်ပါတယ်။ ဆရာမတွေက စက်ခန်းဝင်ရင် စာရိုက်တာမြန်အောင် Typing ကျင့်ခိုင်းပါတယ်။ Power ခလုတ်တွေ ဘာတွေမှန်းလည်းမသိတော့ ဖွင့်ထားတဲ့ စက်မှာဝင်ထိုင်ပြီး Typing ရိုက်ဖို့ Keyboard ပေါ်တင်လိုက်ပါတယ်။ Computer ကို တခါမှ မကိုင်ဖူးတဲ့အတွက် လက်တွေတုန်နေပါတယ်။Basic တက်ထားတဲ့ ကျွန်မတို့ အဖွဲ့ထဲက သူငယ်ချင်းတွေက ရယ်ကျဲကျဲလုပ်နေကြပါတယ်။ ဒါနဲ့ ကျွန်မလည်း အပြင်သင်တန်းမှာ Basic တက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကွန်ပျူတာကို ဝါသနာမပါဘူးလို့ ဟစ်ကြွေးခဲ့တဲ့ ကျွန်မ Basic သင်တန်းကို တက်ရပါတယ်။ သူများထက် နောက်မကျချင်တဲ့ ဆန္ဒကြောင့်ပါ။
 ကျွန်မတို့တက်နေတဲ့ ပေါင်းကူးသင်တန်းကို GCCE လို့ခေါ်ပါတယ်။ GCCE ဆိုတာ General Certicificate of Computer Education ပါ။ GCCE ကို တက်တဲ့သူတွေ အများကြီးပါ။ နယ်ကလာတဲ့ သူတွေကလည်း များပါတယ်။ကျွန်မတို့ကတော့ မုံရွာမြို့ကပဲဆိုတော့ အခက်အခဲသိပ်မရှိပါဘူး။ အဆောင်အတွက်လည်း ပူစရာမလိုပါဘူး။ GCCE ကို ၂၁ နှစ်နဲ့ ၂၁နှစ်အောက် လျှောက်လို့ရတဲ့အတွက် ကျွန်မတို့ထက် အသက်ကြီးသူတွေနဲ့လည်း မိတ်ဆွေဖြစ်ရပါတယ်။ GCCE ဆိုတာ ကွန်ပျူတာကို တိုက်ရိုက်တက်ခွင့်မမီတဲ့သူတွေရဲ့ ပေါင်းကူးတံတားပါ။ GCCE ကို လူများလို့ Section A,B,C ခွဲထားပါတယ်။ ဆရာမတွေလည်း အားမငယ်ဖို့နဲ့ ကြိုးစားဖို့အမြဲပြောပါတယ်။
 GCCE မှာ ဘာသာရပ် ၅ခုသင်ရပါတယ်။ 101,102,103,104,105 တို့ပါ။ 101 ကတော့ English , 102 က ICS, 103 က Easic ,104 က Maths, 105 က Application ပါ။ဆရာမတွေရဲ့ ဂရုတစိုက်နဲ့ အသင်အပြကောင်းမှုကြောင့် ကွန်ပျူတာကို စိတ်ဝင်စားလာပါတယ်။ ပထမနှစ် တက်ခွင့်ရအောင် ကြိုးစားမယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ GCCE တက်ပြီး နှစ်လလောက်ကြာတော့ ကျွန်မတို့အဖွဲ့ ငါးယောက်ပဲ ရှိပါတော့တယ်။ အဖွဲ့ထဲက တစ်ယောက်က ပထမနှစ်ကွန်ပျူတာကို တက်ခွင့်ရပါတယ်။ နောက်တစ်ယောက်ကတော့ ဆေးဝါးကျွမ်းကျင် တက်ဖို့ မန္တလေးသွားပါတယ်။ နောက်တစ်ယောက်ကတော့ မတက်ချင်လို့ ထွက်သွားပါတယ်။ ငါးယောက်ပဲကျန်တော့တဲ့ ကျွန်မတို့ အဖွဲ့ ရည်မှန်းချက် နဲ့ ကြိုးစားခဲ့ရပါတယ်။ First Term ကို ငါးယောက်လုံး ကောင်းကောင်းဖြေနိုင်ပါတယ်။ First Term နောက်ပိုင်းမှာ ကျွန်မတို့အဖွဲ့ထဲကို ကောင်မလေးသုံးယောက်နဲ့ ကောင်လေး လေးယောက်ဝင်လာပါတယ်။
 First Term ဖြေပြီး နှစ်ပတ်ပိတ်ပါတယ်။ အဲဒီအတွင်းမှာ ၁၀တန်းလျှောက်လွှာတင်ထားထဲ့အတွက် GTC တက်ဖို့ လိုင်းကျလာပါတယ်။ ကျွန်မဆုံးဖြတ်ရခက်နေပါတယ်။ GTC ကိုလည်း ဝါသနာပါတယ်။ ကွန်ပျူတာကိုလည်း ဝါသနာပါတယ်။ ဒီလိုနဲ့ GTC ကို တစ်နှစ်ရပ်နားခွင့်တင်ပြီး GCCE ကိုပဲ ဆက်တက်ခဲ့ ပါတယ်။ GCCE ကနေ ပေါင်းကူးတက်ခွင့်မရရင် တစ်နှစ်နောက်ကျမှာဆိုတဲ့ အသိက ကျွန်မကို ကြိုးစားဖို့ အားဖြစ်စေခဲ့တယ်။ ဒီတော့စာကို မှန်မှန်ကျက်ဖြစ်တာပေါ့။ ကျွန်မတို့အဖွဲ့ဟာ Second Term ကို