Sunday, July 29, 2012

ကလေးအတွေး


ဒီတစ်ခါတော့ ဖတ်ဖူးတဲ့ စာစုလေးအကြောင်းပြန်ပြောပြချင်ပါတယ်။ အင်္ဂလိပ်လိုရေးထားတဲ့ မူရင်းစာရေးသူကိုတော့ စာထဲမှာရေးမထားပါဘူး။ဒါ့ကြောင့်တိုက်ရိုက်ဘာသာပြန်တဲ့နည်းကို မသုံးတော့ဘဲ အဲဒီစာလေးကို ပြန်ပြောပြတဲ့ပုံနဲ့ပဲ ရေးပါတော့မယ်။ အဲဒီစာထဲမှာ တွေးစရာတွေပါပါတယ်။
တစ်ခါက အရမ်းချမ်းသာတဲ့ လူကြီးတစ်ယောက်က သူ့သားလေးကို ဆင်းရဲသားတွေ ဘယ်လိုနေထိုင်ရတယ်ဆိုတာ ပြချင်လို့ တောရွာဘက်ကို ခေါ်သွားခဲ့ပါတယ်။ အရမ်းဆင်းရဲတဲ့မိသားစုရဲ့ လယ်တောထဲမှာ နှစ်ရက်နဲ့ နှစ်ည နေခဲ့ကြတယ်။ အဲဒီနောက် မြို့ပြန်လာကြတယ်ပေါ့။ လမ်းမှာ ဖခင်ဖြစ်တဲ့သူက သားလေးကို မေးပါတယ်။ ခရီးကဘယ်လိုနေလဲပေါ့။ သားဖြစ်တဲ့သူကလည်း အရမ်းကောင်းတဲ့ခရီးစဉ်ပါလို့ပြန်ဖြေခဲ့ပါတယ်။ ဆင်းရဲသားတွေဘယ်လိုနေရသလဲဆိုတာ တွေ့ခဲ့လားလို့ ဖခင်ကမေးတော့ သားဖြစ်တဲ့သူကလည်း တွေ့ခဲ့တဲ့အကြောင်းပြန်ပြောပြတော့တယ်။ တွေ့တာတွေပြန်ပြောခိုင်းတော့ သားဖြစ်သူက သူတို့မှာ ခွေးတစ်ကောင်ပဲရှိတဲ့အကြောင်း၊ ဆင်းရဲသားတွေမှာတော့ ခွေးလေးကောင်တောင်ရှိတဲ့အကြောင်း။ သူတို့မှာ ခြံအလယ်ရောက်နေတဲ့ ရေကူးကန်တစ်ကန်ပဲရှိပြီး ဆင်းရဲသားတွေမှာတော့ အဆုံးမရှိတဲ့ကျယ်ပြောတဲ့ ရေကူးလို့လွတ်လွတ်လပ်လပ်ရှိတဲ့ ချောင်း ရှိကြောင်း။ သူတို့မှာ ခြံထဲမှာ မီးလုံးတွေပဲရှိပြီး လယ်သမားတွေမှာတော့ ညမှာ ကြယ်တွေလတွေမြင်ရတဲ့အကြောင်း။ သူတို့ခင်းထားတဲ့ကြမ်းပြင်ဟာ အိမ်ရှေ့ခြံထိပဲရောက်ပြီး ဆင်းရဲသားတွေက အကျယ်အဝန်းဟာ မိုးကုပ်စက်ဝိုင်းတစ်ခုလုံးအဆုံးအစမရှိပိုင်ဆိုင်ကြောင်း။ သူတို့မှာ နေစရာကျဉ်းကျဉ်းလေးပဲရှိပြီး ဆင်းရဲသားတွေမှာတော့ မျက်စိတစ်ဆုံးမြင်နေရတဲ့ လယ်ကွင်းရှိကြောင်း၊ သူတို့မှာ သူတို့ကို ခစားနေရတဲ့ အစေခံတွေပဲရှိပြီး လယ်သမားတွေကတော့ တခြားသူတွေကို ထောက်ပံ့ပေးနိုင်တဲ့အကြောင်း။ သူတို့က အစားအသောက်တွေကို ဝယ်စားရပြီး လယ်သမားတွေကတော့ သူတို့ကိုယ်တိုင်စိုက်စားကြကြောင်း။သူတို့မှာ သူတို့ကို ကာကွယ်ပေးတဲ့ တံတိုင်းတွေခတ်ထားပေမယ့် လယ်သမားတွေမှာတော့ သူတို့ကို ကာကွယ်စောင့်ရှောက်မယ့်အပေါင်းအသင်းမိတ်ဆွေတွေ ရှိကြောင်း ဖခင်ကို ပြောပြတာပေါ့။ ကလေးငယ်ရဲ့ဖခင်က ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အသွားတယ်။ ဒါတောင် ကလေးက ဆက်ပြောလိုက်သေးတယ်။ “ကျေးဇူးတင်ပါတယ် ဖေဖေ။သားတို့ဘယ်လောက်ဆင်းရဲသလဲဆိုတာ ပြပေးလို့။” တဲ့လေ။
