Wednesday, May 15, 2013

အချစ်ပြတင်းပေါက်ကို တမင်သက်သက်လှပ်ကြည့်သောအခါ


         
         မျက်ဝန်းထောင့်စွန်းမှာ ဝင်လာသည့်ပုံရိပ်သေးသေးမွှားမွှား။
          ဝမ်းနည်းလွန်းလို့ငိုကြွေးနေခြင်းဆိုသည်ထက် စိတ်တိုဒေါသထွက်ခြင်းကြောင့် သူမ မျက်ရည်ကျနေတာပိုသေချာမည်။
          အလုပ်ချိန်ဖြစ်၍ လိုအပ်သည်ထက်ပိုစပ်စုခွင့်မရှိသလို သူကလဲ ဝန်ထမ်းအသစ်လေးဆိုတော့ ထိုမြင်ကွင်းကို မျက်ဝန်းထောင့်စွန်းကသာ ကြည့်ရဲသည်မှာ အသေအချာပင်ဖြစ်သည်။ ဘာ့ကြောင့် သူမ ဒီလောက်တောင် ရှိုက်ကြီးတငင်ငိုကြွေးနေသည်ဆိုတာကို သူကလဲ နောက်ထပ်စုံစမ်းခြင်းမပြုခဲ့ပါ။ ဒါပေမယ့် နောင်တစ်ချိန် သူမ သူ့နှလုံးသားထဲ နေရာယူလာသည့်အခါမှာတော့ ထိုနေ့ကမြင်ကွင်းအတွက် သူတကယ်ကို နာကျင်ထိခိုက်ခံစားရပါသည်။ ခုချိန်ထိအောင်လဲ သူမ ဘာ့ကြောင့် ငိုကြွေးခဲ့သည်ဆိုတာ သူ မသိသေးပါ။ သေချာတာက ထိုစဉ်ကတည်းက သူမဟာ သူကိုယ်တိုင် သတိမထားမိအောင် တိတ်တခိုး သူ့မသိစိတ်ထဲ လွှမ်းမိုးနေခဲ့တာဖြစ်မည်။
          သူမ မေမေဆုံးပြီးတာ တစ်နှစ်ကျော်လောက်ရှိပြီဟု သူ့သူငယ်ချင်းဆီက အမှတ်တမဲ့သိခဲ့ရတုန်းကလဲ သူ့ရင်တွေနာကျင်ခဲ့ဖူးသည်။ စိတ်မကောင်းဖြစ်ခဲ့ဖူးသည်။ သူမဆီက “ဟုတ်တယ်လေ မေမေဆုံးပြီးတာ တစ်နှစ်ကျော်ပြီ။” ဆိုသည့် စကားသေသေချာချာ ကြားလိုက်ရတုန်းကဆို သူ့ မေမေ မရှိတော့သလိုမျိုး ထပ်တူထပ်မျှ ခံစားရသည်။ ဒါတွေဟာ ချော်လဲရောထိုင်ကြေကွဲပြနေခြင်း မဟုတ်ရပါ။ သူ တကယ်ကိုနာကျင်ရခြင်းသာ။
          မရူးသွပ်ဖူးရင် အချစ်မဟုတ်ဘူးလို့ သူကတော့ ရဲရဲတင်းတင်းကြီးဆိုချင်ပါရဲ့။ သူဟာ သူမနှင့် ပတ်သက်ရင် ရူးသွပ်သူတစ်ယောက်သာ…………
          အဲဒီနေ့က ဖေ့ဘုတ်မှာ တက်လာတဲ့ ဓာတ်ပုံတွေကြည့်ပြီး သူ့ရင်တွေ နွေးထွေးခဲ့ရသည်။ တဖျတ်ဖျတ်တက်လာတဲ့ ဓာတ်ပုံတိုင်းကို ကော်ပီကူးရင်း Zoom ချဲ့ကြည့်လိုက်တော့ သူမ ဝတ်ထားသည့် အင်္ကံျလေးကို ကြည့်ပြီး အားရပါးရပြုံးခဲ့မိပါရဲ့။ ဒီဇိုင်းလှလှ ချုပ်ဝတ်ထားသည့် ထိုပန်းရောင်အင်္ကျံစလေးဟာ ကြိုက်မှကြိုက်ပါ့မလားဟူသော  ဇဝေဇဝါပေါင်းများစွာနှင့် သူမအတွက် သူ ရွေးချယ်ခဲ့ခြင်းပါ။ ဟုတ်နေပါပြီ။ သူမ သူ့ကို အသံတိတ်ချော့နေပါပြီ။ ထိုအင်္ကျံပန်းရောင်လေးနှင့် ဓာတ်ပုံတွေ ဆက်တိုက်တင်နေခြင်းသည် သွေးရိုးသားရိုးမှ ဟုတ်ပါလေစ။ တိုက်ဆိုင်မှု မဟုတ်လျှင် ချော့နေသည်ဟု သူ့တထစ်ချ ယုံကြည်မှုသည် မမှားဟု ဆိုနိုင်ပါသည်။