ဖြေနိုင်ဖို့ ကြိုးစားရပါတယ်။ Second Term ဟာ ကျွန်မတို့ဘဝအတွက် အဆုံးအဖြတ်ပေးနိုင်ပါတယ်။ Second Term ဖြေဖို့ Private Study မပေးခင် တစ်ပတ်မှာ ဆရာကန်တော့ပွဲ လုပ်ပါတယ်။ ဆရာမကြီးရဲ့ ဆုံးမစကားတွေကို ကြားနာပြီးတဲ့နောက်မှာ ကျွန်မတို့ အတန်းရဲ့ EC တစ်ယောက်က စကားထပြောပါတယ်။ EC စကားတွေဟာ ရင်ကို ထိပါတယ်။ ဆရာကန်တော့ပွဲမှာ ကျောင်းသား၊ကျောင်းသူတွေကို မုန့်လုံးရေပေါ်ကျွေးပါတယ်။ EC ပြောတာကတော့ ‘’မုန့်လုံးဆိုတာ မကျက်ခင် ရေအောက်မှာ နေရတာ။ ကျက်တော့ ပလုံ ပလုံ ဆိုပြီး ရေပေါ် မှာ ပေါ်လာတာပါ။ ဒီလိုပါပဲ ကျွန်တော်တို့ GCCE တွေဟာလည်း မုန့်လုံးတွေပါပဲ။ နောက်မှ ရေပေါ်မှာ ပေါ်လာ  ပါလိမ့်မယ်။ ကျွန်တော်တို့က မုန့်လုံးကို ရည်ရွယ်ချက်နဲ့ ကျွေးတာပါ။ ‘’ တဲ့။ EC စကားလည်းဆုံးရော တခန်းလုံး ဝါးခနဲ ရယ်ကြပါတယ်။ ဆရာမတွေကိုတော့ ဒံပေါက်ကျွေးပြီး ကန်တော့တောင်းပန်ကြပါတယ်။ သီချင်းပြိုင်ပွဲလည်း လုပ်ပါသေးတယ်။ ကျွန်မတို့ကတော့ ပွဲကြည့် ပရိသတ်ပါပဲ။ သီချင်းဆိုသူတွေကလည်း အသံကောင်းပါတယ်။ ဆရာမတွေကိုလည်း သင်္ကြန်သီချင်းနဲ့ ကခိုင်းပါတယ်။ ဆရာမတွေလည်း စိတ်မဆိုးဘဲ ကျွန်မတို့ရဲ့ ဆန္ဒကိုဖြည့်ပေးပါတယ်။ ဆရာကန်တော့ပွဲကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးခဲ့ပါပြီ။
Private Study ပေးထားတဲ့ တစ်ပတ်အတွင်းမှာ စာကိုကျေညက်အောင် ပြန်နွှေးပါတယ်။ Second Term  ကို လည်း ကောင်းကောင်းဖြေနိုင်ခဲ့ပါတယ်။ ကျောင်းပိတ်နေတုန်းမှာ သူငယ်ချင်းတချို့ကတော့ Eco တက်ကြပါတယ်။ သူတို့က ရပ်နားတင်စရာမလိုဘဲ GCCE Second Term ပြီးတာနဲ့ Eco တက်ရတာ အံကိုက်ပါပဲ။ ကျွန်မကတော့ GTC ကို ရပ်နားတင်ထားရတယ်ဆိုတော့ အားနေပါတယ်။ ကျောင်းပိတ်လို့ သုံးလကျော် လေးလနီးပါးထိ အောင်စာရင်း မထွက်သေးပါဘူး။ ကျွန်မမှာ စိတ်ပူလိုက်ရတာ။ ဒါပေမယ့် နိုဝင်ဘာ ၂၆ ရက်နေ့ကတော့ ဗြုန်းဗြုန်းဒိုင်းဒိုင်းနဲ့ အောင်စာရင်းထွက်ခဲ့တယ်။ ကျွန်မတို့အဖွဲ့ အကုန်လုံး ပါပါတယ်။ လူတစ်ရာကျော်မှာ ဂုဏ်ထူးသုံးယောက်ပဲ ထွက်ပါတယ်။ နှစ်ဘာသာ တစ်ယောက်နဲ့ တစ်ဘာသာ နှစ်ယောက်ပါ။ ကျွန်မတို့ အဖွဲ့က နှစ်ယောက်က ဂုဏ်ထူးပါပါတယ်။ ကျွန်မရယ်၊ ကောင်မလေးတစ်ယောက် ရယ်ပါ။ ကျွန်မက 102 နဲ့ 104 ထွက်ပြီး ကျန်နှစ်ယောက်ကတော့ 104 ထွက်ပါတယ်။ ကျွန်မမှာ ဝမ်းသာလိုက်ရ တာ။ ကျောင်းတော်ကြီးမှာ ပထမနှစ်အနေနဲ့ တက်ရမှာမို့ ဂုဏ်ယူမိပါတယ်။ ရည်မှန်းချက်အိပ်မက်တွေဟာ တကယ်ဖြစ်လာပါပြီ။ ဘဝရည်မှန်းချက်နဲ့ ကြိုးစားရင် အောင်မြင်နိုင်တယ်ဆိုတာ လက်တွေ့ပါပဲ၊ ဒါ့ကြောင့် အားလုံးကို ကြိုးစားစေချင်ပါတယ်။
PS မုံရွာ ကွန်ပျူတာကောလိပ် GCCE မှာ တက်ခဲ့ရသော နေ့ရက်များကို အောက်မေ့သတိရလျက်ပါ။

No(6), March , 2003 Teen Magazine ရေးကြည့်ပါ ကဏ္ဍတွင် ပါဝင်ခဲ့သော စာရေးသူ၏ ပထမဆုံး စာမူဖြစ်သည်။

ပို့စ်အဟောင်းလေးပါ။

0 comments:

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။