Wednesday, June 14, 2023

ဆုံမှတ်မရှိသော

 

ငါ မင်းကို ကြိုက်နေတာလို့ မဝံ့မရဲဖွင့်ပြောလိုက်မိတယ်။ ငါက ဂေးတစ်ယောက်ပါလို့ ကို့ရှေ့မှာ ရဲရဲဝံ့ဝံ့ဝန်ခံလိုက်တယ်။ သူ့မိဘကလွဲရင် သူ့အချစ်ဆုံးသူငယ်ချင်းတွေကလွဲရင် သူဘယ်လိုလူဆိုတာ အများရှေ့မှာ ဟန်ဆောင်ကောင်းခဲ့ပါတယ်။ ခုလိုပွင့်ပွင့်လင်းလင်း ကို့ရှေ့မှာ ဝန်ခံလိုက်မိလို့ သူ့စိတ်တွေ ပေါ့ပါးလွတ်လပ်သွားပေမယ့် သိပ်မကြာခင်မှာ ကို့ဆီက ဖုန်းဝင်လာတယ်။ “ညီ ကိုယ်မင်းကို ပြောစရာရှိတယ်။ မင်း ငါ့ကိုကြိုက်တယ်ဆိုတာ ဘာစကားလဲ။ ယောကျ်ားအချင်းချင်း ကြိုက်စရာလားကွ။ ဘာတွေလာပြောနေတာလဲ မင်း ကိုယ့်ကို။” စကားအဆက်ဖြတ်မခံရအောင် ကို က တရစပ်ပြောနေတယ်။ “ မင်းကိုယ်မင်း ဂေးတစ်ယောက်ပါ။ မင်းက Straight မဟုတ်ပါဘူးလို့ ကိုယ့်ကို ဘာတွေလာပြောနေတာလဲ။ ကိုယ့်မှာ မိန်းမလဲရှိတယ်။ ကိုယ့်မှာ ကလေးလဲရှိတယ်။ ကိုယ်က Very Straight ။ ယောကျ်ားအချင်းချင်း အသားချင်းထိတာတောင် ကိုယ်က ကြိုက်တဲ့သူမဟုတ်ဘူး။ မင်းကို ကိုယ်ခင်တာ ရိုးရိုးသားသားပဲ။ မင်းဘက်က ဘာတွေ မရိုးမသားဖြစ်နေတာလဲ။ ကိုယ်အလုပ်တွေရှုပ်ရတဲ့ကြားထဲ ကိုယ့်ကို စိတ်အနှောင့်အယှက် မပေးပါနဲ့လား။ ကိုယ်ဟာ သစ်ရွက်မြင်တိုင်း ရင်ခုန်တတ်တဲ့ အရွယ် မဟုတ်တော့ဘူး။ ကိုယ်ဟာ လွတ်လပ်သူမဟုတ်ဘူး။ မင်းက မိန်းမတယောက်ဖြစ်နေခဲ့ရင်တောင် ကိုယ်က မင်းကို ပြန်ချစ်လာနိုင်မှာ မဟုတ်ဘူး။ ကိုယ်တို့တွေ ညီအစ်ကိုတွေလို ရိုးရိုးသားသားခင်ကြရအောင်။” “ခဏလေး။ အစ်ကို အလုပ်ခန်းတံခါးပိတ်ပြောနေသလား။” လို့ သူက ဖြတ်မေးပေမယ့် ကိုကမဖြေ။ ကိုယ် စကားပြောနေတုန်း ဖြတ်မပြောနဲ့။ စကားဆုံးအောင် နားထောင်ဟုသာ လေသံမာမာနှင့် ပြောတယ်။ ကို့ဘက်က တံခါးပိတ်ထားမထားမသေချာပေမယ့် သူ့ကြိုးဖုန်းက အသံတွေကိုတော့ ဘေးနားက လုပ်ဖော်ကိုင်ဖက်တွေ ကြားကောင်းကြားမယ်။ ဘာလို့လဲဆိုတော့ သူဟာ အကြားအာရုံသိပ်မကောင်းသူမို့ ဖုန်းသံကို မြှင့်ထားတဲ့အတွက်ဖြစ်တယ်။ ရှက်ရွံခြင်းဆိုတဲ့ ခံစားချက်ကို သူခံစားလိုက်ရတယ်။ သူ ရင်ထဲနာကျင်သလို ခံစားရတယ်။ ကို့မွေးနေ့အတွက် သူ ပန်းစည်းကြိုမှာထားနှင့်တယ်။ အဖြူရောင် ၃၃ပွင့်။ ၃၃ပွင့်ဆိုတာ မင်းကိုချစ်တယ်လို့ အဓိပ္ပာယ်ရတာ ကို သိနိုင်တော့မှာ မဟုတ်တော့။ သူ့မျှော်လင့်ချက်တွေ အားလုံးဟာ ရေစုံမြောကုန်လေပြီ။ ကို့မွေးနေ့ရောက်ဖို့ ၉ရက်တိတိအလိုမှာ ထိုအဖြစ်အပျက်နှင့် ဆုံခဲ့ရခြင်းမှာ သူ့ရဲ့ မအောင့်အီးနိုင်သော စိတ်ကြောင့် ဖြစ်ခဲ့ရတယ်။

တန်ပါတယ်လေ။ မဖြစ်နိုင်ဘူးလို့ သူ့စိတ်သူ ထိန်းခဲ့သားပဲ။ ရမှ မရတာ။ ဒီအိမ်ထောင်သည် ယောကျ်ားတစ်ယောက်ကို သူ့စိတ်က ဘယ်လိုမြတ်နိုးတွယ်တာမိသလဲ သူ့ကိုယ်သူ အံ့သြတယ်။ ယောကျာ်းအချင်းချင်း ချစ်ခင်စုံမက်ယုံတင်မကဘဲ အိမ်ထောင်သည် ယောကျ်ားကိုမှ မြတ်နိုးမိသည့်အတွက် သူ့ကိုယ်သူ ရွံရှာစက်ဆုပ်ရမည်လား။ ကိုကတော့ သူ့ကို ရွံရှာစက်ဆုပ်သွားပြီလား။ ကို ့မျက်နှာကို သူ ရဲရဲဝံ့ဝံ့မကြည့်ရဲတော့ပါ။ အရင်ကလို အရင်လို ခင်မင်မှုမျိုးကိုပါ ဆုံးရှုံးလိုက်ရမည်ဆိုတော့ သူ့ကိုယ်သူသာ အပြစ်တင်မိတယ်။ မပြောမိခဲ့ရင် အကောင်းသား။ အချိန်တွေကို သူ နောက်ပြန်ဆုတ်လို့ရမည်လား။ သူ ဝယ်တိုက်သော ကော်ဖီခွက်ကို ဖေ့ဘွတ်စတိုရီမှာ တင်ထားတဲ့ ပို့စ်တွေကရော ဘာလဲ။ ဒါ သူ့ကို ခင်မင်လို့ လုပ်တာ မဟုတ်လား။ သူက ကို့ ဖေ့ဘွတ်အကောင့်ကို နေ့တိုင်းခိုးခိုးကြည့်တယ်။ မိသားစုပုံ မတွေ့ရတာတော့ အဆန်းသား။ ကို့မှာ သမီးတစ်ယောက်ရှိတယ်။ ထိုသမီးလေးကို ကို က တယုတယချစ်ခင် မြတ်နိုးကြောင်းတွေ တွေ့ရတော့ အပြင်မှာ မြင်တွေ့ဖူးခြင်း မရှိသေးသော ထိုကလေးငယ်ကို သူ ခင်မင်မိတယ်။ ကို့ အမျိုးသမီးကရော။ ကို ဟာ မိသားစုနဲ့ ပတ်သက်သမျှကို  သမီးပုံကလွဲရင် အမျိုးသမီးပုံကို တင်လေ့တင်ထ မရှိပါ။

ကို နဲ့ စခင်ကာစက “ညီ မင်းမိန်းမ ယူမှာလား။ ယောကျ်ားယူမှာလား။ ကိုယ်က ယောကျ်ားအချင်းချင်း မချစ်တတ်ဘူးနော်။” လို့ စနောက်ခဲ့ဖူးတယ်။ သူက ဘာကွဆိုကာ ခွန်းတုံ့ပြန်ခဲ့ဖူးတယ်။ မိတ်ဆွေအပေါင်းအသင်းများက သူဟာ ဂေးတစ်ယောက်လို့ ရိပ်မိသိရှိကြပေမယ့် သူကိုယ်တိုင် ဝန်မခံသေးသမျှတော့ သူဟာ ယောကျ်ားစစ်စစ်တစ်ယောက်ပါပဲ။ အမျိုးသမီးများကို စိတ်ဝင်စားသော ယောကျ်ားတစ်ယောက်ဟုသာ ဟန်ဆောင်ဖုံးကွယ်ခဲ့တယ်။ “အစ်ကို ခင်ဗျားဖုန်းကို ဆက်ရင် နားထောင်ရတဲ့ သီချင်းကြီးက မမိုက်ပါဘူးဗျာ။ တခြားသီချင်းတပုဒ်လောက် ပြောင်းလိုက်ပါ။” သူတောင်းဆိုလိုက်တဲ့အခါ ကို့ Ring Tune သီချင်းဟာ ကိုယ်အရမ်းကြိုက်တဲ့ မြစ်နှစ်စင်းရဲ့ ပင်လယ်ဖြစ်နေတာ ဘာ့ကြောင့်လဲ။ ထိုအလိုလိုက်သော အပြုအမူကရော ဘာလဲ။ ရံဖန်ရံခါ သူက သီချင်းနားထောင်ချင်တဲ့အခါ အကြောင်းကိစ္စ ကြီးငယ်မရှိဘဲ ကို့ဖုန်းကို ဆက်တတ်တယ်။

