Tuesday, July 10, 2012

ရောက်တတ်ရာရာ(၁)

အခုပြောမယ့် အကြောင်းအရာတွေဟာ စာရေးသူ ခံစားမိလို့ ရေးမယ့်အကြောင်းအရာတွေပါ။ ရောက်တတ်ရာရာဆိုပြီး အပိုင်းခွဲရေးပါ့မယ်။ စာရေးသူဟာ နိုင်ငံရေးသမားလည်း မဟုတ်သလို စီးပွားရေးပညာရှင်လည်း မဟုတ်ပါဘူး။ ဂျာနယ်ထဲ ဖတ်မိသမျှလေးတွေ၊ ကိုယ်တိုင်တွေးမိတာလေးတွေ၊ ကိုယ်တွေ့ကြုံရတာလေးတွေကို ဘလော့ပေါ်မှာ ပွစိပွစိတက်ပြောခြင်းသာဖြစ်ပါသည်။ တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာမိသွားစေပါက အနူးအညွတ် တောင်းပန်ပါသည်။
လွန်ခဲ့တဲ့နှစ်နှစ်ကျော်က စာရေးသူ ရသုံးမှန်းခြေ ငွေစာရင်းဌာန ဦးစီးအရာရှိ စာမေးပွဲဖြေခဲ့ပါသည်။ “ငါတို့ သေသွားရင် နင့်ကို တစ်ယောက်တည်းထားခဲ့ရမှာ။ အစိုးရ အလုပ်က ဂုဏ်ရှိတယ်” ဆိုတဲ့ မေမေရဲ့ ဆန္ဒအရ စာမေးပွဲဖြေဖို့ လျှောက်လွှာတင်ခဲ့ပါသည်။ (မှတ်ချက်။ တစ်ဦးတည်းသော သား၊သမီးတွေဟာ မိဘတွေရဲ့ ဆန္ဒကို လိုက်ဖြည့်ဆည်းပေးရတာများပါတယ်။) စာမေးပွဲဝင်ကြေး(၅၀၀) ကို အစိုးရဘဏ်မှာ သွားသွင်းရပါသည်။ အဲဒီတုန်းက စာရေးသူ မနက်(၉)နာရီခွဲလောက်ကတည်းက ဘဏ်မှာ ရောက်နေခဲ့သည်။ ငွေသွင်းချလံလေးရဖို့ မနက်(၉)နာရီခွဲကနေ ညနေ(၄)နာရီလောက်ထိ ထိုင်စောင့်ခဲ့ရသည်။ လက်မှတ်ထိုးပေးမည့်သူက မနက်(၁၀)နာရီကျော်ကျော်မှ ရောက်လာသည်။ မနက်(၁၁)နာရီကနေ နေ့လည်(၂)နာရီ လောက်ထိက လက်ဖက်ရည်ဆိုင်မှာ။ စာရေးသူတော်တော်ဒေါသထွက်သွားသည်။ ဒီတစ်ခါ အစိုးရ စာမေးပွဲဖြေတာ ပထမဆုံးနှင့် နောက်ဆုံးဟု ဆုံးဖြတ်ချက်ချမိသွားသည်။ အစိုးရဝန်ထမ်းတော်တော်များများ၏ အချိန်မလေးစားပုံကို မုန်းမိသည်။ အားလုံးကို မဆိုလိုပါ။
ဦးစီးအရာရှိရေးဖြေစာမေးပွဲအတွက် မေမေက ကျူရှင်တက်ခိုင်းပါသည်။ စာရေးသူက ဂျစ်ကန်ကန်နှင့် မတက်ခဲ့ပါ။ ဘွဲ့ရလူငယ်တစ်ယောက်ဟာ ကိုယ်တိုင်လေ့လာပြီးဖြေနိုင်ရမည်ဟု ကြီးကျယ်နေခြင်းဖြစ်သည်။ (အမှန်တကယ်တော့ ခြေချော်လက်ချော် စာမေးပွဲအောင်ပြီး ဦးစီးအရာရှိလုပ်ရမည်စိုး၍ ဖြစ်သည်။) စာရေးသူ တက်လှမ်း၊အောင်ကောင်းဆင့် စတဲ့ စာအုပ်တွေနဲ့ သတင်းစာတွေဖတ်ရပါသည်။ ရေးဖြေ(၃)ဘာသာဖြေရပါသည်။ မြန်မာ၊အင်္ဂလိပ်၊အထွေထွေဗဟုသုတပါ။ နေပြည်တော်မှာသွားဖြေရပါသည်။ စည်ပင်ရိပ်သာမှာ အခန်းရဖို့အရေး တော်တော်ထိုင်စောင့်ရသည်။ အဲဒီမှာပဲ မုံရွာ (MBA 7 Batch) က ကောင်မလေးတစ်ယောက်နှင့် ခင်ပြီး တစ်ခန်းတည်းတည်းဖြစ်သွားသည်။ စာမေးပွဲအတွက်စာမကြည့်ဘဲ စာရေးသူနှင့် မေမေကတော့ နေပြည်တော် တိရိစ္ဆာန်ရုံတို့ ရေပန်းဥယျာဉ်တို့ကို အားရပါးရလည်ပါသည်။ စာမေးပွဲကို ကောင်းကောင်းဖြေနိုင်ခဲ့ပါသည်။