ဖခင်မြင်စေချင်တဲ့အတိုင်းမမြင်ဘဲ ကလေးက သူတွေ့တာလေးတွေကို ကလေးအတွေးနဲ့ ရှင်းရှင်းလင်းလင်းလေး ခံစားသွားတာပါ။ တကယ်တော့ ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာ ကိုယ်ရဲ့ခံယူချက်နဲ့လဲဆိုင်သလားလို့ပါ။ စာရေးသူတို့ကို မေးရင်တော့ ကလေးလေးလိုမြင်မှာ မဟုတ်တာတော့သေချာတယ်နော်။
ကလေးအတွေးနဲ့ပတ်သက်ပြီး စာရေးသူကြုံဖူးခဲ့တာလေးပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က စာရေးသူ အင်္ဂလိပ်စာသင်တန်းတက်တော့ ဆရာကြီးက သူဖတ်ဖူးတဲ့ အကြောင်းအရာလေး စာရေးသူကို မေးပါတယ်။ ဆင်တစ်ကောင်ကို ရေခဲသေတ္တာထဲ ဘယ်လိုထည့်မလဲတဲ့။ စာရေးသူလည်း စဉ်းစားတာပေါ့။ အဖြေတွေကလည်း စုံလို့ပါ။ ခုတ်ထည့်မယ်။ ပိုင်းထည့်မယ် နဲ့ဖြေတာပေါ့။ ဆရာကြီးက မဟုတ်သေးဘူးတဲ့။ ရှင်းရှင်းလေးပဲတွေးပါတဲ့ ။ ဒီအဖြေကို ကလေးလေးတစ်ယောက်ဖြေထားတာရှိတယ်တဲ့။ တကယ်ပဲညံတာလားမသိဘူး။ ရှင်းရှင်းလေးကို တွေးလို့မရတာပါ။ ဆရာကြီးက ကလေးဖြေထားတဲ့အဖြေကို ပြောပြတော့ စာရေးသူအံသြသွားတာတော့အမှန်ပဲ။ ကလေးလေးရဲ့အဖြေက ဆင်ကို ရေခဲသေတ္တာဖွင့်ထည့်မှာပါတဲ့။ ရိုးရှင်းတယ်နော်။ စာရေးသူကတော့ ဆင်တစ်ကောင်လုံးရေခဲသေတ္တာထဲ ဆန့်အောင် ဘယ်လိုထည့်ရမလဲတွေးနေချိန်မှာ သူလေးကတော့ ဖွင့်ထည့်သွားပါတယ်။သူ့အဖြေက လုံးဝမှန်ပါတယ်။ ဘဝရဲ့ပုစ္ဆာတွေလည်း ဒီလိုပါပဲ ခက်ခက်ခဲခဲတွေစဉ်းစားပြီးဖြေရှင်းဖို့ ကြိုးစားပေမယ့် တကယ်ရိုးရိုးလေးဖြေရှင်းရတဲ့ အရာတွေအများကြီးပါ။ ဒါ့ကြောင့် စာရေးသူအကြံပေးချင်တာက ကလေးတွေနဲ့မိတ်ဖွဲ့ပါ။ စာရေးသူကတော့ ကလေးတွေရဲ့ ဘော်ဒါကြီးပါပဲ။ ကလေးတွေက ရိုးသားတယ်။ ဟန်ဆောင်မှုကင်းတယ်။ အရှိကိုအရှိအတိုင်း လွတ်လွတ်လပ်လပ်ခံစားတတ်ကြတယ်။ လူကြီးတွေလို မာယာတွေ နောက်ကျောဓားနဲ့ထိုးတတ်တဲ့အပြုအမူတွေမလုပ်ဘူး။ ဒါပေမယ့် တစ်ခုတော့ သတိထားနော်။ ကလေးတွေက သူတို့စားချင်တဲ့မုန့်ရသွားရင် လူကို အရေးမလုပ်တော့ဘူး။ ဒါလည်း ရိုးသားမှုတစ်ခုပါပဲလေ။ ဟုတ်တယ်မလား။
(စာရေးသူကို စာရေးကြဲတယ်ဆိုပြီး အားမလိုအားမရဖြစ်နေတဲ့ မမစံပယ် ဒီစာမူလေးနဲ့ ကျေနပ်ပါတော့။ စာရေးသူ အခု ACCA Part II ထဲက ဘာသာရပ်တစ်ခုဖြေဖို့သင်တန်းတက်နေပါတယ်။ အလုပ်တစ်ဖက်နဲ့ သင်တန်းတစ်ဖက်နဲ့ဆိုတော့ အရင်လိုတောင် စာမဖတ်နိုင်တော့ပါဘူး။ ရုံးမှာ အားတဲ့အချိန်လေး ဘလော့ဂ်တွေဝင်မွှေ ဖတ်ချိန်ပဲရှိပါတော့တယ်။ ဒါ့ကြောင့်စာရေးကြဲတာလေးကို နားလည်ခွင့်လွှတ်ပေးပါ မမရေ။ ပြီးတော့ စာရေးသူရဲ့ ဘလော့ဂ်တစ်ခုနဲ့တစ်ခုအပြောင်းမှာ စိတ်ဓာတ်ကျနေတာတော့အမှန်ပါပဲ။ ဘလော့ဂ်ပျောက်တာနဲ့ပတ်သက်ပြီး တစ်ပုဒ်ရေးပါဦးမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မမစံပယ်ရဲ့တွန်းအားကိုလည်း ကျေးဇူးတင်ပါတယ်။ မမစံပယ်တွန်းအားကြောင့်သာ ဒီစာမူဖြစ်လာတာပါ။)

