Wednesday, October 10, 2012

လိပ်ပြာလွှတ်သူ




ဟော ခြေသံကြားသည်။  သူမလာနေပြီထင်သည်။ လှေကားထစ်တွေဆီ ဖြေးဖြေးဖွဖွတက်လာသည့် ခြေသံသည် သူမ၏ ခြေသံဖြစ်ပါစေလို့သာ ကျွန်တော်ကြိတ်ဆုတောင်းမိသည်။ ပုံရိပ်ဝိုးတဝါးကို မြင်တွေ့ရမှ သူမမှန်း သိလိုက်ရ၍ ကျွန်တော်သက်ပြင်းချနိုင်တော့သည်။ သူမကတော့ ကျွန်တော်ရှိတာကို ရိပ်မိပုံမရဘဲ Toilet ခန်းဆီသို့သာ ဦးတည်နေသည်။ ကျွန်တော်ကလဲ အသံမပေးဘဲ သူမကိုသာ ခပ်တွေတွေ စိုက်ကြည့်နေမိသည်။ အခုရက်ပိုင်းမှာ ခေါင်းငိုက်စိုက်နှင့် တွေဝေငေးမောနေတတ်သော သူမကို သာ အမြဲမြင်တွေ့ရသည်။  ရေဆွဲချလိုက်သံကြားတာနှင့် ကျွန်တော်ရှိနေမှန်းသိအောင် သူမကို အသိပေးမှဖြစ်မည်။ မှန်ပြတင်းတွေကို ကျွန်တော့်အတောင်ပံနှင့် ရိုက်ခတ်လိုက်သည်။ ပထမ တစ်ချက် နှစ်ချက်မှာ သူမက သတိထားမိပုံမပေါ်။ ဘယ်သတိထားမိပါ့မလဲ။ ဘာတွေအတွေးနယ်ချဲ့နေမှန်းမှမသိတာ။ ကျွန်တော်လဲ ကျွန်တော့်အတောင်ပံတွေနဲ့ မှန်ပြတင်းကို ခပ်ပြင်းပြင်းရိုက်ချလိုက်သည်။ သူမ မော့ကြည့်လာသည်။ ကျွန်တော်ရှိနေသော နေရာကို သူမမြင်သွားပြီ။ ထုံးစံအတိုင်း သူမရဲ့ လက်နူးနူးညံ့ညံ့တွေနှင့် ကျွန်တော့်ကို ဖွဖွလေးဖမ်းတော့မည်။ ကျွန်တော်ရှိနေသော နေရာက သူမအရပ်နှင့် မမီသည့်အတွက် သူမက ကျွန်တော့်ကို လက်လှမ်းမီရန် ခုံရှာနေသည်။ ခုံပေါ်တက်ပြီး ကျွန်တော်ရှိရာ သူမလက်လှမ်းလိုက်တော့ ကျွန်တော့်က နည်းနည်းမြင့်သည့် အမြင့်သို့ ပျံတက်လိုက်သည်။ မျက်နှာကြက်နှင့် အတောင်ပံတွေရိုက်ခတ်ရင်း သူမကို စောင့်ကြည့်နေလိုက်သည်။ ကျွန်တော့်ကို ဖမ်းဖို့ သူမက စားပွဲပေါ် နောက်ထပ်တက်လာသည်။ ကြာရင် ကျွန်တော် စနောက်နေတာနှင့် အမြင့်ကနေ သူမပြုတ်ကျနိုင်သည်။ ကျွန်တော်လည်း သူမခုံနှင့် တက်ရပ်နေသော မှန်ပြတင်းနား အသာတကြည်ပဲ ပျံသန်းသွားလိုက်သည်။ သူမလက်နှစ်ဖက်နှင့် ကျွန်တော့ခန္ဓာကိုယ်ကို အုပ်ဖမ်းလိုက်သည်။ သူမ လက်ခုပ်ထဲက ကျွန်တော့် ကိုယ်ထည်နှင့် အရောင်ကို သူမက မမှိတ်မသုန်စိုက်ကြည့်နေသည်။ အနက်ရောင်ကိုယ်ထည်ပေါ်မှာ အဖြူရောင်အပျောက်လေးတွေနှင့် ကျွန်တော့်ကို သဘောကျနေသော သူမကို ကြည့်ပြီး ကျွန်တော်ပျော်လာသည်။ ပြတင်းပေါက်ကနေ လေဟာနယ်အကျယ်ကြီးထဲ လွတ်လွတ်လပ်လပ် ပျံသန်းဖို့ သူမ ကျွန်တော့်ကို လွှတ်ပေးတော့မည်ဆိုတာ ကျွန်တော်သိတာပေါ့။ တခြားသူတွေလို “နင့်အသက် ဆယ်ခါလွှတ် ၊ ငါ့အသက်ဆယ်ခါလွှတ်” လို့ပြောပြီး