Thursday, July 19, 2012

ရောက်တတ်ရာရာ (၄)



ဒီပုံလေးက စာရေးသူကိုယ်တိုင်ဖန်တီးထားတဲ့ အချောသတ်အိမ်လေးပါ။ အဲဒီအိမ်လေးကို တူတွေအများကြီးနဲ့ဆောက်ထားတာပါ။ စာကြည့်ဆောင်နဲ့ အိမ်မကြီးကို ကြားထဲမှာ တံတားလေးနဲ့ဆက်ထားပါတယ်။ တံတားအောက်တည့်တည့်မှာ ကျောက်စရစ်တွေနဲ့ ရေကန်လေးရှိပါတယ်။ အစိမ်းရောင်မြက်ခင်းပြင်ကိုတော့ ပန်းကန်ဆေးတဲ့ အစိမ်းရောင်အဝတ်ဖတ်ကို သုံးထားပါတယ်။ အိမ်နဲ့ စာကြည့်ဆောင်ကို မီးထွန်းထားပါတယ်။ အိမ်ရဲ့နောက်ဖက်မှာ ဘက်ထရီအသေးစားလေးနဲ့ မီးလုံးအသေးလေးတွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် အိမ်လေးက မီးလင်းပါတယ်။ အိမ်ရှေ့တံခါးမကြီးကနေဝင်လာရင် ကျောက်စရစ်လမ်းလေးရှိပါတယ်။ ကျောက်စရစ်လမ်းလေးဘေးမှာ ညနေခင်းမှာ အေးအေးလူလူထိုင်ပြီး ကော်ဖီသောက်တာပဲဖြစ်ဖြစ် စာဖတ်တာပဲဖြစ်ဖြစ်လုပ်လို့ ရအောင် စားပွဲနဲ့ ထိုင်ခုံလေးတွေရှိပါတယ်။ ထီးလေးမိုးထားပါတယ်။(စိတ်ကူးယဉ်လိုက်တာနော်။ အဲဒီထီးလေးက စာရေးသူဝယ်စားတဲ့ ကလေးမုန့်ထဲကပါတဲ့ ထီးလေးကို အသုံးချထားတာပါ။) စာကြည့်ဆောင်ရဲ့ရှေ့မှာ ဒန်းလေးရှိပါတယ်။ ဒန်းကတော့ ငှက်လေးနဲ့ကွယ်နေလို့ သေသေချာချာမမြင်ရပါဘူး။ ဝင်းနံရံကိုတော့ PP Board (ကြော်ငြာဘုတ်) တွေကို သုံးထားပါတယ်။ နံရံဒီဇိုင်းကိုတော့ ကွန်ပျူတာဆိုင်သွားပြီး အုတ်ကွက်ပုံစတစ်ကာထုတ်ပြီး PP Board ပေါ်ကပ်ထားတာပါ။ ဒီအိမ်လေးကို စာရေးသူ အရင်အလုပ်မှာလုပ်တုန်းက ဆောက်ထားတာပါ။ အဲဒီကုမ္ပဏီမှာတုန်းက အလုပ်မများတော့ အချိန်တွေလည်းအများကြီးပိုပါတယ်။ အလုပ်ချိန်ရှစ်နာရီမှာ စာရေးသူအလုပ်များတဲ့အချိန်က တစ်နာရီလောက်ပဲရှိတာပါ။ ဒါတောင်ပိုပြောထားတာပါ။ တကယ်တမ်းနာရီဝက်လောက်ပဲကြာပါတယ်။ တစ်ခါတစ်လေတစ်ပတ်စာပေါင်းလုပ်ထားလိုက်တာပါ။ အချိန်တွေအများကြီးပိုနေတော့ ပျင်းလာပြီး အဲဒီအိမ်လေးဆောက်ခဲ့တာပါ။ အိမ်ဆောက်တဲ့ကြာချိန်က နှစ်လနီးပါးလောက်ကြာပါတယ်။ နေ့တိုင်းရုံးမှာ တူတွေ ဆင်ကော်တွေနဲ့ တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ဆူညံနေတာ အိမ်ဆောက်နေလို့ပါ။ အိမ်ပြန်ရောက်ပြီဆို ဇက်ကြောတွေတက်နဲ့ မေမေနဲ့ ဖေဖေကတော့ အလုပ်ပင်ပန်းလာတယ်ထင်မှာပါပဲ။(ဟီးဟီး) တကယ်တော့ တစ်နေကုန်တစ်နေကန်း အိမ်ဆောက်နေရတဲ့အတွက် ဇက်ကြောတက်တာပါ။ အိမ်ဆောက်ပုံအဆင့်ဆင့်ကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်မထားလိုက်ရပါဘူး။ ဒါ့ကြောင့် ရိုက်ထားလေးတွေပဲ ကြည့်ပေးကြပါလို့ တောင်းဆိုပါတယ်။
ဒါလေးကတော့ စာကြည့်ဆောင်ပါ။ စာအုပ်စင်ကို ဘာသာရေး၊ ဝတ္ထု၊ မဂ္ဂဇင်းဆိုပြီး အမျိုးအစားခွဲထားပါတယ်။ စာအုပ်လေးတွေကိုတော့ PP Board တွေကို သေးသေးလေးညှပ်ပြီး ဆင်ကော်တွေနဲ့ကပ်တယ်။ ပြီးတော့ ကွန်ပျူတာနဲ့ထုတ်ထားတဲ့ စာရေးဆရာ(ဥပမာ ဂျူး၊မေတ္တာရှင် စသဖြင့်ပေါ့)နာမည်တွေကို ကပ်လိုက်တယ်။ စာကြည့်ဆောင်ထဲမှာ စာကြည့်စားပွဲနဲ့ ထိုင်ခုံတွေရှိပါတယ်။
ဒါကတော့ အိမ်မကြီးပါ။ ဆိုဖာခုံလေးတွေကိုလုပ်ရတာလည်း အရမ်းလက်ဝင်ပါတယ်။ အနီရောင်နဲ့မြင်နေရတာကတော့ ကုတင်ပါ။ ဆိုဖာခုံတွေရဲ့ ရှေ့တည့်တည့်မှာ တီဗီရှိပါတယ်။တံခါးပိတ်ထားတော့ တီဗီကို မမြင်ရပါဘူး။
 
