Friday, February 22, 2013

မယ့်စာအုပ် ဓားပြတိုက်ခံရခြင်း(မယ့်ကိုးသို့ အိတ်ဖွင့်ပေးစာ)


မယ့်
          လွန်ခဲ့တဲ့ (၁၀)ရက်လောက်က မယ့်ရဲ့ “အသင်နားမလည်နိုင်သော မိန်းမတစ်ယောက်”ကို ကျနော်နဲ့ အရမ်းခင်တဲ့အစ်မတစ်ယောက်လိုချင်လို့ မုံရွာမြို့ရဲ့ စာအုပ်ဆိုင်တွေမှာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်ရှာခဲ့မိတယ်။ ကျနော့်ရဲ့ အားထုတ်မှုဟာ အချည်းအနှီးပါပဲ။ ဘယ်လိုမှရှာမရတဲ့အဆုံး မန်းလေးမှာ ကျောင်းတက်နေတဲ့ ညီမဝမ်းကွဲတစ်ယောက်ကို မှာရတယ်။(ကျနော့်အတွက် တစ်အုပ်၊အစ်မအတွက် တစ်အုပ်ပါ။) (၁၉.၂.၁၃) ကတော့ ညီမဝမ်းကွဲက နဂါးစာပေကနေ ဝယ်ပြီးသွားပြီဆိုတဲ့ သတင်းစကားလေးက ကျေနပ်စရာပါ။ (၂၀.၂.၁၃)မှာ ညီမလေးက အဒေါ်ရဲ့ မိတ်ဆွေလူကြုံနဲ့ စာအုပ်လေးနှစ်အုပ် ထည့်ပေးလိုက်ပါတယ်။ (အဒေါ့်မိတ်ဆွေက မိုးညှင်းသံမ္ဗုဒ္ဓေရွာမှာ နေတာပါ။မုံရွာမြို့နဲ့ မိုးညှင်းရွာက အနည်းဆုံး ၆မိုင်လောက်တော့ဝေးပါတယ်။) အဲဒီအန်တီကြီးက ညမိုးချုပ်မှ မန်းလေးက ပြန်ရောက်မှာဆိုတော့ စာအုပ်ကို ချက်ချင်းမရခဲ့ဘူး။ (၂၁.၂.၁၃) မှာတော့ ကျနော့် အဒေါ်က သူ့မိတ်ဆွေဆီသွားယူပေးမယ်ပြောတဲ့ စကားကို ယုံစားမိလိုက်တယ်။ အဲဒီညနေက ရုံးကနေ အိမ်ပြန်ရောက်တော့လဲ မယ့်စာအုပ်ကို မတွေ့ရဘူး။ သွားမယူရသေးဘူးဆိုတဲ့ စကားနဲ့ပဲ ကျေနပ်လိုက်ရတယ်။ ဒီနေ့(၂၂.၂.၁၃)မှာ ဆက်ဆက်သွားယူပေးမယ်ဆိုတဲ့ အဒေါ့်ကတိစကားမှာ ထပ်ပြီး မှိုင်းမိခဲ့ပြန်တယ်။ ဒီနေ့ညနေပဲ ရုံးကနေ အိမ်ပြန်ရောက်တော့ စာအုပ်အကြောင်းမေးလိုက်တာ မယူရသေးဘူးတဲ့။ မယ့်စာအုပ်နဲ့ တစ်မြို့ထဲ ရှိနေရပေမယ့်  နှစ်ည တိတိ ခွဲအိပ်လိုက်ရတယ်။ ကျနော်မကျေနပ်ဖူး။ တကူးတက မန်းလေးက မှာထားရတဲ့စာအုပ်ကို။ ဖေဖေ့ပြောစကားအရ အဲဒီအန်တီကြီးရဲ့ သားက စာအုပ်ကို ကြိုက်လွန်းလို့ တစ်အုပ်ဝယ်ဖတ်လိုက်တယ်တဲ့။ မနက်ဖြန် မုံရွာလာရင် ယူခဲ့မယ်တဲ့။ အဒေါ်က ဖေဖေကနေတစ်ဆင့်မှာလိုက်တာ။
    အဲဒီမှာ ဇာတ်လမ်းစတာပဲ မယ့်။ ကျနော့်မှာ စာအုပ်တွေနဲ့ ပတ်သက်တဲ့ ဆိုက်ကို တစ်ခုရှိပါတယ်။ အဲဒါကတော့ ဘယ်သူဖြစ်ဖြစ် (ကျနော်က ကျေကျေနပ်နပ် ခွင့်ပြုထားတဲ့သူမဟုတ်ရင်)ကျနော်မှာထားတဲ့ စာအုပ်ကို ကျနော် မဖတ်ရသေးခင်မှာ အရင်ဆုံးဖတ်ရင် အဲဒီလူကို အလိုလို မုန်းတီးသွားတတ်တာပါပဲ။ ကျနော့်ဆီက စာအုပ်ငှားထားပြီး ပြန်မပေးရင် ကျနော့်စာအုပ်တွေဖတ်ပြီး စာရွက်တွေ ခေါက်ထားတတ်ရင် ကျနော်က အဲဒီလူကို အလိုလို မျက်မုန်းကျိုးတတ်တဲ့ ဆိုက်ကိုပါ။ အခုလဲ ဖတ်ပြီးကြိုက်လွန်းလို့ တစ်အုပ်ဝယ်လိုက်ရတယ်ဆိုတဲ့ စကားက ကျနော့် ဆိုက်ကို ကို လှုပ်နှိုးတယ်။ ဒါနဲ့ ချက်ချင်းပဲ ဖေဖေ့ကို “သမီးမှာထားတဲ့စာအုပ်ကို သမီးထက်ဦးအောင်အရင်ဖတ်ရင် သမီးမကြိုက်ဖူး။မိုးညှင်းသွားမယူနိုင်ရင်လဲ သမီးဟာသမီး စာအုပ်ဆိုင်သွားပြီး ထပ်ဝယ်လိုက်မယ်။” လို့ပြောပြီး ချက်ချင်းပဲ ဆိုင်ကယ်နဲ့ မုံရွာမြို့ရဲ့ စာအုပ်ဆိုင်တွေကို ထပ်သွားတယ်။ ရောက်လောက်ပါပြီဆိုတဲ့ ကောက်ရိုးတစ်မျှင် မျှော်လင့်ချက်နဲ့ပါ မယ့်။ အောင်မင်္ဂလာစာပေ၊ ချင်းတွင်းအိမ်စာပေ၊ အဓိပတိစာပေ၊ ရွှေတေးသံစာပေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်မေးပေမယ့် မရောက်သေးဘူးဆိုတဲ့ စကားတွေနဲ့ ရောင့်ရဲခဲ့ရတယ်။ စိတ်တိုလွန်းလို့ မျက်ရည်တောင် ဝဲမိတယ်။ လိုချင်တဲ့ စာအုပ်မရရင် မုံရွာကို စိတ်နာပါတယ်။
စာအုပ်ဆိုင်ကနေပြန်ရောက်တော့ အဒေါ့်ဆီ ဖုန်းဆက်တယ်။ အဒေါ်က ဖုန်းပိတ်ထားတော့ ပိုစိတ်တိုဒေါသထွက်လာပြီး သူ့အိမ်သွားစောင့်နေမိတယ်။အကြောင်းက ချက်ချင်းပဲ မိုးညှင်းကို စာအုပ်သွားယူဖို့ပါ။ အချိန်က ညနေ(၆)နာရီလောက်ပါ။ အဒေါ်က သူ့ကလေးတွေ ကျောင်းပို့ကျောင်းကြို ထမင်းကျွေးလုပ်နေတာကို စိတ်ရှည်လက်ရှည်ထိုင်စောင့်နေရတယ်။ သူ့ကိစ္စတွေပြီးလို့ မိုးညှင်းသွားမယ်ဆိုပြီး နာရီကြည့်လိုက်တော့ ည(၇)နာရီခွဲနေပြီ။ “ဇွတ်။ဇွတ်။ဇွတ်ပဲ။မနက်ဖန်မနက်ရမှာကို မစောင့်နိုင်ဘူးလား။” ဆိုတဲ့ စကားအဆုံးမှာ “မစောင့်နိုင်ဘူး။ (၂)ရက်စောင့်ခဲ့ပြီးပြီ။” လို့ ဂျစ်တစ်တစ်လုပ်ရင်း ဆိုင်ကယ်နဲ့ မိုးညှင်းရွာကို ထွက်ခဲ့မိတယ်။
   တစ်ခါမှ မမြင်ဖူးသေးတဲ့ အန်တီကြီးကို စာအုပ်ဦးဦးဖျားဖျားဖတ်ထားလို့ စိတ်ထဲက အစာမကြေဖြစ်ရင်း သူ့အိမ်ရောက်သွားခဲ့တယ်။ အိမ်ဝင်းလေးထဲ ဝင်ဝင်ချင်း သစ်ခွပန်းတွေ နှင်းဆီပင်တွေ တွေ့လိုက်ရတော့ ပန်းတွေကို မပြုစုတတ်ပေမယ့် ချစ်တတ်တဲ့ ကျနော်က အဲဒီအန်တီကြီးကို ခွင့်လွှတ်ချင်စိတ်ပေါက်သွားပေမယ့် ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို သူ့စကားကြောင့် ချက်ချင်းပဲ ပြန်မျက်မုန်းကျိုးသွားမိတယ်။ “ဘာအရေးကြီးနေလို့ ညကြီးလာယူရတာလဲ။ ဘာစာအုပ်မို့လို့လဲ။အရေးတကြီး နိုင်လိုက်တာ။” ဆိုတဲ့ အန်တီကြီးရဲ့ စကားအဆုံးမှာ ကျနော့် ဒေါသတွေက အလိပ်လိပ်တက်လာတယ်။ ကျနော်မှာထားတဲ့ စာအုပ်ကို ကျနော်သွားယူတာ ဘာကိုယ်ကျင့်တရားများ ဖောက်ဖျက်နေလို့လဲ မယ့်ရယ်။ သူတို့ကို နှောင့်ယှက်တဲ့အပြုအမူလို့ပြောရအောင်လဲ ကျနော်သွားတဲ့ အချိန်က သန်းခေါင်ကျော်မှ မဟုတ်သေးတာ။ ကျနော့်အဒေါ်ကတော့ စာအုပ်တွေနဲ့ ပတ်သက်ပြီး ကျနော့်အကြောင်းသိနေတာဆိုတော့ စကားတွေနဲ့ ဖာထေးလို့ သူ့မိတ်ဆွေကို။ အခန်းထဲက ထွက်လာပြီး ကျနော့်လက်ထဲ ထည့်လိုက်တဲ့ စာအုပ်က တစ်အုပ်တည်းရယ်။ နှစ်အုပ်မှာထားတာလေလို့ ကျနော်ပြောလိုက်တော့ ခပ်တည်တည်ပဲတစ်အုပ်က ကြိုက်လို့ယူထားလိုက်တာ။(ဒါဆို သူ့သားဝယ်ဖတ်တယ်ဆိုတဲ့ စာအုပ်က ဘာလဲလို့ စိတ်ထဲကပဲမေးမိတယ်။) မနက်ဖန် မန်းလေးက လူကြုံနဲ့ မှာထားတဲ့ စာအုပ်ရောက်မှ နောက်တစ်အုပ်ယူပါတဲ့။ ကျနော် နားလည်လိုက်ပါပြီ။ ကျနော် ခက်ခက်ခဲခဲ ရှာဝယ်ထားရတဲ့ စာအုပ်ကို အေးအေးဆေးဆေး ဓားပြတိုက်သွားတာပါ။ လူကြုံယူလာပေးရခြင်းဆိုတဲ့ ထောက်ထားစရာ အချက်သာ ရှိမနေရင် ဒီညမှာ ကျနော်အရိုင်းအစိုင်းတစ်ယောက်လို ပြုမူမိမှာပါ။ ကျနော်ဟာ စာအုပ်တွေနဲ့ ပတ်သက်ရင် ဆိုက်ကို တစ်ယောက်ပါ။ လူယဉ်ကျေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ဖို့ မပီပြင်တဲ့ အောင့်သက်သက် အပြုံးတစ်ပွင့်တော့ ချကျွေးခဲ့ပါသေးတယ်။
လက်ထဲရောက်လာတဲ့ မယ့်စာအုပ်လေးကို ဖွဖွလေးကိုင်ကြည့်မိတယ်။ ဘေးလူတွေအမြင်မှာတော့ ကျနော့်ကို အရူးတစ်ယောက်လို့များ သတ်မှတ်ကြမလားမသိပါဘူး။ စာအုပ်ကို ဆိုင်ကယ်ခြင်းထဲ ထည့်ခဲ့ရမလားလို့ အဒေါ်ကမေးတာကို စာအုပ်ပွန်းသွားမှာဆိုးလို့ လက်ကပဲ ကိုင်ခိုင်းခဲ့ပါတယ်။ မယ့် ကျေနပ်ပါ။ မုံရွာကို ပြန်ရောက်တဲ့ အချိန်ဟာ ည(၈)နာရီခွဲပါ။ ခက်ခက်ခဲခဲနဲ့ ရှာဝယ်ထားရတဲ့ စာအုပ်ဆိုတော့ မယ့်အရေးအသားတွေဟာ ကျနော့်နှလုံးသားကို ကိုင်လှုပ်နိုင်မှာပါ။