ဟိုတလောက ကို့ဟန်းဖုန်းကို ဆက်ကြည့်တဲ့အခါ Ring Tune သံဟာ ပြောင်းသွားခဲ့ပြီ။ ဘာလို့ ပြောင်းလိုက်တာလဲလို့ သူကမေးတော့ “ကိုယ် ရင့်ကျက်သွားပြီလေ။ ကိုယ်ကလေးမဆန်တော့ဘူး။” အဖြေစကားက သူ့ရင်ကို နာကျင်စေတယ်။

မိုးတွေရွာတဲ့အခါ ကို့ဆီသွားပြီး ကော်ဖီတိုက်ချင်တယ်။ သူ အလုပ်ထဲ စိတ်ရှုပ်လာတဲ့အခါ အားဆေးအဖြစ် ကို့အသံကြားအောင် ဖုန်းခေါ်မယ်။ စိတ်မရှည်တဲ့အသံနဲ့ ပြန်ထူးပါစေအုန်းတော့ ထိုအသံဟာ သူ့ပင်ပန်းမှုတွေကို ပြေပျောက်စေခဲ့တယ်။ ရံဖန်ရံခါ ဆုံကြတိုင်း မျက်နက်ဝန်းတွေနဲ့ သူ့ကို စိုက်ကြည့်ဖူးတာ မတော်တဆလား သူ့ရင်ထဲက ချုပ်တည်းထားရတဲ့ စိတ်ကို လာဆွနေသလားလို့ ဝေခွဲရခက်ပေတယ်။ ထိုမျက်နက်ဝန်းတွေကို စိုက်ကြည့်လိုက်တိုင်း အမုန်းတရားတွေ ရှိမနေတာတော့ အမှန်ပင်။ အချစ်တွေများ ရှိမလားလို့ ရှာဖွေကြည့်မိတဲ့အခါ………………………………………..


ကျွန်တော်က ဂေးလားလို့

သူငယ်ချင်းက မေးတဲ့အခါ

အဲဒါက အရေးပါသလားလို့

ပြန်မေးကြည့်တော့

အရေးမပါဘူးလို့ ဆိုပြန်တယ်။

ဟုတ်တယ်လို့

ကျွန်တော် ဖြေတဲ့အခါမှာတော့

ငါ့ကို မင်း သူငယ်ချင်းအဖြစ် မသတ်မှတ်နဲ့…. လို့

သူ ပြောခဲ့တယ်။ ဒါ အရေးပါခဲ့တယ်။

ငါ့ကို ချစ်လား….လို့

ချစ်သူက မေးတယ်။

ဒါအရေးပါသလား…..လို့

မေးတဲ့အခါ

အင်း…လို့ သူဖြေတယ်။

ငါ မင်းကို ချစ်တယ်လို့

သူ့ကို ကျွန်တော် ပြောခဲ့တယ်။

ငါ မင်းကို ပွေ့ဖက်ထားပါရစေ….လို့

သူက ဆိုတယ်။

ကျွန်တော့်ဘဝမှာ

ပထမဆုံးအကြိမ် အရေးပါတဲ့ အရာပေါ့။


ရိုးမြေကျ

15.06.23 (10:35 AM)

မှတ်ချက်။ ။ June လတလလုံးဟာ LGBT Pride Month မို့ LGBT နဲ့ ပတ်သက်တဲ့ အက်ဆေးလေး တပုဒ်ရေးဖြစ်သွားတယ်။ တကယ့်ချစ်ခြင်းမှာ လိင်ခွဲခြားမှု မရှိစေရလို့ဘဲ ကိုယ်က ခံယူထားပါတယ်။ ကိုယ် ဂေးတွေကို အထင်မသေးပါဘူး။ ဒီလိုပါပဲ ယောကျ်ားစစ်စစ် မိန်းမစစ်စစ် (Straight) တွေကိုလဲ ထူးထွေပြီး အထင်မကြီးပါ။ အဓိကက လူတယောက်ဟာ လူတယောက်ကို ချစ်ခင်စုံမက်ခြင်းလို့ပဲ မြင်ပေးကြဖို့ လိုပြီး အိပ်ယာပေါ်က အကြောင်းတွေပဲ ခေါင်းထဲထည့်ထားသရွေ့တော့ ဂေးတွေဟာ တဆင့်အနှိမ်ခံ လူတန်းစားတရပ်ဖြစ်နေအုန်းမှာပါပဲ။ ကိုယ်ဖတ်ဖူးတဲ့ စာထဲမှာ Straight စစ်စစ်ဆိုတာ လောကမှာ မရှိပါဘူးတဲ့။ တချိန်ချိန်မှာ လိင်တူကို ချစ်ခင်စုံမက်စိတ်ဖြစ်ပေါ်လာတတ်ပါတယ်တဲ့။ ဟော်မုန်းအပြောင်းအလဲကြောင့် လိင်စိတ်ကွဲပြားမှုဟာ လှောင်ရယ်စရာ မဟုတ်ပါ။

ကဗျာလေးကတော့ မမမယ့်ကိုးရဲ့ အရေးပေါ်ခန်းထဲမှာ စာအုပ်ထဲက ကဗျာလေးပါ။ ခွင့်မတောင်းဘဲ ယူသုံးခဲ့မိလို့ ဒီပို့စ်လေးနဲ့ တောင်းပန်ပါရစေ။

Sunday, August 7, 2022

Black Hole

 


ဆရာဝန်ရှေ့ခေါင်းငိုက်စိုက်ကျလျှက် ဘာတခုမှ တုန့်ပြန်နိုင်ခြင်း မရှိပေမယ့် ဆရာဝန်ကတော့ “ Depression တွေ တော်တော်ဝင်နေတာပဲ” လို့ နှုတ်ကရေရွတ်ပြီး လူနာမှတ်တမ်းမှာသာ ဆေးစာရင်းတွေရေးနေခဲ့တယ်။ ထိုဆေးတွေနဲ့ အိပ်ပျက်ညတွေကို ဖြိုဖျက်ရဦးမယ်။ ထိုဆေးတွေနဲ့ အစားပျက်နေ့တွေကို တိုက်ထုတ်ရဦးမယ်။ ဒုတိယအကြိမ်မြောက် သူထပ်မံရင်ဆိုင်ရမယ့် လက်ဖဝါးပေါ်က ဆေးတွေကို ကြည့်နေပေမယ့် သူ့စိတ်အာရုံဟာ ခံစားချက်ကင်းမဲ့လို့။ ဘာကို မပျော်ပိုက်နိုင်တာလဲ။ သူ့ကိုယ်သူတောင် နားမလည်နိုင်မှတော့ ဘေးပတ်ဝန်းကျင်က နားမလည်တာ အံ့သြစရာတော့ မဟုတ်ပါ။ သူ့အဒေါ်ရဲ့ “ အပြင်မှာ စားသောက်စရာအတွက် ခက်ခဲနေတဲ့သူတွေ အများကြီးမှ အများကြီး။ ကိုယ့်မှာ အလုပ်လဲရှိတယ်။ မိစုံဖစုံလဲရှိတယ်။ နေဖို့စားဖို့အတွက် ပူစရာမလိုဘူး။” လို့ ဖြောင်းဖြပြောဆိုနေတဲ့အသံကို နားထောင်ရင်း “  ဟုတ်၊ ဟုတ်။” လို့ ရောယောင်ဖြေမိပေမယ့် သူ့ကို ဘယ်သူမှ နားလည်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ခဲ့ပါတယ်။

အရှိန်နဲ့ ဖြတ်သန်းသွားလာနေကြတဲ့ ကားတွေရှေ့ ခြေတလှမ်းတိုးဝင်ချင်စိတ်တွေ…….

အဆောက်အဦးပေါ်က ခုန်ချချင်စိတ်ပေါက်ခဲ့တာတွေ…………..

ပြန်လမ်းမရှိမယ့် လမ်းကိုသာ သွားချင်နေခဲ့တာတွေ……

အရာရာကို စွန့်လွှတ်ချင်တော့တဲ့စိတ်တွေ……..

အဲဒီစိတ်တွေကို အတော်လေးထိန်းထားခဲ့ရတယ်။ အက်စီးဒင့်ဖြစ်ရင် ကားသမားအမှုပတ်မှာ စိတ်ပူနေသေးတာတွေ၊ အဆောက်အဦးပိုင်ရှင် အမှုပတ်မှာ စိုးရိမ်နေသေးတာတွေက စိတ်ခံစားမှုထိန်းချုပ်နေနိုင်သေးတာလား။ မသေရဲသေးတာလား။ အဖန်ငါးရာငါးကမ္ဘာဆိုတဲ့ ဘာသာရေး အသိစိတ်ကြောင့်လား။ သူကိုယ်တိုင်မသဲကွဲပါ။ “ငါမပျော်နိုင်ဘူး။” လို့စိတ်ထဲ အကြိမ်ကြိမ်ရေရွတ်မိပေမယ့် ဒီလိုအချိန်ပျော်နိုင်တဲ့သူရော ရှိရဲ့လား။ သူ့ဘဝကြီးဟာ သူ့ကို ချစ်ခင်ယုယပေးမယ့် မိဘနှစ်ပါးလဲရှိနေတယ်။ သူ့အနားမှာ သူ့ကို ပြုစုစောင့်ရှောက်ပေးသော မမလဲရှိတယ်။ ကျန်းမာရေးမကောင်းတဲ့အချိန် စာနာနားလည်ပေးနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေလဲရှိနေတယ်။ 

ဒါပေမယ့် ဒါပေမယ့် မပျော်နိုင်တဲ့ စိတ်တွေ ပိတ်လှောင်မွန်းကြပ်နေတဲ့စိတ်တွေ ဒီစိတ်တွေကို နားမလည်နိုင်လိုက်တာ။ လူတွေကို ရင်မဆိုင်ချင် ဘယ်အရာကိုမှ လုပ်ကိုင်ချင်စိတ်မရှိလို့ အလုပ်မိဆုံးအရာက အိပ်ရာထဲမှာ အမြဲလိုလို ခွေခေါက်အိပ်နေမိတာ။ ပုံမှန်ထက်လွန်ကဲတဲ့ အိပ်စက်ခြင်းတွေ၊ စိတ်မဲ့နေတဲ့ ဒီခန္ဓာ ဒါတွေဟာ စိတ်ကျရောဂါရဲ့ တစိတ်တဒေသ လက္ခဏာတွေလို့ လက်မခံချင်ပေမယ့်လဲ လက်ခံလိုက်ရတယ်။

ဒါတွေဟာ ဘယ်ကစသလဲဆိုတော့…………….

