Thursday, February 13, 2014

တတိယမြောက် ဗယ်လင်တိုင်း



       “အဲဒီတုန်းက ငါ့အဖြစ်အပျက်က ခုပြန်စဉ်းစားကြည့်ရင် ရယ်ချင်စရာ တော်တော်ကောင်းခဲ့တာ။ မင်းစဉ်းစားကြည့်လေ။ ငါ မသွားဖြစ်တဲ့ ကုမ္ပဏီညစာစားပွဲ အမှတ်တရ စီဒီခွေကြည့်ရတုန်းက ငါ့ရင်တွေ မီးစနဲ့ အထိုးခံလိုက်ရသလို လောင်ကျွမ်းခဲ့တာ။ ငါ့သူငယ်ချင်းဆီက ကြားရတဲ့ မခိုင်လုံတဲ့ သတင်းတစ်ခုနဲ့တင် အဲဒီရက်တွေမှာ ငါသွေးပျက်ခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီညစာစားပွဲမှာ လာဖျော်ဖြေတဲ့ အဆိုတော်အလှည့်မှာ ငါတို့သူဌေးက သူ့ကို စင်ပေါ် ဆွဲခေါ်သွားခဲ့တာ။ အဆိုတော် သီချင်းဆိုနေတဲ့အချိန် ဘေးကနေ ငါတို့သူဌေးနဲ့ သူက လက်ခုပ်တီးပေးနေတဲ့ မြင်ကွင်းက ငါကြားထားရတဲ့ သတင်းခိုင်လုံနိုင်တယ်ဆိုတဲ့ သက်သေတစ်ခုလို အဖြစ်အပျက်က သိပ်တိုက်ဆိုင်သွားခဲ့တာပေါ့။ နေရင်းထိုင်ရင်း ငါ အဲဒီအဆိုတော်ကို မုန်းသွားတာ သီချင်းသိပ်ကြိုက်တဲ့ ငါက အဲဒီအဆိုတော် သီချင်းတွေ လုံးဝနားမထောင်ခဲ့တာ တစ်နှစ်ကျော်ကြာတယ်။ မင်း သိလား။ လက်လွှတ်ဆုံးရှုံးတော့မယ်လို့ ထင်တဲ့အချိန်မှာ အချစ်ဆိုတာ ရဲရင့်စွာပေါ်ထွက်လာတတ်တာပဲ။ ငါ သူ့ကို လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ ငါ့ မသိစိတ်မှာ ပုန်းရှိုးနေတဲ့ အချစ်တစ်ခုပေါ်ထွက်လာတာပဲ။ ဒါနဲ့ ငါကလဲ သူ့ဆီ မက်ဆေ့ချ်တွေ ဆက်တိုက်ပို့ပြီး အဲဒီအဆိုတော်နဲ့ ရည်းစားတွေလား ဘာလားဆိုပြီး တည့်တည့်ပဲ မေးခဲ့တာ။ မဟုတ်ပါဘူးဆိုတဲ့ သူ့ဆီက အဖြေတိတိကျကျရမှ ညတွေမှာ ငါ ကောင်းကောင်း အိပ်ပျော်ခဲ့တာ။ ဒီအဖြစ်အပျက်တစ်ခုနဲ့ သူ့ပတ်ဝန်းကျင်မှာ ငါက အရူးဘွဲ့ရခဲ့တာ။”
          ထုံးစံအတိုင်း သူ နေ့လည်စာထမင်းစားနားချိန်တိုင်း  ကျွန်တော့်ဆီ ရောက်လာတတ်မြဲ။ ကျွန်တော့် ပင်စည်ကို မှီထိုင်ရင်း သက်ရှိ လူတစ်ဦးတစ်လေမျှ မရှိသော ဤနေရာတွင် သူတစ်ယောက်တည်း စကားပြောနေကြ။ သက်ရှိလူသားတွေလို ကျွန်တော်သိချင်သော မေးခွန်းတွေ သူ့ကို ပြန်မေးလို့ မရပေမယ့် သူပြောပြတဲ့ အကြောင်းအရာက တော်တော်စုံလင်လှတာ။ ဒါပေမယ့် သူ့အတွက်တော့ ကျွန်တော်က သူ့ခံစားချက်များကို ဒိုင်ခံနားထောင်ပေးနေကြ အရိပ်နည်းနည်းရသော သစ်ပင်တစ်ပင်ထက် ပိုမည်မထင်။ နောက်ပြီး သူ စိတ်ပျော်ရွှင်နေတတ်တဲ့အခါမျိုးမှာ ကျွန်တော့် အကိုင်းအခက်တွေကို လေထဲ ဝဲပျံနေအောင် ခြွေချနေကျ။
