Sunday, June 9, 2013

၀င်ကစွပ်ရဲ့ အလွမ်း




Click here to get more Happy Birthday Greetings from MasterGreetings.com
Get More Happy Birthday Greetings


         သူ့ကိုယ်ပိုင် အကောင့်မဟုတ်သည့် အကောင့်အတွက် လျို့ဝှက်ဂဏန်းရိုက်ထည့်နေသော သူ့လက်ချောင်းတွေ။
          သူ့လက်ချောင်းတွေသူကြည့်ပြီး အနည်းငယ် မနှစ်မြို့ပေမယ့် အလွမ်းတွေကို ဖြေသာနိုင်ဖို့ နောက်ဆုံးနည်းလမ်းက ဒီတစ်နည်းပဲ ရှိခြင်းသာ။ အခြားသူတစ်ယောက်နာမည်နှင့် ဝင်ကစွပ်တစ်ကောင်လို ယခုကဲ့သို့ ပြုမူနေခြင်းမှာ သူ့ရဲ့ ခပ်ကြောင်ကြောင် သံယောဇဉ်ကြောင့်သာ။ စိတ်ထဲ စနိုးစနောင့်နှင့် နည်းနည်း အနေရခက်ပေမယ့် နေ့ရက်တွေကို အသက်ရှူချောင်ချောင် ဆက်ရှင်သန်နိုင်မည့်နည်းကလဲ ဒီတစ်နည်းသာ။ သူမ ရှဲသမျှ ပို့စ်လေးတွေ တိတ်တိတ်ချောင်းကြည့်မည်။ သူမ Like လုပ်ထားတာလေးတွေ ကြည့်ပြီး တခါတရံ အံ့သြချင်အံ့သြမည်။ တခြားသူများကိုပေးသော သူမရဲ့ ကွန်မန့်တွေကို ဖတ်ပြီး တစ်ကြိမ်တစ်ခါမှ သူ့ကို သူမ ကွန်မန့် မပေးဘူးသေးသည်ကို တွေးကာ ဝမ်းနည်းချင်ဝမ်းနည်းမည်။ ဖေ့ဘုတ်မှာ သူမ ခြေရာမမြင်ရသော နေ့ရက်များတွင် ဘာ့ကြောင့်ပါလိမ့်ဟူ၍ တစ်ယောက်တည်းတွေးချင်တွေးမည်။  ထိုထိုသော ရင်ခုန်ဖွယ် ခိုးကြောင်ခိုးဝှက် အပြုအမူတွေနှင့် သူ့နေ့ရက်တွေ စိုပြည်နေသည်။
          သူမနှင့် ပတ်သက်လျှင် သူ့လက်ချောင်းတွေသည် ခိုးကြောင်ခိုးဝှက် အပြုအမူလုပ်မိတာ သုံးကြိမ်ရှိပြီဖြစ်သည်။ ထိုအပြုအမူမျိုးကိုလဲ သူက သူမကို တစ်နည်းမဟုတ်တစ်နည်း တည့်တည့်တစ်မျိုး သွယ်ဝိုက်၍တစ်မျိုးသိစေခဲ့သည်။ ပထမအကြိမ်က သူ သင်တန်းကိစ္စနှင့် ရုံးချုပ်ရောက်စဉ် သူ့သူငယ်ချင်း ကွန်ပျူတာထဲတွင် ရှိသော သူမဓာတ်ပုံများကို memory stick ထဲထည့်ကာ ခိုးလာခဲ့ဖူးသည်။ ထိုအကြောင်းကိုတော့ သူက သူမကို ဓာတ်ပုံခိုးပြီးမှ ဖွင့်ပြောခဲ့ခြင်းသာ။ ဖွင့်ပြောလိုက်သောညက ခိုးမှုအတွက် အဖမ်းမခံရမှန်းသိပေမယ့် သူတော်တော် ရင်ခုန်ခဲ့ရသည်။
          ဒုတိယအကြိမ်ကတော့ ကံကြမ္မာက သူ့ဘက်ရှိခဲ့ခြင်းသာ။ unfriend ဝေဒနာအဆုံးမှာ အလွမ်းဖြေဖို့ နည်းမှာ ဝင်ကစွပ်နည်းသာရှိသည်။ သူ တွေးနိုင်သမျှ ဉာဏ်နီဉာဏ်နက်အကုန်ထုတ်ကြည့်တော့ ဘယ်လိုမှ သုံး၍ မရတော့သော သူ့သူငယ်ချင်း၏ အကောင့်ကို ဖြစ်နိုင်ခြေရှိသော လျှို့ဝှက်နံပါတ်တွေ ရိုက်ကြည့်ပြီး အားထုတ်ကြည့်ခဲ့ခြင်းသာ။ ကံကောင်းထောက်မစွာ သူအကြိမ်ကြိမ်ရိုက်ထည့်နေသော လျှို့ဝှက်နံပါတ်တွေသည် တစ်ကြိမ်တော့ တိုက်ဆိုင်သွားသည်။ ဒီလိုလုပ်ခဲ့ခြင်းဟာ ကြီးကြီးကျယ်ကျယ် ဟက်ကာလုပ်ခဲ့ခြင်းတော့မဟုတ်။ ကြက်ကန်းဆန်အိုးတိုးသွားခဲ့ခြင်းသာ။ ထိုစဉ်မှစ၍ သူတိုးတိုးလေး ရင်ခုန်တတ်လာသည်။ မည်သူတစ်ဦးတစ်ယောက်မှ မသိသော သူ့ရဲ့ ခိုးကြောင်ခိုးဝှက် အပြုအမူအတွက် ရင်တော်တော်ခုန်ခဲ့ရသည်။ အကောင့်နာမည်ကိုလဲ သူအရမ်းကြိုက်သော ဝတ္ထုထဲက ဇာတ်ကောင်၏ နာမည်ပြောင်းပစ်လိုက်သည်။ မြို့နာမည်ကိုလဲ သူ့နေသည့် မြို့နာမည်ပြောင်းပစ်လိုက်သည်။ ဒါတွေက သူမသာ မှန်းဆတတ်လျှင် သူ ဘယ်သူဘယ်ဝါဆိုတာ သိစေရန် သဲလွန်စပေးထားခြင်းသာဖြစ်သည်။ အနည်းဆုံးတော့ သူ သူမနှင့် နီးနီးလေးဟု ခဏတာ ထင်ယောင်ထင်မှား ရင်ခုန်ခဲ့ရသည်။ ထို ဝင်ကစွပ်အဖြစ်ရှင်သန်နေခဲ့သော နေ့ရက်တွေမှာ သူမ သူ့ကို လွမ်းနေခဲ့မလား။ unfriend ကိစ္စအတွက် စိတ်မကောင်းဖြစ်နေခဲ့မလား။ နောင်ကြဉ်အောင်ဆုံးမလိုက်ချင်သော သူမရဲ့ မာနက ပိုအလေးသာခဲ့မလား။ တခါတခါ သူမ ဖေ့ဘုတ်မှာ ဘာမှမရဲှ။ တခါတခါ ဘာကိုမှ Like မလုပ်။ သူကတော့ သူကြိုက်သော ပို့စ်များကို အားရပါးရ ရှဲကာ သူမ notification မှာ သူ့နာမည်မြင်ပြီး သူမ သတိထားမိလာစေရန် လုပ်ခဲ့သည်။ နောက်ဆုံးတော့ သူမရိပ်မိသွားပြီး သူ့အပြုအမူအတွက် ထိုအကောင့်ကို နောက်ထပ် unfriend လုပ်သွားခဲ့သည်။ ထိုဒုတိယအကြိမ် unfriend လုပ်ခြင်းသည် သူ့ကို သူမ ခါးခါးသီးသီး မုန်းတီးနေခြင်းကြောင့်လား။
          ဘာကြောင့်လဲ ဘာ့ကြောင့်လဲပေါင်းများစွာနှင့် နေ့ရက်တွေ ပြန်ခါးသက်လာပြန်သည်။ ဒီလိုနှင့် သူ တတိယအကြိမ်မြောက် ခိုးကြောင်ခိုးဝှက်နည်းလမ်းကို ရွေးလိုက်သည်။ ထိုနည်းကိုတော့ သူမ အပါအဝင် တခြားအပေါင်းအသင်းတွေပါ မသိအောင် သူဖွက်ထားတော့မည်။ သူ့ရဲ့ အလွမ်းတွေအတွက် သူမကို ဘာသဲလွန်စမှ မပေးတော့ပါ။ သူကတော့ ဆက်လက်ရင်ခုန်နေဦးမည်။ သူ ရင်ခုန်နေတုန်းဆိုတာ မည်သူတစ်ဦးတစ်ယောက်မှ ရိပ်မိသိရှိရန် မလိုအပ်ပါ။