လွတ်မြောက်စေသူထဲမှာတော့ သူမ မပါမှန်း ကျွန်တော်ရိပ်မိသည်။ သူမစိတ်ထဲ ရေရွတ်နေတာတွေက “ငါ ကဘောင်တွေနဲ့နေရတာ ၊ အချုပ်အခြယ်တွေနဲ့ နေရတာ ငါမကြိုက်ဘူး။ မင်းလဲ လွတ်လွတ်လပ်လပ်ပျံသန်းပါကွာ။ ဘာလို့ ဒီပိတ်လှောင်နေတဲ့ အဆောက်အဦးထဲ ခဏခဏလာနေရတာလဲ။ လွတ်လွတ်လပ်လပ်ပျံသန်းပါ။” လို့ပဲ ကျွန်တော်ယုံကြည်သည်။ လတ်ဆတ်သော လေထုထဲ ကျွန်တော်ထိုးတက်ပျံသန်းတော့ သူမက ကျွန်တော့်ကို စိုက်ကြည့်နေသေးသည်။
ဒီအဆောက်အဦးလေးထဲမှာ သူမကို ကျွန်တော်စတွေ့ခဲ့သည်။ အဲကွန်းအပြည့်နှင့် မှန်ပြတင်းတွေအမြဲပိတ်ထားတတ်သော ထိုအဆောက်အဦးလေးထဲမှာ တခါတလေ မှန်တံခါးတွေဖွင့်ထားတတ်သည့် အခါမျိုးတွေနှင့် ကြုံကြိုက်လာရသည့် အခါ ယောင်မှားလမ်းမှားပြီး ရောက်ရောက်သွားသည့် ကျွန်တော်နှင့် မျိုးနွယ်တူ လိပ်ပြာလေးတွေ။ သေပွဲဝင်သွားရတဲ့ ကျွန်တော်တို့ မျိုးနွယ်စုတွေရှိသလို သူမကြောင့် လွတ်မြောက်လာတဲ့ လိပ်ပြာလေးတွေလဲရှိပါသည်။ ကျွန်တော့် အသက်ကိုတော့ သူမက အကြိမ်ကြိမ် ကယ်တင်ပေးနေသည်။ ရံဖန်ရံခါတော့ သူမနှင့် တွေ့ချင်၍ ကျွန်တော်က ထိုပိတ်လှောင်နေသည့် အဆောက်အဦးထဲ တည့်တည့်ဝင်တိုးခြင်းသာဖြစ်သည်။ သူမနှင့် မတွေ့သည်အခါမျိုးမှာ ထွက်ပေါက်တစ်ခုရှာဖို့ ကျွန်တော် အားထုတ်ရသည်။ သူမနှင့် နောက်တစ်ခါ ပြန်တွေ့ချင်သည့် စိတ်ကြောင့် ကျွန်တော်က ထွက်ပေါက်နှင့် ကံအားလျော်စွာ အမြဲတမ်းတွေ့တတ်ပါသည်။
လွန်ခဲ့သည့် အပတ်က သူမတို့ရုံးမှာ အစည်းအဝေးလုပ်နေတုန်း လိပ်ပြာလေးတစ်ကောင် မှန်ပြတင်း ကို အတင်းတိုးဝင်ရိုက်ခတ်နေသည်။ အတောင်ပံခတ်သံကြားတော့ သူမက အစည်းအဝေးထဲ စိတ်မဝင်စားနိုင်တော့ဘဲ လိပ်ပြာလေးကို ခဏခဏ ခိုးခိုးကြည့်နေသည်။ အစည်းအဝေးပြီးပြီးချင်း ထိုလိပ်ပြာလေးဖမ်းဖို့ ခုံရှာသည်။ လက်လှမ်းမီသောအခါ လိပ်ပြာလေးကို ခပ်ဖွဖွဖမ်းဆုပ်ထားပြီး အားပါးတရ ပျံသန်းခွင့်ရသည့် နေရာရောက်မှ လွှတ်ပေးတတ်သည်။
ကျွန်တော်ကတော့ မှန်ပြတင်းတွေအမြဲပိတ်ပြီး လိုက်ကာ အမြဲချထားတတ်သော ဒီအဆောက်အဦးလေးကို မကြာခဏလာပါမည်။ အကြိမ်ကြိမ် လွတ်မြောက်စေမည့် သူမနှင့် တွေ့ချင်သည်။
ကျွန်တော့်ရဲ့ မိုက်ရူးရဲဆန်မှုကို သူမသိလျှင် ကျွန်တော့်ကို နောက်ထပ် လွှတ်ပေးပါ့မလားဆိုတာတော့……………..
ရိုးမြေကျ (9/10/2012, 1:04pm)
ရုံးခန်းထဲ ပိတ်မိနေတဲ့ လိပ်ပြာလေးတွေလွှတ်ရင်း စိတ်ကူးယဉ်မိပြီး ဒီပို့စ်လေးဖြစ်လာတာပါ။