          “ငါ မပိုင်ဆိုင်နိုင်တာ သေချာသိပေမယ့် ငါ့အချစ်ကိုတော့ ရိုးရှင်းစွာ ပုံဖော်ခဲ့တယ်။ သူသိရုံလေးပဲဆိုတဲ့အထိ  ငါ့အချစ်က ရိုးစင်းခဲ့တယ်။”
          ကျွန်တော့်လို နှလုံးသား မရှိသော သစ်ပင်တစ်ပင်က သူ ကြီးကျယ်ခမ်းနားစွာ ဖွင့်ပြနေသော အချစ်အကြောင်းကို သိနိုင်ပါ့မလား။ အရွယ်နှင့် မလိုက်အောင် အချစ်အကြောင်း ကိန်းကြီးခန်းကြီး ပြောတတ်လွန်းသော သူ့ကို ကျွန်တော်တောင် ရံဖန်ရံခါ အမြင်ကတ်မိသည်။ ကျွန်တော့်လို သစ်ပင်တစ်ပင်အတွက်တော့ အချစ်ထက် ကာဗွန်ဒိုင်အောက်ဆိုဒ်က ပိုအရေးကြီးသည်။
          “သူက ငါ့အတွက်တော့ အောက်ဆီဂျင်ပဲ။ မင်းအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်က မရှိမဖြစ်ဆိုသလို ငါ့အတွက်လဲ သူက တကယ် မရှိမဖြစ်ပဲ။ ငါ့ နေ့ရက်တွေ နည်းနည်းစိုစိုပြေပြေ ဖြစ်လာတာ သူ့ကြောင့်ပဲ။ ငါ့အနာဂတ်တွေ ပြန်အသက်ဝင်လာတာ သူ့ကြောင့်ပဲ။ ငါ့ကိုယ်ငါ အရမ်းတန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားချင်လာတာ သူ့ကြောင့်ပဲ။ ငါ့အလုပ်ထဲမှာ ပျော်ဝင်ခံစားမိတာ သူ့ကြောင့်ပဲ။ သူဟာ ငါ့အနားမှာ အမြဲရှိနေတယ်။ ငါ အလုပ်လုပ်နေတဲ့အချိန်မှာတောင် သူ ငါ့ဘေးနားထိုင်နေပေးတယ်လို့ အမြဲတမ်း  စိတ်ကူးမိတဲ့အထိ ငါက သူ့အပေါ် ရူးသွပ်ခဲ့တာ။ သူက ငါ့အတွက်တော့ ကြယ်တစ်စင်းပဲ။ သူ့ကို ငါ နာမည်ဝှက်ပေးထားတယ်။ ကြယ် တဲ့။ ငါ့ကောင်းကင်မှာ လင်းလက်မယ့် ကြယ်ပဲ။”
          ကျွန်တော် နားထောင်နေတယ်ဆိုတာ သူသိရုံလောက် ကျွန်တော့် အကိုင်းအခက်တွေကို လှုပ်ရမ်းပြလိုက်သည်။ ထို့နောက် သူက ဆက်ရင်ဖွင့်သည်။