          အဲဒီနေ့မတိုင်ခင်က ညတစ်ညမှာ သူမနှင့် ဖုန်းပြောကြရင်း လက်ဆောင်များအကြောင်း ပြောဖြစ်ကြသည်။ သူမကို ပေးခဲ့ဖူးသော လက်ဆောင်တွေထဲက အင်္ကျံစနှစ်စ အကြောင်းလဲပါသည်။ ဝတ်ရဲ့လားဟု မေးတော့ ဘာမှပြန်မဖြေ။ ဈေးပေါပေမယ့် သူဘယ်လိုရှာထားရသည့် ပိုက်ဆံနှင့် ဝယ်ပေးထားသည့် လက်ဆောင်လဲ သူမ သိအောင် ဖွင့်ပြောမိသွားသည်။ ဘယ်တော့မှ ဖွင့်ပြောမှာ မဟုတ်ဟု ဆုံးဖြတ်ချက်ချထားဖူးပေမယ့် သူ ဖွင့်ပြောမိသွားသည်။ ငွေငါးထောင်ဟူသည့် ပမာဏသည် သူ ဉာဏအင်အားနှင့် ရှာလျှင် သိပ်လွယ်ကူခဲ့ပေမယ့် ကာယအင်အားနှင့် ရှာသည့်အခါမှာတော့ သိပ်မလွယ်ကူခဲ့ပါ။ ထိုအင်္ကျံနှစ်စသည် ငွေငါးထောင်သာ တန်ပါသည်။ သို့သော် သူမကို ပေးခဲ့ဖူးသည့် လက်ဆောင်များအားလုံးထက် တန်ဖိုးပိုကြီးပါသည်။ သူ ရုံးမှာ အပျော်တမ်း ကြက်တောင်ရိုက်ပြိုင်ပွဲမှ ရသည့် ဆုကြေးလဲ ဖြစ်နေပြန်သေးသည်။ လက်ရည်မတူပေမယ့် ထိုပြိုင်ဘက်သည် သူ့ထက် ပိုသက်လုံကောင်းသည်။ ငယ်ရွယ်သည်။ အပင်ပန်းခံနိုင်သည်။ ကြက်တောင်မရိုက်တာ ကြာပြီဖြစ်၍  မောလာတိုင်း ပြိုင်ဘက်ကို အရှုံးပေးချင်စိတ်ပေါက်လာပေမယ့် ထိုနေ့က ပြိုင်ပွဲကို သိက္ခာရှိရှိနှင့် အပြီးသတ်အနိုင်ယူခဲ့ခြင်းမှာ ဘယ်လိုအင်အားများကြောင့်လဲ။ ချွေးပေါက်ပေါက်ကျအောင် ခြေကုန်လက်ပန်းကျခဲ့ပေမယ့် ထိုပိုက်ဆံရမှဖြစ်မည်ဟု စိတ်ကူးနှင့် ရူးခဲ့သူမှာ ဘယ်သူပါလဲ။ သူကိုယ်တိုင်ပါပဲ။သူကိုယ်တိုင် ကာယအင်အားနှင့် ရသည့် ငွေဖြင့် သူမကို တခုခု လက်ဆောင်ပေးချင်ခြင်းကြောင့်ပါပဲ။ ထိုညက တိုးတိတ်စွာ ပေါက်ကွဲခဲ့မှုသည် သူမရင်ကို လှုပ်ခတ်သွားခဲ့သည်လား။ တစ်ဖက်မှ သူမသည်လဲ အသက်ရှုသံပင် မကြားနိုင်လောက်အောင် တဒင်္ဂတိုးတိတ်ငြိမ်သက်သွားခဲ့သည်။ သူမ စိတ်မကောင်းဖြစ်သွား၍လား။ မဟုတ်ဘူး။ သူ့သံယောဇဉ်က သူမ စိတ်မကောင်းဖြစ်အောင် ဖန်တီးဖို့မဟုတ်ခဲ့ဘူး။ သူ့သံယောဇဉ်ကို သူမ ပေါ့ပျက်ပျက်ထင်မိမှာစိုး၍ အနည်းဆုံးတော့ သူ့အချစ်တွေကို မျက်ကွယ်မပြုစေချင်၍ သူပေါက်ကွဲခဲ့မိခြင်းသာ ဖြစ်သည်။
          သူ………… တိုးတိတ်စွာပေါက်ကွဲတတ်သူ။
          သူမ………. အသံတိတ်ချော့တတ်သူ…………။
          အနည်းဆုံးတော့ မရူးသွပ်ဖူးလျှင် အချစ်ဟု မဆိုနိုင်ပါ။
          မရူးသွပ်ဖူးလျှင် ဘယ်တော့မှ  အချစ်မဖြစ်နိုင်ပါ။
                                                                                                          ရိုးမြေကျ(မုံရွာ)
                                                                                                15.4.2013(10:20PM)