          ဘယ်သူက လွမ်းချင်မှာလဲ………………
          ဘယ်ဆီဘယ်ဝယ်မှာ မသိဘဲ
          ယောင်ရမ်းလွမ်းနေရတာမျိုး ဘယ်သူလိုချင်မလဲ……………….
          ကမ်းမမြင် လမ်းမမြင် အလွမ်းမျိုး ဘယ်သူလိုချင်မလဲ ………………….
          အရိပ်မတွေ့ရလို့ ကြွေကြွေကျတဲ့ အလွမ်းတွေကို ဘယ်သူကောက်ကာသီချင်ပါ့မလဲ…………
          အနည်းဆုံး အနည်းဆုံးတော့
          ဒီဝင်ကစွပ်ရဲ့ အလွမ်းအတွက် ဂုဏ်မပြုနိုင်ရင်တောင်
          အပြုံးတစ်ပွင့်တော့ ချခင်းပေးခဲ့ပါ……………………………
ရိုးမြေကျ(9.6.2013,10:45PM)
June 11 ရက်နေ့မှာ ကျရောက်မယ့် မမမွေးနေ့အတွက် အမှတ်တရပါ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ မမ။ အမြဲစိတ်ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။ မမနဲ့ ခင်ခဲ့ရတဲ့ အတိတ်ရေစက်ကိုလဲ ကျေနပ်မိပါတယ်။ မွေးနေ့ရှင်အတွက်ဆုတောင်းကဗျာလဲ မဟုတ်ဘဲ ဒီအတိုင်းချရေးမိသွားတဲ့ အက်ဆေးအတွက်တော့ ဆုတောင်းကဗျာ မဟုတ်လို့ ခွင့်လွှတ်သည်းခံဖတ်ပေးပါလို့တောင်းဆိုပါရစေ။
(စာရေးသူရဲ့ အချစ်ဆုံးမမအတွက် မွေးနေ့အမှတ်တရ ရေးထားတာပါ။ စာဖတ်သူများဆီက မွေးနေ့ဆုတောင်းလေးများလဲ ကြားရမယ်ဆိုရင်ဖြင့် အတိုင်းထက်အလွန် ဝမ်းသာမိမှာပဲ။)