          “သူက တခါတခါ ငါ့အတွက် ရယ်ချင်စရာလေးပဲ။ သူနဲ့ ငါ တွေ့တိုင်း ငါက သက်တောင့်သက်သာ နေလို့ရပေမယ့် သူကတော့ ဘေးပတ်ဝန်းကျင်ကို သိပ်အလေးထားနေရတဲ့ ခပ်တင်းတင်း ပုံစံလေးနဲ့လေ။ သူက ငါ့ထက် အသက်ကြီးပေမယ့် ငါ သူ့ကို သင်ပေးချင်တာတွေ ရှိတယ်။ အထူးသဖြင့် နှလုံးသား ဘာသာဗေဒ အကြောင်းပေါ့။ လူ့ဘဝဆိုတာ တိုတိုလေးပါ။ ငါတို့ လူသားတွေက မင်းတို့သစ်ပင်တွေလို နှစ်ပေါင်းထောင်နဲ့ချီ အသက်ရှင်နေနိုင်တာ မဟုတ်တော့ဘူး ။ သက်တမ်းတွေ တဖြည်းဖြည်းလျော့လာတဲ့ လူ့ဘဝမှာ ဘယ်တော့ ငါတို့နှစ်ယောက် ရေစက်ကုန်သွားမလဲ မခန့်မှန်းနိုင်တာကြောင့် ငါ သူ့အပေါ် ဆက်ကြင်နာဦးမယ်။ သူ့ဆီက ငါ့အပေါ် ဘယ်တော့မှ တုန့်ပြန်ချစ်လာမှာ မဟုတ်ပေမယ့်လို့ပေါ့။ နောက်ပြီး ငါက ဘေးစကားတွေကို လှစ်လျူရှုပြီး ငါ့ရင်ခုန်သံကိုသာ ငါအလေးအနက်ထားတတ်တဲ့သူဖြစ်ပေမယ့် သူ့ ဂုဏ်သိက္ခာကို ထိခိုက်လာခဲ့မယ်ဆိုရင် ငါ့ဆန္ဒတွေကို ငါ မြိုသိပ်နိုင်အောင် ကြိုးစားမှာ။”
          ဘာရယ်မဟုတ် ကျွန်တော့် အကိုင်းအခက်တွေနှင့် သူ့ပခုံးပေါ် ဖွဖွလေး ရိုက်လိုက်မိသည်။ ဒီအပြုအမူဟာ သူ့အချစ်ကို နှစ်သိမ့်လိုက်ခြင်းပါပဲ။ ကျွန်တော် စကားပြောလို့ မရပေမယ့် သူ့အသံတွေကိုတော့ ခံစားနားလည်ပေးနိုင်သည်။
          “ ဒီတခေါက် ငါ သွားဖြစ်ခဲ့တဲ့ ကုမ္ပဏီနှစ်ပတ်လည်နေ့မှာ သူနဲ့ အထင်လွဲခဲ့မိတဲ့ အဆိုတော်လဲ ပါတယ်လေ။ အဲဒီအဆိုတော် သီချင်းဆိုတဲ့အလှည့်မှာ သူက နှင်းဆီပန်းတက်ပေးလိုက်မယ်လို့ သူ့အပေါင်းအသင်းတွေ ကြားအောင် ငါ့ကို မထိတထိ စလိုက်သေးတယ်။ ငါကလဲ တက်ပေးရဲ ပေးကြည့် ကျွန်တော် စိတ်ဆိုးမှာလို့ ပြောလိုက်မိတယ်။ အဆိုတော်ကို ဘာပန်းမှ တက်မပေးဘဲ ငါ့ဘေးနား သူဆက်ထိုင်ပေးခဲ့တဲ့ အဲဒီအပြုအမူသေးသေးလေးကိုလဲ ငါက ကြည်နူးရင်ခုန်မိတာပဲ။ အဲဒီညက သူက ငါ့အတွက် သီးသန့် နတ်သမီးလေးပေါ့။”
          သူ့သီးသန့် နတ်သမီးအကြောင်း ရင်ခုန်ကြည်နူးစွာ အမှတ်ရရ ကျွန်တော့်ကို သူ ပြောပြနေပုံက တကယ့် သက်ရှိလူသားတစ်ယောက်ကို ရင်ဖွင့်နေပုံမျိုးနှင့်ပါ။
