Tuesday, September 11, 2012

လွှမ်းမိုးသော မိန်းမသားများ (၁)


         
         ကိုယ့်ကို လွှမ်းမိုးတဲ့ မိန်းမသားလေးယောက်ရှိပါတယ်။
          ပထမဆုံးတစ်ယောက်ကတော့ ကိုယ့်မေမေပဲပေါ့။ ကိုယ့်ဖေဖေနဲ့ မေမေ အိမ်ထောင်သက်လေးနှစ်ကြာမှ ကိုယ့်ကို မွေးခဲ့တာလို့ ကိုယ့်မေမေကပြောခဲ့ဖူးတယ်။ ကလေးလိုချင်ပေမယ့် ချက်ချင်းမရခဲ့တာ။ လေးနှစ်နေမှ ကိုယ့်တစ်ယောက်တည်း ရခဲ့တာဆိုတော့ ကိုယ်ဟာ မေမေရဲ့ အချစ်တော်ဆိုလည်း မမှားပါဘူး။ တစ်ဦးတည်းသောသမီးဆိုပေမယ့် ကိုယ်က မေမေ့ကို ပွတ်သီးပွတ်သပ်နေပြီး ချွဲနွဲ့တတ်တဲ့သူထဲတော့ ကိုယ်မပါခဲ့ဘူး။ အပြင်မှာ ဘယ်လောက်ပဲ အဆင်မပြေဖြစ်ဖြစ် ကိုယ့်မိဘတွေရှေ့မှာတော့ ကိုယ်က ပျော်ရွှင်သယောင်နေပြခဲ့တာလည်း ကိုယ့်ကို စိတ်ပူစိုးရိမ်နေမှာ စိုးခဲ့လို့ပဲ။
          မေမေက ကိုယ်နဲ့ပတ်သက်ရင် အရာရာကို ဆက်ဆက်ထိမခံဘဲ။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို မေမေက သားသမီးအရင်းလိုဆက်ဆံတတ်သလို ကိုယ့်အပေါ်မကောင်းတဲ့သူတွေအကြောင်းကိုတော့ ပွစိပွစိ မြည်တွန် တောက်တီးတတ်တာ ကိုယ်တောင်နားငြီးယူရတဲ့အထိ။
          မေမေဖြစ်စေချင်တာတွေလိုက်လုပ်ပေးရတာလည်း ကိုယ့်ရဲ့တာဝန်ဆိုလည်းမမှားဘူး။ ဒါပေမယ့်ကိုယ်က ပြန်ပြောနားထောင်လူမျိုးဆိုတော့ မေမေတစ်ခုခုပြောလိုက်ရင် ကိုယ်က ညစ်ကျယ်ကျယ်နဲ့ အတွန့်တက်လိုက်ရမှ ကျေနပ်တာ။ အဲလိုအတွန့်တက်ပေမယ့် ကိုယ်က မေမေ့ပြောစကားကိုတော့ အမြဲနားထောင်ခဲ့တာပေါ့။ ကိုယ် ဘယ်သွားသွား မေမေ့အတွက်နဲ့ ကိုယ်ချစ်တဲ့သူအတွက်တော့ အမြဲလက်ဆောင်ပါတတ်တာ ကိုယ့်အကျင့်။ ကိုယ်မူလတန်းကျောင်းသူဘဝတုန်းက ကျောင်းက ပြန်လာတော့ ကိုယ့်ဘောင်းဘီအိတ်ထဲမှာ မေမေ့အတွက်ဆိုပြီး ဝယ်လာတဲ့ မြင်းခွာရွက်သုပ်ထုပ်လေးအကြောင်း မေမေက အခုထိ အမှတ်တရနဲ့ တခုတ်တရ ပြောနေတုန်း။ ကိုယ်တောင်မမှတ်မိတော့ဘူး။ မုန့်စားဆင်းချိန်ကတည်းက ဝယ်ထားတာဆိုတော့ ညနေကျောင်းဆင်းပြန်ရောက်ချိန်မှာ အဲဒီအသုပ်ဟာ ဘယ်ကောင်းနိုင်ပါ့မလဲနော်။ ဒါပေမယ့် မေမေက ကိုယ်သတိတရဝယ်လာတာဆိုတော့ ကျိတ်မှိတ်ပြီးလည်း စားချင်စားခဲ့မှာပဲ။
          ကိုယ့်အသက်ဟာ မေမေကိုယ်တိုင် သုံးကြိမ်သုံးခါကယ်တင်ပေးခဲ့တာ။ ကိုယ့်မှာ မေမေပေးတဲ့ အသက်သုံးသက်ရှိတယ်။ ပထမတစ်ကြိမ်က ကိုယ်သုံးတန်းလောက်မှာ သွေးလွန်တုပ်ကွေးဖြစ်ခဲ့တာ။ ကော်ဖီရောင်တွေအန်တာပေါ့။ ကိုယ့်မေမေက ကော်ဖီရောင်တွေအန်တာဆိုတော့ ဆေးခန်းမြန်မြန်ပို့ခဲ့တာ။ ဆေးခန်းပို့တာ ငါးမိနစ်ပဲနောက်ကျရင် ဒီနေ့ကိုယ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။