   ကျနော့်ကိုယ်ကျနော် မိတ်ဆက်ပါရစေ။ ကျနော်ဟာ မြန်မာနိုင်ငံထဲက မြို့သေးသေးလေးမှာနေတဲ့ ဘာမှ မကြီးကျယ်မအောင်မြင်သေးတဲ့ လူငယ်တစ်ယောက်ပါ။ အတွေးအခေါ်တွေလဲ မရင့်ကျက်သေးပါဘူး။ ဒါပေမယ့် စာပေကို ချစ်မြတ်နိုးပါတယ်။ နေ့တဓူဝရှင်သန်နေရတဲ့ ကျောင်းသင်ခန်းစာတွေနဲ့ လုပ်ငန်းခွင်ဖိစီးမှုတွေက ခေတ္တခဏသွေဖယ်ကြည့်ဖို့ ဖေ့ဘုတ်မှာ ကျနော် group ဖွဲ့ပြီး ဖတ်ထားတဲ့စာတွေအပေါ် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြည့်ဖို့ သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်ထားပါတယ်။ ကျနော် ဆရာကြီး မဟုတ်ပါဘူး။ ရင်ထဲရှိတဲ့ အမြင်လေးတွေဖလှယ်ချင်ခြင်းရယ်၊ စိတ်ဖိစီးမှုလျော့ပါးချင်ခြင်းရယ်ကြောင့်ဆိုတဲ့ ရည်ရွယ်ချက်သေးသေးလေးပဲ ရှိပါတယ်။ group ကို closed group လုပ်ရမလား secret group လုပ်ရမလား မဝေခွဲနိုင်သေးလို့ရယ် ဖတ်ထားတဲ့ စာအုပ်က လောလောဆယ်မရှိသေးလို့ရယ်ကြောင့် အကောင်အထည်မဖော်ဖြစ်သေးတာပါ။ တကယ်တော့ ကိုယ့်ကိုယ်ကို စာဖတ်ဖြစ်အောင် တွန်းအားတစ်ခုလုပ်ချင်ခြင်းဆိုလဲ မမှားပါဘူးလေ။ ဒီရုံးပိတ်ရက်မှာ မယ့်စာအုပ်ကို အေးအေးဆေးဆေးဖတ်ကြည့်ပြီးရင် စာအုပ်အပေါ် ခံစားရတာလေးတွေကို group လေးမှာ topic တစ်ခုအနေနဲ့ ဦးဦးဖျားဖျား တင်ပါရစေလို့ ခွင့်ပန်ရင်း ဒီညတော့ မယ့် စာအုပ်နဲ့တူတူအိပ်လိုက်ပါဦးမယ်။
      ကျနော် ပင်ပန်းနေပြီ မယ့်။
  စကားမစပ် ဂျူးရဲ့ ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တယ် စာအုပ်တုန်းကလဲ မုံရွာကို အကြီးအကျယ်စိတ်ပျက်ခဲ့ဖူးတယ်။ အခုလဲ ဖေ့ဘုတ်မှာ အစ်မမိုးငွေ့က မယ့် စာအုပ်လေးအကြောင်း တက်ဂ်ပေးထားပေမယ့် အဲဒီရက်တွေတုန်းက ရန်ကုန်မှာ training တက်နေရတော့ ဖေ့ဘုတ်ပို့စ်တွေကို သေသေချာချာ မဖတ်ခဲ့မိတဲ့ ကျနော့်ကို ကျနော်တောင် အမြင်ကပ်မိပါတယ်။ တကယ်လို့သာ အဲဒီတုန်းက အစ်မမိုးငွေ့ တက်ဂ်ထားတာကို မိမိရရဖတ်မိခဲ့ရင် မယ့် စာအုပ်ကို ရန်ကုန်က ချက်ချင်းဝယ်လာလို့ရပါတယ်။ ခုတော့ ကျနော့်အတွက် စာအုပ်ရဖို့ အရမ်းခက်ခဲခဲ့တာပဲ။ သေချာပါတယ် ဒီခက်ခဲတဲ့အခြေအနေတစ်ခုကြောင့် ကျနော့် နှလုံးသားကို ကိုင်လှုပ်တော့မယ့်အရေးအသားတွေ ဖြစ်နေမှာ။ ဒီရက်ပိုင်းမှာ မယ့်ကိုးကို လက်ခံနိုင်ဖို့ မယ်ကိုးကို ပြန်ရှာဖွေနေမိတယ်။
မယ့်ကို နားလည်ဖို့ကြိုးစားနေတဲ့
ရိုးမြေကျ
စာရေးပြီးချိန် ည(၁၀)နာရီ
၂၂.၂.၁၃











