Sunday, May 1, 2016

မသိစိတ်ရဲ့ ပုံရိပ်(၁)




သူ့ပခုံးပေါ် စာအုပ်နှင့် ဖွဖွထုရိုက်ခံလိုက်ရတဲ့ ခံစားမှု။ မော့ကြည့်လိုက်တော့ သူလွမ်းမောနေသည့် သူမျှော်လင့်တောင့်တနေသည့် သူတွေ့ချင်မြင်ချင်သည့် သူ့နတ်သမီးလေး။ သူ့လမ်းပြကြယ်။ အစိမ်းရင့်ရောင် လက်ပြတ်အင်္ကျ ီနှင့် စကတ်တိုကို ဝတ်ထားကာ ထိုင်နေသည့်သူ့ကို အပေါ်မှ မိုးကာ ပြုံး၍ စိုက်ကြည့်သည်။ သူတို့မတွေ့ဖြစ်တာ တစ်နှစ်ကျော်။ သူတို့အသံတွေတိတ်ဆိတ်နေခဲ့တာ တစ်နှစ်ကျော်။ သူ့နှလုံးခုန်သံတွေ ရပ်တန့်နေခဲ့တာ တစ်နှစ်ကျော်။ ထိုကာလတွေ။ ဖြတ်သန်းရခက်လောက်အောင် ပင်ပန်းခဲ့သည့် ထိုကာလတွေ။ ပြုံးရယ်နေသည့် ထိုမျက်နှာလေးကို မြင်တွေ့လိုက်ရတော့ ခြေကုန်လက်ပန်း ကျတာတွေ ပြေပျောက် သွားသလို ကြည်နူးအပန်းပြေမှု။ ထိုခံစားချက်ကို နှိုင်းပြဖို့ မစွမ်းနိုင်လောက်အောင် သူတဒင်္ဂ ဆွံ့အသွားခဲ့သည်။ ဝေးသွားခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း သူမ မျက်နှာလေး အနည်းငယ် ပြည့်လာသည်ကလွဲလျှင် အရင်ကထက် ပိုနူးညံ့တာကလွဲလျှင် ပြောင်းလဲမှု သိပ်မရှိသည်ကို တွေ့ရသည်။ပြန်လည် တွေ့ဆုံမှု၏ အစသည် သွေးအေးမနေဘဲ တစိမ်းဆန်မနေဘဲ နှုတ်တွေဆွံ့အမနေဘဲ အလိုက်သင့် ပျော့ပျောင်းသည်။ ထိုခဏတွင် ကမ္ဘာလောကကြီးလှပ၏။ ငြိမ်းချမ်း၏။ အလွမ်းကြောင့် အချစ်တွေ တဖန်နိုးထလာ၏။ ရပ်တန့်ထားခဲ့သည့် သူ့အချစ်ကို သံပတ်ဆက်ပေးလို့ရသည့် အမိန့်တခု လက်ခံရလိုက်သလိုမျိုး။ စက်ရုပ်ဆန်နေသည့် သူ့အချိန်တွေကို တဖန်ပြန်လည် လူသားဆန်စေခြင်း၏ ဆုလာဘ်တခု လက်ခံရလိုက်သလိုမျိုး။ ထိုအရာရာကို သူကျေနပ်လိုက်တာ။ အားရလိုက်တာ။ သူပျော်မြူးလိုက်တာ။
ထို့နောက် Fast Food ဆိုင်တစ်ဆိုင်တွင် ထိုင်ကာ စကားပြောမည်ဟု သဘောတူညီမှုယူပြီးနောက် သူမက သူဘာစားချင်သလဲ တယုတယမေးသည်။ သူကတော့ စားဖို့သောက်ဖို့ထက် သူ့အပေါ် နူးညံ့ပျော့ပျောင်းလာသည့် သူမကို အကဲခတ်လျက်။ မယုံကြည်နိုင်ဖြစ်။ တအံ့တသြဖြစ်။ ထို့နောက် သူမအနားကပ်ကာ သူမကိုယ်သင်းရနံ့ကို ခိုးရှိုက်လိုက်သည်။ ဒါအိပ်မက်လား။ လက်တွေ့အဖြစ်အပျက်လား မဝေခွဲနိုင်ဖြစ်ရသည် ကတော့ အမှန်ပင်။ သူနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ သူက တချက်တချက် စိုက်ကြည့်တော့ မျက်နှာလွှဲသယောင် ပြုသည့် ရှက်ကိုးရှက်ကန်းဟန်။ သူမနှုတ်ခမ်းပါးလေးတွေက အရင်လိုပဲ ရင်ခုန်ဖွယ်ကောင်းသည်။ သူမလက်ချောင်းတွေက အရင်လိုပဲ ကဗျာသိပ်မဆန်လှ။ သူမဆံပင်တွေက အရင်ထက် အနည်းငယ် ရှည်လာသည်။ သူမအပြုံးတွေက အရင်လို တောက်ပသည်။ သူမစကားပြောတာ အရင်လို သိပ်မြန်မြန်မဟုတ်တော့။ သူမမျက်ဝန်းတွေက အရင်လိုပဲ အချစ်ရိပ်သန်းလျက်။ ထိုသိမ်မွေ့နူးညံ့လာသည့် သူ့နတ်သမီးသည် သူစားဖို့ ကြက်ကြော်နွှာပေးကာ စကားတွေ ရေပက်မဝင် ပြောလျက်။ သူတစ်ချိန်က သူမကို ဝန်ဆောင်မှုပေးခဲ့သလို သူ့အပေါ် သူမက တန်ပြန် တာဝန်ကျေလျက်။ စားရင်းသောက်ရင်း ရယ်ရင်းမောရင်း ရှေးဟောင်းနှောင်း