Friday, August 10, 2012

မသန်စွမ်းသူရဲ့ ရိုင်းပင်းစိတ်ဓာတ်


ပြီးခဲ့တဲ့ စက်တင်ဘာက ဝေါလ်မတ်မှာ ပထမဆုံး အလုပ်လုပ်ရတဲ့ နေ့မှာပေ့ါ။ ကန်မရွန်းအောလ်နာဟာ အနည်းငယ် စိတ်ဂနာမငြိမ်ဖြစ်ခဲ့တယ်။ သူ့အလှည့်ကျ အဆိုင်း တစ်နာရီအတွင်းမှာ သူဟာ ဈေးနှစ်ခါ ရောင်းပြီးသွားပါပြီ။ မမျှော်လင့်ဘဲ စတိုးဆိုင်ရဲ့ တစ်နေရာကနေ လူတစ်ယောက်က “အဲဒီလူကို ဖမ်းထား။” လို့အော်ပြောနေပါတယ်။ အသက်ရှစ်နှစ်အရွယ်သာသာလောက်တုန်းက ခေါင်မိုးပေါ်က ပြုတ်ကျပြီး သူ့ခြေထောက်တွေ မလှုပ်မရှားနိုင်ဖြစ်ခဲ့တဲ့ နှစ်ဆယ့်နှစ်နှစ်အရွယ် အော်လ်နာက ပြဿာနာကို တားဆီးဖို့ သူ့ဘီးတပ်ကုလားထိုင်ကို နောက်ဆုတ်လိုက်တယ်။ အလစ်သုတ်သမားဖြစ်မယ်လို့ သူတွေးမိတယ်။ ကိုယ့်ကိစ္စတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အသံက ပိုကျယ်လာပြီး ထိုလူက တစ်ခုခုပြောနေတယ်။ အော်လ်နာက ကလေးမလေး ဘယ်လိုဖြစ်တယ်ဆိုတာ သေသေချာချာ မကြားရပါဘူး။
          (၄၂)နှစ်ရှိပြီဖြစ်တဲ့ ခရစ်ဘယ်ဘင်ဟာ သူ့ရဲ့ သားငယ်နှစ်ယောက်နဲ့ ဈေးဝယ်နေပါတယ်။ သူအိပ်ရာထတော့ တုပ်ကွေးမိနေပြီး အဲဒီမနက်ဝေါလ်မတ်မှာ အချိန်ဖြုန်းမယ်လို့ တွေးမိပြီး ဖြည်းဖြည်းပဲ သွားနေပါတယ်။ ဒါပေမဲ့ အဲဒီနေ့က သူ့သားငယ် ကီဂန်ရဲ့ ရှစ်နှစ်ပြည့် မွေးနေ့ဖြစ်ပြီး ကိတ်မုန့်လုပ်ဖို့ အိမ်မပြန်ခင် စတိုးဆိုင်မှာ ဝင်မွှေပါတယ်။ အခုတော့ ကုန်စိမ်းဘက်ခြမ်းကို ပိုက်စိပ်တိုက်ရှာနေတဲ့ စင်ဒီနဲ့အတူ သူဟာ ကီဂန်နဲ့ ဆယ်နှစ်သား အဒမ်ကို အရုပ်တွေ သေချာစစ်ဖို့ ခေါ်လိုက်တယ်။
          အရင်က လုံခြုံရေးဝန်ထမ်းဖြစ်ခဲ့တဲ့ ဘယ်ဘင်ဟာ မင်းလမ်းတစ်လျှောက် သွက်သွက်လျှောက်နေတဲ့ အညိုရောင် ဘေ့စ်ဘောဦးထုပ်နဲ့ ပေပွနေတဲ့ လူတစ်ယောက်ကို ချက်ချင်းသတိထားမိတယ်။ ထိုပုဂ္ဂိုလ်ပုံစံက ဈေးဝယ်နေတာနဲ့ မတူပေ။အဲဒီနောက် ဘယ်ဘင်ဟာ ကလေးမလေးတစ်ယောက်ရဲ့ ‘ကူညီကြပါဦး’ ဆိုတဲ့ အော်ငိုသံကို ကြားလိုက်တယ်။
