Sunday, September 9, 2012

“ပန်းပေးတဲ့ကဗျာ”


         ကဗျာကို စာရေးသူအရမ်းချစ်ပါတယ်။ ဒါပေမယ့် ကဗျာနဲ့ ပတ်သက်ရင် စာရေးသူရင်ထဲမှာ နစ်ဝင်ခဲ့ဖူးတဲ့ ဆူးတစ်ချောင်းရှိခဲ့ဖူးတယ်။ အဲဒီဆူးဟာ စာရေးသူရဲ့ ပညာရေးရည်မှန်းချက်တစ်ခုကို စွန့်လွှတ်ခဲ့ရတဲ့ အကြောင်းလေးတွေထဲက တစ်ချက်ဆိုရင်လည်း မမှားပါဘူး။ အဲဒီဆူးကြောင့် ကဗျာဆိုရင် ရေးလို့မရ ဖတ်လို့မရဖြစ်ခဲ့တာ (၇)နှစ်နီးပါးရှိခဲ့ပါပြီ။ ဆူးဆူးခဲ့ပုံကတော့…
          စာရေးသူ ကွန်ပျူတာ ဂုဏ်ထူးတန်းနှစ်မှာ သူငယ်ချင်းတွေနဲ့ပေါင်းပြီး “မျဉ်းပြိုင်နှစ်ကြောင်းရဲ့ ဒုတိယဆုံမှတ်” နာမည်နဲ့ ကဗျာစာအုပ်ထုတ်ခဲ့ဖူးပါတယ်။ သူငယ်ချင်းငါးယောက်ပေါင်းလုပ်တာပါ။ ကဗျာစာအုပ်လေးကို ဆိုင်မှာမအပ်ဘဲ စာရေးသူကိုယ်တိုင် အိမ်မှာပဲ စာရိုက်၊ဒီဇိုင်းဆွဲပြီး ကိုယ့်ခြေကိုယ့်လက်နဲ့ ဖန်တီးခဲ့တာပါ။ ကျန်တဲ့သူငယ်ချင်းတွေက ကဗျာရေးပေရုံလေးပါ။ စာရေးသူကတော့ ကဗျာရေးရတာတင်မကဘဲ ကိုယ်တိုင်ပိုက်ဆံထုတ်၊ ကိုယ်တိုင်စာစီစာရိုက်လုပ်၊ဒီဇိုင်းဆွဲနဲ့ အဲဒီစာအုပ်အပေါ် တော်တော်နှစ်မြှုပ်ထားခဲ့တာ။ အဲဒီကဗျာစာအုပ်လေးဟာ ကျောင်းမှာတော်တော်ပေါက်ခဲ့ပါတယ်။ ရောင်းမလောက်လို့ နောက်တစ်ခေါက်တောင် ထပ်ရိုက်ရတဲ့အထိပါ။ ရောင်းလို့ရတဲ့အမြတ်ကို မျက်မမြင်ကျောင်းကို လှူဖို့လည်း သူငယ်ချင်းအားလုံး ရည်ရွယ်ထားခဲ့ပြီးသားပါ။ ဒီလိုနဲ့ ဒုတိယတစ်ခေါက်ထပ်ရိုက်ရတဲ့ စာအုပ်တွေကုန်ခါနီးမှာ ပြဿနာတက်ပါတယ်။
