Tuesday, July 17, 2012

ဖိတ်ခေါ်ပါရစေ


အမျိုးသမီးကြီးတစ်ယောက်ဟာ အိမ်အပြင်ဘက် ထွက်လိုက်တော့ သူမရဲ့ခြံရှေ့ထိုင်နေတဲ့ မုတ်ဆိတ်ဖြူအရှည်ကြီးတွေနဲ့ အဘိုးအို သုံးယောက်ကို မြင်တွေ့ရတယ်။သူမက သူတို့တွေကို မသိပါဘူး။
သူမကပြောလိုက်တယ်။’’ကျွန်မ … ရှင်တို့ကို သိတယ်လို့ မထင်ဘူး။ ဒါပေမဲ့ရှင်တို့ဆာလောင်နေတယ်လေ။ အထဲဝင်ပြီး တစ်ခုခုစားပါလား။ ‘’
‘’ အိမ်ထောင်ဦးစီးရှိပါသလား။’’ လို့ သူတို့ကမေးတယ်။
‘’ မရှိပါဘူး။ သူအပြင်ထွက်သွားပါတယ်။’’ လို့ သူမက ဖြေလိုက်တယ်။
သူတို့ကပြန်ပြောတယ်။’’ဒါဆိုရင် ကျုပ်တို့ အထဲဝင်လို့ မရပါဘူး။’’
ညနေခင်းမှာ သူမရဲ့ ယောကျ်ား အိမ်ပြန်ရောက်တဲ့အခါ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သူတို့ ပြောပြတယ်။ ‘’ ငါအိမ်ပြန်ရောက်ပြီလို့ သွားပြောပြီး သူတို့ကို အထဲဖိတ်ခေါ်လိုက်ပါ။’’
အမျိုးသမီးကြီးက အပြင်ထွက်ပြီး လူကြီးတွေကို အထဲဖိတ်ခေါ်လိုက်တယ်။ သူတို့က ပြန်ဖြေတယ်။
‘’ ကျုပ်တို့ အိမ်ထဲကို အတူတူသွားလို့ မရပါဘူး။’’
သူမက သိချင်ဇောနဲ့မေးလိုက်တယ်။ ‘’ ဘာကြောင့်လဲ။’’
အဘိုးအိုတွေထဲက တစ်ယောက်က ရှင်းပြလိုက်တယ်။ ‘’ သူ့နာမည်ချမ်းသာပါ။’’ သူက သူ့သူငယ်ချင်းတွေထဲက တစ်ယောက်ကို ညွှန်ပြရင်း ပြောလိုက်တယ်။ ပြီးတော့ .. အခြားတစ်ယောက်ကိုညွှန်ပြပြီး ‘’ သူကတော့ အောင်မြင်ပါ။ ကျွန်တော်ကတော့ မေတ္တာပါ။ ‘’ အဲဒီနောက် သူက ထပ်ပြောလိုက်တယ်။
‘’ အခု အထဲဝင်ပြီး ကျုပ်တို့ထဲက ဘယ်သူ့ကို ခင်ဗျားအိမ်ထဲ ဝင်စေချင်သလဲဆိုတာ ခင်ဗျားယောကျာ်းနဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါဦး။’’
အမျိုးသမီးကြီးက အထဲဝင်သွားပြီး သူမယောကျာ်းကို ဘာပြောရမလဲဆိုတာ မေးပါတယ်။ သူမယောကျာ်းက အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်။
‘’ဘယ်လောက်ကောင်းလိုက်သလဲ။’’ လို့ပြောပြီး ‘’ ဒါအခွင့်ကောင်းပဲ။ငါတို့ချမ်းသာကို ဖိတ်ခေါ်ရအောင်။သူ့ကို ဝင်ခွင့်ပြုပြီး ငါတို့အိမ်ကို ချမ်းသာခြင်းတွေနဲ့ ဖြည့်ဆည်းမယ်။’’
သူ့ရဲ့ ဇနီးက သဘောမတူပါဘူး။ ‘’ အချစ်ရေ .. ကျုပ်တို့က အောင်မြင်ကို ဘာကြောင့်မဖိတ်ခေါ်ရမှာလဲ။’’
သူတို့ရဲ့ချွေးမဟာ အိမ်ရဲ့ တခြားထောင့်တစ်နေရာကနေ နားထောင်နေပါတယ်။ သူမက ဝင်ပြီး အကြံပေးလိုက်တယ်။ ‘’ မေတ္တာကို ဖိတ်ခေါ်တာထက် ဘယ်အရာက ပိုကောင်းမှာလဲ။ ကျွန်မတို့ရဲ့ အိမ်က မေတ္တာတရားတွေနဲ့ ပြည့်ဝနေလိမ့်မယ်။’’
ယောကျာ်းက သူ့ဇနီးကို ပြောလိုက်တယ်။
‘’ငါတို့ ချွေးမရဲ့ အကြံဉာဏ်ကို လိုက်နာရမယ်။’’
‘’အပြင်သွားပြီး ငါတို့ရဲ့ ဧည့်သည်ဖြစ်မယ့်မေတ္တာကို ဖိတ်ခေါ်လိုက်ပါ။’’
အမျိုးသမီးကြီးက အပြင်ထွက်သွားပြီး အဘိုးအိုသုံးယောက်ကို မေးလိုက်တယ်။ ‘’ ရှင်တို့ထဲက ဘယ်သူဟာ မေတ္တာလဲ။ ကျွန်မတို့ရဲ့ဧည့်သည် အဖြစ် အထဲကိုကြွပါ။’’
မေတ္တာဟာ ထလိုက်ပြီး အိမ်ဆီကို လမ်းစလျှောက်လိုက်တယ်။ အခြားနှစ်ယောက်ကလည်း ထလိုက်ပြီး သူ့နောက်မှ လိုက်ကြတယ်။ အံအားသင့်သွားတဲ့ အမျိုးသမီးကြီး ဟာ ချမ်းသာနဲ့အောင်မြင်ကို မေးလိုက်တယ်။’’ကျွန်မက မေတ္တာကိုသာ ဖိတ်ခေါ်တာပါ။ ရှင်တို့က ဘာကြောင့် အထဲဝင်ရတာလဲ။’’
အဘိုးကြီးတွေဟာ အတူတူ ပြန်ဖြေလိုက်တယ်။
‘’မင်းဟာ ချမ်းသာ ဒါမှမဟုတ် အောင်မြင်ကို ဖိတ်ခေါ်ခဲ့ရင် ငါတို့ထဲက အခြားနှစ်ယောက်က အပြင်မှာ နေခဲ့ရမှာပါ။ ဒါပေမဲ့ မင်းက မေတ္တာကို ဖိတ်ခေါ်ပြီးတဲ့ အချိန်ကစလို့ သူသွားတဲ့နေရာကို ငါတို့က သူနဲ့အတူ သွားရမှာပါ။ မေတ္တာတရားရှိတဲ့ ဘယ်နေရာမဆို ချမ်းသာခြင်းနဲ့ အောင်မြင်ခြင်းလည်း ရှိပါတယ်။ ‘’

The Best English Magazine တွင် ဖော်ပြခံရသော ပထမဆုံးဘာသာပြန်စာမူဖြစ်သည်။

3 comments:

ကြည်ဖြူခင်ခင် said...

လူ့အဖွဲ့အစည်း.. မိသားစု .. မိတ်ဆွေသူငယ်ချင်း ဒါတွေအားလုံးကြားမှာ အလိုအပ်ဆုံးက မေတ္တာတရားပဲပေါ့..

စံပယ်ချို said...

ဟုတ်တာပေါ့ညလေးရေ............အမှန်ကန်ဆုံးပဲ

နွေလ said...

မနေ့က ရောက်ခဲ့သေးတယ်
ဒါပေမယ့် အရင်တစ်ခါကလို ဖြစ်နေလို့
ထပ်ပြီးများ Hack ခံရလား မသိဘူးဆိုပြီး စိတ်ပူနေသေးတယ်
ဒီပို့စ်လေးကို ထပ်ပြီးဖတ်ခဲ့ပါတယ်
ဘာသာပြန်ထားတာ ကျစ်ကျစ်လစ်လစ်နဲ့
ဖတ်လို့အရမ်းကောင်းတယ် အစ်မရေ
ဘာသာပြန်ပို့စ်တွေ အများကြီးရေးနိုင်ပါစေနော်

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။