Saturday, January 21, 2017

ဘူဖေးလ် ဘတ်စ်ကား



ဇန်နဝါရီ(၁၆)ရက်နေ့ ဘတ်စ်ကားလိုင်းအပြောင်းအလဲမှာ စာရေးသူနဲ့ ရုံးကညီမလေးတစ်ယောက်တို့ လက်တစ်ကမ်းကမ်းကြမယ်အဖွဲ့မှာ Volunteer လုပ်ခဲ့တယ်။ မထသကနေ YBS ပြောင်းမယ့်အခြေအနေကို ပြည်သူကြိုသိခွင့်ရတာ ၁၀ရက်သာသာလောက်ပဲ ရှိတယ်။ ဒီအပြောင်းအလဲကို တစ်ခြားသူထက် စာရေးသူက ပိုရင်အခုန်ဆုံး၊ ပိုစိတ်ဝင်စားဆုံးဆို မှားမယ်မထင်ပါ။ ဘာ့ကြောင့်ဆိုတော့ စာရေးသူရဲ့ တစ်နေ့တာ သွားရေးလာရေးရဲ့ ၉၈ရာခိုင်နှုန်းလောက်ဟာ ဘတ်စ်ကားပေါ်အားပြုရတယ်။ ဘတ်စ်ကားနဲ့ ကျောင်းသွားတယ်။ ဘတ်စ်ကားနဲ့ ရုံးသွားတယ်။ ဘတ်စ်ကားနဲ့ ဟိုဟိုဒီဒီသွားတယ်။ စာရေးသူ တက္ကစီကို အရေးကြီးကိစ္စရှိမှသာ စီးတယ်။ ပိုက်ဆံချွေတာပြီးသား ဖြစ်သလို လမ်းကြပ်တာ နည်းနည်းမှ သက်သာသက်သာဆိုပြီး တက္ကစီထက်ဘတ်စ်ကားကိုသာ အားပြုပါတယ်။ စာရေးသူဟာ နယ်ကလာတဲ့သူဆိုတော့ ဒီဘတ်စ်ကားလိုင်းအပြောင်းအလဲကို တစ်ခြားသူထက် ပိုစိတ်ဝင်စားတယ်။ ပိုစိုးရိမ်တယ်။ YBS အကြောင်းစသိရကတည်းက ဖေ့ဘုတ်ကနေ ဘတ်စ်ကားအကြောင်း အမြဲစောင့်ကြည့်ဖတ်ရှုခဲ့တယ်။ ပရဟိတလုပ်မယ့် အဖွဲ့အသီးသီးကိုလဲ သိခွင့်ရတယ်။ ကိုယ့်လိုလူတွေရှိမှာပဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကြောင့် လက်တစ်ကမ်းကမ်းကြမယ်အဖွဲ့မှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့တယ်။
ဇန်နဝါရီ(၁၆)
မနက်စောစောထ။ ရေချိုး။ အစာအိမ်ဗလာနဲ့ ဆူးလေပန်းခြံကို မနက်(၆)ခွဲအရောက်သွားရဖို့ ဘတ်စ်ကားမှတ်တိုင်ကို ထွက်လာခဲ့တယ်။ စစခြင်းနေ့ဆိုတော့ ဘတ်စ်ကားတွေအလာကြဲလိုက်တာ။ စောင့်လို့မရတော့တဲ့အဆုံး တက္ကစီနဲ့ပဲ ဆူးလေပန်းခြံသွားလိုက်ရတယ်။ ကားပေါ်မှာ ဖုန်းဖွင့်ကြည့်မိတော့ စာမေးပွဲအောင်စာရင်းက မေးလ်ထဲရောက်နေပြီ။ စောစောစီးစီး မင်္ဂလာသတင်းကို မိဘတွေဆီဖုန်းဆက်။ ဘော်ဒါတွေလျှောက်ကြွားလိုက်တာ မနက်စာစားဖို့ဝယ်လာတဲ့ ပေါင်မုန့်စားချိန်မရလိုက်။ ဆူးလေပန်းခြံအဖွဲ့စုရပ်ဆီရောက်တော့ အားလုံးက တူညီဝတ်စုံဝတ် တာဝန်တွေခွဲဝေပြီးကြပြီ။ စာရေးသူလဲ ကိုယ်တာဝန်ကျတာက စစ်တမ်းကောက်တဲ့အပိုင်းဆိုတော့ လိုအပ်တဲ့စာရွက်စာတမ်းထုတ်၊ အဖွဲ့တီရှပ်ထုတ်ပြီး အသင့်စောင့်နေလိုက်တယ်။ အားလုံးတာဝန်အသီးသီးခွဲပြီးတဲ့နောက် ကျန်နေတဲ့ စာရေးသူတို့တွေကို အဖွဲ့ခေါင်းဆောင်တွေက ပန်းဆိုးတန်းမှတ်တိုင်ထိသွားကြဖို့ အချက်ပြတယ်။ ပန်းဆိုးတန်းမှတ်တိုင်မှာပဲ စာရေးသူ၊ ရုံးကညီမငယ်တစ်ယောက်နဲ့ မောင်လေးလေးယောက်ကို သိမ်ဖြူမှတ်တိုင်ထိကားစီး စစ်တမ်းကောက်ဖို့ တာဝန်ချတယ်။ ခြောက်ယောက်လုံး စစ်တမ်းကောက်ရမယ့်အဖွဲ့ဖြစ်နေတယ်။ တကယ်တော့ လမ်းကြောင်းပြရှင်းပြမယ့် ခြောက်ယောက်က စာရေးသူတို့ မှတ်တိုင်မှာ ကျန်မနေခဲ့ပါ။ မှတ်တိုင်တစ်ခုမှာ လမ်းကြောင်းရှင်းပြမယ့် သုံးယောက်နှစ်ဖွဲ့နဲ့ စစ်တမ်းကောက်မယ့် သုံးယောက်နှစ်ဖွဲ့က ရှိနေရမှာပါ။ ကံဆိုးချင်တော့ လမ်းကြောင်းရှင်းပြအဖွဲ့က စုရပ်မှာ ကျန်မနေခဲ့တော့ စာရေးသူတို့လဲ သုံးယောက်တစ်အုပ်စုစီ ခွဲပြီး သိမ်ဖြူမှတ်တိုင်ရောက်မယ့် ဘတ်စ်ကားတစ်စီးပေါ် တက်ကြဖို့ သဘောတူလိုက်ကြတယ်။ ပန်းဆိုးတန်းမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ကြီး။ စာရေးသူတို့အဖွဲ့ကို ဘယ်သွားချင်တယ် ဘယ်ကားစီးရမလဲ တစ်ယောက်ပြီးတစ်ယောက် အကူအညီတောင်းကြတယ်။ လမ်းကြောင်းရှင်းပြအဖွဲ့က မကျန်ခဲ့တော့ လမ်းညွှန်မြေပုံက အလုံအလောက်ပါမလာ။ ပါသလောက် မြေပုံအညွှန်းစာရွက်ကိုကြည့်။ ရှင်းပြကူညီ။ နောက်ဆုံး မှတ်တိုင်မှာ ဖုန်းပါလာတဲ့ လူတော်တော်များများကို YBS official application တွေ ပေးရတယ်။ အသုံးပြုပုံပြုနည်းတွေရှင်းပြရတယ်။ စာရွက်ပေါ်က ဘတ်စ်ကားနံပါတ်တွေကို လိုက်ရှာရတာ နည်းနည်းခက်ခဲတော့ application နဲ့ရှာရတာ ပိုအဆင်ပြေနေတယ်။ စာရွက်ပေါ်က လမ်းညွှန်က မှတ်တိုင်နဲ့ ပြပေးမထားဘဲ လမ်းနာမည်တွေနဲ့ ပြပေးထားခြင်းက ခရီးသွားပြည်သူကို ပိုအခက်တွေ့စေပါတယ်။ application တွေ ဒိုင်ခံပေး သုံးပုံသုံးနည်းတွေရှင်းပြလိုက်တာ အချိန်တော်တော်လင့်သွားပါတယ်။ စာရေးသူတို့ သိမ်ဖြူမှတ်တိုင်ထိရောက်မယ့် နံပါတ်(၇) က တော်တော်နဲ့ မလာနိုင်လို့ ခြောက်ယောက်လုံး ဆူးလေပန်းခြံပြန်သွားဖို့ သဘောတူလိုက်ကြပါတယ်။ ဆူးလေပန်းခြံ မှတ်တိုင်မှာလဲ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ကြီး။ အားလုံးရဲ့ မျက်နှာတွေ စိုးရိမ်ပူပန်နေကြပုံ။ ဒါတွေ ဒါတွေကို မျက်မြင်ကိုယ်တွေ့မြင်နေရတာ။ ကိုယ်တိုင်က စေတနာ့ဝန်ထမ်းလုပ်မနေရင် ထိုပူပင်နေမယ့် မျက်နှာပိုင်ရှင်က စာရေးသူဖြစ်ချင်လဲ ဖြစ်နေမှာ။ ကားတစ်စီးရပ်လာတိုင်း လူတွေတက်လို့ မလောက်နိုင်တော့တာ။ ဆူးလေပန်းခြံမှတ်တိုင်မှာလဲ အကူအညီလိုတဲ့သူတိုင်းကို တတ်နိုင်သလောက် ရှင်းပြကူညီရင်း နံပါတ်(၇) ကားနဲ့ အဖွဲ့ ၂ဖွဲ့ခွဲတက်ပြီး