Wednesday, April 24, 2013

မျက်ဆံနက်လေးနှင့် ခလုတ်တိုက်မိခြင်း


       
မျက်ဝန်းနက်နက်တွေနှင့် ခလုတ်တိုက်မိသည့် တဒင်္ဂ…………
          မျက်နက်ဝန်းတွေနဲ့ သူ့ကို မမှိတ်မသုန် စိုက်ကြည့်ပြီး သူသိချင်သည့် အရာများကို သူမက စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။ သူကရော သူက သူမ ရှင်းပြနေသည်များကို စိတ်ဝင်စားသည်ထက် သူမမျက်နက်ဝန်းတွေထဲက အဖြေကို ပို၍စိတ်ဝင်စားမိသည်။ တခြားသူများကို ကြည့်သည့် မျက်ဝန်း။ သူတစ်ယောက်တည်းကို ကြည့်သည့် မျက်ဝန်း ဘာတွေ ကွာခြားနေသလဲ။ ထိုတဒင်္ဂလေးမှာ သူ့ရင်တွေ လှိုက်ဖိုနေခဲ့သည်ဆိုတာ သူတစ်ယောက်ပဲသိနိုင်သည်။ တမင်သက်သက် မာကြောချင်ယောင်ဆောင်ထားရတဲ့ သူမရဲ့ ခပ်တင်းတင်း အသံကြောင့် သူမကို အကဲခတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့၍ သူ နောက်ဆုံး ဆုပ်ကိုင်ရမည့် ကောက်ရိုးတစ်မျှင် အခွင့်အရေးဟာ ထိုမျက်နက်ဝန်းတွေထဲမှာပဲ ရှိနေသည်။ ဘယ်လောက်ပဲ သရုပ်ဆောင်ကောင်းစေဦးတော့ ခံစားချက်ဘာသာဗေဒကို မျက်ဝန်းမှာ ဖုန်းဖိထားဖို့ဆိုတာ သရုပ်ဆောင် အလွန်တော်သောသူများမှသာ လုပ်နိုင်ပေမည်။ သူမက သရုပ်ဆောင်တစ်ယောက်မှ မဟုတ်တာ။ သို့သော် သူကလဲ မျက်ဝန်းစကား ဖတ်တတ်သည့် ပညာရှင်တစ်ယောက်တော့ မဟုတ်ပြန်။ သို့ပေမယ့် သူ့မှာ အာရုံဖြင့် ခံစားသိနိုင်သည့် နှလုံးသားတော့ တပ်ကူရှိသေးသည်။ ဘယ်အဘိဓာန် ဘယ်အင်တာနက်မှာမှ ရှာကြည့်၍ မရနိုင်သော နှလုံးသားက ဖွင့်ဆိုမည့် ဆဌမအာရုံ၏ အကူအညီဆိုလဲ မမှားဘူးပေါ့လေ။ ဒီတော့ သူသိချင်သည့် အဖြေကို သူမမျက်ဝန်းတွေထဲမှာ ရှာယုံပေါ့။ သူ့ နှလုံးသားက ဖွင့်ဆိုဖတ်ကြည့်ခဲ့မိသည့် အဖြေက မမှားလောက်ပါဘူး။ (မှားယွင်းနေပါကလဲ အမယ်မင်း သူ့ကိုယ်သူ အထင်ကြီးမိလေခြင်းဟု အကြိမ်ကြိမ် ဟစ်ကြွေးကာ ရေမရှိသည့် ချောင်းမှာ နှာခေါင်းဖော်သေရုံပေါ့။) သူမ မျက်နက်ဝန်းတွေထဲမှာ သူ့ကို မလိုလားသည့် အရိပ်အယောင်တော့ ရှိမနေတာ သိပ်သေချာသည်။  သူ သိပ်လိုချင်နေသည့် အချစ်ရိပ်ယောင်သန်းသည့် မျက်ဝန်းတွေလဲ မဟုတ်။ ဒါပေမယ့် တခြားသူများကို ကြည့်သော မျက်ဝန်းထက် သူ့ကို ကြည့်သော မျက်နက်ဝန်းတွေမှာ ကြင်နာခြင်း အရိပ်အယောင်တွေ သန်းနေတယ်လို့တော့ ခံစားမိသည်။ ရပြီ။ ဒီလောက်ဆို ရပြီ။ သူသိပ်လိုချင်သည့် အချစ်ရိပ်သန်းသည့် မျက်နက်ဝန်းတွေထက် ရှာဖွေတွေ့ရှိထားသော ကြင်နာရိပ်သန်းသည့် မျက်နက်ဝန်းတွေက သူ ရှေ့ဆက်လျှောက်ဖို့ အင်အားပဲဖြစ်သည်။
          တခါတခါ
          ထိုမျက်နက်ဝန်းပိုင်ရှင်သည် တမင်တင်းမာထားရသော မာရေကြောရေ လေသံဖြင့် ပြောတတ်သူဖြစ်သည်။
          သူက ထိုမာရေကြောရေ လေသံကို ပြုံးစိစိဖြင့် အမြဲနားထောင်တတ်သည့် ဂျစ်ကန်ကန်လူဖြစ်သည်။
          တခါတခါ
