Thursday, February 13, 2014

တတိယမြောက် ဗယ်လင်တိုင်း



       “အဲဒီတုန်းက ငါ့အဖြစ်အပျက်က ခုပြန်စဉ်းစားကြည့်ရင် ရယ်ချင်စရာ တော်တော်ကောင်းခဲ့တာ။ မင်းစဉ်းစားကြည့်လေ။ ငါ မသွားဖြစ်တဲ့ ကုမ္ပဏီညစာစားပွဲ အမှတ်တရ စီဒီခွေကြည့်ရတုန်းက ငါ့ရင်တွေ မီးစနဲ့ အထိုးခံလိုက်ရသလို လောင်ကျွမ်းခဲ့တာ။ ငါ့သူငယ်ချင်းဆီက ကြားရတဲ့ မခိုင်လုံတဲ့ သတင်းတစ်ခုနဲ့တင် အဲဒီရက်တွေမှာ ငါသွေးပျက်ခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီညစာစားပွဲမှာ လာဖျော်ဖြေတဲ့ အဆိုတော်အလှည့်မှာ ငါတို့သူဌေးက သူ့ကို စင်ပေါ် ဆွဲခေါ်သွားခဲ့တာ။ အဆိုတော် သီချင်းဆိုနေတဲ့အချိန် ဘေးကနေ ငါတို့သူဌေးနဲ့ သူက လက်ခုပ်တီးပေးနေတဲ့ မြင်ကွင်းက ငါကြားထားရတဲ့ သတင်းခိုင်လုံနိုင်တယ်ဆိုတဲ့ သက်သေတစ်ခုလို အဖြစ်အပျက်က သိပ်တိုက်ဆိုင်သွားခဲ့တာပေါ့။ နေရင်းထိုင်ရင်း ငါ အဲဒီအဆိုတော်ကို မုန်းသွားတာ သီချင်းသိပ်ကြိုက်တဲ့ ငါက အဲဒီအဆိုတော် သီချင်းတွေ လုံးဝနားမထောင်ခဲ့တာ တစ်နှစ်ကျော်ကြာတယ်။ မင်း သိလား။ လက်လွှတ်ဆုံးရှုံးတော့မယ်လို့ ထင်တဲ့အချိန်မှာ အချစ်ဆိုတာ ရဲရင့်စွာပေါ်ထွက်လာတတ်တာပဲ။ ငါ သူ့ကို လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ ငါ့ မသိစိတ်မှာ ပုန်းရှိုးနေတဲ့ အချစ်တစ်ခုပေါ်ထွက်လာတာပဲ။ ဒါနဲ့ ငါကလဲ သူ့ဆီ မက်ဆေ့ချ်တွေ ဆက်တိုက်ပို့ပြီး အဲဒီအဆိုတော်နဲ့ ရည်းစားတွေလား ဘာလားဆိုပြီး တည့်တည့်ပဲ မေးခဲ့တာ။ မဟုတ်ပါဘူးဆိုတဲ့ သူ့ဆီက အဖြေတိတိကျကျရမှ ညတွေမှာ ငါ ကောင်းကောင်း အိပ်ပျော်ခဲ့တာ။ ဒီအဖြစ်အပျက်တစ်ခုနဲ့ သူ့ပတ်ဝန်းကျင်မှာ ငါက အရူးဘွဲ့ရခဲ့တာ။”
          ထုံးစံအတိုင်း သူ နေ့လည်စာထမင်းစားနားချိန်တိုင်း  ကျွန်တော့်ဆီ ရောက်လာတတ်မြဲ။ ကျွန်တော့် ပင်စည်ကို မှီထိုင်ရင်း သက်ရှိ လူတစ်ဦးတစ်လေမျှ မရှိသော ဤနေရာတွင် သူတစ်ယောက်တည်း စကားပြောနေကြ။ သက်ရှိလူသားတွေလို ကျွန်တော်သိချင်သော မေးခွန်းတွေ သူ့ကို ပြန်မေးလို့ မရပေမယ့် သူပြောပြတဲ့ အကြောင်းအရာက တော်တော်စုံလင်လှတာ။ ဒါပေမယ့် သူ့အတွက်တော့ ကျွန်တော်က သူ့ခံစားချက်များကို ဒိုင်ခံနားထောင်ပေးနေကြ အရိပ်နည်းနည်းရသော သစ်ပင်တစ်ပင်ထက် ပိုမည်မထင်။ နောက်ပြီး သူ စိတ်ပျော်ရွှင်နေတတ်တဲ့အခါမျိုးမှာ ကျွန်တော့် အကိုင်းအခက်တွေကို လေထဲ ဝဲပျံနေအောင် ခြွေချနေကျ။
