Tuesday, September 4, 2012

ကသစ်သို့ပေးစာ



 နင်ဘာတွေဖြစ်နေတာလဲ။ နင်စိတ်ညစ်ရင် ငါစိတ်ညစ်တယ်။ ငါဟာ နင့်ရဲ့ကိုယ်ပွားပဲ။ နင်စိတ်ညစ်ရင် ငါလန့်တယ်ဟ။ နင်ဘယ်သူ့ကိုမှ စကားမပြောဘဲ ငြိမ်နေရင် ငါကြောက်တယ်။ အဲဒီအပြုအမူတွေက နင်တစ်ခုခုကို စွန့်လွှတ်တော့မယ့် အရိပ်အယောင်တွေပဲ။ နင်အရမ်းစိတ်ညစ်လာရင် နင့်ကို ထိခိုက်အောင်လုပ်တဲ့လူကို ဘယ်တော့မှရန်မလုပ်ဘဲ နင့်ကိုယ်နင်ဘဲ ထိခိုက်အောင်လုပ်တတ်တာ။ နင် စိတ်တွေအရမ်းထိခိုက်လာရင် နင်သိပ်မက်မောတဲ့ ပညာရေးရည်မှန်းချက်၊အောင်မြင်မှုတွေကို စွန့်လွှတ်တတ်တာ ငါအသိ။ တခြားလူတွေတအံ့တသြပြောယူရအောင် နင်က စွန့်လွှတ်တတ်တာ။ ပြီးရင် နင်က နင်စွန့်လွှတ်လိုက်တဲ့ အရာထက်ပိုကောင်းတဲ့အရာရတယ်ဆိုပြီး နည်းနည်းကြီးကျယ်တတ်သေးတာ။ အဲဒီရူးမိုက်မိုက်အကျင့်တွေကို အခုထိနင်မပြင်သေးဘူး။ အခုနင့်စိတ်ထဲဆို့နင်နေပြီး ခပ်လေလေနေနေတာ ဘယ်သူသိလဲ။ နင်ပဲအရင်ထိခိုက်တာမလား။ 
နင်ကဘယ်တော့မှ ဟန်မဆောင်တတ်ဘူး။ လူတစ်ယောက်ကို နင်ဟန်ဆောင်မပေါင်းဘူးဆိုတာ ငါသိတယ်။ နင်က ညီအစ်ကိုမောင်နှမအရင်းမရှိတော့ အဖော်မက်တာလဲငါသိတာပေါ့။ ပြီးတော့ နင်ကျောခိုင်းလိုက်တဲ့လူတစ်ယောက်ကို ဘယ်တော့မှလှည့်မကြည့်တတ်တာ။ လမ်းတွေ့ရင်တောင် ခပ်တည်တည်နဲ့မသိသလိုနေတတ်တာ။ ဟန်ဆောင်ပန်ဆောင်တောင်နင်ပြုံးမပြတာ။ တချို့လူတွေလို ဒီလူဟာ တကွေ့ကွေ့တော့ အသုံးတည့်ဦးမှာပဲဆိုပြီး ဆက်ဆက်ဆံနေတတ်တဲ့သူမျိုးမဟုတ်တာ။ အရမ်းပျော်ရင် ထမင်းစားပေမယ့် စိတ်ညစ်နေရင် ထမင်းမစားဘဲနေတတ်တာ နင့်ရဲ့ခပ်ရူးရူးအကျင့်တွေပဲ။
နင်ရှစ်တန်းတုန်းကနင်ခင်တဲ့သူငယ်ချင်းတစ်ယောက်ကို ဘောပင်လက်ဆောင်ပေးတုန်းကလေ။ နင့်သူငယ်ချင်းက မလိုချင်ဘူးဆိုပြီး ငြင်းလွှတ်လိုက်တာ။ နင်စိတ်တိုပြီး ဘောပင်ကို ချိုးပစ်တာ။ နင့်သူငယ်ချင်းကလည်း ဘောပင်အကျိုးကိုမှ တယုတယလိုချင်ပါတယ်ဆိုပြီး ပြန်တောင်းယူခဲ့တာ။ အဲဒီကတည်းက နင်က လက်ဆောင်တွေအပေါ်လူတွေတန်ဖိုးထားပုံကို အံ့အားသင့်ခဲ့တာ။