12 comments:

ဆန်းစနေ၀န်း said...

အားပေးခံစားသွားတယ် ညီမရေ

မယ့်ကိုး said...

Happy Happy Birthday, Nyi Ma Lay's Ma Ma :)

mypersonalspace said...

Happy Birthday ur special one!

mypersonalspace said...

Happy Birthday ur special one!

အန်တီလေးမေခင် said...

ရိုးမြေကျ
အက်ဆေးလေးကိုအားပေးသွားပါတယ်။
မွေးနေ.ရှင် မမ တစ်ယောက်လည်း
မွေးနေ.မှစနောင်နှစ်ပေါင်းများစွာတိုင်
ကိုယ်စိတ်နှစ်ပါးကျန်းမာစွာဖြင့်ပျော်ရွှင်နိုင်ပါစေဆုတောင်းလျက်ပါ။
ခင်တဲ.အန်တီလေးမေခင်

မိုးနတ်ကြယ်စင် said...

မ ....တစုံတစ်ယောက်အတွက် မ ပျော်နေရင်
ညလေးလဲ ပျော်ပါတယ် မ ....မွေးနေ့ကိတ်လေးတွေကလဲ
သိပ်လှတယ်နော်....ဒါပေမဲ့ ဒါက တကယ့်အဖြစ်အပျက်ဆိုရင်တော့
စိတ်မကောင်းဘူးမ ...မ ကိုဖဘမှာလဲ သိပ်မတွေ့တော့
ဘာတွေများဖြစ်နေသလဲလို့ စိတ်ပူနေတာဗျ....တကယ်က
ညလေး မ ကိုသိပ်သတိရနေတာ :((((

Phyu Lwin said...

Happy Birthday for your lovely Ma Ma !! :)

roseayemaung said...

ဘယ်ဆီဘယ်ဝယ်မှာ မသိဘဲ

**မိုက်တယ်နော်**

ထရီဆာ (Teresa) said...

ပို့စ်လေး ဖတ်ပြီး လွမ်းသွားတယ် ...

ညီမလေး ရိုးမြေကျရဲ့ အတိတ်ရေစက်ကြောင့် ချစ်ရတဲ့ မမ လည်း ဆန္ဒရှိတဲ့ဘ၀ကို ဖန်တီးနိုင်ပါစေလို့ ....

နွေတေးရှင် (မင်းဧရာ) said...

မမ တစ်ယောက်စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာ ခြင်းနှင့်ပြည်စုံပြီး
အထွေထွေ အကျိုးတွေကို ဆထက်တပိုး သယ်ပိုးနိုင်ပါစေဗျာ ။

ပဥာက် said...

ထုဆစ်လိုက်တာတော့ သစ်သားပဲ..ရုပ်လုံးပေါ်လာတော့ အနုအစိတ်တွေကသပ်ရပ်တယ်..ပိုပြီးထုဆစ်နိုင်ပါစေ..

စံပယ်ချို said...

ဘယ်ဆီဘယ်ဝယ်မှာ မသိဘဲ
အရေးအသားအားလုံးညက်တယ်ညလေးရေ

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။