          ထိုမျက်နက်ဝန်းပိုင်ရှင်သည်  ဘီစကစ်များကို တစ်ထုပ်ပြီး တစ်ထုပ် ဖောက်စားနေတာတောင် စားပါဦးလားဟု လောကွတ်ချော်မကျွေးတတ်သူဖြစ်သည်။
          ထိုဘီစကစ်တွေ တစ်ထုပ်ပြီးတစ်ထုပ်ဖောက်စားနေတုန်းက သူ့ဗိုက်ထဲက ဂွီဆိုသော အသံမြည်မမြည် သတိမထားမိလိုက်ပါ။
          တခါတခါ
          ထိုမျက်နက်ဝန်းပိုင်ရှင်၏ စားပွဲဆီသို့ သူလျှောက်လှမ်းသွားစဉ် စောင့်ကြည့် အကဲခတ်နေသော မျက်ဝန်းပေါင်းများစွာလဲ ရှိသေးသည်။
          ထိုအခိုက်အတန့်လေးသည် သူကိုယ်တိုင် အရှင်လတ်လတ် မြေလျှိုးမိုးပျံချင်လောက်အောင် တစ်ကိုယ်လုံး ထူပူနေသည့်အချိန်ဖြစ်သည်။
          တခါတခါ
          ထိုမျက်နက်ဝန်းပိုင်ရှင်သည် သူ့ကို ခိုးခိုးကြည့်ဖူးသည်။ (တစ်ကြိမ်တော့ သူ့မျက်ဝန်းထောင့်စွန်းမှ ထိုခိုးကြည့်သော မျက်ဝန်းများကို အရှင်လတ်လတ်ဖမ်းမိဖူးသည်။ သို့သော် သူက မသိချင်ယောင်ဆောင်နေခဲ့ဖူးသည်။)
          သူကတော့ ထိုမျက်ဝန်းပိုင်ရှင်ကို ခိုးခိုးကြည့်တတ်သလို ပေါ်တင်လဲ ကြည့်တတ်ပါသည်။ ခိုးကြည့်သည့် အကြိမ်အရေအတွက်က များသလား ပေါ်တင်ကြည့်သည့် အရေအတွက်က များသလားဆိုတာတော့ သူမှတ်မထားမိပါ။
          တခါတခါ
          ထိုမျက်နက်ဝန်းပိုင်ရှင်သည် …………………………..
          သူသည်……………………………………………………
          တခါတခါ
          ထိုမျက်နက်ဝန်းပိုင်ရှင်သည် …………………………..
          သူသည်……………………………………………………
          တခါတခါ
          ထိုမျက်နက်ဝန်းပိုင်ရှင်သည် …………………………..
          သူသည်……………………………………………………
          တခါတခါ
          ထိုမျက်နက်ဝန်းပိုင်ရှင်သည် …………………………..
          သူသည်……………………………………………………
          တခါတခါ
          ထိုမျက်နက်ဝန်းပိုင်ရှင်သည် သူ့တို့တာဝန်သူတို့ ကျေပွန်အောင် လုပ်ဆောင်သူများကိုပင် ကျေးဇူးတင်လို့ ကျေးဇူးတင်လို့ဟု အားရပါးရ တတွတ်တွတ်ရွတ်ပြကာ လိမ္မော်သီးများ အားရပါးရကျွေးတတ်ပြန်သေးသည်။ ထိုမြင်ကွင်းသည် သူ့မျက်စိရှေ့တွင် ထော်လော်ကန့်လန့်မြင်ကွင်းဖြစ်သည်။
          သူသည် ထိုစဉ်တုန်းက လိမ္မော်သီးများ အားရပါးရထည့်ပေးနေသော လက်လေးကို ငုံ့ကိုက်ချင်မိသည်။
          တခါတခါ
          ထိုမျက်နက်ဝန်းပိုင်ရှင်သည် သူ့ကို မေ့နေတတ်သည်။
          သူကတော့ မနက်အိပ်ယာထတစ်ချိန်၊ ညအိပ်ယာဝင်ချိန် နှင့် လုပ်ငန်းခွင်ထဲ တိုက်ဆိုင်မှုရှိသည့် အချိန်များတွင် သူမကို သတိရနေတတ်သည်။
          ထိုမျက်နက်ဝန်းတွေနှင့် မတော်တဆ ခလုတ်တိုက်မိသည့်အခါ
          ဝုန်းးးးးးးးးးးးးးးးးးးးးးးး
          သူက အကြိမ်ကြိမ် သံယောဇဉ်ချောက်ထဲ ပြုတ်ကျတတ်ပြီး ဘယ်တော့မှလဲ ပြန်တက်ဖို့ မကြိုးစားခဲ့သူ။
         