လှည်းတန်းကျောင်းရှေ့ရောက်တိုင်း အွန်လိုင်းပေါ်က မြင်ကွင်းကမျက်လုံးထဲကမထွက်နိုင်ဘဲ ဘယ်ဘက်ရင်အုံကအောင့်တက်လာတယ်။ မျက်ရည်တွေဝဲလာတယ်။ သွေးမတော်သားမစပ်ပါဘဲ ရုံးဖယ်ရီကားက လှည်းတန်းကျောင်းရှေ့ရောက်တိုင်း ဒီကျောင်းပေါက်ဝရှေ့မှာ ဒဏ်ရာနဲ့ လဲကျသွားတဲ့ ညီညီအောင်ထက်နိုင်ကို မြင်ယောင်မိပြီး ရင်ဘတ်တွေအောင့်လာတာ တနေ့တရက်တည်းမှ မကတာ။

အွန်လိုင်းပေါ်က ခန့်ညားဟိန်းအဖေရဲ့ အင်တာဗျူးကို နားထောင်ပြီး စီးကျလာတဲ့ မျက်ရည်တွေ။ ဒါတွေက တားလို့မှ မရတာ။ သွေးသံရဲရဲပုံတွေမြင်ပြီး အစားမစားနိုင်ခဲ့တာတွေ။ ဒါတွေဟာ တနေ့တည်း တရက်တည်းဖြစ်နေခဲ့တာမှ မဟုတ်တာ။

ဒီကြားထဲ လုပ်ငန်းခွင်အသစ်အပြောင်းမှာ လေ့လာသင်ယူစရာတွေအများကြီးနဲ့ စိတ်ဖိစီးမှုတွေ။ အိပ်မရတဲ့ ညပေါင်းများလာတဲ့အခါ သူခံနိုင်ရည်မရှိတော့ဘဲ ဆေးဝါးအကူအညီတွေနဲ့ ရှေ့ဆက်ခဲ့ရတယ်။ အကြောင်းမဲ့ တရက်လုံး ငိုကြွေးမိတဲ့အပြုအမူ၊ ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း စတဲ့စိတ်ခံစားမှှုတွေပဲရှိနေခဲ့တယ်။ လေးလလောက်ဆေးတွေသောက်ခဲ့ပြီးတဲ့နောက်မှာ နေကောင်းသွားပြီဟုထင်ကာ ဆရာဝန်ကို ဆေးဖြတ်ခိုင်းခဲ့မိတယ်။ ဆေးဖြတ်ခါစမှာ အလိုလိုနေရင်း စိတ်တိုလာတာ၊ တခုခုဆို နည်းနည်းလေးမှ သည်းမခံနိုင်တာ၊ ဆတ်ဆတ်ထိမခံနိုင်လောက်အောင် စိတ်ကကြွတ်ဆတ်နေတဲ့ ကာလတခုပါရင်ဆိုင်ခဲ့ရတယ်။ ပတ်ဝန်းကျင်ကလူတွေနဲ့ပါ ကတောက်ကဆဖြစ်ရတယ်။ ဒီလိုနဲ့ ပုံမှန်အနေအထားပြန်ရောက်ပြီဆိုတဲ့ အချိန်ကာလလို့ ထင်ခဲ့ပေမယ့် နောက်တကြိမ် အိပ်စက်မရခြင်းတွေ၊ အစားမစားနိုင်ခြင်းတွေနဲ့ ကြုံလာရပြန်တဲ့အခါ သူဟာ………………….

ရိုးမြေကျ ( မုံရွာ )

07.08.2022 ( 1:46 PM )

Sunday, November 14, 2021

31 Jan 2021 မနက်ခင်းကိုသာ ပြန်သွားခွင့်ရမယ်ဆိုရင်

 အား​ကောင်း​မောင်းသန်လူငယ်​တွေ ဦး​ဆောင်ပြီး CBM ဥက္ကဌကိုယ်စားလို့ သူ့ကိုယ်သူ သတ်မှတ်သူကြီး ဦးဝင်း​သော်နဲ့ ဗဟိုဘဏ်က စာတတ်​ပေတတ်လူနည်းနည်းပါးပါးကို ပြန်​ပေးဆွဲမယ်။ အစိုးရရုံးဌာန​တော်​​တော်များများကို CDM လုပ်ဖို့ မတိုက်တွန်းဘူး။ မဟစ်​ကြွေးဘူး။ ပညာ​ရေးဌာနနဲ့ ကျန်းမာ​ရေးဌာနကို တအုပ်စုလုံး CDM ဝင်ဖို့ ဆွဲ​ဆောင်မယ်။ အခွန်ရုံးနဲ့ စည်ပင် က တကယ်အားကိုးရတဲ့ Key Person ​တွေကို ပြန်​ပေးဆွဲထားနှင့်မယ်။ Operations တခု ရပ်သွား​စေချင်ရင် လူအားလုံးမရှိမှ ရပ်တာမဟုတ်ဘူး။ Key Person, Core Person မရှိတာနဲ့ Operations တခုလုံး ကျွမ်းထိုး​မှောက်ခုံဖြစ်တယ်။ အစိုးရဝန်ထမ်းအားလုံး CDM ဝင်ဖို့ ​ကြောင်​တောင်​တောင် တိုက်တွန်းလိုက်တဲ့အခါ CDM သမား​တွေကို ​ထောက်ပံ့ခဲ့ရတဲ့ ​ငွေ​တွေဆိုတာ နှ​မြောစရာ။ CRPH အလှူခံတဲ့အချိန် တပြားမှ မထည့်ဖို့ တိုက်တွန်းမယ်။ အလှူခံရတဲ့ ​ဒေါ်လာ ဆယ်သန်း​ကျော်ဟာ ဘယ်နားပလုံသွားမှန်းမသိဘူး။ ပိုက်ဆံရိုက်ထုတ်​ပေး​နေတာ ကျ​နော်တို့ အ​မေလင်မဟုတ်ဘူး။ စိတ်အပင်ပန်းခံပြီး ​ငွေရှာ​​နေကြရတာ။ ဘယ်သူမှ ​​ပျော်မ​နေဘူးရယ်။ Core Person ​တွေပဲ CDM လုပ်တဲ့အခါ CDM ​တွေကို ​ထောက်ပံ့ရတဲ့ ဘတ်ဂျက်ပိုထွက်လာမယ်။ ဝန်ထမ်းအားလုံး CDM လုပ်လို့ အလုပ်မရှိ အကိုင်မရှိနဲ့ စိတ်ကျ​ရောဂါဝင်စရာ မလို​တော့ဘူး။ လက်ရှိအလုပ်ကိုပဲ ဆက်လုပ်ပြီး SAC ​ပေးမယ့် လစာယူပြီး အဲဒီလစာနဲ့ နာနတ်သီးဖိုးလှူ။ ဘာလို့ဒီလို​ပြောရတာလဲဆိုရင် အခွန်ရုံးက ဝန်ထမ်း​တွေဆိုတာ လူတိုင်းအားကျိုးမာန်တက်အလုပ်လုပ်​နေကြတာ မဟုတ်ဖူး။ အ​မေစုလက်ထက်ကတည်းက အလုပ်ချိန်မှာ ဂိမ်း​ဆော့လိုက် စကား​ပြောလိုက်နဲ့ တိုင်းပြည်ရဲ့ အခွန်​ငွေ​တွေ အလဟဿဖြစ်​နေခဲ့တာ။ သူတို့ ဂျ​လေဘီလုပ်​နေလို့ လုပ်အားဆုံးရှုံး​​နေခဲ့ရတာ။ အ​မေစုလက်ထက်မှာ​တောင် စလုံးကို ​ကျော်ရမယ် ​ပြော​တော့ ဒီလို အစိုးရဝန်ထမ်း​တွေနဲ့ စလုံးကို ​ကျော်ဖို့ ​မြေပုံချပြီး ကုလားမ​ခြေ​ထောက်နဲ့ ​ကျော်ရင်​တော့ အသာ​လေး စင်ကာပူကို ​ကျော်လို့ရတယ်။ ဒီ​တော့ သိပ်ကြိုးကြိုးစားစားမရှိတဲ့ ဝန်ထမ်း​တွေ CDM လုပ်ဖို့ မလိုဘူး။ ဒီအတိုင်း ရုံးတက်, ဂိမ်း​ဆော့, မနက် ၁၀နာရီမှ ရုံးလာ, လကုန်ရင် SAC ​ပေးတဲ့ လစာယူ။ ​သွေးစွန်းတာ​တွေ ဘာ​တွေ​တွေးမ​နေနဲ့။ ဘုန်းကြီး​တွေ​တောင် ​သွေးစွန်းဆွမ်းဘုန်း​နေကြရရှာတာ။