ဟော အောင်စာရင်းထွက်လာတော့ ရေးဖြေအောင်ပါလေရော။ စိတ်ဓာတ်တော်တော်ကျသွားသည်။ (ဒါဆိုလည်း အောင်အောင်မဖြေခဲ့နဲ့ပေါ့လို့ မတွေးကြပါနဲ့နော်။ လူ့ရဲ့ အတ္တကြောင့်ပါ။) နှုတ်ဖြေအတွက် တစ်လ အချိန်ရသည်။ နှုတ်ဖြေအတွက် ကျူရှင်ကို မေမေတို့က နေပြည်တော်သွားတက်ခိုင်းသည်။ ဒီတစ်ခါလည်း စာရေးသူ ငြင်းလိုက်သည်။ စာရေးသူမှာ လက်ရှိအလုပ်က ခွင့်ယူပြီး သွားလို့မရကြောင်း ဂဂျီဂဂျောင်ကျလိုက်သည်။ တစ်ချိန်တည်းမှာ စာမေးပွဲအောင်အောင် လာဘ်ထိုးမပေးရဟု မှာထားရသေးသည်။ (စာရေးသူ သူငယ်ချင်းတွေထဲမှာ လျှပ်စစ်ဦးစီး၊ရသုံးမှန်းခြေဦးစီးတွေရှိပါသည်။ လာဘ်ထိုးပြီးလိုက်ရသည့် လမ်းကြောင်းတွေအကြောင်း စာရေးသူသိပြီး ဖြစ်သည်။) ရင်းနှီးလိုက်ရမည့် ငွေပမာဏနဲ့ အရာရှိလစာကို ချိန်ထိုးရင်း အရင်းကြေမည့်ကာလကို တွက်ကြည့်ပြီးဖြစ်သည်။ အရင်းကြေဖို့ဆိုရင် ဝန်ထမ်းကောင်းဖြစ်အောင်လုပ်ဖို့ သိပ်မသေချာတော့ပါ။ အကျင့်စာရိတ္တကို နင်းခြေရတော့မည်ဖြစ်သည်။ ထိုအဖြစ်မျိုးစာရေးသူ အဖြစ်မခံနိုင်ပါ။ ထိုတစ်လအတွင်းမှာ စာရေးသူ ဆံပင်အရှည်ကို ဗိုလ်ကေနီးနီးညှပ်ပစ်လိုက်ပါသည်။ ခေါင်းရှုပ်လို့ဆိုသည့် အကြောင်းပြချက်နဲ့ပါ။ မကြည့်ချင်သည့်စာတွေကို လေ့လာရင်း နေပြည်တော်သို့ နောက်တစ်ခေါက်ရောက်ခဲ့ပါတော့သည်။
အမလေးလေး။ နှုတ်ဖြေမှာ ဆံပင်အတိုကြီးနဲ့ဆို မကောင်းဘူးလို့ သူငယ်ချင်းတွေက အကြံပေးကြသည်။ ဒါနဲ့ မေမေရယ် စာမေးပွဲဖြေမယ့် မနက်က မြို့မဈေးမှာ ဆံပင်တုသွားရှာသည်။ (စာရေးသူတော်တော်မွှေတာနော်။ မေမေကို ကြည့်ပြီး သနားလည်းသနားပါသည်။ ဘာလို့ အဲဒီအလုပ်ကို အရမ်းအာရုံထားနေလဲ နားမလည်ပါ။ လက်ရှိအလုပ်က လစာပိုများပါသည်။) နေ့လည်မှဖြေရသည့်အတွက် ပြင်ဆင်ချိန် တော်တော်ရသည်။ အကျီၤအဖြူရင်ဖုံး ၊ ကတီပါဖိနပ် နဲ့ ဆံထုံးနဲ့။ တော်တော်အလုပ်ရှုပ်ပါသည်။
စာရေးသူ အလှည့်ရောက်တော့ နှုတ်ဖြေမေးမည့် အခန်းထဲ ဝင်သွားရသည်။ ဝင်ဝင်ချင်း လူကြီး(၃) ယောက်ထိုင်နေသည်။ သူတို့ကို ဦးညွှတ်ရသည်။ ထိုအချိန်မှာ ‘ငါ့ ဆံထုံးများပြုတ်ကျသွားရင်သွားပါပြီ’ ဆိုပြီး ရင်တထိတ်ထိတ်နဲ့ပါ။ နာမည်မေးမိတ်ဆက်ပြီးတော့ မေးခွန်းများမေးပါသည်။