          “ ဒီနေ့ဘာနေ့လဲသိလား။ ဗယ်လင်တိုင်းနေ့ပဲ။ ဒီနေ့ ငါတို့ လူသားတွေ ကိုယ်ချစ်တဲ့သူအတွက် အမှတ်တရလေးတွေ ဖန်တီးပေးတဲ့ နေ့ဆိုလဲ မမှားဘူးပေါ့။ ငါတို့နှစ်ယောက်အတွက်တော့ ဒီနေ့က တတိယမြောက် ဗယ်လင်တိုင်းပဲ။ သူ့အတွက် မပျက်မကွက် ဗယ်လင်တိုင်း လက်ဆောင်တွေ ပို့ပေးခဲ့တာ သုံးကြိမ်မြောက်တောင် ရှိခဲ့ပြီကွ။  မဆုံဆည်းနိုင်တဲ့ အချစ်တစ်ခုဆိုပေမယ့် ငါတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို တစိမ်းမဆန်အောင် လုပ်ပေးနေတာလဲ ဒီဗယ်လင်တိုင်းပဲ။ ငါ သူ့အနားမှာ ရှိခွင့် မရဘူး။ ငါ့ဖုန်းနံပါတ်က သူ ဘယ်တော့မှ လက်ခံစကားမပြောမယ့် ဖုန်းနံပါတ်ပဲ။ ဒီလို အလှမ်းဝေးလှတဲ့ ငါတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို နွေးထွေးအောင် လုပ်ပေးနိုင်တာလဲ ဗယ်လင်တိုင်းတစ်ခုပဲ ရှိတယ်။ နှစ်စဉ်နှစ်တိုင်း ဗယ်လင်တိုင်းနားနီးရင် ငါက သူ့အတွက် အမှတ်တရ လက်ဆောင်တွေ ရင်ခုန်စွာ ပြင်ဆင်။ သူကလဲ ငါပို့ပေးတဲ့ လက်ဆောင်တွေကို ရင်ခုန်စွာ မှန်းဆချင်မှန်းဆမယ်။ ဒါနဲ့တင် အချစ်တစ်ခုပြီးပြည့်စုံတယ်မလား။ ဒါဟာ တဏှာရာဂတွေ မပါဝင်တဲ့ သီးသန့်အချစ်တစ်ခုပါပဲ။ဒါကို ဘေးပတ်ဝန်းကျင်က လူတွေနားလည်လာအောင် ငါက တခုတ်တရ ရှင်းပြနေမယ့်သူ မဟုတ်ဘူး။ အချိန်က စကားပြောလိမ့်မယ်။ ငါ သိပ်ချစ်ခဲ့တယ်ဆိုတာ သူ သိအောင် အချိန်က ဆုံးဖြတ်ပေးလိမ့်မယ်။ တစ်ခုပဲ ငါစိုးရိမ်မိတာ။ ငါ့အချစ်ကို သူအသိအမှတ်ပြုနိုင်ပြီး သူ့ရင်ခုန်သံ ရဲရင့်လာတဲ့ နေ့မှာ ငါ သူ့အနားမရှိတော့မှာကိုပဲ။”
          သူ ရင်ဖွင့်ရင်း ငိုရှိုက်သံပါလာသည်။ ကျွန်တော့် အကိုင်းအခက်တွေကို လက်နှင့်ဖိချေပြီး သူ ပေါက်ကွဲနေချေပြီ။ ထို့နောက် ကျွန်တော့်ကို ကျောခိုင်းလှည့်ထွက်သွားသောအခါ ကျွန်တော့် ပင်စည်ခြေရင်း လွင့်ပျံကျလာသော စာရွက်ပေါ်က ကဗျာအပိုင်းအစက သူ့အချစ် ၊ သူ့ဖြစ်တည်မှုကို နားလည်နိုင်အောင် ဖွင့်ဆိုပြသနေသည်။
“မပွင့်မယ့် ပန်း”
ကြယ်
ရှေ့တိုးလို့ မရတဲ့အခြေအနေမှာ
နောက်ဆုတ်ဖို့ ဆိုတာ မဖြစ်နိုင်တာမို့
ဒီအတိုင်းတော့ ရပ်စောင့်နေပါရစေ
ခြားနားချက်တွေ သိပ်များလွန်းတော့လဲ
ကျွန်တော်တို့ နှလုံးသားတွေ
အသက်ရဲရဲမရှူဝံ့တာ အဆန်းတော့မဟုတ်ဘူးပေါ့………….
စကားတစ်ခွန်းမပြောဘဲ
မျက်ဝန်းနဲ့တင် အတည်ပြုရဲတာ
ကျွန်တော့်ရင်ခုန်သံကို
သစ္စာဖောက်လိုက်တာ မဟုတ်ပါဘူး…………….
ကြယ့် ဂုဏ်သိက္ခာကို အရောင်တင်ပေးလိုက်တာပါ…………..
