Tuesday, October 2, 2012

ငါချစ်တဲ့ သစ်ပင်



သစ်ပင်ကြီး
လဲလျောင်းနေတဲ့မင်းကို ကြည့်ပြီး ငါစိတ်မကောင်းလိုက်တာ။ မနေ့က ငါရုံးဆင်းတော့ မင်းကို လူနှစ်ယောက်ခုတ်လှဲနေကြတယ်။ မင်းကို ဘာအကြောင်းပြချက်နဲ့ ခုတ်လှဲပစ်ကြတာလဲ။ လျှပ်စစ်မီးကြိုးတွေနဲ့ မလွတ်လို့လား။ လမ်းနဲ့ မလွတ်လို့လား။ ဘာအကြောင်းပြချက်နဲ့ မင်းအသတ်ခံရတာလဲဆိုတာတော့ ငါမသိပေမယ့် ငါတို့လူတွေရဲ့မတရားမှုအတွက် မင်းအပေါ်ငါအားနာမိတယ်။ တကယ်ဆို မင်းကို အမြစ်ကနေတူးပြီး မင်းအတွက်တစ်နေရာရာမှာ နေရာတစ်ခုပြန်ပေးသင့်တယ်လို့ ငါထင်တယ်။ ငါဆရာမဂျူးရဲ့စာထဲမှာဖတ်ဖူးတယ်။ နာဂစ်ပြီးတော့ အမြစ်ကနေပြိုလဲနေတဲ့သစ်ပင်တွေကို တရုတ်ကနေဝယ်ပြီး ရွှေလီဘက်မှာပြန်စိုက်ထားတယ်တဲ့။ ရွှေလီဘက်မှာ သစ်ပင်ကြီးတွေကို အများကြီးတဲ့ကွာ။ အဲဒီသစ်ပင်တွေက နာဂစ်မှာ ပြိုလဲခဲ့တဲ့ သစ်ပင်တွေပဲ။ သူတို့တွေသိတဲ့အသိမျိုး ငါတို့မြန်မာလူမျိုးတွေဘာကြောင့်မသိတာလဲ။ ပြီးရင် ငါတို့နိုင်ငံက တီဗွီထဲမှာ သစ်ပင်တွေပြန်စိုက်နေပါတယ်ဆိုပြီးသစ်ပင်စိုက်ပွဲတွေဘာတွေနဲ့ ခမ်းခမ်းနားနားရိုက်ပြကြဦးမှာ။ တကယ်ဆို အပင်သေးသေးလေးတွေပြန်စိုက်ဖို့ကြိုးစားနေပြီး ရှင်သန်ပြီးသား အပင်ကြီးတွေကိုကျ စည်းကမ်းမဲ့စွာခုတ်လှဲနေကြတယ်ကွ။ အပင်သေးသေးလေးတွေပဲစိုက်ဖို့ကြိုးစားနေပြီး ကြီးထွားပြီးသားအပင်ကို ကျ ဘာလို့နေရာပေးဖို့မစဉ်းစားကြတာလဲ။ဘာ့ကြောင့်လဲ။လမ်းနဲ့မလွတ်ရင်ပဲဖြစ်ဖြစ် ဘာအကြောင်းပဲဖြစ်ဖြစ်ပါကွာ ခုတ်လှဲခါနီးမှာ ဒီသစ်ပင်အတွက်နေရာတစ်နေရာပေးနိုင်မလားဆိုတာပါ။ အခုနောက်ပိုင်းမှာ ရာသီဥတုတွေဖောက်ပြန်လာတယ်။ ငါတို့လူသားတွေလဲ သဘာဝဘေးအန္တရာယ်တွေကြုံလာရတယ်။ နာဂစ်မဖြစ်ခင်က ရန်ကုန်မှာ ရာသီဥတုတော်တော်မျှတတာ။ ငါက နာဂစ်မှာတုန်းက ရန်ကုန်မှာရှိနေခဲ့တာလေ။ သစ်ပင်တွေပြိုလဲ အဆောက်အဦးတွေပြိုလဲတာတွေငါတွေ့ခဲ့ရတာပေါ့။ အခုနာဂစ်ဖြစ်ပြီးနောက်ပိုင်း ငါရန်ကုန်ရောက်ရင် သတိထားမိတာက ရာသီဥတုကအရင်ကလောက်နေလို့မကောင်းတော့ဘူး။ အပူပိုင်းဒေသမှာနေတဲ့ငါတောင် နေလို့မရရင် ရန်ကုန်မြို့ခံတွေဆို ရာသီဥတုဖောက်ပြန်လာတာကို ပိုသတိထားမိမယ်။ အဲကွန်းခန်းထဲမှာ အေးအေးစိမ့်စိမ့်လေးနေရတာထက် သစ်ပင်တွေရဲ့ အအေးဓာတ်နဲ့ စိမ့်စိမ့်လေးနေရတာကို ငါပိုနှစ်သက်တယ်။ ဒါနဲ့ ငါသတင်းရထားတာတစ်ခုရှိတယ်။ ငါတို့မြို့လေးမှာ ခြောက်လမ်းသွားဖောက်မယ်တဲ့ကွာ။ ဒါဆိုလမ်းဘေးမှာရှိတဲ့အပင်တွေဘယ်လိုမှ မလွတ်နိုင်ဘူး။ ငါစိတ်မကောင်းလိုက်တာ။ မင်းတို့ထဲက ဘယ်အပင်ကများ  ငါတို့ထပ်ခုတ်လှဲပစ်ကြရဦးမလဲ။ ဒီနေ့မနက်ငါရုံးလာတော့ လမ်းရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ အပင်တွေကို ငါရေတွက်လာမိတယ်။ အမြင့်လမ်းခွဲကနေ ငါတို့ရုံးရှေ့ထိရေတွက်လာတာ စုစုပေါင်း (၉၄)ပင်ရှိတယ်။ လမ်းဘေးကပ်ပေါက်နေတာတွေပဲရေလာရတယ်။ အိမ်ရှေ့တွေမှာပေါက်နေတဲ့ အပင်သေးသေးလေးတွေတော့ ငါမရေနိုင်ခဲ့ဘူး။ အင်းခြောက်လမ်းသွားကြီးပြီးမြောက်သွားရင်တော့ မင်းတို့ထဲက ဘယ်သူတွေကျန်ခဲ့ပီး ဘယ်သူတွေစတေးပေးလိုက်ရမလဲ ငါမတွေးချင်တော့ဘူး။ သေချာတာကတော့ မင်းတို့ကို စည်းကမ်းမဲ့ ခုတ်လှတဲ့ ငါတို့လူသားတွေ အပြစ်ဒဏ်ခံရဦးမှာပဲ။ အဲဒီအပြစ်ဒဏ်ဟာ ငါတို့ရဲ့နောင်လာနောက်သားတွေ ခါးစည်းခံရတော့မှာပါ။ လွန်ခဲ့တဲ့ ခုနှစ်နှစ်က ငါရေးထားတဲ့ ကဗျာလေးနဲ့ မင်းရဲ့ပေးဆပ်ခြင်းကို ဂုဏ်ပြုပါရစေ။
သစ်ပင်
အရွက်တွေ အခြွေခံရတယ်
အကိုင်းတွေ အချိုးခံရတယ်
ရနံ့တွေ ရှူရှိုက်ခံရတယ်
အသီးတွေ စားသုံးခံရတယ်
နောက်ဆုံး
ပင်စည်လှဲပြီး အမြစ်လှန်သွားတာတောင်
သူ စိတ်မဆိုးဘူး။                  ။
ရိုးမြေကျ (3/10/2012,12:45 pm)

