Monday, August 27, 2012

စာနာမှု


တစ်နှစ်သားလေး ဘန်ကို ပွေ့ချီထားရင်း ဘာရိုနီကာနက်ဟာ စင်ကာပူနိုင်ငံရဲ့ သွန်(မ်)ဆန်က တိုက်ခန်းတစ်ခုရဲ့ ထိပ်ဆုံး အထပ်ဆီသွားဖို့  လှေကားတွေဆီ တဖြည်းဖြည်း လျှောက်သွားခဲ့တယ်။ ၁၉၈၃ ခုနှစ်၊ဇန်နဝါရီလကြီးပေါ့။ ၂၃ နှစ်အရွယ် သူမမှာ အထီးကျန်ခြင်း ၊ မျှော်လင့်ချက်ပျက်သုဉ်းခြင်းတွေနဲ့ ပြည့်လို့ပေါ့။ သူမ ခင်ပွန်းက မကြာမကြာ ရေခြားမြေခြား ခရီးသွားရတယ်။ အမြဲတမ်း စိုးရိမ် ကြောင့်ကြနေရတဲ့အတွက် သူမကလေးလေးရဲ့ လိုအပ်ချက်ကို ကိုင်တွယ်ဖြေရှင်းဖို့ မတတ်နိုင်ခဲ့ဘူး။ နက် က သူမအိမ်ကနေ ဝေးတဲ့ ဒီအဆောက်အအုံကို သေသေချာချာ ရွေးထားရတာပါ။ ဒါ့ကြောင့် သူမနဲ့အတူ ဘန်ကို ခေါ်ပြီး အဆောက်အအုံ ထိပ်ဆုံးကနေ ခုန်ချမယ့် သူမရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်တဲ့အခါ ဘယ်သူကမှ သတိမထားမိကြတာပါ။ မျှော်လင့်ချက်မဲ့စွာ လေဟာနယ်ထဲ စိုက်ကြည့်ရင်း ၂၂ ထပ်မှာ ခြေစုံရပ်လိုက်တော့ ဘန့်ငိုသံဟာ သူမ အတွေးနယ်ချဲ့နေတာကို အာရုံပျက်သွားစေတယ်။ ရုတ်တရက် သူမ အသိတရား ရသွားတာက သေခြင်းဟာ သူမသားလေးအတွက် မတရားဘူးဆိုတာပဲ။ အိမ်ပြန်လာပြီး တချို့ သူငယ်ချင်းဟောင်းတွေဆီ ဆက်သွယ်ခြင်းဖြင့် သူမရဲ့ အထီးကျန်ခြင်းကို အဆုံးသတ်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။
ရက်အနည်းငယ် ကြာပြီးတဲ့နောက် သူမ အိမ်နီးချင်းတစ်ယောက်ရဲ့ တိုက်ခန်းမှာ မနက်စာစားနေတုန်း အနီးအနားက မြေပြင်ပေါ် တစ်စုံတစ်ရာ ပြုတ်ကျလာပါတယ်။ ဆိုးရွားတဲ့ မြင်ကွင်းတစ်ခုပါ။ အဆောက်အအုံတစ်ခုမှာနေပြီး ကလေးငယ်လေးရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမ သေခြင်းတရားဆီ ခုန်ချသွားတာပါ။ နက် အတွက်တော့ အမှန်တရားကို သိနိုင်တဲ့ ခဏတာပါပဲ။ ‘’ ကျွန်မတို့ဟာ ကလေးငယ်တွေနဲ့ အမြဲတမ်း ခရီးထွက်နေရတဲ့ လင်ယောကျ်ားတွေရှိတဲ့ အိမ်ရှင်မတွေပါ။ အကျဉ်းအကြပ်ထဲရောက်ပြီး အားကိုးရာမဲ့တယ်လို့ ခံစားဖို့ လွယ်ကူပါတယ်။
သူမဟာ အထီးကျန်ပြီး စိတ်အားငယ်နေတဲ့ မိခင်သစ်တွေကို လက်ကမ်း ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။ သူမဟာ ဘန်နဲ့အတူ အနီးအနားက စိုစွတ်နေတဲ့ ဈေးဆီ စသွားခဲ့တယ်။ ကလေးငယ်လေးတွေရှိတဲ့ မိခင်ခြောက်ယောက်ကို သူမတွေ့တယ်။ အားလုံးဟာ တသီးတခြားစီ ခပ်လှမ်းလှမ်း ထိုင်နေကြပြီး သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာထဲမှာ လွှမ်းခြုံထားခံရတယ်။
