Friday, September 14, 2012

လွှမ်းမိုးသော မိန်းမသားများ(၄)


လေးယောက်မြောက် ကိုယ့်ကို လွှမ်းမိုးတဲ့ မိန်းမသားတစ်ယောက်ကတော့ တစ်ခါတစ်ရံ ကိုယ်က “ငြိမ်း” လို့ အဖျားဆွတ်ခေါ်တတ်ပြီး များသောအားဖြင့်တော့ “မ” လို့ပဲခေါ်တတ်တဲ့ ကိုယ့်အလုပ်ထဲက မမတစ်ယောက်ပါ။
သူငယ်ချင်းတွေက အစ်ကိုအရင်း လိုချင်ကြတဲ့အချိန်မှာ ကိုယ်ကတော့ အစ်မအရင်းတစ်ယောက်လောက်ပဲ အမြဲလိုချင်ခဲ့တာ။ ဘာလို့လဲဆိုတော့ မောင်နှမဝမ်းကွဲထဲမှာ အစ်ကိုတွေများတာကြောင့်ရယ် ပြီးတော့ မိန်းကလေးတွေထဲမှာလည်း ကိုယ်က အကြီးဆုံးဆိုတော့ ညီမအရင်းတစ်ယောက်လောက်ရှိရင် ကောင်းမှာလို့ တွေးကို မတွေးခဲ့တာ။ ကိုယ်က ဆိုးနွဲ့လို့ ရမယ့် အစ်မတစ်ယောက်လောက်ပဲ လိုချင်ခဲ့တာ။
မမက ကိုယ့်ရဲ့ Dept Head ပါ။ ကိုယ်မသိတဲ့အလုပ်တွေဆို စိတ်ရှည်ရှည်၊စေတနာပါပါနဲ့ အမြဲရှင်းပြ ကူညီတတ်တယ်။ ကိုယ်ရန်ကုန်မှာ Training တက်တုန်းက မမနဲ့ ရင်းရင်းနှီးနှီး ခင်မင်ခွင့် မရခဲ့တဲ့အတွက် အဲဒီနေ့ရက်တွေကို နောင်တရမိတယ်။ စကားပြောတာအရမ်းမြန်ပြီး မမပြောတဲ့စကားတိုင်းကို ကိုယ်က အမိအရနားလည်ဖို့ ကြိုးစားရတယ်။
လွန်ခဲ့တဲ့ ဆယ်လလောက်ကတော့ ကိုယ်အလုပ်ထွက်ဖို့ ရည်ရွယ်ခဲ့တယ်။ ကိုယ့်လက်ထဲမှာ ကမ္ဘောဇဘဏ်လက်ထောက်မန်နေဂျာ လျှောက်လွှာက ရောက်လာခဲ့ပြီးသား။ ဒါပေမယ့် မမနဲ့ ဖုန်းပြောပြီးတော့ ကိုယ့်စိတ်ကူးတွေပြောင်းသွားတယ်။ ကိုယ်အလုပ်မထွက်ဖြစ်တော့ဘဲ ဒီကုမ္ပဏီမှာ ဆက်လုပ်ဖြစ်နေတာ မမကြောင့်ပဲ။ မမသာ ကိုယ့်အစ်မအရင်းဖြစ်ရင် သိပ်ကောင်းမှာပဲလို့ တောင့်တမိတာလည်း ခဏခဏပါပဲ။ မမကလည်း ကိုယ့်လိုပဲ တစ်ဦးတည်းသော သမီး။ မမကို ချစ်မိသွားကတည်းက ကိုယ့်အချိုးတွေတကယ်ပြောင်းသွားတော့တာ။ ညညဆို အစောကြီးအိပ်ပြီး လောကကြီးကိုရော ပတ်ဝန်းကျင်ကလူတွေကိုရောမေ့ထားတတ်တာ။ ဒါကို မမက အချိန်တွေ နှမြောစရာကောင်းတယ် ပြောကတည်းက ကိုယ်က စာတွေပြန်ဖတ်ခဲ့တာ။ နောက်ပြီး အရင်ကဆိုရင် ကိုယ့်အလုပ်ကို တာဝန်ကျေအောင်လုပ်တတ်ပေမယ့် ကိုယ်မပျော်ခဲ့ဘူး။ ကိုယ်တကယ်မပျော်ခဲ့ဘူး။ အခုတော့  