15 comments:

အိပ်မက်ကောင်းကင် said...

အင်း သစ်ပင်တွေအတွက်တော့ စိတ်မကောင်းစရာပဲ နော်
အခုလိုအမှန်တရားတွေကိုရေးပြတာကောင်းတယ် ရိုးမြေကျလေးရေ
အားပေးသွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

ချင်းမလေး said...

စာလာဖတ်သွားပါတယ်....စိတ်မကောင်းပါဘူး
သစ်ပင်လေးတွေအတွက်....

Thu said...

အင်း ဟုတ်တယ်နော်။ရာသီဥတုကြီးဖောက်ပြန်လာတာကတနေ.ထက်တနေ.ပိုဆိုးလာပြီနော်။အခုချိန်မှာစိုက်ရင်တောင် နောင်၁၅နှစ်နှစ်၂၀ကျမှ အရိပ်အာဝါသကောင်းကောင်းရမယ့်အဖြစ်...ဆိုးတယ်ဆိုးတယ်။။။
Ahthu☺

လရိပ်အိမ် said...

သစ်ပင်က စိတ်မကောင်းဖြစ်မှာပါ။ သူလဲ အသက်ရှိတာဘဲ။
သစ်ပင်ကိုချစ်တဲ့လူတွေက ပိုစိတ်မကောင်းဖြစ်ရပါတယ်။ အရိပ်မရတော့လို့။

စံပယ်ချို said...

သစ်ပင်တွေကို ချစ်မိတဲ့ ဂျက် အတော်လေးဝမ်းနဲမိတယ်
အပင်တွေက်ုမြတ်နိုးတယ်ချစ်လဲချစ်တယ်

လွင်ပြင်လှိုင်းငယ် said...

သစ်ပင်းလေးတွေအတွက်ကြေကွဲမိတယ်

လေပြေချို said...

သစ်ပင်
အရွက်တွေ အခြွေခံရတယ်
နောက်ဆုံး
သူ စိတ်မဆိုးဘူး။
သစ်ပင်လေးတွေအတွက် စိတ်မကောင်းဖြစ်ရတယ်:(
ခင်တဲ့
လေပြေ

ချစ်စံအိမ် said...

အရွက်တွေ အခြွေခံရတယ်
နောက်ဆုံး
သူ စိတ်မဆိုးဘူး။ သူစိတ်မဆိုးပေမဲ့ ၀မ်းနည်းမှာပဲနော် ကိုယ်တွေမသိလို့ ဖြစ်မယ်..

မြတ်နိုးသူ said...

အရွက်တွေ အခြွေခံရတယ်
နောက်ဆုံး
သူ စိတ်မဆိုးဘူး
သစ်ပင်လေးအတွက်ကဗျာလေးခံစားသွားပါတယ်

မိုးနတ်ကြယ်စင် said...

ကဗျာလေးရော..စာလေးပါ ခံစားသွားပါတယ်မ..တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်..သစ်ပင်လေးတွေအတွက်လေ..
မနဲ့ ထပ်တူကြေကွဲဝမ်းနဲမိပါတယ်မ..
ခင်မင်နေတဲ့..မိုးနတ်

မင်းအရိပ် said...

သစ်ပင်အကြောင်းလေး ဖတ်သွားတယ်
ဟုတ်တယ်နော်
အဟောင်းတွေခုတ်လှဲပေမယ့် အသစ်တွေနဲ့ အစားမထိုးရင် ကမ္ဘာကြီးအနာဂတ်လည်း ရင်လေးစရာပဲနော်

Unknown said...

သစ်ပင်လေးအကြောင်းအားပေးသွားပါတယ်
ရိုးမြေကျလေးရေ
ခင်တဲ့အန်တီလေးမေခင်

နွေလ said...

တော်တော်ဆိုးပါတယ်ဗျာ
မြန်မာလူမျိုးတွေ အလုပ်မဟုတ်တာ
တော်တော်လုပ်ကြတယ်
အကြွားအဝါလည်း သိပ်သန်တယ်
ကျွန်တော်လည်း မြန်မာလူမျိုးဖြစ်နေရတာ
တော်တော် ဂွတိဂွကျနိုင်ပါတယ်

Phyu Lwin said...

သစ်ပင်လေးအကြောင်းရေးဖွဲ့ထားတာကို သစ်ပင်ချစ်တတ်သူတစ်ယောက် လာခံစားသွားတယ်နော်

Unknown said...

ခံစားမှုတစ်ခုပေးနိုင်တဲ့စာပိုဒ်လေးတစ်ပိုဒ်ပါ...ကျေးဇူးတင်ပါတယ်

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။