26 comments:

မယ့်ကိုး said...

တကယ်စိတ်မကောင်းပါဘူး ညီမလေးရယ်။ ဖတ်ပြီးဝမ်းသာဝမ်းနည်းခံစားရပါတယ်။ စာအုပ်ကို တစ်နိုင်ငံလုံးမဖြန့်ချီနိုင်တာ အစ်မ အပြစ်ပါ။ ဒါပေမယ့် စာအုပ်ကလေးဖတ်ပြီး ညီမလေး ပင်ပန်းရကျိုးနပ်ပါစေလို့ မျှော်လင့်ပါတယ်။

Anonymous said...

အဟဲ တိတ်တိတ်လေးပြန်မလို့။ မယ့်ကိုး သည် ညီမလေးရင်ထဲတွင် လွှမ်းမိုးတဲ့ ငါးယောက်မြောက် မိန်းမသား ဖြစ်ပါစေလို့။

လေးစားစွာဖြင့်
လရိပ်အိမ်

Cameron said...

ဖြစ်ရလေ ညီမရယ် နောက်ဆို အမဆီစာရေးလိုက်ပါ လိပ်စာအတိကျပေး လိုချင်တဲ့စာအုပ်ကို ၀ယ်ပို့ပေးမယ် coralnyo@gmail.com

Yoemyaykya said...

ဟုတ်ကဲ့မမမိုးငွေ့။ ဒီတစ်ခါ မယ့်စာအုပ်ကလဲ တကယ်ခက်ခက်ခဲခဲ ရယူခဲ့ရတာပါ။

roseayemaung said...

လာရောက်ခဲ့ပါတယ်...

Phyu Lwin said...

ဖတ်ပြီး စိတ်တောင်မကောင်းဘူး.. အဲလောက်ခက်ခက်ခဲခဲရှာလိုက်ရတာ.. လက်ဆောင်ရမယ့် အစ်မဆို ပိုတောင်စိတ်ကောင်းမှာမဟုတ်ဘူး..။ လူကြုံယူလာပေးတဲ့အဒေါ်ကလဲ စာအုပ်တွေကို ချစ်တတ်တဲ့သူမျိုးမဟုတ်ပဲ.. သာမာန်ပစ္စည်းတစ်ခုလို သဘောထားလို့လဲ ဒီလိုဖြစ်သွားတာပါ။ သူ့စိတ်ထဲမှာ စာအုပ်ကပေးတဲ့ ရသရဲ့ ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့မရတာကို မတွေးမိဘဲ စာအုပ်တန်ဖိုးငွေကိုပဲ မြင်တတ်တဲ့စိတ်ကြောင့်လဲ ဒီလိုဖြစ်တာပေါ့။ စိတ်ဝင်စားတာက ဒီစာအုပ်က တော်တော်ရသ တစ်ခုခုပါအောင် ရေးထားတာမျိုးဖြစ်မယ်.။ တွေ့တွေ့ချင်း ဖတ်ချင်သွားပြီး ၀ယ်ချင်စိတ်ပေါက်သွားတဲ့ အဒေါ်ကြီးရဲ့သားအဖြစ်ကို မြင်တော့ တွေးမိတာ..။ စာအုပ်ရမယ့် အစ်မတော့ ရင်ခုန်နေလောက်ပြီ :)

နွေတေးရှင် (မင်းဧရာ) said...

မယ့်ကိုးသို့ အိတ်ဖွင့်ပေးစာကို ဖတ်ခဲ့ပါတယ်
စာအရေးအသား ကောင်းတာကို သတိထားမိရဲ့ ။

စာပေကိုမြတ်နိုးတာ လူကိုကောင်းကျိုးဖြစ်စေပါတယ်။

Anonymous said...

big big hug....

regds...

Anne

P.S : i love books too

မိုးနတ်ကြယ်စင် said...