KBZ, AYA, CB, MAB, UAB ဘဏ်ထဲက​နေ ပင်စင်စားအဖိုးကြီး အဖွားကြီး​တွေကို ပိုက်ဆံကြိုထုတ်ခိုင်းထားမယ်။ % နဲ့ လဲသုံးရရင် ရှိတာ​လေး အ​ငွေ့ပြန်သွားမှာစိုးလို့။ ပန်ဆယ်လိုမ ​လော်လို့ ပြည်သူ​တွေ ​ငွေဒုက္ခ​ရောက်ကြ​တော့မှာ​လေ။ ပြီး​တော့ KBZ, AYA, CB, MAB, UAB စတဲ့ ဘဏ်​တွေက CFO ​တွေ FC ​တွေကို ပြန်​ပေးဆွဲမယ်။ ​ဘဏ်ပိုင်ရှင်​ရော ​အောက်​ခြေဝန်ထမ်း​တွေကို​ရော Financial Consultant မရှိဘဲ ​ယောက်ယက်ခက်ကြပ​လေ့​စေ။ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း​တွေကို ​ယောင်လို့​တောင် CDM မဝင်ခိုင်းနဲ့။ ဘဏ်က သူ့အလိုလိုပြိုမှာ။ ကိုယ်က လက်​​ညောင်းခံ သွားတွန်းမ​နေနဲ့။ အချိန်ကုန်တယ်။
ပြီး​တော့ CDM ​တွေကို ​ထောက်ပံ့ရမယ့် ပိုထွက်လာတဲ့ ဘတ်ဂျက်က​နေ မင်းဂွတ်သီး, နာနတ်သီး ဝယ်ထား။ တ​ပေါင်းမ​ကျော်ခင် ​​ဒေါင်း​ပျော်ရမယ်လို့ ​ကြောင်စီ​ကွေးမ​တွေးနဲ့။ ပြီး​တော့ ဒလန်​တွေကို နားကန်း​ မျက်စိကန်းအောင် အရင်လုပ်ထား။ ရက်စက်​ပေမယ့် မတတ်နိုင်ဘူး။ နားရှိ မျက်စိရှိလို့သာ သူတို့ သတင်း​ပေးလုပ်လို့ရတာ။ သတ်စရာမလို​တော့ မျက်စိမမြင် နားမကြားတဲ့ဘဝ​ပေမယ့် မြန်မာနိုင်ငံရလာမယ့် ဒီမိုက​ရေစီကို ​ပေးခံစားခိုင်းလိုက်ပါ။
လူတိုင်းအလုပ်လုပ်။ အစိုးရဝန်ထမ်း​ရော ပုဂ္ဂလိက ဝန်ထမ်းရော ရှာလို့ရတဲ့ ဝင်​ငွေကို ၁ရာခိုင်နှုန်း​လောက်ပဲ ပြန်လှူကြအုန်း။ နည်းတဲ့​ငွေလား။ တလရဟာ မြန်မြန်​တောင် ပွဲပြတ်သွားနိုင်တယ်။ ​သွေးစွန်းတယ်လို့ ​မ​တွေးနဲ့။ ဘိုင်ဒင်စားတဲ့ ထမင်း, ရှီကျင့်ဖျင် စားတဲ့ထမင်း, ယုတ်စွအဆုံး သီတဂူနဲ့ သဘာဝတရားရိပ်သာ​ ဘုန်း​ပေးတဲ့ ဆွမ်းလဲ ​သွေးစွန်းပြီးသား။
ပြီး​တော့ မြသွဲ့သွဲ့ခိုင်ကို အနီ​ရောင်အဝတ်အစားမဝတ်ခိုင်းဘူး။ ခန့်ငြားဟိန်းကို အခန်းတံခါး​သော့ခတ်ထားမယ်။ ညီညီထက်နိုင်ကို လှည်းတန်း​ကျောင်း​ရှေ့က​နေ ဖယ်ခိုင်းထားမယ်။ Bulletproof Helmet ​တွေ ​ဆောင်းခိုင်းထားမယ် လူငယ်​တွေကို။
စိုင်းစိုင်းကိုလဲ Boycott, SP မလုပ်ခိုင်းဘူး။ သူ့ဝင်​ငွေနဲ့ အလှူခံရရင် တလရအတွက် တတပ်တအားပဲ။ ကျ​နော်တို့​တွေဟာ လိပ်ကို သစ်ပင်​ပေါ်တက်ခိုင်းတယ်။ ​မျောက်ကို ​ရေဆင်းကူးခိုင်းတယ်။ ငါးကို ကုန်း​ပေါ် အသက်မရှူနိုင်ရ ​ကောင်းလား ပြစ်တင်ကဲ့ရဲ့ကြမယ်။ အမှား​တွေ။ ကျ​နော်တို့ မစဥ်းစား မ​တွေး​ခေါ်ဘဲ လုပ်မိတဲ့အမှား​တွေ။ ဒီအမှား​တွေသာ ပြင်လို့ရမယ်ဆိုရင် တလရဟာ .............. ??????
ကျ​နော်က Finance သမားတ​ယောက်ပါ။ ​ဆရာဝန်တ​ယောက်လို​တော့ မရဲရင့်​ပေမယ့် ကိန်းဂဏန်း​တွေအ​ပေါ်မှာ အတွက်အချက်ပီပြင်စွာ လုပ်နိုင်ပါတယ်။ ကျ​နော့် ဝင်​ငွေ​လေးနည်းနည်းဟာ ​သွေးနည်းနည်း​တော့ စွန်းခဲ့ပါတယ်။ မတတ်သာတဲ့အဆုံး ​ရွေးစရာမရှိတဲ့ ဘဝဆိုတာ ခင်ဗျားတို့ ကြုံလာရမှာပါ။ ဂျီ​ဟောသူကြီး မစန္ဒာကို သိပ်မ​လှောင်ကြပါနဲ့ဗျာ။ ခင်ဗျားတို့ ကိုယ်တိုင် လမ်းမ​တွေ​ပေါ်မှာ ရုံးမတက်နဲ့ ရုံးထွက် ရုံးထွက် ဆိုပြီး အာ​ဘောင်အာရင်းသန်သန် ​ရေရွတ်ခဲ့ဖူးမယ်။ ရုံးတက်​နေတာ ရှက်စရာလို့ လမ်းမထက်မှာ ဟစ်​ကျွေးခဲ့ဖူးမယ်။ ကျ​နော်တို့ရဲ့ ကျယ်​လောင်တဲ့ အသံ​တွေ​ကြောင့် အစိုးရဝန်ထမ်း​အနည်းစုဟာ CDM ရဲ့ အတိမ်အနက်ကို မသိဘဲ Peer Pressure ​ကြောင့် CDM လုပ်ခဲ့ကြတာ​တွေ ရှိမယ်။ ရင်ထဲအသဲထဲက SAC ကို မ​ထောက်ခံလို့ထက်။ ကျ​နော်တို့က ပိတ်ထားတဲ့ နား​တွေ ကြား​အောင် ​အော်ခဲ့ကြတာ။ သူတို့အားလုံး Pressure ​ကြောင့် CDM လုပ်ဖြစ်သွားကြတယ်။ တကယ်တမ်း ​ထောက်ပံ့ဖို့လုပ်​တော့ ကျ​နော်တို့​တွေ ​ထောက်ပံ့နိုင်တာက ဆင်ပါးစပ်နှမ်းပက်သလိုပဲ။ UK နိုင်ငံ Brexit ဆိုပြီး EU က​နေ ထွက်ခဲ့သလိုပဲ။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားဖို့ မလိုဘူး။ နိုင်ရုံ​လောက် ဝမ်းသွားနိုင်ရင် ​ပေါ့ပါးတယ်။ CDM, CDM ဆိုပြီး ​ရေရွတ်ခဲ့ကြတဲ့ ကျ​နော်တို့ ကိုယ်တိုင်က အလုပ်ကိုယ်စီနဲ့။ CDM သမား​တွေထက် ပိုအဆင်​ပြေလှတဲ့ ဘဝ​တွေ ပိုင်ထားတယ်။ လုံသလား လိပ်ပြာ။ ခင်ဗျား ရဲရဲကြီး လိပ်ပြာလုံသလား။
ဖဘ​ပေါ်မှာ ဆယ်လီ​တွေ ​ပြောသမျှ စဥ်းစား​တွေး​ခေါ်နိုင်ခြင်း မရှိဘဲ ​ယော​ရောင်​သော​ကောင် ​ယောင်​ခြောက်ဆယ် အဖွဲ့ကြီး။ ဘတ်ဂျက်သိဖို့ လိုတယ်ဗျ။ ခန့်မှန်းတတ်ဖို့ လိုတယ်။ အနိုင်အရှုံးဆိုတာ စဥ်းစား​တွေးခေါ်နိုင်မှု အား​ကောင်းတာနဲ့ပဲ ဆိုင်တယ်။ လက်​​တွေ့ဆန်ဖို့လိုတယ်။ False Hope နဲ့ စိတ်ကူးမယဥ်ဖို့ လိုတယ်။ ဖဘ​ပေါ်က ဆယ်လီ​တွေဆိုတာ လူပြိန်းကြိုက် ​ဒေါ်နယ်ထရမ့် ပျက်လုံး​တွေလိုပဲ။ သူ့အရပ်နဲ့ သူ့ဇာတ်က​တော့ ဟုတ်လို့။ စိုင်းစိုင်းကို SP လုပ်ဆို လိုက်လုပ်လိုက်ကြ။ ဟိုလူ့​လှောင် ဒီလူ့​လှောင်နဲ့။
စကားမစပ် ကျ​နော့်အ​မေက​တောင် အ​မေစုပြန်လာရင် အရာအားလုံးအဆင်​ပြေသွားမှာတဲ့။ ရယ်ချင်တာ။ သိကြားမင်း​တောင် မအလကို တည့်တည့်မပစ်ရဲဘူး။ ​​နေပြည်​တော် သွားရမယ့် မိုးကြိုးများ ​ဝေ့ဝိုက်​နေတာ ဆိုတာ။ အ​မေစုက သိကြားမင်းမှ မဟုတ်တာ။ ပြီး​တော့ ​မေ​မေက ​ပြော​သေးတယ်။ အ​မေစုပြန်လာရင် ဘဏ်ကိစ္စ​တွေ အဆင်​ပြေသွားမှာတဲ့။ ​28 Feb 2022 ဆို ​ဘဏ်​တွေပြို​တော့မှာ။ ကျောင်းသားဘဝမှာ ကဗျာ​တွေ စာ​တွေ မ​ရေးရလို့ ခုမှ ဥက္ကဌကိုယ်စားဖြစ်သူကြီး ထိုင်ထုတ်​နေတဲ့စာ​တွေ စိပ်လာတဲ့ တ​နေ့

ရိုးမြေကျ (မုံရွာ)
14.11.2021 (11:11 AM)