          ဒုတိယအကြိမ်ကတော့ ကိုယ်အကြီးအကျယ်နေမကောင်းဖြစ်တာလေ။ ကိုယ်ကွန်ပျူတာဂုဏ်ထူးတန်း စာမေးပွဲဖြေရင်းတန်းလန်း နေမကောင်းခဲ့တာ။ စာမေးပွဲမှာ နောက်ဆုံးတစ်ဘာသာ မဖြေလိုက်ရဘူး။ ကိုယ့်ရဲ့ အိပ်ပျက်ညတွေနဲ့အတူ ကိုယ့်မေမေပါ စိတ်ရောလူပါ ပင်ပန်းခဲ့တာ။ နှစ်လနီးပါးလောက် ကိုယ်အိပ်ရာထဲလဲခဲ့တာ။ မေမေကြောင့် ကိုယ်ကျန်းမာရေး ပြန်ကောင်းလာခဲ့တာ။
          တတိယအကြိမ်ကတော့ ကိုယ့်ကျန်းမာရေးကြောင့် ကိုယ်စာမေးပွဲမဖြေလိုက်ရဘူး။ အိပ်ရာထဲလဲနေတဲ့အချိန်မှာ ကိုယ့်ရဲ့ ပညာရေးရည်မှန်းချက်ကို စွန့်လွှတ်ခဲ့ရတယ်။ စိတ်ဓာတ်တွေအပြိုပြိုအလဲလဲနဲ့ ကိုယ့်ယုံကြည်ချက်တွေပျောက်ဆုံး ခဲ့တာ။ လူသေတာထက် စိတ်သေတာက ပိုဆိုးတာ။ ကျောင်းမှာကိုယ်က စာအတော်ဆုံးစာရင်းထဲ ထိပ်ဆုံးက ပါခဲ့တာဆိုတော့  မာစတာဝင်ခွင့်ကို စွန့်လွှတ်လိုက်ရတဲ့ အချိန် ကိုယ်စိတ်အရမ်းထိခိုက်ခဲ့တာ။ ကိုယ်အောင်မြင်တုန်းက သူငယ်ချင်းတွေ ကိုယ့်အနားမရှိတော့တာ။ ကိုယ့်ရှေ့မှာ ကွန်ပျူတာနဲ့ပတ်သက်ရင် သူတို့ကြားဖူးနားဝတွေ လာရွတ်ပြပြီး စိတ်ထိခိုက်အောင်လုပ်ခဲ့တာ။ မာစတာဝင်ခွင့် စွန့်လွှတ်လိုက်ရတဲ့သူရှေ့ ဒေါက်တာဘွဲ့အကြောင်း နားကြားပြင်းကပ်အောင် ရွတ်ပြရင်း လူက စိတ်နဲ့ အသတ်ခံခဲ့ရတာ။ ယုံကြည်ချက်ပျောက်ပြီး လူတွေကို ကြောက်သွားလိုက်တာ အပြင်တောင် ကိုယ်မထွက်တဲ့ အထိ ကိုယ်လဲပြိုခဲ့ဖူးတယ်။ အဲဒီလို ကိုယ်စိတ်ဓာတ်တွေ လဲပြိုနေချိန်မှာ မေမေက ကိုယ့်အနားမှာ အကောင်းဆုံးမိတ်ဆွေအနေနဲ့ ရှိခဲ့တာ။ နလန်ထခါစမှာ လုံးဝအနားမယူခိုင်းဘဲ LCCI သင်တန်းတွေတက်ခိုင်း၊MBA တက်ခိုင်းပြီး ကိုယ့်ယုံကြည်ချက်တွေကို ပြန်မွေးပေးခဲ့တာ။ အခုချိန်မှာတော့ ကိုယ်က မေမေ့ကျေးဇူးကြောင့် ကွန်ပျူတာ မာစတာပြီးပြီးသား သူငယ်ချင်းတွေထက်လစာပိုကောင်းနေတာ။ အခုချိန်မှာ ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘွဲ့တွေက အနာဂတ်အတွက် အံဝင်ခွင်ကျဖြစ်နေတာ မေမေ့ကျေးဇူးကြောင့်ပါ။ အိုအားလုံးအားလုံးအတွက် မေမေ့ကို ကိုယ်ကျေးဇူးတင်မိပါတယ်။
          တခြားအရာတွေ ဆုံးရှုံးရလည်း အရေးမကြီးပါဘူး။ မေမေ့ကို ပိုင်ဆိုင်ခွင့်ရတာနဲ့တင် အရမ်းပြည့်စုံနေပါပြီ။ ကျေးဇူးတင်ပါတယ် မေမေ။ မေမေရဲ့ သမီးဖြစ်ခွင့်ရတဲ့အတွက်ပါ။

12 comments:

လွင်ပြင်လှိုင်းငယ် said...