အခုလည်း နင့်ချစ်တဲ့သူက လက်ဆောင်ပေးရင် လွှင့်ပစ်မှာလို့ပြောတော့  နင်ကြေကွဲတယ်။ဝမ်းနည်းနေတယ်မလား။ နင့်ရဲ့လေးနက်မှုကြောင့် နင်ခံစားနေရတာပဲ။ နင်တို့ရုံးမှာ နှစ်ပတ်လည်ပွဲလုပ်တော့ ကြက်တောင်ရိုက်ပြိုင်ပွဲမှာ နင်ဆုရတဲ့ပိုက်ဆံနဲ့ ဝယ်ပေးထားတဲ့နင့် လက်ဆောင်လေးကို တစ်ဖက်လူက မကြိုက်ဘူးပြောလို့ နင်ဝမ်းနည်းတယ်။ ငါသိတယ်။ နင်အဲဒီပြိုင်ပွဲမှာတုန်းက ပြိုင်ဘက်ကို အရှုံးပေးချင်လောက်အောင် လက်ပန်းကျနေပေမယ့် နင်ချစ်တဲ့သူကို နင်ချွေးပေါက်ပေါက်ကျအောင် ရှာထားတဲ့ပိုက်ဆံနဲ့ နင်ဝယ်ပေးချင်တာ။ နင့်ရဲ့လေးနက်မှုကြောင့် နင်အခု ဝမ်းနည်းနေရပြီမလား။
နင်သတိရလိုက်ပါ။ တစ်ခါတုန်းက နင်ရဲ့အမှတ်တရလက်ဆောင်တွေကို တယုတယမြတ်နိုးတဲ့သူရှိခဲ့တယ်ဆိုတာ။ ဘယ်သူရှိရမှာလဲ။ နင့်အချစ်ဆုံးသူငယ်ချင်းလေ။ ဂျပန်ထွက်သွားတဲ့သူလေ။ သူကတော့ နင့်လက်ဆောင်တွေကို အသိအမှတ်ပြုခဲ့တယ်။ ဘယ်လို ဝန်ထုပ်ဝန်ပိုးမှလဲ သူမဖြစ်ခဲ့ဘူး။ သူဂျပန်ထွက်သွားတော့လည်း နင်က သူ့မွေးနေ့ရောက်တိုင်း ၊ သူငယ်ချင်းများနေ့ရောက်တိုင်း သူ့အတွက်လက်ဆောင်တွေဝယ်ထားပြီး သိမ်းထားနေကျ။ ဟိုတစ်ခါသူပြန်ရောက်တော့ လက်ဆောင်အိတ်ကြီး နင်ပေးလိုက်တဲ့အခါ သူကြည်နူးသွားတာလေ။ အဲဒီအချိန်တွေကို ပြန်သတိရလိုက်ပါ။ လက်ခံသူမရှိရင် ပေးရတဲ့သူက ဘယ်အဓိပ္ပာယ်ရှိပါ့မလဲဟာ။ တစ်ခုခုနင်စွန့်လွှတ်တော့မယ်ဆိုရင် င့ါကို ထည့်စဉ်းစားပါ။ ငါဟာ နင့်ရဲ့ ကိုယ်ပွားပဲ။
(မှတ်ချက်။ ကသစ်က စာရေးသူရဲ့ ကလောင်ခွဲတစ်ခုပါ။ အခုတလော စာရေးသူစိတ်ညစ်နေလို့ ကိုယ်ကိုယ်ကို ပြန်အားပေးထားတဲ့ ပေးစာလေးပါ။ စိတ်ထိခိုက်နေလို့ အရာရာကို စွန့်လွှတ်ချင်စိတ်တွေပေါက်နေပါတယ်။ လူတစ်ယောက်ကို အရမ်းချစ်သွားရင်  ဘယ်နေရာရောက်ရောက် သတိတရလက်ဆောင်ဝယ်တတ်တာစာရေးသူရဲ့ အကျင့်ပါ။ ဒါပေမယ့် တစ်ဖက်လူက လက်မခံနိုင်တဲ့အခါမှာတော့…………။)

10 comments:

စံပယ္ခ်ိဳ said...