Saturday, November 6, 2021

မယ့်ရဲ့ အရေးပေါ်အခန်းထဲမှာ ကျနော်

 


တကယ်ဆို မယ့်ရဲ့ အသင်နားမလည်နိုင်သော စာအုပ်ကတည်းက မယ့်အရေးအသားတွေကို အားပေးခဲ့တာ။ အရေးပေါ်အခန်းထဲမှာ စာအုပ်ကို ပထမအကြိမ်ထုတ်ကတည်းက အားပေးပြီးသားပါ။ အဲဒီစာအုပ်က မုံရွာအိမ်မှာ ကျန်ခဲ့တယ်။ ခုစာအုပ်လေးက ဖဘပေါ်က မယ့်မာကတ်တင်းစကေးကြောင့် ထပ်အားပေးထားတာ။ ဒုတိယအကြိမ်ထုတ်တာလေးက ပိုသေသပ်တယ်။ ခေတ်ပြောင်းသွားတာလဲ ပါမှာပေါ့နော်။ ဒုတိယအကြိမ်ပြန်ဖတ်ကြည့်တော့ ခံစားချက်ကတော့ မတူတော့ဘူးပေါ့။ ပထမတုန်းက ဖတ်ခဲ့ပြီးတုန်းကလဲ စာရေးဖို့စိတ်မပါလို့ မရေးဖြစ်ခဲ့တာ။

အရေးပေါ်ခန်းထဲမှာ စာအုပ်ဟာ ဂေးတယောက်ရဲ ချစ်ခြင်းကို နူးနူးညံ့ညံ့လှပ်ပြထားတာ။ လွန်ခဲ့တဲ့ငါးနှစ်ကျော် ခြောက်နှစ်ကျော်လောက်တုန်းကတော့ လိင်တူချစ်ခြင်းဟာ လှောင်ရယ်စရာဖြစ်ခဲ့မှာပေါ့။ ယောကျ်ားအချင်းချင်း ချစ်ကျွမ်းဝင်တာ မိန်းကလေးအချင်းချင်း ချစ်ကျွမ်းဝင်တာ ဒီလို လိင်စိတ်ကွဲလွဲမှုကို လှောင်ရယ်စရာအဖြစ် မြန်မာမှုအသိုင်းအဝိုင်းက သတ်မှတ်ထားကြသူများမယ်။ ဖယ်ကျဉ်ချင်ကြမယ်။ Tomboy တယောက်ရဲ ချစ်ခြင်း Lesbian တွေရဲ ချစ်ခြင်းထက် အမျိုးသားဂေးတယောက်ရဲ့ ချစ်ခြင်းဟာ ပိုဟားတိုက်လှောင်ရယ်ခံခဲ့ရလိမ့်မယ်။ ယောကျ်ားက မိန်းမတယောက်ကိုပဲ တရားဝင်လက်ထပ်ခွင့်ရသလို မိန်းမတယောက်ကလဲ ယောကျ်ားတယောက်ကိုပဲ တရားဝင်လက်ထပ်ခွင့်ရှိခြင်းကိုပဲ ဂုဏ်တင့်တယ်နေတတ်ကြတယ်။ ယောကျ်ားနဲ့မိန်းမ လက်ဆက်ခြင်းဆိုတာ မျိုးပွားရုံသက်သက်သာလို့ ကိုယ်တော့ ယူဆတယ်။ ဟစ်တလာလိုလူမျိုး မအလလိုလူမျိုး မွေးထုတ်ပေးမယ့် မျိုးပွား မျိုးဆက်ချန်ခဲ့ခြင်းထက် လိင်တူအချင်းချင်း ချစ်ကျွမ်းဝင်နေတာက ကမ္ဘာကြီး အေးချမ်းသေးတယ်။ 

ကိုယ်နေတဲ့အခန်းနဲ့ ကပ်ရပ်အခန်းက လင်မယားရဲ့ ရန်ဖြစ်သံတွေ ကြားရတဲ့အခါ သူတို့နှစ်ဦးရဲ့ ကလေးငယ်လေးကိုသာ သနားမိတော့တယ်။ မကြားဝံ့မနာသာ စကားလုံးတွေနဲ့ ရန်ဖြစ်ဖို့အရေးများ တကူးတကအာဝါဟ ဝိဝါဟခဲ့ကြသေးတယ်။ ဘေးချင်းကပ်အခန်းဟာ ငရဲခန်းပဲ။ ကိုယ်တို့အခန်းက ငရဲခန်းကို ဒိုးယိုပေါက်မြင်နေရတာ။ မျိုးဆက်သစ်လေးဟာ စိတ်ဒဏ်ရာနဲ့ ကြီးပြင်းရတော့မယ်။ ရန်ဖြစ်ဖို့အရေးများ တကူးတကအိမ်ထောင်မပြုခဲ့သင့်ဘူး။ ငါးဈေးသွားပြီး ငါးသည်ကို ရန်စလိုက်ရင် ပွဲကြီးပွဲကောင်းဆော်လို့ရပြီ။ 

အရေးပေါ်ခန်းထဲက ချစ်ခြင်းဟာ သာမန်အပြင်မှာ မြင်တွေ့ဖြစ်ပျက်တာတွေနဲ့ တူတူပါပဲ။ ချစ်ခြင်းတရားကို ရဲရဲဝံ့ဝံ့ကြေငြာရဲတဲ့ ဂေးတယောက်နဲ့ ချစ်ခြင်းကို ထုတ်ဖော်မပြောရဲဘဲ အများအမြင်ပွဲလည်တင့်အောင် သူ့ကိုယ်သူ ယောကျ်ားစစ်စစ်လို့ ထင်မှတ်ထားသူတဦးရဲ့ ချစ်ခြင်းကို ပါးနပ်စွာလှပ်ပြထားတယ်။ ထိုယောက်ျားဟာ လူသားဆန်ဖို့မကြိုးစားဘဲ ဘောင်အတွင်းမှာ ရှင်သန်နေထိုင်ချင်တဲ့အခါ လူတဦးရဲ့ အသည်းကို အကြိမ်ကြိမ်ခွဲသလိုဖြစ်ခဲ့တာပေါ့။ လူသားဆန်မှုဆိုတာ ပတ်ဝန်းကျင်မထိခိုက်ရင် လွတ်လပ်စွာ ရှင်သန်ခွင့်ရခြင်းလို့ပဲ ကိုယ်ကတော့ ကောက်ချက်ချချင်တာ။ လိင်တူအချင်းချင်း ချစ်ကျွမ်းဝင်မှုဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေသလား။ တခါတလေမှာ လူသားတွေဟာ ပတ်ဝန်းကျင်ဆိုတာကို focus လုပ်မိတဲ့အခါ စိတ်ဟာ အကျဉ်းကျသွားတယ်။ အကျဉ်းကျသွားတဲ့အခါ လူသားဆန်စွာနေထိုင်ခွင့်ရခြင်းကို ဆုံးရှုံးရတော့တယ်။ ပတ်ဝန်းကျင်က လွတ်လပ်စွာရှင်သန်နေထိုင်နေရတဲ့အခါ ကိုယ့်စိတ်ဟာ လူသားဆန်မှုပျောက်ဆုံး အပျော်တွေပျောက်ဆုံးနဲ့ ဖြတ်သန်းရှင်သန်ရတော့တယ်။

မယ့်ရဲ့ အရေးပေါ်အခန်းထဲမှာ စာအုပ်လေး ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ အရေးအသားတွေဟာ လိင်တူသဘာဝတွေကို ယဉ်ကျေးစွာရေးသားထားတာပါ။ အရိုင်းမဆန်ဘဲ လိင်စိတ်ကွဲပြားမှုတွေကို သိရှိနိုင်တယ်။ 

တကယ့်လူသားဆန်မှုဆိုတာ လိင်မတူသူအချင်းချင်း လက်ဆက်မျိုးဆက်ပွားပေးခြင်း မဟုတ်ဘူး။ 

တကယ့်လူသားဆန်မှုဆိုတာ တဦးကိုတဦး ကြာရှည်တည်တံ့စွာချစ်နိုင်ခြင်းပဲဖြစ်တယ်။

ရိုးမြေကျ (မုံရွာ)

06.11.2021 (13:36PM)

Wednesday, February 22, 2017

အချိန်လွန်





ရိုးအပုံက သူလိုငါလိုမဟုတ်ခဲ့ပါဘူး
မေမေရေ………..
ကိုယ့်အကြောင်းလူမသိလေ လုံခြုံလေ
ကိုယ့်အကြောင်းလူမသိလေ အန္တရာယ်ကင်းလေ
ဒါတွေဟာ မေမေ့နိမိတ်ပုံ စကားရိပ်သန်းခဲ့ခြင်းလေလား
မေမေရေ…………….
ပွဲပြီးမှ ကျွန်တော်ဟာ မြွေပွေးခါးပိုက်ပိုက်မိလျက်သား
ပွဲပြီးမှ ကျွန်တော်ဟာ နောက်ကျောဓါးဒဏ်ရာအပြည့်နဲ့
မေမေရေ………….
ရိုးသားမှုကို ဈေးပေါပေါနဲ့ ထပ်မပေးနိုင်တော့တာ
ခင်မင်မှုကို ခင်မင်မှုနဲ့ ထပ်ပေါင်းမကူးနိုင်တော့တာ
စိတ်တခုကို စိတ်တခုနဲ့ မျိုးဆက်ပွားမပေးနိုင်တော့တာ
ရိုးသားမှုကို လူလည်တချို့အတွက် ပွဲတော်တည်ဖို့ တည်ခင်းမပေးနိုင်တော့ပါ
မေမေရေ………….
ကျွန်တော့်ကိုယ်ကျွန်တော် လိပ်ပြာတစ်ကောင်အဖြစ် ဖန်ဆင်း
ဒီလူတစုနဲ့ သင်းကွဲစေလိုက်ပြီ………………
ရိုးမြေကျ(မုံရွာ)
23.2.2017(10:40AM)