မှန်လိုက်တဲ့ပို့စ်လေး

စံပယ်ချို said...

jas လဲအဲဒီလိုအမြဲတွေးတယ်တချို့အရာလေးတွေကလဲတိုက်ဆိုင်နေတယ်
ဒီအမေ တစ်ယောက်ကိုပိုင်ဆိုင်မှုရနေတာပဲ
ဘ၀ရဲ့ အကြီးမားဆုံးအောင်မြင်မှုကြီးပါပဲနော်

ဆန်းစနေ၀န်း said...

အမေ့အကြောင်းလေး လာဖတ်သွားပါတယ်

အိပ်မက်ကောင်းကင် said...

သည်ပိုစ့်လေးကို ဖတ်ပြီး မိဘတွေရဲ့ မေတ္တာကြီးမားပုံကို သိခဲ့ရပါတယ်
ဖတ်ရင်းနဲ့ တောင် မိဘတွေကို သတိရမိတယ် အကုန်လုံးကအဝေးကြီးမှာလေ
ပိုစ့် ကောင်းလေးကိုအားပေးသွားတယ်နော်
နောက်လည်းသည်ထက်မကရေးသားနိုင်ပါစေ
ခင်တဲ့(အိမ်မက်ကောင်းကင်)

မိုးနတ်ကြယ်စင် said...

ခံစားချက်က အစစ်အမှန်ဆိုတော့ တကယ့်အနှစ်တွေထွက်လာတာလေ...
ဖတ်ရင်းနဲ့ ခံစားသွားရတယ်..မေမေ့မေတ္တာကိုလေ..မိုးနတ်ဘ၀မှာလဲ
မေမေက မရှိမဖြစ်နဲ့...အရေးကြီးဆုံးပါ....မေမေ့ဆီက စိတ်ဓါတ်ခွန်အားတွေ အများကြီးရခဲ့တာပါ...ဒီပို့စ်လေးကို ဖတ်ရင်း မေမေ့ကို
ပိုပြီးတန်ဖိုးထားနေမိတယ်.....ပို့စ်ကောင်းလေးလို့ဆိုတာထက်..ရင်တွင်းက
အစစ်အမှန်လေးကို ခံစားသွားတယ်နော်...
ခင်မင်နေတဲ့..မိုးနတ်

Phyu Lwin said...

ဟုတ်တယ် ဘယ်လောက်ပဲရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လဲ မိဘပဲ ကိုယ့်အနားမှာ ရပ်တည်ပေးနိုင်တာ

လရိပ်အိမ် said...

ခု အောင်မြင်တယ်ဆိုလို့ဝမ်းသာပါတယ်။
လရိပ်နေမကောင်းတော့ လရိပ်မေမေလဲ လရိပ်နားမှာ ပြန်လာနေတာ ၁နှစ်ရှိတော့မယ်။

လေပြေချို said...

ဟိုး..ဝေးဝေးက မေ့မေ့ကို သတိရလိုက်တာ...
ခင်တက်တဲ့
လေပြေ

ချင်းမလေး said...

စာလာဖတ်သွားတယ်နော်...
အမေ ဆိုတာ သားသမီးတိုင်းအတွက် အရမ်းကို
ကောင်းတဲ့ လူတစ်ဦးပါ...
ရိုးမြေကျက တစ်ဦးတည်းသော သမီးဆိုတော့ ပိုပြီး
အချစ်ခံရမှာပေါ့နော်.. အားကျမိပါတယ်။

နေညိုရီ said...

ရေးတတ်တယ်နော်။
အရမ်းလှတဲ့ဝက်ဆိုက်လေးကို ရောက်ခဲ့ပြန်ပြီ။

Thu said...

အမှန်ပဲနော်။အမေကတော့ ကောင်းကောင်း၊ဆိုးဆိုး ကိုယ့်ဘက်ကရပ်တည်ဖို.အဆင်သင့်ဖြစ်နေတတ်တဲ့သူနော်။
ရိုးမြေကျကလည်း ကွန်ပျုတာကလား။
Ahthuကလည်းမန်းလေးကွန်ပျုတာကပါ။တအုံကပေါ့၂၀၀၃Batchလေ။
ဒေါက်တာဘွဲ.ကိစ္စနဲ.တော့ စိတ်မပျက်နဲ.နော်။အဖော်ရှိတယ်။အဟဲ :)

မိုးညချမ်း said...

မမ ပိုစ့်လေးဖတ်ပြီး ညလေးလည်း မေမေ့အကြောင်း ပိုစ့်လေးတစ်ပုဒ်လောက်ရေးချင်လာပြီ ...

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။