ဖြစ်ပြောကာ သူမနှင့် ဖြတ်သန်းရသည့် အချိန်တွေကို ရပ်တန့်ထားလို့ရလျှင် ရပ်တန့်လိုက်ချင်ပါသည်။ ထိုတဒင်္ဂလေးဟာ အိပ်မက်ဖြစ်မှာ စိုးရွံ့လှတာ။ သူပိုင်ဆိုင်ထားသည့် ထိုတဒင်္ဂကို ဆုံးရှုံးရမှာ ကြောက်လှတာ။  သူ့ရှေ့တွင် အရှင်လတ်လတ် ထိုင်နေသည့် သူမပုံရိပ်ပျောက်သွားမှာ ပူပန်ရတာ။ သူမနှင့် ပတ်သက်လျှင် အချိန်ကာလ တစ်နှစ်ကျော်သည် သူ့ကို မရင့်ကျက်စေဘဲ  သူ့အချစ်တွေဟာ အရင်အတိုင်း သွေးဆူတုန်းပါ။ အရင်အတိုင်း သူမကို အမြတ်တနိုး ရှိတုန်းပါ။ ဒါတွေကို သူက သူမသိအောင် ဖွင့်ပြောရမည်လား။ သူ့မျက်ဝန်းတွေကို စိုက်ကြည့်ယုံဖြင့် သူမ သိနိုင်၊ မြင်နိုင်လျှင် သိပ်ကောင်းမှာပဲ။ သူမမျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့် အဖြေရှာခဲ့သလိုမျိုး သူ့မျက်ဝန်းတွေမှာ သူမအဖြေရှာလျှင် သိပ်ကောင်းမှာပဲ။ သူမကရော သူ့ခံစားချက်အမှန်ကို မရှာဖွေချင်ဖူးလား။ ထိုမေးခွန်းကို မမေးဖြစ်ဘဲ သူကလဲ သူ့ခံစားချက်ကို ဖွင့်မပြောဖြစ်ဘဲ သူတို့တူတူရှိခဲ့ကြသည်။ ဖြတ်သွားဖြတ်လာကြုံသော ရှိုးပွဲတစ်ခုကို သူတို့နှစ်ယောက်လုံး ဝင်ငေးမောရင်း အဆိုတော်နှင့် အပြိုင် သူမစိတ်လိုလက်ရသီချင်းလိုက်ဆိုသည်။ သူကလဲ သူမနှင့်အတူ အားကျမခံ သံယောင်လိုက်သည်။ သူမဟန်သည် လွတ်လပ်သည်။ ကလေးဆန်သည်။ သူနှင့် အတူတူရှိနေချိန် သူမပျော်မြူးနေပုံ။ ဒါသူမကိုယ်တိုင်မဖုန်းကွယ်နိုင်။ သူမခံစားချက်ကို သူအပန်းတကြီး ဖွေရှာစရာမလိုတော့။
ထို့နောက် ရွှေတိဂုံဘုရားတူတူဖူးရင်း သူတို့နှစ်ယောက်၏ နေ့ရက်ကို ပိုအသက်ဝင်စေခဲ့သည်။ ဘုရားရင်ပြင်တနေရာမှာ ခဏထိုင်ရင်း သူမမျက်ဝန်းတွေနှင့် ဆုံမိသည့် အခိုက်အတန့်။ ထိုမျက်ဝန်းတွေ။ သူမကို စိတ်အဝင်စားဆုံး အရာထဲတွင် သူမမျက်ဝန်းတွေလဲ ပါသည်။ ထိုမျက်ဝန်းထဲ တခါတရံ ခံစားချက် ဖွင့်ထုတ်သည့် အငွေ့အသက်။ တခါတရံ သိုသိပ်သည့် ခံစားချက်။ ထိုပဟေဠိဆန်ဆန်မျက်ဝန်းနှင့် ထိပ်တိုင်မဆုံဆုံအောင် သူ့ဘက်က ဖန်တီးရသည်။ ဘုရားပေါ်က ဆင်းတော့ သူတို့နှစ်ယောက် ညစာတူတူ စားသည်။ သူ့ကို ခွံ့ကျွေးမလို ရှက်ရွံ့သည့်ဟန်။ ဇွန်းကိုင်ထားသည့် သူမလက်က ပတ်ဝန်းကျင်ကို အလေးထား၍ တွန့်ဆုတ်နေသည်။ ပထမဆုံး သူ့ကို အမှတ်မထင် ခွံ့ကျွေးခဲ့သည့် ပုံရိပ်။ ပြန်တွေးကြည့်လျှင် ထိုပုံရိပ်သည် ရင်ခုန်လှိုက်မောဖွယ် ကောင်းလှသည်။ သူမရဲ့ ရှက်ရွံ့ဟန်။ သူ့စိတ်မြင်ကွင်းက ထိုပုံရိပ်ပန်းချီကားကို မည်သူမျှဖျောက်ဖျက်၍မရ။
ညစာစားပြီး နှစ်ဦးသား လမ်းခွဲထွက်လာတော့ သူမမျက်ဝန်းတွင် ဆွေးရိပ်သန်းလျက်။
သူ့ရင်တွင် ဖော်မပြတတ်အောင် နာကျင်လျက်။
လမ်းလျှောက်ရင်း လျှောက်ရင်း……………… မမောတမ်း သူမပုံရိပ်တွေ ပြန်မြင်ယောင်ကာ။
အော် သူ အိပ်မက်မက်နေပြန်ပီ။

ရိုးမြေကျ(မုံရွာ)
16.4.2016(9:10PM)





1 comments:

ဆန်းစနေ၀န်း said...

မရောက်တာကြာပြီဖြစ်လို့ လာလည်သွားပါတယ်...

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။