‘ကိုယ့်အကြောင်းကို အင်္ဂလိပ်လို ပြောပြပါ’ တဲ့။ ဟားဟား ဒါမျိုးကတော့ ပါးပါးလေးပဲ။ ထိုမေးခွန်းကို ဖြေနိုင်လိုက်သည်။
‘မြန်မာနိုင်ငံ အလံမှာ ဘယ်နှရောင်ပါလဲ။’ တဲ့။ ‘သုံးရောင်ပါ ရှင့်။’ ‘ဟုတ်လို့လား။’ စဉ်းစားသည်။ အမလေးလေး အလယ်ကောင်က ကြယ်ဖြူကို မေ့နေသည်။ ‘လေးရောင်ပါ ရှင့်။ အဝါ၊ အစိမ်း၊အနီ၊ အဖြူပါ။’
‘မြန်မာနိုင်ငံမှာ ရထားဘယ်နှစီးရှိသလဲ။’ တဲ့။ ဟင်ငါကြည့်ထားတဲ့ထဲမှာ ရထားဘယ်နှစီးရှိတယ်ဆိုတာ ပါမှမပါတာကြီး။ဘယ်သိမလဲနော်။ ငါခုထိ ရထားတစ်ခါပဲ စီးဖူးသေးတာ။ ဘယ်နှစီးရှိတာလောက်တော့ ငါဘယ်သိမလဲ။ စာရေးသူစိတ်ထဲကပြောနေခြင်းပါ။ စဉ်းစားနေရင်း ပါးစပ်ကလွှတ်ဆိုထွက်သွားသည်။ ‘(၇)စီးပါ။’ (စာရေးသူ အကြိုက်ဆုံး ဂဏန်းတွေက (၁၊၇၊၉) ရယ်ပါ။ တော်သေးတာ (၁)လို့ သွားမဖြေမိလို့။)
‘မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥက္ကဌက ဘယ်သူလဲ။’ (ထိုမေးခွန်းဘာကြောင့်မေးတာလဲဆိုတော့ စာရေးသူရဲ့ လျှောက်လွှာကိုယ်ရေးအကျဉ်းမှာ ၂၀၀၄ ခုနှစ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဝတ္ထုတို ပြိုင်ပွဲ မှာ ဒုတိယ ရခဲ့ဖူးသည်ဟု ရေးခဲ့သောကြောင့်ဖြစ်သည်။)
ထိုမေးခွန်းလည်းမဖြေနိုင်ပါ။ လက်ရှိဥက္ကဌကို မသိတာအမှန်ပါ။ ထိုနေ့က မေးခွန်း (၂၅) ခုလောက်မှာ (၁၀) ခုနီးပါးလောက်ပဲ ဖြေနိုင်ခဲ့ပါသည်။ နွားကျောင်းသားအမေးကို ပညာရှိမဖြေနိုင်တာ မဆန်းပါဘူးနော်။ ဟီးဟီး။ ဟုတ်တယ်လေ။မေးတာလဲ ကြည့်ဦး။ ရထားဘယ်နှစီးရှိတာလဲတဲ့ လူကို။ ကိုယ့်ရပ်ကွက်ထဲတောင် လူဘယ်နှယောက်ရှိမှန်း မသိတဲ့လူကို။
မဖြေနိုင်သည့်အတွက် ဝမ်းသာအားရ ထိုအခန်းထဲမှထွက်လာခဲ့သည်။
အောင်စာရင်းထွက်လာတော့ စာရေးသူမအောင်ပါ။ နင်စာမေးပွဲ မအောင်တာ ငါတို့နေပြည်တော်မှာ ကျူရှင်တက်ခိုင်းတာ မတက်လို့ဖြစ်တာ ဆိုသည့် ပိကျိပိကျိ အသံကိုတော့ အမြဲနားသောတဆင်ရပါတော့သည်။ အတွေ့အကြုံကတော့ ဒီလောက်ပါပဲ။

2 comments:

လရိပ်အိမ် said...

အရင်အလံအရောင်နဲ့မှားသွားတယ်ပေါ့။ ;)

လရိပ်အိမ် said...

သစ်ပင်က သစ်ရွက်လေးတွေ တစ်နေ့ကို ဘယ်နှစ်ရွက်ကြွေကျလဲလို့ အမေးမခံလိုက်ရဘူးလား။

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။