5 comments:

စံပယ္ခ်ိဳ said...

ကလေးတွေရဲ့ ရိုးသားဖြူစင်တဲ့အတွေလေးတွေကို
နှစ်သက်စွာခံစားခဲ့ရပါတယ်ကေသီရေ------

ကြည်ဖြူခင်ခင် said...

ဒါပေါ့.. သူတို့လေးတွေရဲ့ စိတ်နဲ့အတွေးမှာ မာန်မာနမရှိ.. မနာလိုခြင်းမရှိ.. ပဲ အမြဲ ရိုးသားနေတဲ့ စရိုက်လေးတွေကို ကြည်ဖြူကတော့ သဘောကျတယ်.. တကယ်တော့ကလေးတိုင်း ဖြူစင်ပြီး အပြစ်ကင်းပြီးသားပဲလေ..

Anonymous said...

ဖတ်သားသွားတယ်နော် ရိုးမြေကျ...းး)၊ ကြိုးစားပါ ..ACCA Part II ဆိုတော့ နားလည်ပါတယ် ... စာလည်း လုပ်ရင်း ဘလော့လေးလဲ ရေးပေါ့နော့် ... အမြဲ အားပေးလျက်ပါ...

Anonymous said...

I have learned....a lot from this ...story....
Thanks a lot :)

ရင်လှိုင်း said...

ကလေး လေးလို ပဲတွေးတော့မယ်။ ဆင်ကြီးကို ရေခဲသေတ္တာ ဖွင့်ပြီး ထည့်မှာပေါ့နော။ တစ်ကယ်ပဲ ခံယူတဲ့သူပေါ်မှာသာ ဆင်းရဲတယ်၊ ချမ်းသာတယ် ဖြစ်လာတာနော်။ ဘဝကို အရိုးသားဆုံး ဖြတ်သန်းသွားဖို့ သာ အရေးအကြီးဆုံးနော်။

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။