Tuesday, July 23, 2013

ကဗျာဆရာ အသဲကွဲနေတယ်………..



ခင်ဗျားသိလား………..
ကဗျာဆရာ အသဲကွဲနေတယ်………..
ရာသီဥတုလဲ ကြည်ကြည်လင်လင်ပါပဲ
ဘာမုန်တိုင်းမှလဲ မရှိဘူး
ဘယ်မိုးမှလဲ မသည်းခဲ့ဘူး..
ဒါပေမယ့်
ကဗျာဆရာ အသဲကွဲခဲ့တယ်……
ဝင်သက်နဲ့ ထွက်သက်ကြား
အလွမ်းတွေကို ကောက်ကောက်သီပြလိုက်တာ
ကဗျာဆရာ အသဲကွဲသွားတယ်.
တကယ်ပါ………
ရာသီဥတုလဲ သိပ်ကြည်လင်ခဲ့တယ်
ဘယ်မုန်တိုင်းမှ မ၀င်ခဲ့ပါဘူး………
မိုးသည်းသည်းလဲ မရွာခဲ့ပါဘူး…………
ဒါပေမယ့်
နှလုံးသားတစ်ခုရဲ့   Password ကို ခိုးဖွင့်လိုက်တာ
ကဗျာဆရာ အသဲကွဲသွားတယ်……….
ခင်ဗျားမယုံဘူးမလား
ကဗျာဆရာ အသဲကွဲခဲ့တယ်ဆိုတာ…….။            
ရိုးမြေကျ(မုံရွာ)
(19.5.2013,11:45AM)

Monday, July 8, 2013

ပိုင်ဆိုင်ခွင့်




လူတချို့
နာမည်ကြီးတံဆိပ်ပါတဲ့ ဖိနပ်တွေ
ထည်လဲစီးနေကြချိန်
လူတချို့
ရာဘာဖိနပ်တစ်ရန်အတွက်
အသေအလဲ ကြိုးပမ်းနေရတယ်
..
လူတချို့
Donut ဆိုင်မှာ အပူအပင်ကင်းစွာ
ထိုင်နေကြချိန်
လူတချို့
ထမင်းတစ်နပ်အတွက်
အနိုင်နိုင် အားခဲထားရတယ်
.
လူတချို့
အကြီးစား ခြင်္သေ့ရွက်တွေ
ဖောဖောသီသီ သုံးနေကြချိန်
လူတချို့
ရှိစုမဲ့စု အသေးစားငွေစက္ကူတစ်ရွက်ကို
မလေလွင့်အောင် ထိန်းသိမ်းနေရတယ်
.
လူတချို့
မာနတွေနဲ့ မော်ကြွားနေချိန်
လူတချို့
ဖြစ်တည်မှု တစ်ခုအတွက်
ယဲ့ယဲ့ကျန်တော့တဲ့
သိက္ခာတွေကို ချ ချ နင်းနေရတယ်
.
ဒါပေမဲ့
ဘယ်သူတွေ ဘယ်လိုပဲ
တည်မြဲခဲ့ တည်မြဲခဲ့
ဘယ်သူတွေ ဘယ်လိုပဲ
ပျက်သုဉ်းခဲ့ ပျက်သုဉ်းခဲ့
ဘယ်သူတွေ ဘာတွေပဲ
ပိုင်ဆိုင်ခဲ့ ပိုင်ဆိုင်ခဲ့
ဘယ်သူတွေ ဘာတွေပဲ
ဆုံးရှုံးခဲ့ ဆုံးရှုံးခဲ့
နောက်ဆုံး
လူတစ်ယောက် ပိုင်ဆိုင်ခွင့် ရှိတဲ့အရာက
ကမ္ဘာမှာ မြေတစ်နေရာစာပဲ ရှိပါတယ်။ ။

မှတ်ချက်။ ။ကျောင်းတုန်းက ထုတ်ဖူးတဲ့ ကဗျာစာအုပ်ထဲက စာရေးသူရဲ့ ကဗျာလေးပါ။ အခုတော့လဲ ခြင်္သေ့ မဟုတ်တော့ဘဲ ဆင်ဖြစ်နေပါပြီ။
ဒီကဗျာက အရင်ဘလော့မှာ တင်ခဲ့ဖူးပါတယ်။ စာရေးသူရဲ့ ညီမလေးက ဒီကဗျာကို အရမ်းကြိုက်တာမို့  ထပ်တင်လိုက်တာပါ။ ဖတ်ဖူးတဲ့သူတွေ အလုပ်ရှုပ်သွားရင် တောင်းပန်ပါတယ်။