ဟင်းးးးးးးးးးးး
မောထှာ....ညလေးလဲ အဲ့စာအုပ်သိပ်လိုချင်တာပဲ...
ညလေးတို့ဆီမှာက အဲဒိစာအုပ်ကို ရှာဖို့သိပ်ခက်တယ် မ ရဲ့....
အရင်လို ရန်ကုန်မှာ အမြဲနေဖြစ်ရင် ကိစ္စမရှိဘူးးးးးးးး
ခုက သင်တန်းလဲတက်ပြီးလို့ နယ်ပြန်ရောက်နေတော့
ဝေးပြီပေါ့ မယ့်ရယ်...ဒါပေမဲ့ နှုတ်တော့ မဆက်လိုက်ပါဘူးးး
ညလေး လူကြုံနဲ့ရအောင် မှာအုံးမှာမို့ပါ...အင်းးးးးးးးးး
လူကြုံဆိုရင်တော့ ခပ်ကြောက်ကြောက်ရယ်....တော်ကြာ
မ လိုဖြစ်နေမှဖြင့်...မလွယ်ရေးချ မလွယ်...ဒါထက်
စိတ်မကောင်းတဲ့ ကြားထဲကနေပဲ မ ကိုချီးမွမ်းစကားပြောရအုံးမယ်
ဒီတစ်ခါ ပို့စ်က မ စိတ်ထဲကနေတကယ်ခံစားချက်ပြင်းလို့ ရေးတာမို့လား
ဒါမှမဟုတ် အရင်ကလို ရေးလက်ပြန်ပေါ်လာပြီလား တခုခုပဲ
ညလေး စွဲလန်းခဲ့ရတဲ့ မ ရဲ့ရေးလက်ပုံစံကို ပြန်တွေ့ရပြီ
စာတွေလဲ သေချာပြန်ရေးပါ မ (စိတ်နှစ်ပြီးတော့လေ) နောက်ပြီး
ကဗျာတွေလဲ ရင်ဘတ်ထဲထဲ့ပြီး သေချာထုဆစ်ပါ...မ ကိုဆရာလုပ်တာ
မဟုတ်ရပါဘူးးးးးးး တခါတခါ လူတွေက ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းပကားထက်
လျှော့ပြီး ဖန်တီးနေကြတယ်...ဒါမှမဟုတ် ရောင့်ရဲနေကြတယ်
မ အလုပ်တွေရှုပ်နေမယ် ဒါမှမဟုတ် တခြားကိုယ်ရေးကိုယ်တာ
ကိစ္စတွေရှိကောင်း ရှိနေမယ် ...ဒါကို ညလေးနားလည်ပါတယ်..
ဒါပေမဲ့ အဲ့ဒါတွေကြောင့်တော့ မရဲ့ ဖန်တီးနိုင်စွမ်းအားနဲ့ နှလုံးသားကလာတဲ့ လက်ရာတွေကို မေ့မေ့လျော့လျော့ မထားလိုက်ပါနဲ့ ၊ သိပ်နှမြောဖို့
ကောင်းပါတယ်.....မ စာအုပ်တွေဖတ်ဖြစ်အောင် ကိုယ့်ကိုယ်ကို
ပြန်ပြီးကြိုးစားနေတယ်ဆိုလို့ ညလေးနဲ့တူတူပဲလို့ တွေးနေမိသေးတယ်
ညလေးလဲ ဒီရက်ထဲ ရှုပ်လိုက်တဲ့ အလုပ်ဗျာ...အားချိန် နားချိန် စားချိန်
တောင် မရသလောက် ...ဒါပေသိ ဘယ်လောက်ပဲ မအားပါစေ
ဘလော့လေးနဲ့ မောင်နှမတွေရဲ့ အိမ်လေးတွေကို ပစ်မထားဘူးးးးးး
အဲလိုပဲ စာတွေလဲ ပြန်ဖတ်ဖြစ်အောင်ကြိုးစားနေတယ်...
ဒို့ညီအစ်မတွေ အချိန်ပေးပြီး စာပြန်ဖတ်ကြရအောင်နော်..ချစ်မ
အာဂျား အာဂျား ဖိုက်တင်းးးးးးးးးးးးးးးးး
ချစ်တဲ့....မိုးနတ်

(ဖဘမှာ မဆုံနိုင်သေးတာတော့ မပြောနဲ့ မ ရေ...
ညလေးက ဖဘ ထက် ဘလော့ကို ပိုပြီးဦးစားပေးတော့
နောက်ပြီး ဖဘလဲ ဖြတ်ချင်နေတော့ ခု သိပ်မသုံးဘူးးးးးးး
ဒါပေသိ အချက်အလက်မြန်ဆန်မှုရယ်....ပိုပြီးရင်းနှီးလွယ်မှုရယ်
မှာတော့ ဖဘ က ထိပ်ပဲ အာ့ကြောင့် သူ့ကိုလက်မလွှတ်နိုင်သေးဘူးရယ်
ပြီးတော့ သူ့ကြောင့်လဲ ဘလော့က မောင်နှမတွေကို ဓါတ်ပုံထဲမှာ
တွေ့ဖူးနိုင်တာလေ :)))

မိုးနတ်ကြယ်စင် said...