9 comments:

မိုးနတ်ကြယ်စင် said...

စိတ်ကူးလေးက ကောင်းလိုက်တာ..မ..
ညလေးစကားကို နားထောင်ပါ...
ဝတ္ထုရှည်တွေ ရေးတော့ဗျ....
သိလား..မက စာရေးကောင်းတယ်...
အဲဒါကို ဘယ်တော့မှမမေ့နဲ့နော်...
အားပေးချင်တယ်မရယ်....
မဖန်တီးမဲ့ လက်ရာတွေကို..မျှော်လင့်နေပါတယ်..
ခုတောင် မိုးသူဆီမှာပြောခဲ့သေးတယ်...
ကလောင်လက်နက်က အားကြီးလွန်းတယ်လို့..ပြီးတော့
အဲဒိကလောင်လက်နက်ကို ကောင်းကောင်းအသုံးချနိုင်တဲ့
လူတွေထဲမှာ မိုးသူနဲ့ မက ထိပ်ဆုံးကပါနေတယ်..
အဲဒါကို ဘယ်တော့မှမမေ့ပါနဲ့....
ခင်မင်လေးစားလျက်...မိုးနတ်

စံပယ်ချို said...

အတွေးကောင်းစိတ်ကူးကောင်းတဲ့ ရေးချက်တွေပါပဲ
အားကျမိတယ် စာသားလေးတွေကိုစိတ်ဝင်စားအောင်ရေးတတ်လို့
ချစ်တဲ့ sis jasmine

kiim said...

အင်း.. အရမ်းကောင်းတယ်...
ိစိတ်ကူးလေးနဲ့ ရေးထားတာလေးက..
အားပေးသွားပါတယ်...

ချစ်စံအိမ် said...

ရေးတတ်တဲ့သူတွေ့ကတော့လိပ်ပြာလေးကိုကြည့်ရင်းတောင်ပိုစ့်တစ်ပုဒ်ဖန်တီးနိုင်တယ် အားကျပါပေတယ်

Phyu Lwin said...

ဖန်တီးထားတဲ့ပုံစံလေးက ကောင်းတယ် ညီမလေး.. အများကြီးဆက်ရေးနော်.. အားပေးနေမယ်

Thu said...

တော်လိုက်တာ လိပ်ပြာလေးကိုကြည့်ပြီးရေးလိုက်တဲ့ပို.စ်လေးကအရမ်းမိုက်တယ်။
AjaAja Fighting!!!
ဒီထက်ပိုကောင်းတဲ့စာတွေရေးနိုင်ပါစေနော်။

Anonymous said...

အတွေးကောင်းလေးနဲ့ ဖွဲ့နွဲ့ထားတဲ့ လိပ်ပြလွှတ်သူအကြောင်းလေး သဘောကျစွာ ဖတ်သွားတယ် ရိုမြေကျရေ...။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

မြတ်နိုးသူ said...

စိတ်ကူးတွေအရမ်းကောင်းတယ်အမ
လိပ်ပြာလေးကိုမြင်ပြီးရေးထားတာ
တကယ်ပဲချီးကျူးမိတယ်
အားပေးသွားပါတယ်

Anonymous said...

စိတ်ကူးလေး သဘောကျမိပါတယ်။။။။

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။