ဒီလိုနဲ့
တခါတခါ
အားလုံးအားလုံးရဲ့   မျက်ဝန်းတွေကြားမှာ
ကျွန်တော် ရဲရင့်ပြလိုက်
အားလုံးအားလုံးရဲ့ အဓိပ္ပာယ်အမျိုးမျိုးအောက်မှာ
ကျွန်တော် ကျဆုံးသွားလိုက်နဲ့
မနက်ဖြန်များစွာမှာ
ဘယ်တော့မှ ပွင့်အံမလာမယ့်
                  ပန်းတစ်ပွင့်အတွက် ကျွန်တော် အာငွေ့ပေးခဲ့မိပြီ………….။            ။
အချစ်ဆိုတာ ဒီလို ချစ်နေရုံလေး လွမ်းနေရုံလေးနဲ့တင် ဖြစ်တည်လို့ မရနိုင်ဘူးလား။

ရိုးမြေကျ
(11.2.2014,9:40PM)







Sunday, February 9, 2014

ကျနော် မက်တဲ့ အိပ်မက်များ



အိပ်မက်မက်နေဆဲ…………..
သိတတ်စအရွယ် ကတည်းက အိပ်မက်မက်နေခဲ့တာ….
 ပုံပေါ်ခဲ့တာတွေ ရှိခဲ့သလို ဒီအတိုင်း အိပ်မက်ဟာ အိပ်မက်အဖြစ်သာ ရှိနေခဲ့တာတွေလဲ အများသား။
၂၀၁၄ မှာ ကျနော် တရှိုက်မက်မက် မက်ချင်တဲ့အိပ်မက်တွေက ဘာတွေဖြစ်မလဲ…………..
ပညာရေး………….
ပညာရေးအနေနဲ့ကတော့ ဒီနေ့ပဲ အောင်စာရင်းထွက်တယ်။ အားလုံးကို ကြွားလိုက်ဦးမယ်။ ကျနော် စာမေးပွဲအောင်ပါတယ်လို့။ ခုမှ ACCA part II ကို ကြိုးစားနေတုန်းပါ။ Part II ပြီးဖို့ လေးဘာသာကျန်ပါသေးတယ်။ Part III ထိ မယိုင်မလဲ ဆက်လျှောက်နိုင်ဖို့ ကျန်းမာရေးကောင်းဖို့လဲ အမြဲဆုတောင်းပါတယ်။ ACCA ခရီးကြမ်းကြီးကို ဆက်လျှောက်ပြီး တကယ့် လက်ဖျားခါလောက်အောင် တော်ပြီး Ethic စောင့်ထိန်းတဲ့ Professional Accountant တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါ့မယ်လို့။
မိသားစု……………..
အားလုံးက သာသာယာယာပါပဲ။ ကျနော်လဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီ။ ပြီးတော့ မိဘကျေးဇူးကိုလဲ သေးသေးလေးတော့ ဆပ်နိုင်ပါပြီ။ ကိုယ့်ဝင်ငွေနဲ့ကိုယ် ကျောင်းဆက်တက်နိုင်ပါပြီ။ မိသားစု သုံးယောက်ပဲရှိတာဆိုတော့ အပူအပင်သိပ်မရှိလှပါဘူး။ ဖြစ်ချင်တာလေးတစ်ခုက ရန်ကုန်မှာ နှစ်နှစ်သုံးနှစ်လောက် အလုပ်လုပ်ခွင့်ပေးရင် သိပ်ကောင်းမှာပဲ။
အလုပ်အကိုင် စီးပွားရေး……………………….