သိမ်ဖြူမှတ်တိုင်ဆီသွားခဲ့ကြတယ်။ သိမ်ဖြူမှတ်တိုင်သွားတဲ့ ကားပေါ်မှာပဲ စစ်တမ်းကောက်လို့ ရသလောက်ကောက်ခဲ့ပြီး သိမ်ဖြူမှတ်တိုင်မှာဆင်းပြီး မှတ်တိုင်မှာ နောက်ထပ်စစ်တမ်းစာရွက်တွေ ပြည့်နိုင်ဖို့ ထပ်ကြိုးစားခဲ့တယ်။ စစ်တမ်းကောက်ရင်း ငိုယိုပြီး တကယ်အဆင်မပြေတာပါဆိုတဲ့ အသံတွေကို ကြားခဲ့ရသလို ဆင်းလုံးချောအဆင်ပြေနေတဲ့သူ တစ်ယောက်စနှစ်ယောက်စလဲ ရှိပြန်သေးတာ။ သတ်မှတ်ချိန်ပြည့်တဲ့နောက် သိမ်ဖြူမှတ်တိုင်ကနေ နံပါတ်(၄) ကားစီးပြီး ဆူးလေပန်းခြံထိ ပြန်ခဲ့ကြတယ်။ ကားပေါ်မှာ ရနိုင်သလောက် စစ်တမ်းကောက် အင်တာဗျူးခဲ့တယ်။ မနက်(၇)နာရီလောက်ကတည်းက တောင်ဒဂုံကနေ ကားသုံးလေးငါးဆင့်စီးပြီး နေ့လည်၁၂နာရီလောက်ထိ သွားချင်တဲ့နေရာမရောက်နိုင်သေးလို့ တောင်ဒဂုံကိုပဲ လှည့်ပြန်သွားတဲ့ အဖွားတစ်ယောက်လဲ ထူးထူးခြားခြားတွေ့ခဲ့ရတာ။ ထိုအဖွားလိုပဲ အခြား အဆင်မပြေတဲ့သူတွေ အများကြီး ရှိနေနိုင်တာ။ ဆူးလေပန်းခြံထဲက စုရပ်နေရာမှာ စစ်တမ်းကောက်ခဲ့တဲ့ စာရွက်စာတမ်းတွေ အပ်ပြီးတော့ ထိုနေ့ရဲ့ တာဝန်ကပြီးဆုံးသွားတယ်။ နေ့လည်စာအတွက် အလှူရှင်လာလှူတဲ့ ဒံပေါက်ထုပ်တွေ တစ်ယောက်ချင်းဆီ ခေါင်းဆောင်တွေက ဝေပေးကြပါတယ်။ မောပန်းဆာလောင်နေပေမယ့် အကူအညီလိုတဲ့သူတွေကို တတ်နိုင်သလောက် လမ်းပြပေးနိုင်ခဲ့တဲ့ ပီတိက စာရေးသူကို ကြည်နူးစေတယ်။
ဇန်နဝါရီ(၁၇)
အရင်ရက်ကထက် နည်းနည်းစောထပြီး ဘတ်စ်ကားမှတ်တိုင်ဆီထွက်ခဲ့တော့ အရင်ရက်ကနဲ့ မတူ ဘတ်စ်ကားတွေတွေ့နေရပြီ။ နံပါတ်(၅၉)နဲ့ သခင်မြပန်းခြံထိ ဂိတ်ဆုံးစီး။ သခင်မြပန်းခြံကတစ်ဆင့် ဆူးလေပန်းခြံထိ နံပါတ်(၅၆)နဲ့ ဆက်စီးခဲ့တယ်။ မနက်(၇)နာရီ စုရပ်ရောက်တော့ ထိုနေ့အတွက် တာဝန်ကျတဲ့နေရာက ပုဇွန်တောင်အိုးရှင်းမှတ်တိုင်ပါ။ (၁၇)ရက်နေ့မှာ ကံကောင်းချင်တော့ လမ်းကြောင်းရှင်းပြအဖွဲ့ပါဝင်လာပြီး စစ်တမ်းကောက်တဲ့အဖွဲ့မှာ အရင်ရက်က မောင်လေး၂ယောက် မပါလာတော့လေးယောက်ပဲ ကျန်ပါတော့တယ်။ အိုးရှင်းမှတ်တိုင်မှာ အများစုက သန်လျင်ဘက်သွားတဲ့သူတွေပါ။ ကားမှတ်တိုင်ကနေ စီးလို့ရတဲ့ ကားနံပါတ်တွေက (၄၊၇၀၊၃၁)တို့ပါ။ သန်လျင်ဘက် ဒေါပုံဘက်ကလာတဲ့သူတွေ အရမ်းများတော့ ကားအစီးရေ မလုံလောက်တဲ့အခါ ကားတစ်စီးတစ်စီးပါလာတဲ့သူတွေ ကြပ်ပိတ်သိပ်နေတာ။ ဒီအပြောင်းအလဲမှာ ပြည်သူတွေ ကြံ့ြ့ကံ့ခံနိုင်ကြတာ။ မှတ်တိုင်မှာ စစ်တမ်းကောက်၊ ဘတ်စ်ကားစီးပြီး ကားပေါ်က လူတွေကို စစ်တမ်းကောက်ခဲ့တယ်။ အဆင်ပြေတဲ့အသံတွေကြားရသလို အခက်အခဲတပုံတပင်နဲ့လူတွေကိုလဲ တွေ့ရရဲ့။