‘’ ကျွန်မ သူတို့အားလုံးကို စကားစပြောလိုက်တယ်။ ဒါက ကျွန်မတို့ရဲ့ ပထမဦးဆုံး ကလေးသူငယ် ဝိုင်းဝန်းကူညီရေး အဖွဲ့ ဘယ်လို စတင်ပေါ်ပေါက်လာတယ် ဆိုတာပါပဲ။ ‘’ လို့ နက်က ပြောတယ်။ ကော်ဖီသောက်တာ၊ မိသားစုအလိုက် အပျော်ခရီးတိုထွက်တာတွေ သာမကဘဲ အမျိုးသမီးတွေဟာ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောဖို့၊ ဝေမျှဖို့ ကျန်တဲ့အပတ်တွေမှာ တွေ့ကြတယ်။
နောက်ထပ်ခြောက်လကျော်တော့ သတင်းတွေပြန့်ပြီး အဖွဲ့ဟာ အဖွဲ့ဝင် ၅၀ နီးပါးဖြစ်လာတယ်။ နက်ဟာ အမျိုးသမီးတွေကို သူတို့ကိုယ်ပိုင် ကလေးသူငယ် ဝိုင်းဝန်းကူညီရေးအဖွဲ့တွေ တည်ထောင်ဖို့ စအားပေးခဲ့တယ်။ မကြာခင်မှာ သွန်(မ်)ဆင်က ကျန်တဲ့ အဆောက်အအုံတွေနဲ့ နောက်တော့ ဘူကစ်တီမာမှာပါ ကိုယ်ပိုင်အဖွဲ့တွေ ရှိလာတယ်။
သူမဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကလည်း ခင်ပွန်းမရှိတဲ့သူတွေကို ကူညီထောက်ပံ့တဲ့ အဖွဲ့ကို တည်ထောင်ခဲ့တယ်။ ဒါ့ကြောင့် အထီးကျန်နေတဲ့ အမျိုးသမီးတွေဟာ အချင်းချင်း တွေ့ဆုံနိုင်ပြီး သူတို့ရဲ့ စိတ်ထိခိုက်စရာတွေ ပူပင်မှုတွေနဲ့ ပြဿနာ အခက်အခဲတွေကို ဝေမျှကြတယ်။ နောက်တော့ ဘန်နဲ့ သူမရဲ့ ဒုတိယသား ဘရိုင်ယန်တို့ ကျောင်းနေရတဲ့နောက်မှာ နက်ဟာ ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးအတွက် မိဘဆရာအသင်းကို ကူညီဖို့ ‘’ မိဘများအား ကူညီစောင့်မရေးအဖွဲ့ ‘’ တစ်ခုကို စတင်ခဲ့တယ်။ နောက်ဆုံးမှာ စင်ကာပူ နိုင်ငံ အနှံ့က ကျောင်းတိုင်းနီးပါးလိုလိုမှာ အလားတူ အဖွဲ့တွေကို တည်ထောင်ခဲ့တယ်။
ကူညီထောက်ပံ့ရေးအဖွဲ့တွေက လူတွေကို သူတို့ရဲ့ အခက်အခဲတွေကို ဆွေးနွေး ခွင့်ပြုထားသော်လည်း သူတို့ဟာ အပြုသဘောဆောင်မှုအပေါ်မှာ  အာရုံစိုက်ဖို့ လိုတယ်ဆိုတဲ့ အချက်ကိုလည်း နက် အလေးထားတယ်။ ‘’ တွေ့ဆုံပွဲတွေဟာ အမြဲတမ်းတော့ ဝမ်းနည်းစရာကောင်းတဲ့ ပွဲတွေ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အောင်မြင်မှု အကြောင်းအရာတွေ ဒါမှမဟုတ် ကြိုးစားစမ်းသပ်နေတဲ့ အကြောင်းအရာတွေကို ဝေမျှဖို့ ရောက်လာကြတယ်။ အဓိက ရည်ရွယ်ချက်က စောင်မကူညီဖို့နဲ့ ဘယ်လို အကြောင်းကိစ္စမှာမဆို တစ်ယောက်တည်း မဟုတ်ဘဲ ကျွန်မတို့ အတူတူရုန်းကန်နေတယ်ဆိုတာ သိဖို့ပါပဲ။’’ လို့ နက်က ရှင်းပြတယ်။