         

10 comments:

roseayemaung said...

**တကယ်လားနော်ဘဲဘဲလေးလဲရှုးသွပ်နေပြီ**

mypersonalspace said...

ရူးသွပ်ရပေါင်းများလာတော့ အချစ်ကိုစွန့်လွှတ်ချင်လာတတ်တယ်

mypersonalspace said...

ရူးသွပ်ရပေါင်းများလာတော့ အချစ်ကိုစွန့်လွှတ်ချင်လာတတ်တယ်

roseayemaung said...

မရိုးမြေေ၇...မန့်ဝင်လာပြီ....ဟေ
ဝမ်းသာပါတယ်...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အသံတိတ်ချော့တတ်သူ ..
(ချစ်သူတို့ကြားဖြစ်တတ်တဲ့ သွေးအေးစစ်ပွဲကလေးတွေလား၊ မြတ်ကတော့ သွေးအေးစစ်ခင်းရတာ တော်တော်ဝါသနာကြီးတယ်။)

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

(ဘလော့နဲ့ အဆက်သွယ်ပြတ်သွားတာကြာလို့ ဒီဘလော့လေးကိုလည်း မရောက်ဖြစ်တာပါ။ ဒီနေ့တော့ ဝတ္တုအသစ်လည်း တင်ရင်း ဘလော့တွေလည်း အလည်ထွက်မိတယ်။ )

ချစ်ခင်စွာနဲ့
မြတ်

မိုးနတ်ကြယ်စင် said...

မရူးသွပ်ဖူးလျှင် ဘယ်တော့မှ အချစ်မဖြစ်နိုင်ပါ...တဲ့
မှန်လိုက်လေ မ ရယ်.....ညလေးလဲ တကြိမ်တခါတော့
သေသေချာချာကို ရူးသွပ်မိဖူးရဲ့....ဒါပေမဲ့.....
နောက်တစ်ကြိမ်ဆိုရင်တော့ ခံနိုင်ရည်ရှိချင်တယ်....:)
ဖဘမှာ မ ကိုလက်ခံလိုက်ပြီ....ဒါဗြဲ :P

နွေတေးရှင် (မင်းဧရာ) said...

အင်း........
ကျွန်တော်လည်း အဲလိုရူးသွပ်လိုက်ချင်သေးတယ်ဗျို့.း)။

စံပယ်ချို said...

တိုးတိတ်စွာပေါက်ကွဲ တတ်သူတယောက်ရောက်ခဲ့ပြီနော်
ကေသီ ကွန်မက်တွေရှိပါတယ် တင်ထားပြီနော်

Thwin said...

တိုးတိတ်စွာပေါက်ကွဲတတ်သူ နဲ့  အသံတိတ်ချော့တတ်သူ……တို့ ကို တွေ့ ခဲ့ ပါတယ်..။

အန်တီလေးမေခင် said...

ဝတ္ထုကောင်းလေးတစ်ပုဒ်အားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။