Wednesday, April 20, 2016

ခရမ်းရင့်ရောင်အလွမ်း




သူမကို သူကနောက်မှဖွဖွလေး သိုင်းဖက်ထားသည်။ သူမတစ်ကိုယ်လုံး သူ့ရင်ခွင်ထဲမြုပ်နေအောင် ဖွဖွလေးဖက်ထားပေမယ့် သူမကလဲ ရုန်းကန်ဖို့မကြိုးစား။ သူ့မျက်နှာကို မမြင်ရပေမယ့် သူ့နှလုံးခုန်သံ ကြားလိုက်ရလျှင်တော့ သူမချွေးစေးတွေပြန်လာကာ အိပ်ရာမှလန့်နိုးလာတတ်သည်။ ထိုအိပ်မက်မျိုးသည် ဗယ်လင်တိုင်းရောက်ခါနီးတိုင်း ထပ်တူမက်နေကျ။ သူ့မျက်နှာကို မမြင်ရဘဲ သူမနောက်က ဖွဖွလေးသိုင်းဖက်။ ရင်ခုန်သံကြားရလျှင် သူမချွေးစေးပြန်ကာ အိပ်မက်မှလန့်နိုးလာမည်။ ဘေးဘီဝဲယာကြည့်လိုက်လျှင် ဘယ်သူမှမရှိဘဲ မီးရောင်မှိန်ပျပျထဲ သူမတစ်ယောက်တည်းသာ။ သူမ အိပ်မက်တိုင်းတွင် သူ့မျက်နှာကို ဘယ်တော့မှ မမြင်လိုက်ရ။ သူ့မျက်နှာတွင် ပျော်ရွှင်ခြင်းအရိပ်အယောင်ရှိနေမလား။ ကြေကွဲနေမလား။ သူမမမှန်းဆနိုင်လောက်အောင် အိပ်မက်တိုင်းဟာ သူလို့ထင်ရရုံ အထိအတွေ့နှင့်သာ အစပျိုး အဆုံသတ်ရခြင်းသာ။ သူမ မသိစိတ်ထဲ ကိုယ့်ကိုယ်ကို ဒဏ်ခတ်ခံနေရခြင်းလား။ သူမကိုယ်တိုင်လဲ မသဲကွဲ။ သူ့အကြောင်းပြန်စဉ်းစားလိုက်လျှင် သူနှင့်နောက်ဆုံးစကားများတဲ့အချိန်က မျက်ရည်ဝဲနေတာကိုထိန်းရင်း သူမရှေ့တွင် ဘယ်တော့မှမမြင်စေရ ထွက်သွားပေးမည်ဟု ဇွတ်တရွတ်ဆုံးဖြတ်ချက်ချကာ “မမကို ချစ်တယ်” ဟုပြောဖြစ်အောင် ပြောသွားသော ဂျစ်ကန်ကန်သူ့ကို မမေ့နိုင်ခဲ့။ သူမကသာ ရင်ထဲတဆစ်ဆစ်နာကျင်ရင်း သူ့အပေါ် ပြောခဲ့မိသော စကားများအတွက် အားနာလျက်။ မမေ့နိုင်လျက်။ သူထွက်မသွားလောက်ပါဘူးဟု မျှော်လင့်လျက်။ ထိုမျှော်လင့်ချက်ယဲ့ယဲ့လေးကို လုံးဝလက်လွှတ်လိုက်ရမှန်း တစ်လလောက်အကြာတွင် သိလိုက်ရသည်။ ထိုအဖြစ်အပျက်နောက်ပိုင်း သူမကို သူလုံးဝမဆက်သွယ်တော့ဘဲ တိတ်တိတ်လေး ထွက်သွားခဲ့သည်။ အလုပ်တွေခေါင်းမဖော်နိုင်အောင်ရှုပ်သော်ငြားလည်း ပတ်ဝန်းကျင်တွင် သူ့အကြောင်း တစွန်းတစကြားရလျှင် သူနှင့်တွဲသောအပေါင်းအသင်းတွေကို