ကေသီရေ
ဘာပဲဖြစ်ဖြစ် စိတ်မညစ်ပါနဲ့နော်
စိတ်ညစ်စရာတွေက ကေသီတစ်ယောက်ထဲမှာ မဟုတ်ပါဘူး
လူတိုင်းမှာ သူတို့ရှိနေကြတယ် ဒါကိုပဲတွေးနေရင်တော့
သူတို့က ပိုပြီးကိုယ့်ကို စိတ်ညစ်စေမယ်လေ

Yoemyaykya said...

မမရေ မတွေ့ရတာကြာလို့ လွမ်းနေတာ။ မမပြောတာကို ညီမလေး လိုက်နာနိုင်အောင် ကြိုးစားပါ့မယ်။ အခုချိန်ထိ လူက လေနေတုန်းပဲမမရဲ့။

လေပြေချို said...

အခုမှလာလည်ဘူးလို့ ကဗျာတွေနဲ့ စာတွေကို အများကြီးအားပေးသွားတယ်နော်.. အမြဲတမ်းလဲ အားပေးနေမယ် :)
ခင်တက်တဲ့
လေပြေချို

လရိပ်အိမ် said...

တော်တော်များများ တူနေလားလို့း)

Yoemyaykya said...

မမလရိပ်ကလည်းအနော့်လိုပဲလား။ဟီးအဖော်ရတာပေါ့နော်။

့မြတ်နိုးသူ(MUFL) said...

အားပေးသွားတယ်နော်အမစိတ်ညစ်စရာတွေကတော်တော်
များနေတာလားကျန်းမာရေးလည်းဂရုစိုက်ဦးနော်

နွေလ said...

မမရေ ... စိတ်ညစ်နေတာလား
ဘယ်လိုအားပေးလိုက်ရမလဲ
ဒီလိုလုပ်ဗျာ ... ကိုယ် လက်ဆောင်ပေးလိုက်လို့
မကြိုက်ဘူးလို့ ပြောရင် ... အဲ့ဒီလူကို
နောက်တစ်ခါ လက်ဆောင်မပေးတော့နဲ့
ကိုယ်က ချစ်လို့ ပေးရတာ
မကြိုက်ဘူးလို့ ပြောထွက်တာ အံသြတယ်ဗျာ
အစ်မရေ ... ကျွန်တော် ပြောသလိုလုပ်နော်
ကိုယ့်ကိုယ်ကို စိတ်ညစ်မခံနဲ့




Yoemyaykya said...

နွေလရေ အဲဒီသူငယ်ချင်းကိုတော့ အစ်မတကယ်ချစ်တာ၊အလေးအနက်ထားတာမို့ သူလက်မခံလဲ ဆက်ပေးဖြစ်မယ်ထင်တယ်။ လွှင့်ပစ်လဲမတတ်နိုင်ဘူး။ ဘာလို့မှန်းမသိဘူး။ စိတ်ထဲယုံကြည်နေတာက သူက အစ်မကို စိတ်ထဲပါလို့မဟုတ်ဘဲ တမင်သက်သက်ပြောတယ်လို့လေ။ အစ်မလက်ဆောင်တွေကို တိတ်တိတ်ပုန်း တယုတယဖြစ်နေတဲ့သူလို့ပဲ ထင်နေတာ။ အစ်မအထင်ပါလေ။ တကယ်ဖြစ်ရင်တော့အကောင်းဆုံးပေါ့။

ချင်းမလေး said...

စာလာဖတ်သွားပါတယ်..
လက်ဆောင်ပေးလို့ သူတို့ ကမယူခဲ့ရင်
စိတ်မညစ်နဲ့ .. အမကိုလာပေး..
(နောက်တာနော်.. ချိတ်ချိုးနဲ့ )

Phyu Lwin said...

ဒီလိုပါပဲ ညီမလေးရယ် စိတ်ညစ်တစ်ခါ ပျော်တစ်လှည့်ပေါ့ ... ကိုယ့်ကို ဥပေက္ခာပြုတဲ့သူတစ်ချို့ရှိသလို ချစ်တဲ့သူတွေလည်း အများကြီးပါ .. အမြဲတမ်း ပျော်ရွှင်ပါစေနော် <3

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။