အခြေအနေတွေ နည်းလမ်းတကျ ဆက်ရှိနေဖို့ နက် ဟာ ခံယူချက်စည်းမျဉ်းတွေနဲ့ ‘’ မိဘများအား ကူညီစောင်မရေး အဖွဲ့ ‘’ အတွက် အသင်းဥပဒေတွေ ဖော်ထုတ်ခဲ့တယ်။ အဖွဲ့ဝင်တွေဟာ ကိုယ်ရေးကိုယ်တာ လုပ်ငန်းစဉ်တွေ လုပ်ခြင်းကို ရှောင်ကြဉ်ဖို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အတွင်းရေးတွေကို ထောက်ထားဖို့နဲ့ တိကျတဲ့ ပန်းတိုင်တွေဆီ လှမ်းနိုင်ဖို့ အသင်းအဖွဲ့ အလိုက် ဆောင်ရွက်ဖို့ပါပဲ။
အခု သူမရဲ့ သားတွေက အသက် ၂၈ နှစ်နဲ့ ၂၁ နှစ်တောင် ရှိကုန်ကြပြီ။ နက် ဟာ ပညာရေးနဲ့ မိဘအုပ်ထိန်းမှု ကိစ္စရပ်တွေမှာပဲ သူမကိုယ်သူမ အချိန်ပြည့် မြှုပ်နှံထားပါတယ်။ သူမဟာ စင်ကာပူကျောင်း ၂၀၀ ကျော်အထိ မိဘများအား ပံ့ပိုးပေးတဲ့ လေ့ကျင့်မှုကို ဆောင်ရွက်ပေးတဲ့ ‘’မိသားစု ပညာရေးတိုးတက်မှုစင်တာ’’ ရဲ့ ဒါရိုက်တာဖြစ်ပါတယ်။ အသင်းကြီးကလည်း တစ်ဦးချင်းစီ ၊ စုံတွဲတွေ၊ အသင်းအဖွ့ဲတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအတွက် မိသားစုကိစ္စရပ်တွေအပေါ်မှာ ဆွေးနွေးလမ်းညွှန်ပေးပါတယ်။
လွန်ခဲ့တဲ့ ခုနှစ်နှစ်က ‘’စင်ကာပူ အစိုးရ ချီးမြှင့်တဲ့ ကျောင်းများ၏ မိတ်ဆွေ ‘’ ဆိုကို ရခဲ့တဲ့ နက်ဟာ သူမရဲ့ အတွေ့အကြုံ အလုံးစုံပေါ် အရင်းခံပြီး ဝိုင်းဝန်းကူညီမှု၊အဖွဲ့ တွေကို ဘယ်လိုစတင်မယ်၊ ဘယ်လို စီမံခန့်ခွဲမယ်၊ဘယ်လို ဆက်လက်တည်တံ့စေမယ်ဆိုတဲ့ စာအုပ်တစ်အုပ်ရေးသားဖို့ ပြင်ဆင်နေပါတယ်။
နက် သန္နိဌာန်ချလိုက်ရတဲ့ စိတ်ခံစားမှုမှာ သူမအိမ်နီးချင်းရဲ့ အဆုံးစီရင်မှုကို မှတ်မိသတိရနေခြင်းနဲ့ မိတ်ဆွေတစ်ယောက် အနေဖြင့် နေပေးလိုက်ခြင်းဖြင့် သူမဟာ ထူးခြားပြောင်းလဲမှုတစ်ခု လုပ်နိုင်တယ်ဆိုတဲ့ အသိတရားတွေနဲ့ အခုထိ အားတက်စေတုန်းပဲ။      ‘’ အစတုန်းက ကျွန်မဟာ တော်တော်လေး ဗဟုသုတနည်းတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ ဘယ်သူမဆို သူတို့ရဲ့ လူ့အဖွဲ့အစည်းအတွက် တစ်ခုခု လုပ်နိုင်ကြပါတယ်။

No(128),February,2010 The Best English 

0 comments:

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။