Sunday, August 19, 2012

ချစ်သူဖတ်ဖို့(၁)



တစ်နှစ်နေလို့
နင်နဲ့ငါ မျက်နှာချင်းဆိုင်ရမယ့်ရက်
ဘယ်နှစ်ရက်များရှိလို့လဲ။
တစ်ပတ်လုံးနေလို့
နင်နဲ့ငါ ဖုန်းပြောခွင့်လေး
ဘယ်မှာရှိလို့လဲ။
နေ့ရက်တိုင်း အားမာန်အပြည့်နဲ့
ရှေ့ဆက်နေတဲ့ နင့်ကို စိတ်ကူးမိရုံနဲ့
ငါ့ကို အချိန်လေးနည်းနည်းပေးပါလို့ ဘယ်မှာတောင်းဆိုရက်ပ့ါမလဲ
(တကယ်တော့ တောင်းဆိုခွင့် မရှိခဲ့တာပါ။)
နယ်ခြားနေတဲ့ ငါတို့အချစ်တွေ
အထူးသဖြင့် ငါ့အချစ်တွေပေါ့ဟာ
အဲဒီအချစ်တွေကို သက်သေပြနိုင်ဖို့
ငါကြိုးစားမိတဲ့ နည်းလမ်းလေးက
နင့်ကို သတိရတိုင်း ဝယ်ပေးမိတဲ့ လက်ဆောင်တွေပဲ
အဲဒီလက်ဆောင်က
ကျောက်စရစ်ခဲလေးတစ်လုံးလည်း ဖြစ်ချင်ဖြစ်မယ်။
ချောကလက်တစ်ခဲလည်း ဖြစ်ချင်ဖြစ်မယ်။
ဟန်းဆက်တစ်လုံးလည်း ဖြစ်ချင်ဖြစ်မယ်။
ဒါပေမယ့်
ငါ့လက်ဆောင်တွေကိုတော့ ဒေါ်လာတွေ မြန်မာကျပ်တွေနဲ့
တန်ဖိုးဖြတ်မကြည့်ပါနဲ့….
နှလုံးသားတစ်ခုရဲ့တန်ဖိုး
လွမ်းဆွတ်မှုရဲ့တန်ဖိုး ဆိုတာ ငါတို့နေ့တိုင်းသုံးရတဲ့
Accounting Software မှာလို
Exchange rate တွေထည့်မှ တိကျတဲ့အဖြေထွက်လာတာမျိုးမဟုတ်ဘူးလေ
ပြီးတော့
နင့်အတွက် ငါ့လက်ဆောင်ဟာ
နင့် ပခုံးပေါ်တင်ပေးလိုက်တဲ့
အသွားအပြန်ရှိရမယ့်
ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူးနော်…
ဒီအတိုင်း
ငါ့အချစ်တွေက ရိုးရိုးလေး
ငါ့သတိရခြင်းတွေက ရိုးရိုးလေး
ငါ့ရူးသွပ်ခြင်းတွေက ရိုးရိုးလေး
နင်နဲ့ပတ်သက်ရင် အရာရာ ငါက ရိုးရိုးလေးပါ….
ဒီတော့
နင့်အချစ်တွေကို ပြန်သက်သေပြချင်ရင်
ငါ့ဆီက မက်ဆေ့ချ်တွေဖတ်ပြီး တိုးတိုးတိတ်တိတ်ပြုံး
အဝေးတစ်နေရာမှာ  နင့်ကို ရူးလောက်အောင် ချစ်တဲ့
ငါရှိနေတာကို အသိအမှတ်ပြုပေး….
ဒီလောက်နဲ့တင် ငါကျေနပ်ပါတယ်…
ချစ်သူသိရဲ့လား
လက်ဆောင်တစ်ခုရဲ့တန်ဖိုးဟာ
ဈေးနှုန်းနည်းတာ များတာနဲ့မဆိုင်ဘဲ
ပေးသူရဲ့ သတိတရရှိမှု
လက်ခံသူရဲ့ အမြတ်တနိုးထားတတ်မှုတွေနဲ့သာ
သက်ဆိုင်တာပါ……..။     ။
(လက်ဆောင်ပေးတိုင်း ရန်ဖြစ်ရတဲ့ ချစ်သူအတွက်အမှတ်တရ)
ရိုးမြေကျ (17.8.2012, 2 pm)

5 comments:

Phyu Lwin said...

ကဗျာလေးက ချစ်စရာလေး.. ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့

မိုးညချမ်း said...

“နင်နဲ့ပတ်သက်ရင် အရာရာက ငါ့အတွက် တစ်ကယ်ကို ရိုးရိုးလေးပါ….” ... ကဗျာလေးကို အားပေးသွားတယ်နော် မမ ... :)

လွင်ပြင်လှိုင်းငယ် said...

ခေါင်းစဉ်က ချစ်သူအတွက်ဆိုပေမယ့် ကဗျာလေးကကောင်းတော့
အကိုလဲ မဆီမဆိုင်လာရောက်ခံစားသွားပါတယ် ဟိ စတာပါ ကဗျာလေးကောင်းတယ်

မြတ်နိုးသူ(MUFL) said...

အသွားအပြန်ရှိရမယ့်
ဒီအတိုင်း
အရမ်းကောင်းတယ်အမအားပေးသွားပါတယ်နော်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

တန်ဖိုးဆိုတာ ကိုယ်ရရှိလိုက်တဲ့ အရာ။
တန်ကြေးဆိုတာ ကိုယ်ပေးလိုက်ရတဲ့ အရာ။

တစ်ချို့က ထောင်သောင်းသိန်းချီ ပေးလိုက်ရပေမယ့် ရင်မှာ လှိုက်လှိုက်လှဲလှဲ ခံစားလို့ မရတော့ အလကား ဖြစ်ရတယ်။

တစ်ချို့ကာ ကျပ်ဆယ်ရာ ဂဏန်းပဲ ပေးလိုက်ရပေမယ့် ကိုယ်က မြတ်နိုးနှစ်သက်သွားရင် ရင်မှခံစားရတဲ့ကြည်နူးမှုက နှိုင်းယှဉ်အဖိုးဖြတ်လို့မရ။

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။