          စာရေးသူ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးရေးတဲ့ ကဗျာက အပျိုစင်မဂ္ဂဇင်းမှာ သူများရေးထားပြီးသားတဲ့။ သူများရေးထားတာ ခိုးချထားမှန်း စာရေးသူ မသိပါ။ ကျောင်းသားဘဝတုန်းက စာရေးသူက စာဖတ်အားတော်တော်ကောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း စာတိုင်းတော့ဘယ်မှတ်မိမလဲ။ တခြားသူတွေရဲ့ ပြစ်တင်ဝေဖန်သံတွေ ခံရတော့တာပေါ့။ ဒါလေးတောင် မသိဘူးလားဆိုပြီးလေ။ ဒါနဲ့ သူငယ်ချင်းကို မေးတော့လည်း သူရေးတယ်ပဲ ဘူးခံငြင်းတယ်။ ငါကိုယ်တိုင်အလွတ်ရေးထားတာပါသေး။ ကျက်ပြီးအလွတ်ရေးတာလားပေါ့။ စာရေးသူကလည်း ရွဲ့တာလေ။ ဒါဆို ငါလည်း ဂျူး၊ဂျာနယ်ကျော်မမလေး စာတွေ အလွတ်ကျက်ပြီး ငါရေးတာဆိုပြီး ထုတ်မှာပေါ့လို့ အရွဲ့တိုက်ပစ်လိုက်တာ။ နောက်သူငယ်ချင်းတစ်ယောက်ကလည်း စာရေးသူကိုယ်တိုင်ရေးထားတဲ့ ကဗျာကို သူရေးထားပြီး စာရေးသူနာမည်တပ်ပေးလိုက်တာလို့တခြားသူတွေကို ပြောသေးတာ။ စာရေးသူ စိတ်တော်တော်နာသွားတာ။ သူငယ်ချင်းတွေဖြစ်ပြီး လုပ်ရက်တာပေါ့။ နောက်ကျောဓားနဲ့ ထိုးတာလေ။ စာရေးသူက အရမ်းစိတ်ထိခိုက်လွယ်တော့ အဲဒီတုန်းက တော်တော်လေး ဝမ်းနည်းခဲ့တာ။ ကဗျာစာအုပ်တွေလဲ အကုန်ဖြဲပစ်ခဲ့တာ။ တစ်အုပ်မှ အမှတ်တရ သိမ်းမထားခဲ့ဘူး။ အဲဒီကတည်းက ဘာမဆိုင်ညာမဆိုင် ကဗျာကို စိတ်နာ၊ သူငယ်ချင်းတွေကို စိတ်နာနဲ့ စာရေးသူရဲ့ ပညာရေးရည်မှန်းချက်ကို စွန့်လွှတ်လိုက်ရတဲ့ အချက်ပေါ့။ ထပ်ပြီး ကွန်ပျူတာကို စိတ်နာတော့ ကွန်ပျူတာကို လုံးဝမကိုင်တော့တာ တစ်နှစ်နီးပါးကြာပါတယ်။ ကွန်ပျူတာပြန်သုံးတဲ့အချိန်မှာ လက်ကွက်တောင်ပြန်ကျင့်ယူခဲ့ရတယ်။ အဲဒီကတည်းက ကဗျာတွေကို ဖတ်လဲမဖတ်တော့သလို ရေးလို့လဲ မရတော့ပါဘူး။ ဒါပေမယ့် ကဗျာစာအုပ်ရောင်းရတဲ့ အမြတ်ငွေကို မျက်မမြင်ကျောင်းကို သွားလှူခဲ့တဲ့အတွက် စာရေးသူ တော်တော်လေးကုသိုလ်ရလိုက်ပါတယ်။ အဲဒါလေးတစ်ခုပဲ အမြတ်ထွက်လိုက်တာ။