အော် ကျန်သေးတယ် မ ရေ....အရှည်ကြီးပြောပြီးတာတောင်
ကျန်သေးတယ်ဆိုလို့ မိမိုးနတ်ကို စကားအတော်များတဲ့ကောင်မလေးလို့
မ တစ်ယောက် ငြိုငြင်ရင်လဲ ခံပါ့မယ်...မ ကြောင့် ဆရာမဂျုးစာအုပ်တွေ
ရှာဖတ်တဲ့ အကျင့်ရပြီးတဲ့နောက်မှာ ညလေးတို့ဆီက စာအုပ်ဆိုင်မှာ
မ ပြောတဲ့ ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တယ် စာအုပ်လေးတွေ့လို့
ဝမ်းသာအားရဖတ်မယ်ဆိုပြီး တေးထားခဲ့တာ...ဖြစ်ချင်တော့ အဲ့စာအုပ်
အရင် ဆရာတက္ကသိုလ် ဘုန်းနိုင်စာအုပ်ငှားထားလို့ နောက်နေ့မှ
ငှားဖတ်မယ်ဆိုပြီးထားခဲ့လိုက်တာ...နောက်နေ့ကျ စင်ပေါ်မှာ
အဲ့စာအုပ်မတွေ့လို့ စာအုပ်ဆိုင်က အမကိုမေးတယ် ....အမ
သူများငှားသွားတာလားပေါ့...အင်း ဟုတ်တယ်တဲ့ ဒါနဲ့ ညလေးလဲ
ဒီလိုပဲ တခြားစာအုပ်တွေပဲ ငှားဖတ်နေလိုက်တယ်ပေါ့...ဟော
နောက်တော့ တလသော်လဲ ပေါ်မလာ နှလကြာလဲ ပေါ်မလာနဲ့
မေးကြည့်တော့ လူခိုးသွားပြီဖြစ်မယ်တဲ့ ကောင်းရောဗျာ...တိုက်တိုက်
ဆိုင်ဆိုင် သူများဖတ်ချင်တဲ့စာအုပ်မှဗျာ....မ သဘောအရ ပြောမယ်ဆို
ဆရာမဂျုးစာအုပ်ကျမှဗျာ....ဒါနဲ့ လိုရင်းပြောရရင် အဲ့စာအုပ်လဲ
ညားခါနီးမှ ပျောက်သွားတဲ့ သတို့သမီးလို ညလေးခုထိမဖတ်ရသေးပါဘူး
ဘာကြောင့်ဆို အဲ့စာအုပ်က နဲနဲကြာနေပြီဆိုတော့ တခြားဆိုင်တွေမှာလဲ
မရှိတော့ဘူးလေ :(((
လူတွေများ အကျင့်မကောင်းပုံက အဲလို :(((

mypersonalspace said...

group ကို closed လုပ်စေချင်တယ်

Aunty Tint said...

တိုးတိုးတိတ်တိတ်လေးဖတ်ပြီး လစ်မလို့ပြင်တုန်း စာကြောင်းလေးကို မြင်လိုက်တော့ လိပ်ပြာမလုံပဲ ပြန်ဝင်လာခဲ့တယ် ရိုးမြေကျရေး) မယ့်ကိုးတို့လို စာရေးကောင်းတဲ့ စာရေးဆရာဖြစ်ဖြစ် ဘလော့ဂါတွေဖြစ်ဖြစ် အရမ်းအားကျတယ်။ နောက်ပြီး
ကဗျာကောင်းလေးတွေ ဖတ်ရတိုင်းလည်း အားကျမိပြန်ရော :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလွမ်းမြို့ said...

မကြီးလွမ်းတို့လည်း ဖတ်ချင်ပါတယ်။အခွင့်မသာလို့ အဆင်မပြေလို့ ဒီတိုင်း
လေးဘဲစိတ်ခံစားမှု့ကို မျိုသိမ့်ခဲ့ရတာပေါ့။ဖတ်ပြီးသူတွေကိုလည်း အားကျ
လိုက်တာ။ကိုယ်ချစ်မြတ်နိုး ကိုယ်တန်ဖိုးထားတဲ့ စာအုပ်လေးနဲ့ ကျေနပ်ပီတိ
ရရှိနိုင်ပါစေ။အလွမ်းတို့လည်း တစ်နေ့ဖတ်ခွင့် ဒီစာအုပ်လေးကို ပိုင်ဆိုင်ခွင့်
ရရှိလာမယ်လို့ မျှော်လင့်ပါတယ်။

ချစ်ခြင်းအားဖြင့်
အလွမ်းမြို့

အိမ်မက်စေရာ said...

ဆိုက်ကို ချင်းတော့ တူနေပြီ..အိမ်မက်လဲ မယ့်စာအုပ်ကို စလုံးက နေ မှာပေးတဲ့သူ ရှိလို့သာ ဖတ်ရတာ..ကိုယ်ချင်းစာတယ် အရမ်းပဲ..

မင်းအရိပ် said...

စာအုပ်တွေအပေါ် အလေးထားမှုကို တွေ့မိတယ်နော်
ဖတ်သွားပါတယ်ဗျာ
ဂရုလေးကတော့ closed ပဲဖြစ်ဖြစ် open ပဲဖြစ်ဖြစ် secret ပဲဖြစ်ဖြစ် စိတ်တော့ဝင်စားမိတယ်ဗျာ
အရည်အချင်းမရှိသော်လည်းပဲပေါ့နော်
အဆင်ပြေရင်တော့ ဂရုလေးကို သိချင်မိသား

Thu said...

အဲ့စာအုပ်ကို အသူတောင်ဟိုနေ့ကရာပြည့်ရောက်တော့ ရှာမိသေးတယ်
နောက်ခါအသူကို မှာလို့ရပါတယ်... ကားဂိတ်ကပို့ပေးရင်..ရတာပဲ
အရင်တုန်းက အသူသူငယ်ချင်းမုံရွာမှာခဏနေတုန်းကသူလိုတဲ့စာအုပ်တွေကားဂိတ်ကသွားပို့ပေးဖူးတယ်။နောက်ခါအသူကိုမှာနော်..