ကိုယ့်ခေါင်းထဲမှာ မမလက်အောက် အလုပ်လုပ်နေရတာ သိပ်ပျော်ဖို့ကောင်းသလို သိပ်ကြည်နူးဖို့လည်း ကောင်းတယ်ဆိုတဲ့ အတွေးပဲ ရှိတော့တာ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်ခါတစ်ရံ အဆင်မပြေမှုလေးတွေရှိတဲ့အခါ မမအကြောင်းတွေးလိုက်မိရင် အဆင်မပြေမှုတွေ အလိုလိုပျောက်ကွယ်သွားတာ။
မမ ကိုယ်မမကို ချစ်တာ လေးစားတာ ကိုယ့်တက်လမ်းအတွက် မဟုတ်ဘူးနော်။ မမဟာ ကိုယ့်တက်လမ်းရဲ့ လှေကားထစ်မဟုတ်ပါဘူး။ ဒါကို မမနားလည်ပါ။ ဘေးလူတွေအမြင်မှာ ကိုယ်က မမနဲ့ ခင်ခွင့်ရအောင်ကြိုးစားပြီး တက်လမ်းအတွက် ရည်ရွယ်နေတယ် ထင်ချင်ထင်လိမ့်မယ်။ အဲလိုလုပ်ရအောင်လဲ ကိုယ့်အရည်အချင်း မညံ့တာ မမသိပါတယ်။ ဒီကုမ္ပဏီမှာ မဟုတ်ဘဲ တခြားမှာဆိုလဲ ကိုယ့်အတွက် နေရာကောင်းကောင်းရနိုင်တာ မမသိမှာပါ။ ပြီးတော့ လစာကောင်းကောင်းရဖို့အတွက်လည်း မဟုတ်ဘူးနော်။ ကိုယ့်အိမ်က ကျိကျိတက်မချမ်းသာပေမယ့် ကိုယ့်တစ်ယောက်အတွက်တော့ လိုလေးသေးမရှိထားနိုင်တယ်။ ကိုယ်မက်မောတာ ရာထူးဂုဏ်ဒြပ်မဟုတ်ဘူး။ ငွေကြေးချမ်းသာမဟုတ်ဘူး။ ကိုယ်တန်ဖိုးထားပြီး တကယ်လိုချင်တာက မေတ္တာစစ်စစ်ပါ။ မမဆီက မေတ္တာစစ်စစ်ကိုပဲ ကိုယ်မျှော်လင့်တာ။
ပြီးခဲ့တဲ့ အပတ်က ကိုယ် မမကို ဖုန်းဆက်ပြီး အလုပ်ကိစ္စလေးတွေမေးတယ်။ ကိုယ့်ရဲ့ အမှားတွေကို မမက ငေါက်တယ်။ အမှန်ဆို အဲလောက် ဆူစရာမလိုတဲ့ ကိစ္စလေးကို မမက ကိုယ့်ကို ပိုးစိုးပက်စက် ဆူတယ်။  မမဆူနေတဲ့ အသံကြားရတော့ ကိုယ်ပြုံးမိတယ်။ ကိုယ့်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားခဲ့ရတာ။ တခြားလူဆိုရင်လည်း မမအဲဒီလောက်မဆူမှာ ကိုယ်သိတယ်။ တခြားလူသာဆိုရင်တော့ Dept Head အဆူခံရရင် စိတ်တော်တော်ညစ်ကြတာ။ ကိုယ်ကတော့ မမဆူတာ ခံရတာကို ပျော်နေမိတာ။ မမအသံကို နားထောင်ရတာ ကိုယ့်ကို အားမလိုအားမရတွေဖြစ်လို့။ ကိုယ်သာအနားမှာ ရှိရင် ဗိုက်ခေါက်ဆွဲလိမ် ခံရမလားမသိဘူး။ သူများတွေကတော့ Accounting Software သုံးရတာ အဆင်ပြေပြေဖြစ်ဖို့ ဆုတောင်းနေကြချိန် ကိုယ်ကတော့ Software ပြဿနာတက်ပါစေ ဆိုပြီး ကြိတ်ဆုတောင်းနေတာ။ Software မှာ error တက်ရင် ကိုယ့်မှာ ထခုန်မိမတတ်ဝမ်းသာတာ။ စာရင်းပြဿနာတွေတက်ရင် မမကဖြေရှင်းပေး။ ပြီးတော့ မမ ရှင်းပြတာတွေကိုယ်မသိတဲ့အခါ အဆူအငေါက်ခံရ။(တစ်ခါတစ်လေ ကိုယ်သိရယ်သားနဲ့ မသိချင်ယောင်ဆောင်နေတာ။) စိတ်ရှည်ရှည်နဲ့ ရှင်းပြနေရင်းနဲ့ ကိုယ်သဘောမပေါက်ရင် မမအသံတွေက တဖြည်းဖြည်း ဒေါသသံတွေပါလာ။ အဲဒီအခါကျ ကိုယ်က တစ်ယောက်တည်း ရယ်ချင်စိတ်ကို အောင့်အီးထားရတာ။ အဲဒီ mood လေးကို ကိုယ်က ခုန်မင်နေမိပြီ မမရဲ့။
အထူးသဖြင့် ကိုယ့်သူငယ်ချင်းတွေ ၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေကြားမှာဆို ကိုယ်သိတာတွေများပေမယ့် မမရှေ့ရောက်ရင် ကိုယ်က ဘာမှမသိတော့တဲ့ ကလေးတစ်ယောက်လိုဖြစ်ဖြစ်သွားတာ။ ကိုယ်သိတာတွေက မမနဲ့ ယှဉ်ရင် သေးသေးလေးဖြစ်သွားတာ။ အဲဒီ ခံစားချက်ကို ကိုယ်အရမ်းနှစ်သက်တယ်။ မမရှေ့မှာ ကိုယ် သေးသေးလေးပဲ ဖြစ်ချင်တယ်။ တခြားသူတွေရှေ့မှာ အရာရာပြည့်စုံနေတဲ့သူ မဖြစ်ချင်ဘူး။
တခြားသူတွေရှေ့မှာ တော်တဲ့သူမဖြစ်ချင်ဘူး။
မမရှေ့မှာ ခပ်ညံ့ညံ့ ချာတိတ်တစ်ယောက်ပဲဖြစ်ချင်တယ်။
တခြားသူတွေရှေ့မှာ အကြီးကြီးမဖြစ်ပါရစေနဲ့။
မမ ကိုယ်မမရှေ့မှာ သေးသေးလေးပဲဖြစ်ချင်တယ်။
မမရှေ့မှာ သေးသေးလေးပဲဖြစ်ချင်တယ်။
          ကိုယ် မမကို တကယ်ချစ်ခင်လေးစားပါတယ်။ ကိုယ် မမလက်အောက်မှာ အလုပ်လုပ်ခွင့်ရတာ အရမ်း ပျော်တယ်။ လုပ်ငန်းခွင်ထဲက အဆင်မပြေမှုတွေရှိပေမယ့် ကိုယ်ရှေ့ဆက်လျှောက်နေနိုင်တာ မမကြောင့်ပါ။ ကိုယ့်မေတ္တာရောင်ပြန်ဟပ်ခွင့်ရပါရစေ။
          (စာကြွင်း။ စာရေးသူကို လွှမ်းမိုးတဲ့ မိန်းမသားတွေက စာရေးသူကို နေ့ရက်တိုင်း အချိန်တိုင်း နီးပါးကို တကယ်လွှမ်းမိုးတာပါ။)
မှတ်ချက်။        ။တကယ်တမ်းချရေးမိသွားတာက လေးယောက်မြောက် လွှမ်းမိုးသူအကြောင်း ဖြစ်နေတဲ့အတွက် စာရေးသူကို ခွင့်လွှတ်ကြပါ။ ရင်ထဲရောက်လာတဲ့အကြောင်းအရာလေးမို့အရင်ရေးလိုက်မိတာပါ။ မေမေပြီးရင် မမက စာရေးသူကို အရမ်းလွှမ်းမိုးနိုင်တဲ့သူထဲမှာ ပါနေလို့ပါ။