          ကလေးကစားစရာတွေရှိတဲ့ မင်းလမ်းဘက်မှာ ဆယ်နှစ်အရွယ် ကောင်မလေးက သူမရဲ့ နှစ်နှစ်အရွယ် မောင်လေးကို လှည်းထဲထည့်ပြီး တွန်းနေပါတယ်။ အခုမှ ဘယ်ဘင်ဟာ လူတစ်ယောက်က သူမတင်ပါးကို လှမ်းဆွဲသွားကြောင်း တစ်စုံတစ်ယောက်ကို ထိတ်ထိတ်ပျာပျာ ပြောပြနေတာကို နားစွန်နားဖျားကြားခဲ့တယ်။ “သူက ရှပ်အင်္ကျံအနက်နဲ့ အညိုရောင် ဘေ့စ်ဘောဦးထုပ်ဆောင်း ထားသလား။” လို့ ဘယ်ဘင်က သူမကို မေးတယ်။ သူမက ‘ဟုတ်တယ်’ လို့ပြောတဲ့အခါ ထိုလူ့ကို ရှာဖို့ထွက်ခဲ့တယ်။
          စတိုးဆိုင်ရှေ့ဘက်ကို ဦးတည်ထွက်လာရင်း တံခါးပေါက်ဆီ ခပ်သွက်သွက်လျှောက်နေတဲ့ ရှေ့မီတာ (၃၀)ခန့် က ထိုလူကို သူရှာတွေ့သွားတယ်။ ဘယ်ဘင်က သူ့ကို ဖမ်းဖို့ ဝိုင်းလိုက်တဲ့အခါ ထိုလူ ထွက်ပြေးသွားပါတယ်။ “သူ့ကို ဖမ်းလိုက်။” ‘အဲဒီလူက ကလေးမလေးကို ဆွဲလားရမ်းလားလုပ်သွားတာ။’ လို့ ဘယ်ဘင်က အော်ပြောလိုက်တယ်။ အဲဒီနောက် ကန်မရွန်းအာလ်နာက သူတာဝန်ကျရာနေရာက ထွက်လာပြီး ငွေရှင်းကောင်တာဆီ မြန်မြန်ဘီးလှိမ့်သွားတာကို သူ မြင်လိုက်တယ်။ “ဘယ်လို စိတ်အနှောင့်အယှက် ဖြစ်စရာမျိုး ထိုလူလုပ်မလဲ ကျွန်တော်တွေးမိတယ်။”
          ဘယ်ဘင်က အခြေအနေကို ပြန်ပြောပြတဲ့အခါ “ကန်မရွန်းက တံခါးပေါက်ဆီ ရှောရှောရှူရှူ သူကိုယ်တိုင် ဘီးလှိမ့်သွားခဲ့တာ။ ဟိုငနဲက သူ့ကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မပြီး ကန်မရွန်းဟာ ခုံပေါ်က ကျသွားပါတယ်။ ဘယ်ဘင်နဲ့ လူနှစ်ယောက်ဟာ ခပ်သုတ်သုတ် ပြေးလာကြတယ်။ အောလ်နာဟာ  သူလဲကျသွားတဲ့အခါ ကြမ်းပြင်ပေါ် တရွတ်တိုက်ပြီး မသင်္ကာဖွယ်လူကို ဆွဲထားဖို့ ကြိုးစားအားထုတ်တယ်။ ဘီးတပ်ကုလားထိုင်နဲ့ လူက သူ့ကို လိုက်ဖမ်းတယ်ဆိုတာကို သူတော်တော် အံ့သြနေတယ်လို့ ကျွန်တော်ထင်တယ်။”လို့ အောလ်နာက ပြောတယ်။ တခြားလူနှစ်ယောက်ထဲက တစ်ယောက် အောလ်နာကို ကုလားထိုင်ပေါ် ပြန်တင်ပေးနေတုန်း