Unknown said...

ရိုးမြေကျ
စာပို.စ်လေးဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်
ဘာဘဲဖြစ်ဖြစ်ကျန်းမာရေးဂရုစိုက်လို.
ကဗျာတွေစာတွေရေးနိုင်ပါစေ။
ခင်တဲ.အန်တီလေးမေခင်

Unknown said...

ရိုးမြေကျ
စာပို.စ်လေးဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်
ဘာဘဲဖြစ်ဖြစ်ကျန်းမာရေးဂရုစိုက်လို.
ကဗျာတွေစာတွေရေးနိုင်ပါစေ။
ခင်တဲ.အန်တီလေးမေခင်

မိုးညချမ်း said...

ဖတ်ရင်းနဲ့ စာအုပ်လူကြုံယူလာပေးတဲ့ အဒေါ်ကြီးကို အသည်းယားလိုက်တာ မမရယ် ... ညလေးဆီဖုန်းဆက်လိုက်တာ မဟုတ်ဘူး မမရယ် ... ဝယ်ပို့ပေးမှာပေါ့ နောက်ဆိုတစ်ခုခုလိုတာရှိရင် ပြောနော် မမ ... :)

ချစ်စံအိမ် said...

စာအုပ်တွေကို အရမ်းချစ်ကြောင်းပေါ်လွင်ပါတယ် ညီမရေ စာတွေလည်းအများကြီးရေးနိုင်ပါစေနော်

Unknown said...

ကျနော်လဲဖတ်ချင်လိုက်တာ။း(

ဘ၀ကလဲဆိုးပါ့.. စာပေနဲ့ခပ်ပါးပါးစည်းလေးခြားပြီးနေနေရတဲ့ဘ၀ အပေါ်ကြည့်တော့ လွယ်လိုက်တာ.. ဒီရင်ထဲကသာ ခံစားချက်တွေ တငွေ့ငွေ့ဖြစ်နေတာ...း(

သူကြီးမင်း (တုံးဖလား) said...

တန်ဖိုးထားတဲ့ အရာများ ရရှိဖို့ ခက်ခဲတတ်သလို ခက်ခဲစွာရရှိတဲ့ အရာကိုမှ လူတွေက ပိုပြီး တန်ဖိုးထားတတ်ကြတာ ဓမ္မတာဘဲ မဟုတ်လား။
အခုတော့..
မယ့်စာအုပ်အတွက် အမှတ်တရ တန်ဖိုးထားစရာလေး ဖြစ်သွားတာပေါ့။
ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

ရွှေအိမ်စည် said...

ပြန်မလို့ဟာကို ဒီစာကြောင်းလေးတွေ့တာနဲ့ ကောက်ရေးမိပြီ
မယ့် စာအုပ်ကို နှစ်သက်တာချင်းတူသလို လွှမ်းမိုးသွားတာချင်းလည်း တူမယ်ထင်တယ်။
အစ်မကတော့ တချို့ စာကြောင်းတွေ အလွတ်ရတဲ့အထိပဲ...။

မယ့်ကိုး said...

ညီမလေးရိုးမြေကျ...

နေကောင်းတယ် မဟုတ်လား။ညီမလေးပျောက်နေလို့ သတိရလို့လာလည်တာ။

နွေလ said...

အစ်မနဲ့ ကျွန်တော် တူညီတဲ့ စိတ်တစ်ခုကို တွေ့လိုက်ရတယ်
ကျွန်တော် အမြတ်တနိုး ဖြစ်ရတဲ့ အရာကို
ကျွန်တော် ပထမဆုံး ကိုင်တွယ်ခွင့်ရမှ
မဟုတ်ရင် တစ်နေ့လုံး ရာသီဥတု အခြေအနေမကောင်းဘူး
ကျွန်တော်ကတော့ အစ်မကို အရူးတစ်ယောက်လို့ မမြင်ဘူး
အစ်မသာ အရူးဆို ကျွန်တော်လည်း အရူးပေါ့
ကျွန်တော့်မှာလည်း အဲ့ဒီလိုဆိုက်ကို ရှိတယ်
အစ်မမယ့်ကိုး စာအုပ် အစ်မသမီးစံက လက်ဆောင်ပေးထားတယ်
ဒါပေမဲ့ မဖတ်ရသေးဘူး
စာမေးပွဲပြီးမှပဲ ဖတ်တော့မယ်

Anonymous said...

အင်းးးး စာဖတ်ဝါသနာရှင်တစ်ယောက်ကိုမြင်လိုက်ရတယ်
မယ်ကိုးစာအုပ်ကိုကျွန်တော်လည်းမဖတ်ဖူးသေးဖူး



မောင်ဘကြိုင်

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။