အလုပ်အကိုင်ကတော့ ကိန်းဂဏန်းတွေကြားထဲ ရှင်သန်နေဦးမှာပဲ။ Head Office မှာ လုပ်ငန်းအတွေ့အကြုံတွေ အများကြီး ယူချင်သေးတယ်။ ကျနော် တတ်ထားတဲ့ ပညာရပ်တွေနဲ့ Branch မှာ နေရတာ သိပ်အံဝင်ခွင်ကျ မဖြစ်ဘူး။ ကြာရင် ကျနော့် ပညာတွေ သံချေးတက်သွားလိမ့်မယ်။ ဒါ့ကြောင့် ဖေဖေနဲ့ မေမေကို HO ကို ပြောင်းခွင့်ပြုပါလို့ နားပူနာဆာလေး လုပ်နေတုန်း။ မေမေကတော့ အစားအသောက်အတွက် စိတ်ပူနေလို့ ချက်ချင်းခွင့်မပြုပေးသေးတာလို့ပဲ ခံစားမိတယ်။ ကျနော့်အတွက် အစစအရာရာ အဆင်ပြေအောင် လုပ်ပေးနိုင်တဲ့နေ့မှာတော့ ကျနော့်ကို ရန်ကုန်မှာ နေခွင့်ပြုမယ်လို့ မျှော်လင့်ရတာပဲ။ မိဘတွေလဲ အရမ်းအသက်မကြီးသေးတုန်း။ ကျနော်လဲ ငယ်ရွယ် ကျန်းမာတုန်းလေး လုပ်ငန်းခွင် အတွေ့အကြုံတွေ ယူချင်တာပါ။ မုံရွာမှာပဲ နေပြီး အလုပ်လုပ်ရမယ်ဆိုရင် ကျနော် အဝေးသင်ပဲ တက်ခဲ့ပါတယ်။ ဟီးဟီး
လူမှုရေး…………………
သူငယ်ချင်းတွေနဲ့ကတော့ ချစ်ချစ်ခင်ခင်ပဲ။ တစ်ခုပဲ။ အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတွေနဲ့ သိပ်မတွေ့ဖြစ်တာ အားမရဘူး။ သူတို့ကလဲ မအားတော့ အထိအတွေ့နည်းလာတာ သိပ်မကြိုက်ဘူး။ ကျန်တဲ့ဘော်ဒါတွေနဲ့ကတော့ စနေ၊တနင်္ဂနွေတိုင်း မုန့်စုစားနေကြပါ။ လုပ်ဖော်ကိုင်ဖက်တွေထဲကဆိုရင်လဲ Acc Dept သူတွေနဲ့ဆို ဟေးလားဝါးလား နောက်လားပြောင်လားနဲ့ပဲ။ မုံရွာရုံးမှာတော့ တစ်ယောက်တည်း အေးအေးငြိမ်းငြိမ်းနေဖြစ်တာများတယ်။ စကားပြောဖြစ်တာ နည်းတယ်။ ဒါပေမယ့် မုံရွာရုံးမှာ ဖက်လဲတကင်းပေါင်းမိတဲ့ သူငယ်ချင်းဆိုလို့ ရုံးကညီမလေးတစ်ယောက်ရဲ့ တစ်နှစ်နှစ်လအရွယ် ကလေးလေးပါပဲ။ အဲဒီကလေးလေးကတော့ မုံရွာရုံးမှာ အချစ်ဆုံး ဘော်ဒါလေးပါပဲ။ ကျနော် ကလေးတွေကို အရမ်းသဘောကျတယ်။ မုန့်ဝယ်ကျွေးရင်လဲ မူယာမာယာများမနေဘူး။ အားရပါးရစားတာပဲ။ ကျနော်က ချစ်တဲ့သူဆိုရင် မုန့်ဝယ်ကျွေးတတ်တဲ့ အကျင့်ရှိပါတယ်။ အဲ အကျင့်ကြီးကလဲ ပိုက်ဆံကုန်တဲ့ အကျင့်ကြီးနော်။
ဘာသာရေး……………………
မနက်ဆို ရုံးရောက်ရင် ဘုရားကန်တော့ပြီး ဆွမ်းတော်ကပ်ပါတယ်။ ညနေညနေ အိမ်ပြန်ရောက်ရင်လဲ စိတ်ပါတဲ့နေ့တွေဆို ပရိတ်ရွတ်ပါတယ်။ မေမေကတော့ အမြဲတမ်း ပရိတ်မရွတ်လို့ တဂျီဂျီနဲ့ ဆူငေါက်နေတုန်းပါ။ ပြီးရင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရပ်ကွက်ထဲက ရှစ်မျက်နှာ ဘုရားမှာ ဘုရားပန်းလဲတယ်။ တံမြက်စည်းလှည်းတယ်။ အလုပ်ကိစ္စနဲ့ ရန်ကုန်ရောက်နေတဲ့ တနင်္ဂနွေကလွဲရင် မပျက်မကွက် ကုသိုလ်လုပ်မိအောင် မေမေက လေ့ကျင့်ပေးပါတယ်။ ကျနော် ဘုရားမှာ ဝေယျာဝစ္စလုပ်ပြီးတိုင်း အမြဲဆုပန်ပါတယ်။ နောက်ဘဝကစပြီး ဘဝဆက်တိုင်း ယောကျ်ားကောင်း ယောကျ်ားမြတ်တစ်ယောက် ဖြစ်ရပါလို၏ လို့ ဆုပန်ပါတယ်။ ဒါကတော့ နောင်ဘဝအတွက် အိပ်မက်ပါပဲ။ မမစနိုးရေ ကျနော်ကတော့ ၂၀၁၄ တင်မကဘူး။ နောင်ဘဝထိပါ လှမ်းပြီး အိပ်မက်မက်တာနော်။ တကယ်လို့ ဖြစ်လာခဲ့ရင်တော့ နောင်ဘဝမှ ကျနော် ဘလော့မှာ တင်ပေးမယ်။သိလား မမ။
ဝါသနာ……………….