ဇန်နဝါရီ(၁၈)ရက်
စာရေးသူတို့ ပရဟိတအဖွဲ့တာဝန်ယူထားတာက (၃)ရက်တည်းဆိုတော့ (၁၈)ရက်နေ့က နောက်ဆုံးရက်ပါ။ နောက်ဆုံးရက်မှာလဲ အဖွဲ့လိုက်တာဝန်ကျတဲ့နေရာက ပုဇွန်တောင်အိုးရှင်းပဲ ဖြစ်တာမို့ ကြုံရာဘတ်စ်ကားနဲ့ မှတ်တိုင်ရောက်အောင်သွား အရင်ရက်ရဲ့ အတွေ့အကြုံအတိုင်းပဲ ဘတ်စ်ကားလိုက်စီး ကားပေါ်ပါလာသမျှ အဆင်ပြေနိုင်မယ့်သူလောက်ကို စစ်တမ်းကောက်။ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို စစ်တမ်းကောက်ထားတဲ့စာရွက်တွေ ခပ်များများရလိုက်တယ်။ တာဝန်တွေပြီးဆုံးတော့ ဆူးလေပန်းခြံမှာ လက်တစ်ကမ်းကမ်းကြမယ် အဖွဲ့နောက်ဆုံးတွေ့ဆုံ နှုတ်ဆက်ပြီး ခေါင်းဆောင်တွေက ကျေးဇူးတင် စကားပြောပါတယ်။ နောင်အကူအညီလိုရင်လဲ ခေါင်းဆောင်တွေက ဖုန်းဆက် အကူအညီတောင်းမယ့် အကြောင်းပြောပြီး လမ်းခွဲခဲ့ကြတယ်။
စာရေးသူ ပရဟိတလုပ်တဲ့(၃)ရက်လုံး ခံစားမိတာက ဘတ်စ်ကားအစီးရေနဲ့ စီးမယ့်ဦးရေ မမျှတခြင်းပါ။ လူတွေ အခက်အခဲကြုံရတာ ကိုယ်တွေ့မြင်ရတယ်။ အခက်အခဲကို ကြံ့ကြံ့ခံတာလဲ မြင်ရတယ်။ စာရေးသူ အယူအဆက ဘတ်စ်ကားစနစ်တခုလုံး အရင်မပြောင်းဘဲ အပိုင်းလိုက်ပြောင်းခြင်းက ပိုအသက်ဝင်လိမ့်မယ်လို့ပါ။ ဥပမာ သန်လျင်ကနေ မြို့ထဲလာတဲ့ မထသယာဉ်လိုင်းတွေ အားလုံးကို လိုင်းတစ်ခုတည်းဖြစ်အောင်လုပ်။ အစမ်းသဘောအနေနဲ့ စမ်းသပ်ကြည့်။ အဆင်ပြေရင် ကျန်တဲ့မြို့နယ်တွေ ထပ်စမ်းကြည့်။ တဖြည်းဖြည်းနဲ့ ဘတ်စ်ကားစနစ်တခုလုံးပြောင်းလာမယ့်ပုံစံပါ။ ဒါပေမယ့် ခုကတော့ မထသစနစ်ကို အမြစ်ဖြုတ်ပြီး YBS စနစ်ကို လုံးဝပြောင်းပြီးပြီဆိုတော့ကာ ပြည်သူအားလုံးကြံ့ကြံ့ခံဖို့ပဲ ရှိတော့တာ။ YBS အပြောင်းအလဲဟာ တစ်ချို့လူတွေအတွက် ကံကောင်းပေမယ့် တစ်ချို့လူတွေအတွက် ကံဆိုးမိုးမှောင်ကျသလို ဖြစ်ရတာ။ ဘာပဲဖြစ်ဖြစ် ဒီအခက်အခဲ ဒီအကြပ်အတည်းတွေကို ပြည်သူတွေ ကြံ့ကြံ့ခံရင်း ယာဉ်အန္တရာယ်မဖြစ် အားလုံးဘေးကင်းစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။


                                                                                      ရိုးမြေကျ(မုံရွာ)
                                                                                      21.1.2017(6:00 PM)

0 comments:

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။