Tuesday, January 1, 2013

Aquarius ရင်ခုန်သံ(၁)



မိုးဆွေ အသက်(၂၈)နှစ်
          သူ့ဈာပနပြင်ဆင်ထားတာကိုကြည့်ရင်း မေ့ မျက်ဝန်းထဲက မျက်ရည်တွေကျလာသည်။ အနားမှာပါလာသော ခင်ပွန်းသည်ကိုတောင် အားမနာနိုင်။ မေ ငယ်စဉ်ကတည်းက တိတ်တခိုးချစ်ခဲ့ရသော မျက်ဝန်းစကားတွေနဲ့ပဲ အချစ်ကို သက်သေပြနိုင်ခဲ့သော ငယ်ချစ်ဦး၏ အသက်မဲ့ခန္ဓာကိုယ်ကြီးကိုပဲ မေ မမှိတ်မသုန်ကြည့်နေမိသည်။ မေ ဆိုးနွဲ့သမျှကို သည်းခံပေးခဲ့သော မေ၏ သူငယ်ချင်းကောင်လေးသည် လူ့လောကထဲမှာ (၂၈)နှစ်သာ နေသွားနိုင်ခဲ့သည်။ “ငမိုးရာ နင်အဲဒီကောင်မလေးကြောင့် အသက်ဆုံးရှုံးရတာ တန်လို့လားဟာ။” မေ တိတ်တိတ်လေးရေရွတ်နေမိသည်။ ကြည့်စမ်းပါဦး။ ဘာရောဂါကြီးကြီးမားမားမှမရှိဘဲ သူ့ချစ်သူကောင်မလေး မြတ်နိုး လက်ထပ်သွားတဲ့နေ့ကပဲ သူစိတ်ညစ်ညစ်နှင့် မိုးရေတွေထဲ ညကြီးမိုးချုပ် ဆိုင်ကယ်လျှောက်မောင်းရင်း  အအေးမိသွားသည်။ ဒါကို သူက ဆေးခန်းမသွား ဆေးမသောက်ဘဲ ပေပေတေတေနှင့် လျှောက်သွားနေသေးသည်။ အရင်က ပေပေတေတေ နေခဲ့တော့ သူအပြင်းဖျားချိန်မှာ ခံနိုင်ရည်နည်းပြီး  နှစ်ရက်မြောက် မနက် မိုးလင်းခါနီးလေးမှာပဲ အားလုံးကို တိတ်တဆိတ်နှုတ်ဆက်သွားကြောင်း ကျန်သူငယ်ချင်းတွေပြောပြလို့ မေသိလိုက်ရသည်။ သူ စိတ်ညစ်တဲ့အချိန်လုပ်တတ်တဲ့အပြုအမူက မိုးရေတွေထဲလျှောက်သွားတတ်တာပဲ။ ဟိုးငယ်စဉ်ကလေးဘဝကအတိုင်းပဲ။ ဘာမှမပြောင်းလဲသေးပါလား။ မေနဲ့ အဆက်အသွယ်ပြတ်နေသော နှစ်နှစ်ဆိုသည့်အတိုင်းအတာကာလအတွင်းမှာလဲ သူ့အမူအကျင့်တွေမပြောင်းလဲနိုင်သေးပါလား။
          သူနှင့် ငယ်စဉ်က ကျောင်းတက်ခဲ့ရသည့်အချိန်တွေကို လွမ်းဆွတ်သွားသည်။ ကျောင်းသားဘဝကတည်းက စာတော်သော သူ့အနားမှာ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေခဲ့သည်။ သူက လူချစ်လူခင်လဲပေါများသည်။ ထိုဝိုင်းဝိုင်းလည်နေသော ကောင်မလေးတွေအားလုံးကို ဂရုမစိုက်ဘဲ မေ့အနားမှာသာ အဖြူရောင် နှောင်ကြိုးလေးအဖြစ် အမြဲရပ်တည်ခဲ့သည်။ မေ ခဏခဏစိတ်ဆိုးစိတ်ကောက်လုပ်တိုင်း သူ မျက်ရည်ကျခဲ့တာတွေ။ သူငယ်ချင်းတွေကြားမှာ သူ့ရဲ့ တိတ်တခိုးအချစ်ကို ရင်ခုန်ရင်း သူကလဲ ငွေကြေးဂုဏ်ရှိန်ထည်ဝါသော မေ့အသိုင်းအဝိုင်းကြောင့် မေ့အချစ်ကို မဆွတ်ခူးဘဲ အဖြူရောင်စည်းလေးအဖြစ်သာ ရပ်တည်ပေးခဲ့ရှာသည်။ မေ နှင့် သူ သည် တိတ်တခိုးချစ်သူတွေပဲ ဖြစ်ခဲ့ရသည်။ ဆယ်တန်းတစ်နှစ်လုံး မေ့ရဲ့ ဆိုးနွဲ့မှုတွေ အနိုင်ကျင့်မှုတွေကြောင့် ကျောင်းစာလုပ်ရမည့်အချိန် ကျောင်းစာမလုပ်နိုင်ဘဲ မေ့ကို ချော့နေရခြင်း၊ မေ့ကြောင့် မျက်ရည်ကျခြင်းတို့ဖြင့်သာ သူ့နေ့ရက်တွေကို ဖြတ်သန်းခဲ့ရသည်။ မေ နင့်နင့်သီးသီးပြောခဲ့တဲ့စကားတွေ အပြုအမူတွေကြောင့် သူမျက်ရည်ကျခဲ့ရသည်။ ဆယ်တန်းတစ်နှစ်တာပတ်လုံး မေ့ကြောင့် စိတ်ချမ်းသာခဲ့ရသည့်ရက်တွေက ခပ်ရှားရှားပါ။ အောင်စာရင်းထွက်တော့မှ မေ့အမှားကို မေသိလိုက်ရသည်။ မေက ဂုဏ်ထူး(၄)ဘာသာနဲ့ အောင်မြင်ခဲ့ပေမယ့် သူကတော့ ရိုးရိုးသာအောင်ခဲ့ရှာသည်။ စာလုပ်ရာမှာလဲ အင်မတန်စေ့စပ်သေချာသောကြောင့် ဆရာဆရာမတွေတောင် သူ့အဖြစ်ကို မယုံနိုင်ဖြစ်လို့။ သူ စာကောင်းကောင်း မကြည့်နိုင်ခဲ့တာ မေ့ကြောင့်ဆိုတာ မေပဲသိသည်။ အောင်စာရင်းထွက်ပြီးကတည်းက ကံကြမ္မာသည် မေနှင့်သူ့ကို ရှင်ခွဲခွဲပစ်လိုက်သည်။ အသက်မွေးဝမ်း ကျောင်းပညာရပ်ခြင်း မတူတော့သောကြောင့် မေတို့နှစ်ယောက်လျှောက်သောလမ်းမှာလဲ ဘယ်လိုမှ မတူနိုင်တော့ပါ။ သူ့ပညာရေးလမ်းကြောင်းပြောင်းသွားရခြင်း၏ အဓိက တရားခံမှာ မေဖြစ်နေ၍ မေ အခုထိ လိပ်ပြာမလုံချင်။ မေက ဆေးတက္ကသိုလ်ကို အောင်မြင်စွာတက်နိုင်ခဲ့ပေမယ့် သူကတော့ နည်းပညာကောလိပ်မှာ ပညာဆက်လက် ဆည်းပူးခဲ့သည်။ မတူညီသောလမ်းကို လျှောက်လှမ်းရင်း ရံဖန်ရံခါလေးတောင် မဆုံဖြစ်တော့သော မေတို့နှစ်ယောက်ဖြစ်ရပ်။ ရင်ထဲက အချစ်တွေကို ဖွင့်ဟဖော်ထုတ်ခြင်းမရှိသော သူ့အချစ်တွေကို တိတ်တခိုးငံ့လင့်ရင်း မေ အသက်(၂၆)နှစ်ပြည့်တော့ အိမ်က ပေးစားသောသူကို လက်ထပ်ခဲ့ရသည်။ မေ့ မင်္ဂလာဆောင်တုန်းကလဲ ရီဝေေ၀ သူ့မျက်ဝန်းတွေ။ ထိုအချိန်ကတည်းက သူသည် သူ့ချစ်သူကောင်မလေးနှင့် သိပ်အဆင်မပြေဟု သူငယ်ချင်းတွေဆီက ကြားရသည်။ သူစိတ်ညစ်ရင် ပေပေတေတေနှင့် ထမင်းမစားမသောက်နေတတ်တာ မေသိတာပေါ့။ ဒါ့ကြောင့် မေ့မင်္ဂလာဆောင်မှာတွေ့ရသော သူအနည်းငယ်ပိန်သွားသည်။ မေ့လိုပဲ အနိုင်ကျင့်ဆိုးနွဲ့တတ်သော ကောင်မလေးနောက်တစ်ယောက်ဆီမှာ သူ ဘယ်လောက်တောင်ပေးဆပ်ခဲ့ရသည်လဲ။ သူမကြာခဏပြောတတ်သော ကုမ်ရာသီဖွားတွေက အချစ်ရေးမှာ အနှောင့်အယှက်အတားအဆီးတွေများတယ်ဟ ဆိုသည့်အသံကို မေ ကြားယောင်နေမိသည်။ စိတ်ခံစားချက်ပြင်းထန်သော၊ မိသားစုအပေါ် သံယောဇဉ်ကြီးသည့် ကုမ်ရာသီဖွားတစ်ယောက်၏ စရိုက်လက္ခဏာတွေအပြည့်နှင့် သူ့ပုံရိပ်လေးတွေသာမြင်ယောင်မိသည်။ အရာရာကို တွယ်ငြိတတ်သလို တခါတရံပြတ်သားမာကြောတတ်သောသူ စိတ်ခံစားမှုကို ဦးစားပေးလွန်းလို့ သူဆုံးရှုံးခဲ့ရတာတွေ ဘယ်လောက်များနေပြီလဲ။ သူအသက်ရှင်စဉ်တုန်းက မေ မမေးမိခဲ့သော စကားတစ်ခွန်းရှိခဲ့သည်။ ဘဝကို တစ်ဖန်ပြန်မွေးဖွားလို့ရမယ်ဆိုရင် ကုမ်ရာသီဖွားတစ်ယောက် အဖြစ်ရော မွေးဖွားချင်သေးလားဆိုသည့် စကားတစ်ခွန်းကိုတော့ မေ မေးချင်မိသည်။ ဒါပေမယ့် ဒါဟာ စိတ်ကူးယဉ်မှုသက်သက်ဖြစ်သွားပြီဆိုတာတော့ မေ ကောင်းကောင်း နားလည်လိုက်ပါပြီ။
          ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဟူသော အသိတရားသည် မေ့ရင်ကို ဆူးနင့် ကြေကွဲစေသည်။