စာရေးတာပါပဲ။ ဒါပေမယ့် မှန်မှန်လဲ မလုပ်ဖြစ်ဘူး။ အလုပ်များတယ်ဆိုတဲ့ ဆင်ခြေ ၊ စာကြည့်ရတယ်ဆိုတဲ့ ဆင်ခြေ ၊ ဖီလင်မလာ mood မလာဆိုတဲ့ဆင်ခြေတွေနဲ့ မှန်မှန်မရေးဖြစ်ပါဘူး။ ဘလော်ဂါထဲမှာ မပျက်မကွက် ပို့စ်ရေးတဲ့သူကတော့ မမမိုးငွေ့က ထိပ်ဆုံးကဖြစ်မယ်။ ဒီနှစ်ထဲမှာ The Best ကို ဘာသာပြန်စာမူတွေပြန်ပို့မယ်လို့ အားခဲထားတာ ရိုးမြေကျ ခုထိ အပျင်းကြီးနေတုန်းပါ။ နောက်ပြီး ဓာတ်ပုံပညာရပ်ကို လေ့လာမယ်လို့ စိတ်ကူးထားပါတယ်။ ကင်မရာကောင်းကောင်းလေး ဝယ်ဖို့ကလဲ အိပ်မက်ပါပဲ။ ဒီနှစ်တော့ ဓာတ်ပုံပညာလေ့လာဖြစ်အောင် ကြိုးစားပါ့မယ်။
အချစ်ရေး……………………..
ခိခိ။ ဘာရေးရမှန်းကို သိဘူး။ နှလုံးကတော့ ခုန်နေပါတယ်။ နှလုံးခုန်သံကြောင့်ပဲ နေ့ရက်တိုင်း အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေနိုင်တာပါ။ အချစ်စစ်ရှိကြောင်း သက်သေပြချင်သေးတယ်။ မိုက်ရူးရဲဆန်ခြင်း မဟုတ်ဘဲနဲ့လေ။ အချစ်ကို သိမ်မွေ့စွာ ခံစားဖို့ ကျနော် အသက် သိပ်မကြီးသေးဘူး ထင်တာပဲ။ ကျနော် ချစ်တာ ခံရတဲ့ သူက ဘယ်သူများလဲ …………….ဘယ်သူများလဲ……………………

အပေါ်က ခေါင်းစဉ်တွေထဲမှာ မပါတဲ့ မျှော်လင့်ချက် အိပ်မက်အကြီးကြီး တစ်ခုရှိသေးတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် ကွန်နက်ရှင်တွေ ဖလန်းဖလန်းနဲ့ ကောင်းလာရင် သိပ်ကောင်းမှာပဲ။ လေ့လာချင်တဲ့ ပညာရပ်တွေကို အချိန်တိုအတွင်း မြန်မြန်ရှာနိုင်တာ အင်တာနက်တစ်ခုပဲ ရှိတာလေ။ အခုတောင် ရုံးမှာ အရင်က ipStar သုံးနေရာက ဘေလ်တွေ အရမ်းများလာလို့ Skynet လိုင်း ပြောင်းသုံးတာ။ Skynet က လှည်းစီးနေရသလိုပဲ။ ရွစိရွစိ နဲ့ Loading လုပ်နေတာ မပြီးနိုင်ဘူး။ ဖုန်းအင်တာနက်ကသူ့ထက် အပုံကြီးသာတယ်။
စာကြွင်း။       ။ ခုလို စာရေးပြတ်နေတဲ့ ကျနော့်ကို တဂ်ပို့စ်လေးနဲ့ အာရုံတွေ လှုပ်နှိုးပေးတဲ့ မမစနိုး ရည်းစားချောချောလေး အမြန်ဆုံးရပါစေလို့……………………
ရိုးမြေကျ
(8.2.2014, 9:40PM)