ဘယ်ဘင်ဟာ သူ့ခြေအစုံကို မသင်္ကာဖွယ်လူရှေ့ တုံ့ခနဲ ရပ်လိုက်တယ်။ ထိုငနဲဟာ ထွက်ပြေးဖို့ ကြိုးစားတယ်။ ဒါပေမဲ့ စတိုးဆိုင်ရဲ့ လုံခြုံရေးဝန်ထမ်း ရောက်လာပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ မသင်္ကာဖွယ်လူဟာ အဖမ်းခံလိုက် ပါတယ်။
          သံသယရှိသူကို ဖမ်းထားပြီးတဲ့အခါ အခင်းဖြစ်နေရာမှာ ရဲအရာရှိ ဂျိမ်းစ်ဘောဂါက ခင်ဗျားတို့ (သဲလွန်စ) ဆက်လိုက်ဖို့တော့ တာဝန်မရှိတော့ပါဘူး။ သူဟာ ကိုယ်ထိလက်ရောက် ရန်ပြုသူဖြစ်တဲ့ အသက်သုံးဆယ့်လေးနှစ် အရွယ် ကီဗင်ဆေးရားကို ဦးဆောင်ခေါ်လာတဲ့အခါ ဈေးဝယ်သူ လူအုပ်ကြီးဟာ မကြားဝံ့မနာသာ စကားတွေနဲ့ တရစပ် ဆဲဆိုကြပါတယ်။ အဲဒီအချိန်အတွင်းမှာ ဘယ်ဘင်ဟာ သူ့သားတွေကို စုခေါ်ပြီး ကလေးမလေးဆီ ပြန်သွားလိုက်တယ်။ ကလေးမလေးဟာ ရဲအရာရှိကို ဆေးရားက သူမကို နှစ်ခါကျော်သွားပြီး အဲဒီနောက် သူမက အရုပ်စင်ကို ကပ်ဖို့ ကြိုးစားနေတုန်း သူမရဲ့ တင်ပါးကို လှမ်းဆွဲသွားတယ်လို့ ပြောပြပါတယ်။
          စတိုးဆိုင်ထဲက တစ်နေရာမှာ ဈေးဝယ်နေတဲ့ ကောင်မလေးရဲ့ မိဘတွေဟာ သူတို့သမီးအနား အပြေးအလွှားသွားပြီး ဘယ်ဘင်နဲ့ အောလ်နာတို့ကို ကျေးဇူးတင်ကြောင်း ပြောသည်။ တခြားဈေးဝယ်သူတွေကလည်း ပြောသည်။ အောလ်နာက ကျောင်းဘောလုံးပွဲတွေမှာ ဘောလုံးကို ဝင်လုသလိုမျိုး အလိုလို လုပ်မိသွားတယ်လို့ ပြောပြသည်။ “မိန်းမတစ်ယောက်ကို ခင်ဗျား ရိုင်းရိုင်းပျပျ မဆက်ဆံပါနဲ့။ သူမက အသက်နှစ်နှစ်ပဲဖြစ်ဖြစ် အသက်တစ်ရာပဲဖြစ်ဖြစ်ပေါ့။” လို့ သူကပြောတယ်။ သူထပ်ပြောတာက “ကျွန်တော့်ကိုယ် ကျွန်တော် သူရဲကောင်းတစ်ယောက်လို့တော့ မတွေးမိပါဘူး။” မှန်မယ်ထင်တာကိုပဲ လုပ်ခဲ့တာပါ။

Ref:Somebody Help Me by Katherine Fifield, Reader’s Digest June,2010
No.(141),March,2011 The Best English Magazine

0 comments:

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။