          “ငါ မပိုင်ဆိုင်နိုင်တာ သေချာသိပေမယ့် ငါ့အချစ်ကိုတော့ ရိုးရှင်းစွာ ပုံဖော်ခဲ့တယ်။ သူသိရုံလေးပဲဆိုတဲ့အထိ  ငါ့အချစ်က ရိုးစင်းခဲ့တယ်။”
          ကျွန်တော့်လို နှလုံးသား မရှိသော သစ်ပင်တစ်ပင်က သူ ကြီးကျယ်ခမ်းနားစွာ ဖွင့်ပြနေသော အချစ်အကြောင်းကို သိနိုင်ပါ့မလား။ အရွယ်နှင့် မလိုက်အောင် အချစ်အကြောင်း ကိန်းကြီးခန်းကြီး ပြောတတ်လွန်းသော သူ့ကို ကျွန်တော်တောင် ရံဖန်ရံခါ အမြင်ကတ်မိသည်။ ကျွန်တော့်လို သစ်ပင်တစ်ပင်အတွက်တော့ အချစ်ထက် ကာဗွန်ဒိုင်အောက်ဆိုဒ်က ပိုအရေးကြီးသည်။
          “သူက ငါ့အတွက်တော့ အောက်ဆီဂျင်ပဲ။ မင်းအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်က မရှိမဖြစ်ဆိုသလို ငါ့အတွက်လဲ သူက တကယ် မရှိမဖြစ်ပဲ။ ငါ့ နေ့ရက်တွေ နည်းနည်းစိုစိုပြေပြေ ဖြစ်လာတာ သူ့ကြောင့်ပဲ။ ငါ့အနာဂတ်တွေ ပြန်အသက်ဝင်လာတာ သူ့ကြောင့်ပဲ။ ငါ့ကိုယ်ငါ အရမ်းတန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားချင်လာတာ သူ့ကြောင့်ပဲ။ ငါ့အလုပ်ထဲမှာ ပျော်ဝင်ခံစားမိတာ သူ့ကြောင့်ပဲ။ သူဟာ ငါ့အနားမှာ အမြဲရှိနေတယ်။ ငါ အလုပ်လုပ်နေတဲ့အချိန်မှာတောင် သူ ငါ့ဘေးနားထိုင်နေပေးတယ်လို့ အမြဲတမ်း  စိတ်ကူးမိတဲ့အထိ ငါက သူ့အပေါ် ရူးသွပ်ခဲ့တာ။ သူက ငါ့အတွက်တော့ ကြယ်တစ်စင်းပဲ။ သူ့ကို ငါ နာမည်ဝှက်ပေးထားတယ်။ ကြယ် တဲ့။ ငါ့ကောင်းကင်မှာ လင်းလက်မယ့် ကြယ်ပဲ။”
          ကျွန်တော် နားထောင်နေတယ်ဆိုတာ သူသိရုံလောက် ကျွန်တော့် အကိုင်းအခက်တွေကို လှုပ်ရမ်းပြလိုက်သည်။ ထို့နောက် သူက ဆက်ရင်ဖွင့်သည်။
          “သူက တခါတခါ ငါ့အတွက် ရယ်ချင်စရာလေးပဲ။ သူနဲ့ ငါ တွေ့တိုင်း ငါက သက်တောင့်သက်သာ နေလို့ရပေမယ့် သူကတော့ ဘေးပတ်ဝန်းကျင်ကို သိပ်အလေးထားနေရတဲ့ ခပ်တင်းတင်း ပုံစံလေးနဲ့လေ။ သူက ငါ့ထက် အသက်ကြီးပေမယ့် ငါ သူ့ကို သင်ပေးချင်တာတွေ ရှိတယ်။ အထူးသဖြင့် နှလုံးသား ဘာသာဗေဒ အကြောင်းပေါ့။ လူ့ဘဝဆိုတာ တိုတိုလေးပါ။ ငါတို့ လူသားတွေက မင်းတို့သစ်ပင်တွေလို နှစ်ပေါင်းထောင်နဲ့ချီ အသက်ရှင်နေနိုင်တာ မဟုတ်တော့ဘူး ။ သက်တမ်းတွေ တဖြည်းဖြည်းလျော့လာတဲ့ လူ့ဘဝမှာ ဘယ်တော့ ငါတို့နှစ်ယောက် ရေစက်ကုန်သွားမလဲ မခန့်မှန်းနိုင်တာကြောင့် ငါ သူ့အပေါ် ဆက်ကြင်နာဦးမယ်။ သူ့ဆီက ငါ့အပေါ် ဘယ်တော့မှ တုန့်ပြန်ချစ်လာမှာ မဟုတ်ပေမယ့်လို့ပေါ့။ နောက်ပြီး ငါက ဘေးစကားတွေကို လှစ်လျူရှုပြီး ငါ့ရင်ခုန်သံကိုသာ ငါအလေးအနက်ထားတတ်တဲ့သူဖြစ်ပေမယ့် သူ့ ဂုဏ်သိက္ခာကို ထိခိုက်လာခဲ့မယ်ဆိုရင် ငါ့ဆန္ဒတွေကို ငါ မြိုသိပ်နိုင်အောင် ကြိုးစားမှာ။”
          ဘာရယ်မဟုတ် ကျွန်တော့် အကိုင်းအခက်တွေနှင့် သူ့ပခုံးပေါ် ဖွဖွလေး ရိုက်လိုက်မိသည်။ ဒီအပြုအမူဟာ သူ့အချစ်ကို နှစ်သိမ့်လိုက်ခြင်းပါပဲ။ ကျွန်တော် စကားပြောလို့ မရပေမယ့် သူ့အသံတွေကိုတော့ ခံစားနားလည်ပေးနိုင်သည်။
          “ ဒီတခေါက် ငါ သွားဖြစ်ခဲ့တဲ့ ကုမ္ပဏီနှစ်ပတ်လည်နေ့မှာ သူနဲ့ အထင်လွဲခဲ့မိတဲ့ အဆိုတော်လဲ ပါတယ်လေ။ အဲဒီအဆိုတော် သီချင်းဆိုတဲ့အလှည့်မှာ သူက နှင်းဆီပန်းတက်ပေးလိုက်မယ်လို့ သူ့အပေါင်းအသင်းတွေ ကြားအောင် ငါ့ကို မထိတထိ စလိုက်သေးတယ်။ ငါကလဲ တက်ပေးရဲ ပေးကြည့် ကျွန်တော် စိတ်ဆိုးမှာလို့ ပြောလိုက်မိတယ်။ အဆိုတော်ကို ဘာပန်းမှ တက်မပေးဘဲ ငါ့ဘေးနား သူဆက်ထိုင်ပေးခဲ့တဲ့ အဲဒီအပြုအမူသေးသေးလေးကိုလဲ ငါက ကြည်နူးရင်ခုန်မိတာပဲ။ အဲဒီညက သူက ငါ့အတွက် သီးသန့် နတ်သမီးလေးပေါ့။”
          သူ့သီးသန့် နတ်သမီးအကြောင်း ရင်ခုန်ကြည်နူးစွာ အမှတ်ရရ ကျွန်တော့်ကို သူ ပြောပြနေပုံက တကယ့် သက်ရှိလူသားတစ်ယောက်ကို ရင်ဖွင့်နေပုံမျိုးနှင့်ပါ။
          “ ဒီနေ့ဘာနေ့လဲသိလား။ ဗယ်လင်တိုင်းနေ့ပဲ။ ဒီနေ့ ငါတို့ လူသားတွေ ကိုယ်ချစ်တဲ့သူအတွက် အမှတ်တရလေးတွေ ဖန်တီးပေးတဲ့ နေ့ဆိုလဲ မမှားဘူးပေါ့။ ငါတို့နှစ်ယောက်အတွက်တော့ ဒီနေ့က တတိယမြောက် ဗယ်လင်တိုင်းပဲ။ သူ့အတွက် မပျက်မကွက် ဗယ်လင်တိုင်း လက်ဆောင်တွေ ပို့ပေးခဲ့တာ သုံးကြိမ်မြောက်တောင် ရှိခဲ့ပြီကွ။  မဆုံဆည်းနိုင်တဲ့ အချစ်တစ်ခုဆိုပေမယ့် ငါတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို တစိမ်းမဆန်အောင် လုပ်ပေးနေတာလဲ ဒီဗယ်လင်တိုင်းပဲ။ ငါ သူ့အနားမှာ ရှိခွင့် မရဘူး။ ငါ့ဖုန်းနံပါတ်က သူ ဘယ်တော့မှ လက်ခံစကားမပြောမယ့် ဖုန်းနံပါတ်ပဲ။ ဒီလို အလှမ်းဝေးလှတဲ့ ငါတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို နွေးထွေးအောင် လုပ်ပေးနိုင်တာလဲ ဗယ်လင်တိုင်းတစ်ခုပဲ ရှိတယ်။ နှစ်စဉ်နှစ်တိုင်း ဗယ်လင်တိုင်းနားနီးရင် ငါက သူ့အတွက် အမှတ်တရ လက်ဆောင်တွေ ရင်ခုန်စွာ ပြင်ဆင်။ သူကလဲ ငါပို့ပေးတဲ့ လက်ဆောင်တွေကို ရင်ခုန်စွာ မှန်းဆချင်မှန်းဆမယ်။ ဒါနဲ့တင် အချစ်တစ်ခုပြီးပြည့်စုံတယ်မလား။ ဒါဟာ တဏှာရာဂတွေ မပါဝင်တဲ့ သီးသန့်အချစ်တစ်ခုပါပဲ။ဒါကို ဘေးပတ်ဝန်းကျင်က လူတွေနားလည်လာအောင် ငါက တခုတ်တရ ရှင်းပြနေမယ့်သူ မဟုတ်ဘူး။ အချိန်က စကားပြောလိမ့်မယ်။ ငါ သိပ်ချစ်ခဲ့တယ်ဆိုတာ သူ သိအောင် အချိန်က ဆုံးဖြတ်ပေးလိမ့်မယ်။ တစ်ခုပဲ ငါစိုးရိမ်မိတာ။ ငါ့အချစ်ကို သူအသိအမှတ်ပြုနိုင်ပြီး သူ့ရင်ခုန်သံ ရဲရင့်လာတဲ့ နေ့မှာ ငါ သူ့အနားမရှိတော့မှာကိုပဲ။”
          သူ ရင်ဖွင့်ရင်း ငိုရှိုက်သံပါလာသည်။ ကျွန်တော့် အကိုင်းအခက်တွေကို လက်နှင့်ဖိချေပြီး သူ ပေါက်ကွဲနေချေပြီ။ ထို့နောက် ကျွန်တော့်ကို ကျောခိုင်းလှည့်ထွက်သွားသောအခါ ကျွန်တော့် ပင်စည်ခြေရင်း လွင့်ပျံကျလာသော စာရွက်ပေါ်က ကဗျာအပိုင်းအစက သူ့အချစ် ၊ သူ့ဖြစ်တည်မှုကို နားလည်နိုင်အောင် ဖွင့်ဆိုပြသနေသည်။
“မပွင့်မယ့် ပန်း”
ကြယ်
ရှေ့တိုးလို့ မရတဲ့အခြေအနေမှာ
နောက်ဆုတ်ဖို့ ဆိုတာ မဖြစ်နိုင်တာမို့
ဒီအတိုင်းတော့ ရပ်စောင့်နေပါရစေ
ခြားနားချက်တွေ သိပ်များလွန်းတော့လဲ
ကျွန်တော်တို့ နှလုံးသားတွေ
အသက်ရဲရဲမရှူဝံ့တာ အဆန်းတော့မဟုတ်ဘူးပေါ့………….
စကားတစ်ခွန်းမပြောဘဲ
မျက်ဝန်းနဲ့တင် အတည်ပြုရဲတာ
ကျွန်တော့်ရင်ခုန်သံကို
သစ္စာဖောက်လိုက်တာ မဟုတ်ပါဘူး…………….
ကြယ့် ဂုဏ်သိက္ခာကို အရောင်တင်ပေးလိုက်တာပါ…………..
ဒီလိုနဲ့
တခါတခါ
အားလုံးအားလုံးရဲ့   မျက်ဝန်းတွေကြားမှာ
ကျွန်တော် ရဲရင့်ပြလိုက်
အားလုံးအားလုံးရဲ့ အဓိပ္ပာယ်အမျိုးမျိုးအောက်မှာ
ကျွန်တော် ကျဆုံးသွားလိုက်နဲ့
မနက်ဖြန်များစွာမှာ
ဘယ်တော့မှ ပွင့်အံမလာမယ့်
                  ပန်းတစ်ပွင့်အတွက် ကျွန်တော် အာငွေ့ပေးခဲ့မိပြီ………….။            ။
အချစ်ဆိုတာ ဒီလို ချစ်နေရုံလေး လွမ်းနေရုံလေးနဲ့တင် ဖြစ်တည်လို့ မရနိုင်ဘူးလား။