          ဒီလိုနဲ့ စာရေးသူ ဘလော့ဂ်လေးလုပ်ဖြစ်တော့ အရင်က ကဗျာဟောင်းလေးတွေ တင်ဖြစ်တာပေါ့။ တစ်နေ့ စီဘောက်မှာ စာဖတ်သူတစ်ယောက်က ကဗျာတွေရေးပါဦးလို့ ဝင်ရေးသွားခဲ့တယ်။ အဲဒီမှာ စာရေးသူ က ကဗျာကို လုံး၀ မရေးတော့ပါဘူးလို့ ပြန်ရေးခဲ့တယ်။ ဒါပေမယ့် စာရေးသူရဲ့ ရင်ထဲက ဆူးကို နှုတ်ပေးမယ့်သူ ရှိခဲ့တယ်။ သူကတော့…
          စာရေးသူရဲ့ ဘလော့ဂ်ကို သူကပဲအရင်လာလည်တာ။ ဘယ်ကတွေ့လဲတော့မသိဘူးပေါ့လေ။ လင့်တွေဘာတွေချန်ထားခဲ့တာဆိုတော့ စာရေးသူလည်း သူ့ဘလော့ဂ်ကို ပြန်သွားလည်တာပေါ့။ ကံဆိုးချင်တော့ အဲဒီဆိုဒ်က ကဗျာတွေရေးထားတာများပါတယ်။ ကဗျာဆိုတော့ စာရေးသူ အားနာပါးနာဖတ်ဖြစ်တယ်ပေါ့။ ဒါပေမယ့် တစ်ပုဒ်ဖတ်လိုက် စကားလုံးအသုံးအနှုန်းတွေက ထိတယ်၊မိတယ် ဆိုပြီး နောက်တစ်ပုဒ်ထပ်ဖတ်လိုက်နဲ့ အဲဒီနေ့က ရုံးမှာအလုပ်တောင် ဟုတ်တိပတ်တိ မလုပ်လိုက်ရပါဘူး။ ကဗျာတွေကြိုက်လွန်းလို့ ကွန်မန့်တွေလဲ ပေးမိတယ်။ ကဗျာရေးချင်တဲ့စိတ်တွေ တဖွားဖွားပေါက်လာတယ်။ ရင်ထဲကဆူးကအလိုလိုနေရင်း ပျောက်သွားလိုက်တာ အခုကဗျာတွေကို ပြန်ချစ်လာပါပြီ။ ကဗျာတွေကို ပြန်ရေးလို့ရလာပါပြီ။ အမှတ်တရအနေနဲ့ သူ့ဆီက ကဗျာလေးတစ်ပုဒ်လက်ဆောင်တောင်းထားပါတယ်။ ခေါင်းစဉ်မပါလို့ စာရေးသူက ပန်းပေးတဲ့ကဗျာလို့ ခေါင်းစဉ်တပ်ချင်ပါတယ်။
                                      “ပန်းပေးတဲ့ကဗျာ”
သံယောဇဉ်တွေက ပေတေတေ  မဟုတ်ခဲ့ပါဘူး