ဒါကတော့အိမ်ကို အပေါ်စီးကရိုက်ထားတဲ့မြင်ကွင်းပါ။ သိပ်တောင်မကြည်ချင်ဘူး ဓာတ်ပုံက။ ဒီဘက်ခြမ်းကတော့ ရေချိုးခန်းပါ။ ဘိုထိုင်အိမ်သာလေးတောင်လုပ်ထားသေးတယ်။

ဒါကတော့ အမိုးမမိုးရသေးဘဲ အိမ်နှစ်လုံးကို တံတားလေးနဲ့ အကြမ်းလျာထားကြည့်တဲ့ပုံပေါ့။
ဒါကတော့အမိုးမိုးပြီးပေမယ့် အချောမသတ်ရသေးတဲ့ပုံ။
ဒါကတော့ မီးကြိုးမသွယ်ခင်ပုံ။ ပုံကိုအပေါ်ကနေရိုက်ထားတဲ့အတွက် ဒန်းလေးကိုလည်းမြင်နေရပါတယ်။ ကျောက်စရစ်လမ်းကလည်းအချောမသတ်ရသေးပါဘူး။မြက်ခင်းပြင်လည်းမလုပ်ရသေးပါဘူး။ အဲဒီကျောက်စရစ်လမ်းလေးလုပ်ဖို့ ကျောက်စရစ်ခဲလှလှလေးတွေလိုက်ကောက်ထားရတာပါ။
 