11 comments:

လွင်ပြင်လှိုင်းငယ် said...

မမရေ သိလိုက်တော့နော် ။သူ့ရဲ့ သံယောဇဉ် လေးစားမှု့တွေကိုပေါ့

အိပ်မက်ကောင်းကင် said...

အရေးအသားလေးတွေက နူးညံ့ပြီးဖတ်လို့ကောင်းလိုက်တာ
အရေးအသားလေးတွေက နူးညံ့လွန်းလို့ ဖတ်ရင်းနဲ့တောင် စာထဲမျောသွားတယ် အလယ်ပိုင်းတွေမှာ လည်း ဖတ်ရင်းနဲ့ ပီတိဖြစ်ပြီး တစ်ယောက်တည်းပြုံးမိသေးတယ်
အားပေးသွားတယ်နော် နောက်လည်းသည်ထက်မကရေးနိုင်ပါစေ
ခင်တဲ့(အိမ်မက်ကောင်းကင်)

Cameron said...

ဖြစ်တတ်ပါတယ်...

Cameron said...

ဟင် ဒါနဲ့ လွှမ်းမိုးသောမိန်းမသားများ ၃ နဲ့ ၄ ကဘယ်ရောက်နေတုန်း

စံပယ်ချို said...

ကေသီကိုလွမ်းမိုးတဲ့ မမကိုမြင်ဖူးချင်မိတယ်
jas လဲသူငယ်ချင်းဖြစ်ချင်လို့ပါနော်
ချစ်တဲ့ မဂျီးဂျက်

Phyu Lwin said...

သေချာတယ် ရိုးမြေကျကို လွှမ်းမိုးတဲ့မိန်းမသားတွေထဲမှာ ဆရာမ ဂျူးကတော့ သေချာပေါက်ပါတယ်.. ဘယ်နှစ်ယောက်မြောက်ဖြစ်မလဲသာမသိတာ .. စာအရေးအသားတွေမှာ ဂျူးရဲ့ရေးဟန်လေးတွေတွေ့နေရတယ် ညီမလေးရဲ့ :)

လရိပ်အိမ် said...

ဖတ်ပြီးပြုံးသွားတယ်။
စာရေးကောင်းတယ်။
၁ပြီးတော့၂မလာဘူး၊ ၄ရောက်သွားတယ်။
ခေါင်းစားသွားတယ်။

than said...

စာလေးတွေကောင်းတယ်..မဂ္ဂဇင်းမှာထည့်ချင်တယ်ဆိုရင်
look magazine @ gmail.com ကိုဆက်သွယ်နိုင်ပါတယ်

မြတ်နိုးသူ(MUFL) said...

စာအရေးသားအရမ်းကောင်းတယ်
အမအားကျတယ်နော်အားပေးသွားပါတယ်

အန်တီလေးမေခင် said...

ရိုးမြေကျလေးရေ
စာလေးတွေလာဖတ်လာဖတ်ပြီး
အားပေးသွားပါတယ်ကွယ်
ဒီထက်မကအောင်မြင်ပါစေ
ခင်တဲ့အန်တီလေမေခင်

မိုးနတ်ကြယ်စင် said...

မမရေ..ရောက်လာတာနောက်ကျနေလို့ ခွင့်လွှတ်ပေးအုံး..သိလား
စာရေးအရမ်းကောင်းတယ်..ဆက်ရေးပါမမ...ညလေးအမြဲအားပေးနေတယ်နော်...မမနဲ့လဲ ခင်ချင်ပါတယ်...မမခုလို စာတွေရေးနေတာကိုပဲ အမြဲမြင်ချင်ပါတယ်...ဟိုးပြီးခဲ့တဲ့ပို့စ်မှာ ဖတ်လိုက်ရတယ်လေ...ညလေးလဲ
ကိုယ်ချင်းစာပါတယ်...မမကို စိတ်ပုပ်ခဲ့တဲ့သယ်ရင်းတွေကို ခေါင်းထဲထဲ့မနေနဲ့တော့..ကိုယ်လုပ်စရာရှိတာသာဆက်လုပ်ပါ မမ...မမက ရေးလက်အရမ်းရှိတယ်..အားကျမိတယ်နော်
ခင်မင်နေတဲ့..မိုးနတ်

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။