Credit: ပုံကို Google မှကူးယူပါသည်။

Saturday, January 21, 2017

ဘူဖေးလ် ဘတ်စ်ကား



ဇန်နဝါရီ(၁၆)ရက်နေ့ ဘတ်စ်ကားလိုင်းအပြောင်းအလဲမှာ စာရေးသူနဲ့ ရုံးကညီမလေးတစ်ယောက်တို့ လက်တစ်ကမ်းကမ်းကြမယ်အဖွဲ့မှာ Volunteer လုပ်ခဲ့တယ်။ မထသကနေ YBS ပြောင်းမယ့်အခြေအနေကို ပြည်သူကြိုသိခွင့်ရတာ ၁၀ရက်သာသာလောက်ပဲ ရှိတယ်။ ဒီအပြောင်းအလဲကို တစ်ခြားသူထက် စာရေးသူက ပိုရင်အခုန်ဆုံး၊ ပိုစိတ်ဝင်စားဆုံးဆို မှားမယ်မထင်ပါ။ ဘာ့ကြောင့်ဆိုတော့ စာရေးသူရဲ့ တစ်နေ့တာ သွားရေးလာရေးရဲ့ ၉၈ရာခိုင်နှုန်းလောက်ဟာ ဘတ်စ်ကားပေါ်အားပြုရတယ်။ ဘတ်စ်ကားနဲ့ ကျောင်းသွားတယ်။ ဘတ်စ်ကားနဲ့ ရုံးသွားတယ်။ ဘတ်စ်ကားနဲ့ ဟိုဟိုဒီဒီသွားတယ်။ စာရေးသူ တက္ကစီကို အရေးကြီးကိစ္စရှိမှသာ စီးတယ်။ ပိုက်ဆံချွေတာပြီးသား ဖြစ်သလို လမ်းကြပ်တာ နည်းနည်းမှ သက်သာသက်သာဆိုပြီး တက္ကစီထက်ဘတ်စ်ကားကိုသာ အားပြုပါတယ်။ စာရေးသူဟာ နယ်ကလာတဲ့သူဆိုတော့ ဒီဘတ်စ်ကားလိုင်းအပြောင်းအလဲကို တစ်ခြားသူထက် ပိုစိတ်ဝင်စားတယ်။ ပိုစိုးရိမ်တယ်။ YBS အကြောင်းစသိရကတည်းက ဖေ့ဘုတ်ကနေ ဘတ်စ်ကားအကြောင်း အမြဲစောင့်ကြည့်ဖတ်ရှုခဲ့တယ်။ ပရဟိတလုပ်မယ့် အဖွဲ့အသီးသီးကိုလဲ သိခွင့်ရတယ်။ ကိုယ့်လိုလူတွေရှိမှာပဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကြောင့် လက်တစ်ကမ်းကမ်းကြမယ်အဖွဲ့မှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့တယ်။
ဇန်နဝါရီ(၁၆)
မနက်စောစောထ။ ရေချိုး။ အစာအိမ်ဗလာနဲ့ ဆူးလေပန်းခြံကို မနက်(၆)ခွဲအရောက်သွားရဖို့ ဘတ်စ်ကားမှတ်တိုင်ကို ထွက်လာခဲ့တယ်။ စစခြင်းနေ့ဆိုတော့ ဘတ်စ်ကားတွေအလာကြဲလိုက်တာ။ စောင့်လို့မရတော့တဲ့အဆုံး တက္ကစီနဲ့ပဲ ဆူးလေပန်းခြံသွားလိုက်ရတယ်။ ကားပေါ်မှာ ဖုန်းဖွင့်ကြည့်မိတော့ စာမေးပွဲအောင်စာရင်းက မေးလ်ထဲရောက်နေပြီ။ စောစောစီးစီး မင်္ဂလာသတင်းကို မိဘတွေဆီဖုန်းဆက်။ ဘော်ဒါတွေလျှောက်ကြွားလိုက်တာ မနက်စာစားဖို့ဝယ်လာတဲ့ ပေါင်မုန့်စားချိန်မရလိုက်။ ဆူးလေပန်းခြံအဖွဲ့စုရပ်ဆီရောက်တော့ အားလုံးက တူညီဝတ်စုံဝတ် တာဝန်တွေခွဲဝေပြီးကြပြီ။ စာရေးသူလဲ ကိုယ်တာဝန်ကျတာက စစ်တမ်းကောက်တဲ့အပိုင်းဆိုတော့ လိုအပ်တဲ့စာရွက်စာတမ်းထုတ်၊ အဖွဲ့တီရှပ်ထုတ်ပြီး အသင့်စောင့်နေလိုက်တယ်။ အားလုံးတာဝန်အသီးသီးခွဲပြီးတဲ့နောက် ကျန်နေတဲ့ စာရေးသူတို့တွေကို အဖွဲ့ခေါင်းဆောင်တွေက ပန်းဆိုးတန်းမှတ်တိုင်ထိသွားကြဖို့ အချက်ပြတယ်။ ပန်းဆိုးတန်းမှတ်တိုင်မှာပဲ စာရေးသူ၊ ရုံးကညီမငယ်တစ်ယောက်နဲ့ မောင်လေးလေးယောက်ကို သိမ်ဖြူမှတ်တိုင်ထိကားစီး စစ်တမ်းကောက်ဖို့ တာဝန်ချတယ်။ ခြောက်ယောက်လုံး စစ်တမ်းကောက်ရမယ့်အဖွဲ့ဖြစ်နေတယ်။ တကယ်တော့ လမ်းကြောင်းပြရှင်းပြမယ့် ခြောက်ယောက်က စာရေးသူတို့ မှတ်တိုင်မှာ ကျန်မနေခဲ့ပါ။ မှတ်တိုင်တစ်ခုမှာ လမ်းကြောင်းရှင်းပြမယ့် သုံးယောက်နှစ်ဖွဲ့နဲ့ စစ်တမ်းကောက်မယ့် သုံးယောက်နှစ်ဖွဲ့က ရှိနေရမှာပါ။ ကံဆိုးချင်တော့ လမ်းကြောင်းရှင်းပြအဖွဲ့က စုရပ်မှာ ကျန်မနေခဲ့တော့ စာရေးသူတို့လဲ သုံးယောက်တစ်အုပ်စုစီ ခွဲပြီး သိမ်ဖြူမှတ်တိုင်ရောက်မယ့် ဘတ်စ်ကားတစ်စီးပေါ် တက်ကြဖို့ သဘောတူလိုက်ကြတယ်။ ပန်းဆိုးတန်းမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ကြီး။ စာရေးသူတို့အဖွဲ့ကို ဘယ်သွားချင်တယ် ဘယ်ကားစီးရမလဲ တစ်ယောက်ပြီးတစ်ယောက် အကူအညီတောင်းကြတယ်။ လမ်းကြောင်းရှင်းပြအဖွဲ့က မကျန်ခဲ့တော့ လမ်းညွှန်မြေပုံက အလုံအလောက်ပါမလာ။ ပါသလောက် မြေပုံအညွှန်းစာရွက်ကိုကြည့်။ ရှင်းပြကူညီ။ နောက်ဆုံး မှတ်တိုင်မှာ ဖုန်းပါလာတဲ့ လူတော်တော်များများကို YBS official application တွေ ပေးရတယ်။ အသုံးပြုပုံပြုနည်းတွေရှင်းပြရတယ်။ စာရွက်ပေါ်က ဘတ်စ်ကားနံပါတ်တွေကို လိုက်ရှာရတာ နည်းနည်းခက်ခဲတော့ application နဲ့ရှာရတာ ပိုအဆင်ပြေနေတယ်။ စာရွက်ပေါ်က လမ်းညွှန်က မှတ်တိုင်နဲ့ ပြပေးမထားဘဲ လမ်းနာမည်တွေနဲ့ ပြပေးထားခြင်းက ခရီးသွားပြည်သူကို ပိုအခက်တွေ့စေပါတယ်။ application တွေ ဒိုင်ခံပေး သုံးပုံသုံးနည်းတွေရှင်းပြလိုက်တာ အချိန်တော်တော်လင့်သွားပါတယ်။ စာရေးသူတို့ သိမ်ဖြူမှတ်တိုင်ထိရောက်မယ့် နံပါတ်(၇) က တော်တော်နဲ့ မလာနိုင်လို့ ခြောက်ယောက်လုံး ဆူးလေပန်းခြံပြန်သွားဖို့ သဘောတူလိုက်ကြပါတယ်။ ဆူးလေပန်းခြံ မှတ်တိုင်မှာလဲ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ကြီး။ အားလုံးရဲ့ မျက်နှာတွေ စိုးရိမ်ပူပန်နေကြပုံ။ ဒါတွေ ဒါတွေကို မျက်မြင်ကိုယ်တွေ့မြင်နေရတာ။ ကိုယ်တိုင်က စေတနာ့ဝန်ထမ်းလုပ်မနေရင် ထိုပူပင်နေမယ့် မျက်နှာပိုင်ရှင်က စာရေးသူဖြစ်ချင်လဲ ဖြစ်နေမှာ။ ကားတစ်စီးရပ်လာတိုင်း