ရိုးမြေကျ(မုံရွာ)
17.4.2013(2:15PM)


8 comments:

NweYoePhyu said...

အားပါး။။။။။ ကောင်းလိုက်တဲ့ခံစားချက် မာရေကြောရေ လေသံဖြင့် ပြောတတ်သူတွေတော်တော်များများက အချစ်ကိုတမင်ဖုံးကွယ်တဲ့လူတွေလုပ်လေ့ရှိတယ်

Anonymous said...

ဟုတ်ပ ..ဘီစကွပ်တောင် ခေါ်မကျွေးတော့ လွန်တာပေါ့ နော့် ညီမလေး ရိုးမြေကျရယ် :P

ကဗျာတွေ ပြန်ရေးလာနိုင်တာ ကောင်းတယ်ကွယ် :)

လရိပ်အိမ် said...

သိပါဘူး ........ ဝုန်းဆိုလို့ ခုတင်ပေါ်က ပြုတ်ကျတယ် ထင်နေတာ။

စံပယ်ချို said...

ခေါင်းစဉ်ဖတ်မိတာနဲ့ပဲတန်နေပါပြီ

လေပြေချို said...

ချောက်တစ်ကာ ချောက်ထဲမှာ အဲ့သံယောဇဉ်ချောက်က အဆိုးဆုံးပဲနော် ပြုတ်ကျပြီရင် ပြန်တက်ဖို့ဆိုတာ တစ်ကယ်ကိုမလွယ်တာ...
အပေါ်ကစာလေးအတိုင်း တိတ်တိတ်လေးစာဖတ်ပီး တစ်ခုခုပြောခဲ့တယ်နော် :)
ခင်တက်တဲ့
လေပြေ

Unknown said...


ဟူးးးးးးးးးးးး ကျနော့်ကိုစောင်းရေးထားသလိုပဲ...
အဲ့ဒီ့သံယောဇဉ်ချောက်ကနေ ကျနော် ပြန်မတက်ချင်ဘူးဗျာ.. တကယ်.. တကယ်...

Thu said...

လိမ္မော်သီးတွေစားချင်တယ်..လိမ္မော်သီးတွေစားချင်တယ်..:P

Unknown said...

(ကြိုက်တယ်ဗျာ)

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။