တွေ့ရလျှင် ရူးချင်သလိုလို ရင်ဘတ်ထဲ အောင့်တတ်လာတတ်သည့် ထိုခံစားချက်ကို သူမတစ်ဦးသာသိသည်။ သူမရှိတော့ သူမ အနှောင့်အယှက်ကင်းကင်းနေနိုင်ပုံမျိုး ဟန်ဆောင်လျက်။ ပတ်ဝန်းကျင်တွင် အပြုံးမပျက်နေလျက်။ သူ့အကြောင်းကြားလျှင် မသိဟန်ဆောင်ကာ နားစွန့်လျက်။ ဗယ်လင်တိုင်းရောက်လျှင် ရောက်မလာတတ်တော့သော ချောကလက်တွေကို  စောင့်မျှော်လျက်။ ဘယ်တော့မှ ပို့မည်မဟုတ်သော မက်ဆေ့ချ်ကိုစောင့်မျှော်လျက်။ ဘယ်တော့မှ ဖုန်းဆက်လာမည်မဟုတ်သော အသံရှင်ကိုမျှော်လျက်။ ကတိလေးများနည်းနည်းလောက် ဖျက်လိုက်ပါရော့လားဟု တိတ်တခိုးဆုတောင်းလျက်။ သူရှိစဉ်က သူ့ကိုလုံးဝကြည့်မရခဲ့သော သူမသည် သူမရှိသည့်နောက်ပိုင်း သူ့ကိုသာအမြဲအိပ်မက်မက်လေသည်။ စိတ်ဆိုသည်က အဆန်းကြယ်သား။ ဆုံးရှုံးလက်လွှတ်လိုက်ရချိန်မှ အချစ်ဆိုတာ ပေါ်လာတတ်တာလား။ သူမ သူ့ကို ချစ်နေခြင်းလား။ မဖြစ်နိုင်။ သူမက သူ့ကိုလုံးဝကြည့်မရ။ အမြင်ကတ်သည်ဟုပြောလျှင်ပိုမှန်မည်။ ဘယ်အရာမဆို ရှေ့နောက်မကြည့် သူ့ခံစားချက်ကိုသာ ဦးစားပေးကာ သူမသိက္ခာကို ထည့်မစဉ်းစား ပေးတတ်သော သူ့ကို ဘယ်လိုမှ လက်မခံနိုင်ခဲ့။ အမြဲလိုလို သူမအပေါင်းအသင်းတွေကြား အရှက်ရစေသည်ဟု သူ့အချစ်တွေကို သူမအထင်လွဲခဲ့ဖူးသည်။ ခုရော သူမ။ သူမ သူ့ကို အထင်လွဲနေတုန်းလား။ ထိုနေ့က သူ့မျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး ဒေါသတကြီး အော်ဟစ်ပြောဆို နေခဲ့သည်။ သူ မနာကျင်ဘူးလား။ သူမစကားတွေက နာကျင်စရာကောင်းလောက်အောင် ရင့်သီးနေမှန်း သွေးအေးသည့်အချိန်မှ သူမသိခဲ့သည်။ ထိုသို့ရင့်ရင့်သီးသီးပြောဆိုနေချိန်မှာတောင် သူက တချက်ရယ်လိုက်သေးသည်။ သူ့အပြုအမူက သူမဒေါသကို ပိုဆွပေးသလိုဖြစ်နေသည်။ နောက်တော့ သူမစကားတွေကို ငြိမ်သက်စွာနားထောင်ရင်း သူ့ပုံကြည့်ရတာ ကြေကွဲသည့်ပုံပေါ်လာသည်။ သူမျက်ရည်ဝဲနေတာကိုထိန်းရင်း သူမကို ပြန်ပြောသောစကားတွေက တုန်ခါရင်း တချက်တချက် သူမျက်နှာလွှဲသွားတတ်သည်။ သူမ၏ ဆူငေါက်သံတွေကြား ငြိမ်ငြိမ်လေးနားထောင်နေသည့် သူ့ပုံစံကို ပြန်တွေးကြည့်လျှင် နာကျင်စေသည်။ သူမကို အသက်ရှုကြပ်စေသည်။ သူမ ဘယ်ဘက်ရင်ဘတ်ကို ထိုးအောင့်စေသည်။ သူမဘက်ကဒေါသတွေနှင့် အော်ဟစ်ပေါက်ကွဲနေသလောက် သူ့ဘက်က ဒေါသတကြီး ပြန်မတုန့်ပြန်ခဲ့သည်က သူ့အချစ်ဖြစ်မည်ထင်သည်။ သူမဒေါသတွေကို ငြိမ်သက်သွားစေခဲ့သည်က သူ့ရဲ့ ချစ်တယ်ဆိုတဲ့စကား။ ဒေါသထွက်နေသည့်အချိန် မျက်နှာချင်းဆိုင် အပြောခံလိုက်ရတော့ ရင်တခုလုံး ပူနွေးသွားသလို ခံစားလိုက်ရသည်။ သူမရင်ကို ထိအောင် သူ့ဘက်က နောက်ဆုံးပစ်ခဲ့သော မြှားချက်လား။ သူမမသိစိတ်ထဲ သူ့ကို စိုးမိုးသွားစေခဲ့သော နောက်ဆုံးပြကွက်လား။ အနိုင်ပိုင်းသွားခဲ့ခြင်းလား။ သူမအချစ်ကို မရနိုင်လောက်ဟု ယူဆကာ အရှုံးပေးထွက်သွားခြင်းလား။ သူမအချစ်ကို စမ်းသပ်ခဲ့ခြင်းလား။ သူမဆီပြန်မလာတော့ဘူးလား။ သူမကို အရင်လို ချစ်နေနိုင်ပါ့မလား။ သူမကို စိတ်နာမုန်းတီးသွားလေမလား။ လားပေါင်းများစွာနှင့် သူမကို ချန်ထားရစ်ခဲ့သည်။ ထိုကတည်းက သူမအိပ်မက်ထဲတွင်သာ သူ့ကိုတွေ့ဆုံရသည်။ သူနှင့် အနီးစပ်ဆုံးတွေ့ဆုံနိုင်သော အိပ်မက်တွင် နေသားကျလျက် သူမနေ့ရက်တွေကို မသိစိတ်တွင်ရှိသော အလွမ်းတွေနှင့် ပင်ပန်းစေသည်။
သူမကို နောက်ကဖွဖွသိုင်းဖက်လျက်။ သူမ မရုန်းမိ။ သူ့ရင်ခုန်သံကို ကြားတော့ သူမလန့်နိုးလာသည်။
မနက်ဖြန်ဆို ချောကလက်ရောက်လာမှာမဟုတ်သော ဗယ်လင်တိုင်းရောက်ပြန်ပီပဲ။


ရိုးမြေကျ(မုံရွာ)
12.4.2016(11:20PM)













3 comments:

mypersonalspace said...

အဆုံးသတ်သွားတာမြန်လိုက်တာ
ဆက်ရန်ရှိသေးရင် ဖတ်ချင်သေးတယ်ဗျာ

Unknown said...

လွတ်လပ်တဲ့ အချစ်ဆိုတဲ့ အရာကို
မှားယွင်းစွာခံစားပြီး စိတ္တဇ အမေးညတွေ ဒီ့ထက်ပိုမရှိတော့ရင်.........
သူမရဲ့  Valentine အသက်ဝင်လှပလာကောင်းပါရဲ့ 

Unknown said...

ဖတ်မရဘူး ဘာfortနဲ့ရေးတာလည်း

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။