လူတွေတက်လို့ မလောက်နိုင်တော့တာ။ ဆူးလေပန်းခြံမှတ်တိုင်မှာလဲ အကူအညီလိုတဲ့သူတိုင်းကို တတ်နိုင်သလောက် ရှင်းပြကူညီရင်း နံပါတ်(၇) ကားနဲ့ အဖွဲ့ ၂ဖွဲ့ခွဲတက်ပြီး သိမ်ဖြူမှတ်တိုင်ဆီသွားခဲ့ကြတယ်။ သိမ်ဖြူမှတ်တိုင်သွားတဲ့ ကားပေါ်မှာပဲ စစ်တမ်းကောက်လို့ ရသလောက်ကောက်ခဲ့ပြီး သိမ်ဖြူမှတ်တိုင်မှာဆင်းပြီး မှတ်တိုင်မှာ နောက်ထပ်စစ်တမ်းစာရွက်တွေ ပြည့်နိုင်ဖို့ ထပ်ကြိုးစားခဲ့တယ်။ စစ်တမ်းကောက်ရင်း ငိုယိုပြီး တကယ်အဆင်မပြေတာပါဆိုတဲ့ အသံတွေကို ကြားခဲ့ရသလို ဆင်းလုံးချောအဆင်ပြေနေတဲ့သူ တစ်ယောက်စနှစ်ယောက်စလဲ ရှိပြန်သေးတာ။ သတ်မှတ်ချိန်ပြည့်တဲ့နောက် သိမ်ဖြူမှတ်တိုင်ကနေ နံပါတ်(၄) ကားစီးပြီး ဆူးလေပန်းခြံထိ ပြန်ခဲ့ကြတယ်။ ကားပေါ်မှာ ရနိုင်သလောက် စစ်တမ်းကောက် အင်တာဗျူးခဲ့တယ်။ မနက်(၇)နာရီလောက်ကတည်းက တောင်ဒဂုံကနေ ကားသုံးလေးငါးဆင့်စီးပြီး နေ့လည်၁၂နာရီလောက်ထိ သွားချင်တဲ့နေရာမရောက်နိုင်သေးလို့ တောင်ဒဂုံကိုပဲ လှည့်ပြန်သွားတဲ့ အဖွားတစ်ယောက်လဲ ထူးထူးခြားခြားတွေ့ခဲ့ရတာ။ ထိုအဖွားလိုပဲ အခြား အဆင်မပြေတဲ့သူတွေ အများကြီး ရှိနေနိုင်တာ။ ဆူးလေပန်းခြံထဲက စုရပ်နေရာမှာ စစ်တမ်းကောက်ခဲ့တဲ့ စာရွက်စာတမ်းတွေ အပ်ပြီးတော့ ထိုနေ့ရဲ့ တာဝန်ကပြီးဆုံးသွားတယ်။ နေ့လည်စာအတွက် အလှူရှင်လာလှူတဲ့ ဒံပေါက်ထုပ်တွေ တစ်ယောက်ချင်းဆီ ခေါင်းဆောင်တွေက ဝေပေးကြပါတယ်။ မောပန်းဆာလောင်နေပေမယ့် အကူအညီလိုတဲ့သူတွေကို တတ်နိုင်သလောက် လမ်းပြပေးနိုင်ခဲ့တဲ့ ပီတိက စာရေးသူကို ကြည်နူးစေတယ်။
ဇန်နဝါရီ(၁၇)
အရင်ရက်ကထက် နည်းနည်းစောထပြီး ဘတ်စ်ကားမှတ်တိုင်ဆီထွက်ခဲ့တော့ အရင်ရက်ကနဲ့ မတူ ဘတ်စ်ကားတွေတွေ့နေရပြီ။ နံပါတ်(၅၉)နဲ့ သခင်မြပန်းခြံထိ ဂိတ်ဆုံးစီး။ သခင်မြပန်းခြံကတစ်ဆင့် ဆူးလေပန်းခြံထိ နံပါတ်(၅၆)နဲ့ ဆက်စီးခဲ့တယ်။ မနက်(၇)နာရီ စုရပ်ရောက်တော့ ထိုနေ့အတွက် တာဝန်ကျတဲ့နေရာက ပုဇွန်တောင်အိုးရှင်းမှတ်တိုင်ပါ။ (၁၇)ရက်နေ့မှာ ကံကောင်းချင်တော့ လမ်းကြောင်းရှင်းပြအဖွဲ့ပါဝင်လာပြီး စစ်တမ်းကောက်တဲ့အဖွဲ့မှာ အရင်ရက်က မောင်လေး၂ယောက် မပါလာတော့လေးယောက်ပဲ ကျန်ပါတော့တယ်။ အိုးရှင်းမှတ်တိုင်မှာ အများစုက သန်လျင်ဘက်သွားတဲ့သူတွေပါ။ ကားမှတ်တိုင်ကနေ စီးလို့ရတဲ့ ကားနံပါတ်တွေက (၄၊၇၀၊၃၁)တို့ပါ။ သန်လျင်ဘက် ဒေါပုံဘက်ကလာတဲ့သူတွေ အရမ်းများတော့ ကားအစီးရေ မလုံလောက်တဲ့အခါ ကားတစ်စီးတစ်စီးပါလာတဲ့သူတွေ ကြပ်ပိတ်သိပ်နေတာ။ ဒီအပြောင်းအလဲမှာ ပြည်သူတွေ ကြံ့ြ့ကံ့ခံနိုင်ကြတာ။ မှတ်တိုင်မှာ စစ်တမ်းကောက်၊ ဘတ်စ်ကားစီးပြီး ကားပေါ်က လူတွေကို စစ်တမ်းကောက်ခဲ့တယ်။ အဆင်ပြေတဲ့အသံတွေကြားရသလို အခက်အခဲတပုံတပင်နဲ့လူတွေကိုလဲ တွေ့ရရဲ့။
ဇန်နဝါရီ(၁၈)ရက်
စာရေးသူတို့ ပရဟိတအဖွဲ့တာဝန်ယူထားတာက (၃)ရက်တည်းဆိုတော့ (၁၈)ရက်နေ့က နောက်ဆုံးရက်ပါ။ နောက်ဆုံးရက်မှာလဲ အဖွဲ့လိုက်တာဝန်ကျတဲ့နေရာက ပုဇွန်တောင်အိုးရှင်းပဲ ဖြစ်တာမို့ ကြုံရာဘတ်စ်ကားနဲ့ မှတ်တိုင်ရောက်အောင်သွား အရင်ရက်ရဲ့ အတွေ့အကြုံအတိုင်းပဲ ဘတ်စ်ကားလိုက်စီး ကားပေါ်ပါလာသမျှ အဆင်ပြေနိုင်မယ့်သူလောက်ကို စစ်တမ်းကောက်။ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို စစ်တမ်းကောက်ထားတဲ့စာရွက်တွေ ခပ်များများရလိုက်တယ်။ တာဝန်တွေပြီးဆုံးတော့ ဆူးလေပန်းခြံမှာ လက်တစ်ကမ်းကမ်းကြမယ် အဖွဲ့နောက်ဆုံးတွေ့ဆုံ နှုတ်ဆက်ပြီး ခေါင်းဆောင်တွေက ကျေးဇူးတင် စကားပြောပါတယ်။ နောင်အကူအညီလိုရင်လဲ ခေါင်းဆောင်တွေက ဖုန်းဆက် အကူအညီတောင်းမယ့် အကြောင်းပြောပြီး လမ်းခွဲခဲ့ကြတယ်။
စာရေးသူ ပရဟိတလုပ်တဲ့(၃)ရက်လုံး ခံစားမိတာက ဘတ်စ်ကားအစီးရေနဲ့ စီးမယ့်ဦးရေ မမျှတခြင်းပါ။ လူတွေ အခက်အခဲကြုံရတာ ကိုယ်တွေ့မြင်ရတယ်။ အခက်အခဲကို ကြံ့ကြံ့ခံတာလဲ မြင်ရတယ်။ စာရေးသူ အယူအဆက ဘတ်စ်ကားစနစ်တခုလုံး အရင်မပြောင်းဘဲ အပိုင်းလိုက်ပြောင်းခြင်းက ပိုအသက်ဝင်လိမ့်မယ်လို့ပါ။ ဥပမာ သန်လျင်ကနေ မြို့ထဲလာတဲ့ မထသယာဉ်လိုင်းတွေ အားလုံးကို လိုင်းတစ်ခုတည်းဖြစ်အောင်လုပ်။ အစမ်းသဘောအနေနဲ့ စမ်းသပ်ကြည့်။ အဆင်ပြေရင် ကျန်တဲ့မြို့နယ်တွေ ထပ်စမ်းကြည့်။ တဖြည်းဖြည်းနဲ့ ဘတ်စ်ကားစနစ်တခုလုံးပြောင်းလာမယ့်ပုံစံပါ။ ဒါပေမယ့် ခုကတော့ မထသစနစ်ကို အမြစ်ဖြုတ်ပြီး YBS စနစ်ကို လုံးဝပြောင်းပြီးပြီဆိုတော့ကာ ပြည်သူအားလုံးကြံ့ကြံ့ခံဖို့ပဲ ရှိတော့တာ။ YBS အပြောင်းအလဲဟာ တစ်ချို့လူတွေအတွက် ကံကောင်းပေမယ့် တစ်ချို့လူတွေအတွက် ကံဆိုးမိုးမှောင်ကျသလို ဖြစ်ရတာ။ ဘာပဲဖြစ်ဖြစ် ဒီအခက်အခဲ ဒီအကြပ်အတည်းတွေကို ပြည်သူတွေ ကြံ့ကြံ့ခံရင်း ယာဉ်အန္တရာယ်မဖြစ် အားလုံးဘေးကင်းစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။