အမှန်တကယ် စိတ်တွေလေနေရဲ့ကွယ်

အချစ်ခြင်းတွေ ပျက်စည်းလွယ်တာ

အသိနောက်ကျနေပြီလား ။

မိတ်ဆွေတွေနဲ့ ပတ်သက်ပြီး

ခင်မင်မှုဇောက်တွေ ဘယ်လောက်ပဲ နက်နက်

အတုအယောင်တွေကိုတော့ တွေ့မိနေသေးတယ်

ဖြူစင်မှုအားလုံး ထုထောင်းခံနေရသလို ။

အလှမ်းဝေးနေလို့ ပန်းပေးပြီး

သွေးအေးစကားတွေ ပြောနေပြီလားချစ်သူရယ်

အသက်အရွယ် ကွာဟချက်ကြောင့်လား

ပညာရေး ရည်မှန်းချက်တွေကြောင့်လား

အချစ်ဆိုတာ အချစ်ပါပဲ ချစ်သူရယ်

ဘာနဲ့မှလဲ မဆိုင်ဘူးလို့ မဆိုလိုချင်

ချစ်တတ်တဲ့ စိတ်ထူးခြားမှုကို

ရူးသွပ်နေပါတယ် ပြောမှာလား

ချစ်သူ အမြဲ ပို့တတ်တဲ့

မက်ဆေ့ချ် လေးကို တမ်းတမ်းတတ နဲ့

လွမ်းတတ်နေပါပြီ ။
ကြားခဲ့ဖူးတဲ့ ဖုန်းထဲက ချစ်သူအသံ

ညာတာပါတေးဖြစ်ခဲ့ရင်လဲ

ကဗျာလေးရေးပြီး ဖြေသိမ့်နေမိမှာပါ

ချစ်သူက သံယောဇဉ်တွေ

ကြွေလွင့်စေဦးတော့

နှလုံးသားကိုဖွင့်ပြီး အမြဲကြိုနေမှာပါ ။

          စံပယ်ပန်းလေးပေးတဲ့ကဗျာပါ။ လက်ဆောင်တောင်းထားတဲ့ကဗျာပါ။ မမစံပယ်ချို ကျေးဇူးအများကြီးတင်ပါတယ် မမရေ။

8 comments:

Anonymous said...

ခံစားသွားပါတယ် ရိုးမြေကျရေ ....

မဂျက်ကတော့ သိပ်ချစ်ဖို့ကောင်း ..းး))

စံပယ်ချို said...

ခုသိလိုက်ရတော့စိတ်မကောင်းလဲဖြစ်မိတယ် အဲဒီသူငယ်ချင်းနဲ့ရော
တွေ့သေးလား ပြန်ရေးပါ သူလုပ်လိုက်တဲ့ အလုပ်က သူ့ကိုပဲ ထိစေမှာပါ
နောင်လဲကဗျာတွေရေးနိုင်ပါစေလို့

Yoemyaykya said...

ညလေး ကျောခိုင်းလိုက်ပါပြီ အဲဒီသူငယ်ချင်းနှစ်ယောက်လုံးကို။

လရိပ်အိမ် said...

ကဗျာစာအုပ်မရှိတော့ဘူးတဲ့လား။
နှမြောမိပါတယ်။
ရိုးမြေကျ ရေးထားတဲ့ ကာရန်မဲ့အလွမ်း တော်တော်ကောင်းတယ်။
မစံပယ် ရဲ့ကဗျာလေးကိုလဲ အားပေးသွားပါတယ်။

လွင်ပြင်လှိုင်းငယ် said...

ကဗျာတွေပြန်ရေးပါ အားပေးပါ့မယ်

မိုးနတ်ကြယ်စင် said...

ပြန်ရေးပါနော်..စိတ်ကောင်းမရှိတဲ့သူတွေကို ဂရုစိုက်မနေပါနဲ့..မမရယ်..
သူတို့ အကုသိုလ်နဲ့သူတို့သွားမှာပါ...အရေးကြီးတာက ကိုယ့်ရဲ့ဝါသနာနဲ့
စာတွေကဗျာတွေ အပေါ်ချစ်မြတ်နိုးတဲ့စိတ်ကို ဘယ်သူ့ကြောင့်မှ အပျောက်အပျက်မခံပါနဲ့...စာချစ်သူ..ကဗျာချစ်သူချင်းကိုယ်ချင်းစာတယ်..
ဆက်ရေးပါနော်...အားပေးနေပါ့မယ်...
ခင်မင်နေတဲ့..မိုးနတ်...

မြတ်နိုးသူ(MUFL) said...

အာပေးသွားပါတယ်အမရေ
ကျောင်းတုန်းကအဖြစ်ပျက်လေးကိုဖတ်မိပီး
စိတ်မကောင်းဖြစ်မိတယ်အမ
ကားခဲ့ဖူးတဲ့ ဖုန်းထဲက ချစ်သူအသံ



ချစ်သူက သံယောဇဉ်တွေ

ကြွေလွင့်စေဦးတော့

ဒီကဗျာလေးကိုလည်းအားပေးသွားပါတယ်

Phyu Lwin said...

သူငယ်ချင်းဆိုတာလဲ အမျိုးမျိုးပဲနော်.. မမစံပယ်ရဲ့ ကဗျာလေးက ရိုးရိုးလေးနဲ့ ချစ်စရာလေး .. ကဗျာတွေဆက်ရေးပါ.. အားပေးနေပါတယ် :)

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။