ရိုးမြေကျ
(11.2.2014,9:40PM)







12 comments:

Phyu Phyu said...

ညီမလေးရဲ့ Valentine Day အမှတ်တရ post လေးကို ဖတ်သွားပြီနော် ..
ညီမလေး ရိုးမြေကျ ကိုယ်ချစ်သူနဲ့ လက်တွဲရရုံမက တစ်ဘဝလုံးလဲ ချစ်သူနဲ့ အမြဲပျော်ရွှင်ရပါစေလို့ ဆုတောင်းပေး လိုက်တယ် .... ^___^

NweYoePhyu said...

တခါတခါ
ကျွန်တော် ကျဆုံးသွားလိုက်နဲ့ .......တစ်ခါတစ်လေမှာ အချစ်ကို ရဲရင့်ပြတာထက် သိုဝှက်ဖုံးကွယ်ထားရတာပိုလေးနက်သလိုဘဲ။။

စိုးစိုး

Thu said...

ဘာပြောရမှန်းမသိဘူး..
ငိုချင်လာပြီ...:'(

Phyu Lwin said...

အင်းးးး ရေးထားတာလေးတွေက ... ချစ်စရာလေးတွေ .. ကြယ်လေးလည်း တနေ့တော့ သိလာမှာပါ :)

ကြည်ဖြူခင်ခင် said...

တစ်ခါတစ်ခါတော့ လည်း ခံစားချက်က ဒီတိုင်းလေးလဲ ကောင်းပါတယ်.. :)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ရိုးမကျားလေးရေ..

စာလေးကို နှစ်သက်စွာ ခံစား
ကဗျာလေးကိုလည်း သဘောကျမိတယ်လို့

ချစ်တဲ့
မြတ်

စံပယ်ချို said...

အသက်ရဲရဲမရှူဝံ့တာအဆန်းတော့မဟုတ်ဘူးပေါ့-----အဲလိုမျိုးဖြစ်တတ်တယ်

Anonymous said...

ကဗျာလေးအရမ်းကောင်း ညီမလေးရိုးမြေကျ :)

ရင်ငြိမ်းသူ (Yin Nyein Thu) said...

သဘောကျစွာ ဖတ်ရှုသွားတယ်ရှင့်။

မြတ်နိုးသူ said...

အချစ်ဆိုတာဒီလိုချစ်နေရုံလေး၊လွမ်းနေရုံလေးနဲ့ဖြစ်တည်လို့မရနိုင်ဘူးလားဟင်
ကဗျာလေးခံစားသွားပါတယ်အမ

စံပယ်ချို said...

ကေသီ ဘာလို့စာမရေးတော့တာလဲ?????????????????????

မဒမ်ကိုး said...

တခုခုပြောခဲ့ရမယ်ဆိုရင်တော့ အချစ်ဆိုတာ တိတ်တိတ်လေးလွမ်းနေလဲဖြစ်တာပါပဲ :P

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။