                                                                                      ရိုးမြေကျ(မုံရွာ)
                                                                                      21.1.2017(6:00 PM)

Sunday, May 1, 2016

မသိစိတ်ရဲ့ ပုံရိပ်(၁)




သူ့ပခုံးပေါ် စာအုပ်နှင့် ဖွဖွထုရိုက်ခံလိုက်ရတဲ့ ခံစားမှု။ မော့ကြည့်လိုက်တော့ သူလွမ်းမောနေသည့် သူမျှော်လင့်တောင့်တနေသည့် သူတွေ့ချင်မြင်ချင်သည့် သူ့နတ်သမီးလေး။ သူ့လမ်းပြကြယ်။ အစိမ်းရင့်ရောင် လက်ပြတ်အင်္ကျ ီနှင့် စကတ်တိုကို ဝတ်ထားကာ ထိုင်နေသည့်သူ့ကို အပေါ်မှ မိုးကာ ပြုံး၍ စိုက်ကြည့်သည်။ သူတို့မတွေ့ဖြစ်တာ တစ်နှစ်ကျော်။ သူတို့အသံတွေတိတ်ဆိတ်နေခဲ့တာ တစ်နှစ်ကျော်။ သူ့နှလုံးခုန်သံတွေ ရပ်တန့်နေခဲ့တာ တစ်နှစ်ကျော်။ ထိုကာလတွေ။ ဖြတ်သန်းရခက်လောက်အောင် ပင်ပန်းခဲ့သည့် ထိုကာလတွေ။ ပြုံးရယ်နေသည့် ထိုမျက်နှာလေးကို မြင်တွေ့လိုက်ရတော့ ခြေကုန်လက်ပန်း ကျတာတွေ ပြေပျောက် သွားသလို ကြည်နူးအပန်းပြေမှု။ ထိုခံစားချက်ကို နှိုင်းပြဖို့ မစွမ်းနိုင်လောက်အောင် သူတဒင်္ဂ ဆွံ့အသွားခဲ့သည်။ ဝေးသွားခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း သူမ မျက်နှာလေး အနည်းငယ် ပြည့်လာသည်ကလွဲလျှင် အရင်ကထက် ပိုနူးညံ့တာကလွဲလျှင် ပြောင်းလဲမှု သိပ်မရှိသည်ကို တွေ့ရသည်။ပြန်လည် တွေ့ဆုံမှု၏ အစသည် သွေးအေးမနေဘဲ တစိမ်းဆန်မနေဘဲ နှုတ်တွေဆွံ့အမနေဘဲ အလိုက်သင့် ပျော့ပျောင်းသည်။ ထိုခဏတွင် ကမ္ဘာလောကကြီးလှပ၏။ ငြိမ်းချမ်း၏။ အလွမ်းကြောင့် အချစ်တွေ တဖန်နိုးထလာ၏။ ရပ်တန့်ထားခဲ့သည့် သူ့အချစ်ကို သံပတ်ဆက်ပေးလို့ရသည့် အမိန့်တခု လက်ခံရလိုက်သလိုမျိုး။ စက်ရုပ်ဆန်နေသည့် သူ့အချိန်တွေကို တဖန်ပြန်လည် လူသားဆန်စေခြင်း၏ ဆုလာဘ်တခု လက်ခံရလိုက်သလိုမျိုး။ ထိုအရာရာကို သူကျေနပ်လိုက်တာ။ အားရလိုက်တာ။ သူပျော်မြူးလိုက်တာ။
ထို့နောက် Fast Food ဆိုင်တစ်ဆိုင်တွင် ထိုင်ကာ စကားပြောမည်ဟု သဘောတူညီမှုယူပြီးနောက် သူမက သူဘာစားချင်သလဲ တယုတယမေးသည်။ သူကတော့ စားဖို့သောက်ဖို့ထက် သူ့အပေါ် နူးညံ့ပျော့ပျောင်းလာသည့် သူမကို အကဲခတ်လျက်။ မယုံကြည်နိုင်ဖြစ်။ တအံ့တသြဖြစ်။ ထို့နောက် သူမအနားကပ်ကာ သူမကိုယ်သင်းရနံ့ကို ခိုးရှိုက်လိုက်သည်။ ဒါအိပ်မက်လား။ လက်တွေ့အဖြစ်အပျက်လား မဝေခွဲနိုင်ဖြစ်ရသည် ကတော့ အမှန်ပင်။ သူနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ သူက တချက်တချက် စိုက်ကြည့်တော့ မျက်နှာလွှဲသယောင် ပြုသည့် ရှက်ကိုးရှက်ကန်းဟန်။ သူမနှုတ်ခမ်းပါးလေးတွေက အရင်လိုပဲ ရင်ခုန်ဖွယ်ကောင်းသည်။ သူမလက်ချောင်းတွေက အရင်လိုပဲ ကဗျာသိပ်မဆန်လှ။ သူမဆံပင်တွေက အရင်ထက် အနည်းငယ် ရှည်လာသည်။ သူမအပြုံးတွေက အရင်လို တောက်ပသည်။ သူမစကားပြောတာ အရင်လို သိပ်မြန်မြန်မဟုတ်တော့။ သူမမျက်ဝန်းတွေက အရင်လိုပဲ အချစ်ရိပ်သန်းလျက်။ ထိုသိမ်မွေ့နူးညံ့လာသည့် သူ့နတ်သမီးသည် သူစားဖို့ ကြက်ကြော်နွှာပေးကာ စကားတွေ ရေပက်မဝင် ပြောလျက်။ သူတစ်ချိန်က သူမကို ဝန်ဆောင်မှုပေးခဲ့သလို သူ့အပေါ် သူမက တန်ပြန် တာဝန်ကျေလျက်။ စားရင်းသောက်ရင်း ရယ်ရင်းမောရင်း ရှေးဟောင်းနှောင်း ဖြစ်ပြောကာ သူမနှင့် ဖြတ်သန်းရသည့် အချိန်တွေကို ရပ်တန့်ထားလို့ရလျှင် ရပ်တန့်လိုက်ချင်ပါသည်။ ထိုတဒင်္ဂလေးဟာ အိပ်မက်ဖြစ်မှာ စိုးရွံ့လှတာ။ သူပိုင်ဆိုင်ထားသည့် ထိုတဒင်္ဂကို ဆုံးရှုံးရမှာ ကြောက်လှတာ။  သူ့ရှေ့တွင် အရှင်လတ်လတ် ထိုင်နေသည့် သူမပုံရိပ်ပျောက်သွားမှာ ပူပန်ရတာ။ သူမနှင့် ပတ်သက်လျှင် အချိန်ကာလ တစ်နှစ်ကျော်သည် သူ့ကို မရင့်ကျက်စေဘဲ  သူ့အချစ်တွေဟာ အရင်အတိုင်း သွေးဆူတုန်းပါ။ အရင်အတိုင်း သူမကို အမြတ်တနိုး ရှိတုန်းပါ။ ဒါတွေကို သူက သူမသိအောင် ဖွင့်ပြောရမည်လား။ သူ့မျက်ဝန်းတွေကို စိုက်ကြည့်ယုံဖြင့် သူမ သိနိုင်၊ မြင်နိုင်လျှင် သိပ်ကောင်းမှာပဲ။ သူမမျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့် အဖြေရှာခဲ့သလိုမျိုး သူ့မျက်ဝန်းတွေမှာ သူမအဖြေရှာလျှင် သိပ်ကောင်းမှာပဲ။ သူမကရော သူ့ခံစားချက်အမှန်ကို မရှာဖွေချင်ဖူးလား။ ထိုမေးခွန်းကို မမေးဖြစ်ဘဲ သူကလဲ သူ့ခံစားချက်ကို ဖွင့်မပြောဖြစ်ဘဲ သူတို့တူတူရှိခဲ့ကြသည်။ ဖြတ်သွားဖြတ်လာကြုံသော ရှိုးပွဲတစ်ခုကို သူတို့နှစ်ယောက်လုံး ဝင်ငေးမောရင်း အဆိုတော်နှင့် အပြိုင် သူမစိတ်လိုလက်ရသီချင်းလိုက်ဆိုသည်။ သူကလဲ သူမနှင့်အတူ အားကျမခံ သံယောင်လိုက်သည်။ သူမဟန်သည် လွတ်လပ်သည်။ ကလေးဆန်သည်။ သူနှင့် အတူတူရှိနေချိန် သူမပျော်မြူးနေပုံ။ ဒါသူမကိုယ်တိုင်မဖုန်းကွယ်နိုင်။ သူမခံစားချက်ကို သူအပန်းတကြီး ဖွေရှာစရာမလိုတော့။
ထို့နောက် ရွှေတိဂုံဘုရားတူတူဖူးရင်း သူတို့နှစ်ယောက်၏ နေ့ရက်ကို ပိုအသက်ဝင်စေခဲ့သည်။ ဘုရားရင်ပြင်တနေရာမှာ ခဏထိုင်ရင်း သူမမျက်ဝန်းတွေနှင့် ဆုံမိသည့် အခိုက်အတန့်။ ထိုမျက်ဝန်းတွေ။ သူမကို စိတ်အဝင်စားဆုံး အရာထဲတွင် သူမမျက်ဝန်းတွေလဲ ပါသည်။ ထိုမျက်ဝန်းထဲ တခါတရံ ခံစားချက် ဖွင့်ထုတ်သည့် အငွေ့အသက်။ တခါတရံ သိုသိပ်သည့် ခံစားချက်။ ထိုပဟေဠိဆန်ဆန်မျက်ဝန်းနှင့် ထိပ်တိုင်မဆုံဆုံအောင် သူ့ဘက်က ဖန်တီးရသည်။ ဘုရားပေါ်က ဆင်းတော့ သူတို့နှစ်ယောက် ညစာတူတူ စားသည်။ သူ့ကို ခွံ့ကျွေးမလို ရှက်ရွံ့သည့်ဟန်။ ဇွန်းကိုင်ထားသည့် သူမလက်က ပတ်ဝန်းကျင်ကို အလေးထား၍ တွန့်ဆုတ်နေသည်။ ပထမဆုံး သူ့ကို အမှတ်မထင် ခွံ့ကျွေးခဲ့သည့် ပုံရိပ်။ ပြန်တွေးကြည့်လျှင် ထိုပုံရိပ်သည် ရင်ခုန်လှိုက်မောဖွယ် ကောင်းလှသည်။ သူမရဲ့ ရှက်ရွံ့ဟန်။ သူ့စိတ်မြင်ကွင်းက ထိုပုံရိပ်ပန်းချီကားကို မည်သူမျှဖျောက်ဖျက်၍မရ။
ညစာစားပြီး နှစ်ဦးသား လမ်းခွဲထွက်လာတော့ သူမမျက်ဝန်းတွင် ဆွေးရိပ်သန်းလျက်။
သူ့ရင်တွင် ဖော်မပြတတ်အောင် နာကျင်လျက်။
လမ်းလျှောက်ရင်း လျှောက်ရင်း……………… မမောတမ်း သူမပုံရိပ်တွေ ပြန်မြင်ယောင်ကာ။
အော် သူ အိပ်မက်မက်နေပြန်ပီ။

ရိုးမြေကျ(မုံရွာ)
16.4.2016(9:10PM)