ဒါကတော့ မြက်ခင်းပြင်လုပ်ပြီးသွားတဲ့ အိမ်အနေအထားပါ။  တူနဲ့လုပ်ထားတဲ့ အိမ်နှစ်လုံး၊ခြံတံခါးတွေ၊ ထိုင်ခုံတွေကို ကြာလာရင် မှိုတက်ကုန်မှာစိုးတဲ့အတွက် အားလုံးကို ပေါလစ်တင်လိုက်ပါတယ်။ ပန်းပွင့်လေးတွေပေါ်ငှက်လေးနားနေတဲ့အရုပ်လေးနဲ့လည်း အလှဆင်ထားပါတယ်။ အိမ်နဲ့ယှဉ်ရင် ငှက်ကကြီးနေပါတယ်။  အိမ်ရဲ့အောက်ခြေကိုတော့ PP Board ခံထားရပါတယ်။ အဲဒီအိမ်ဆောက်တုန်းက တခြားကုမ္ပဏီက သူငယ်ချင်းတွေကို နားပူနာဆာလုပ်ပြီး ကြော်ငြာဘုတ်တွေ ဓားပြတိုက်ထားတာပါ။ Nescafe ကြော်ငြာဘုတ်ပြားဓားပြတိုက်ထားတာ။ အဲဒီအိမ်လေးအတွက် တူနှစ်ထုပ်နီးပါးကုန်ပါတယ်။ မြက်ခင်းအတွက် အိုးတိုက်ဖတ်တွေဝယ်ရတယ်။ ဆင်ကော်တွေဆိုတာ အများကြီးကုန်တာပါ။ အဲဒီအိမ်တစ်လုံးဆောက်လိုက်တာ စာရေးသူ နှစ်သောင်းလောက်ကုန်သွားပါတယ်။ ဘက်ထရီလေးတွေနဲ့ မီးဆင်တာရော။ မှန်လုပ်ဖို့ ဖလင်ပြားတွေဝယ်ရတာရော။ အလှဆင်တာတွေနဲ့ရောကြောင့်ပေါ့။ တစ်ချို့ယောကျ်ားလေးတွေကတော့ အိမ်ကို PP Board နဲ့ပဲဆောက်ကြပါတယ်။ တူက အသေးစိတ်ပြီး ပိုလက်ဝင်ပါတယ်။ အဲဒီအိမ်လေးဆောက်ပြီးတော့ စာရေးသူတို့ရုံးက Sale Men တွေက စာရေးသူကို တော်လို့တဲ့ ချီးကျူးကြတာ။ တော်တယ်မလား။ ဟီးဟီး။ အားလုံးကို ကျေးဇူးတင်ပါတယ် လာကြည့်ပေးကြလို့။
စာရေးသူဖန်တီးဖူးတဲ့ ပထမဆုံးအနုပညာလက်ရာလေးပါ။ စိတ်ပါလက်ပါ ဖန်တီးထားလို့ အနုပညာလို့ပဲ သုံးနှုန်းလိုက်ပါတယ်။

8 comments:

ကြည်ဖြူခင်ခင် said...

အိုး.. တော်လိုက်တာရှင်.. မချီးကျူးပဲ မနေနိုင်ပါဘူး.. ကြည်ဖြူအိမ်ဆောက်တဲ့အခါ.. ဒီဇိုင်းဆွဲဖို့ အကူအညီတောင်းရဦးမှာပဲ.. အရမ်းသဘောကျတယ်.. သိလား..

လွင်ပြင်လှိုင်းငယ် said...

ညလေးကတော်လိုက်တာ တကယ်ပြောတာ အရမ်းတော်တာပဲ ။

စံပယ်ချို said...

တကယ်ကိုလက်ဖျားခါရအောင်တော်ပါပေတယ်ကေသီရေ
အိမ်ဆောက်နေတယ်ပြောတုန်းက ဆိုဒ်လေးကိုပြင်နေတယ်လို့
ထင်ခဲ့တာ
ခုတင်ပုံက နှစ်ယောက်အိပ်ဆိုတော့ စဉ်းစားစရာတခုရခဲ့တယ်
အိမ်ဆောက်ရင်တော့ အကူအညီတောင်းပါရစေလို့

မိုးညချမ်း said...

မမရေ ... အိမ်လေးကလှလိုက်တာ ... ညလေးမွေးနေ့က နီးနေပြီဆိုတော့ မွေးနေ့လက်ဆောင်အဖြစ် တောင်းမှထင်တယ်နော် ... :P

အလွမ်းမြို့ said...

တကယ့်စိတ်ကူးကောင်းနဲ့ ပြောင်မြှောက်တဲ့ လက်ရာလေးပါ။
ပထမဆုံးရောက်ခဲ့တဲ့နေ့လေးမှာ ချီးကျူးသွားပါတယ်။

ကိုရင် said...

ဂျူးကို နှစ်သက်တဲ့လူလို့ မပြောရဘူး.. စိတ်ကူးတွေ တော်တော် ကွန့်မြူးနိုင်တာပဲဗျ..

လရိပ်အိမ် said...

လှလိုက်တာ။ ညီမက အရမ်းတော်တာဘဲ။ စိတ်လဲတော်တော်ရှည်ပုံရတယ်.။

ဆန်းစနေ၀န်း said...

အရမ်းစိတ်ကူးယဉ်တတ်တယ်နော်...ကဗျာလည်းဆန်တယ်
architect တောင် အရှုံးပေးရတော့မယ်....

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။