19 comments:

Phyu Lwin said...

ကုမ်ရာသီဖွားတွေက အချစ်ရေးမှာ အနှောင့်အယှက်များတယ်တဲ့လားး)
ရာသီသင်္ကေတပုံက ရေအိုးထဲကရေသွန်းနေတဲ့ပုံနဲ့အညီပဲ တွေ့ဖူးသမျှ ကုမ်ရာသီဖွားတွေက ပေးဆပ်ကြတာများတယ်. မိသားစုအတွက်ပဲဖြစ်ဖြစ် သူငယ်ချင်း၊ ချစ်သူအတွက်ပဲဖြစ်ဖြစ်ပေါ့.။

လရိပ်အိမ် said...

ကုမ်ရာသီဖွားဆိုတော့ ကုန်တာတွေအရမ်းများတယ်။
နှလုံးသားကြောင့် ပေးဆပ်လိုက်ရတာ မနည်းမနောဘဲ။
ပြန်ရလားဆိုတော့ ကြေကွဲခြင်းတွေသာ ပြန်ရလာတယ်။
မိသားစုကတော့ လရိပ်အပေါ်အရမ်းကောင်းပါတယ်။

၁ ကစတာဆိုတော့ ကိုရီးယားလိုမျိုးလာတော့မယ်ထင်တယ်။

ချင်းမလေး said...

ညလေးရေ.. ဇာတ်လမ်းတိုလေးလာဖတ်သွားတယ်နော်..
စိတ်မကောင်းဘူးကွယ်..
အမက စတည်းက မျက်ရည်လွယ်တော့ ..
ခံစားလိုက်ရတယ်..

Unknown said...

ရိုးမြေကျလေး
စိတ်ဝင်စားစရာကောင်းသောဝတ္ထုတိုကောင်းလေးတစ်ပုဒ်
ဖတ်ရှု.အားပေးသွားပါတယ်ကွယ်။မြတ်နိုးနဲ.နံမည်တူလေးပါတော.
မြတ်နိုးကိုပိုသတိရသွားပြန်တယ်။အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်

Unknown said...

း) ဖတ်ခဲ့တယ်ဗျ စိတ်ဝင်စားစရာကောင်းတယ်

Thamee Su said...

ဖတ်ရတာဝမ်းနည်းလိုက်တာ ညီမလေးရေ

Anonymous said...

သနားဖို့ကောင်းလိုက်တာ။ စိတ်ဝင်စားစရာလဲကောင်းတယ်။။။။။

စံပယ်ချို said...

ကံဆိုးနေတဲ့ သူတိုင်းကတော့ နှလုံးသားအတွက်ပေးဆပ်နေရတာတွေများနေမှာပါပဲလေ...
အရောက်နောက်ကျလို့တောင်းပန်ပါရစေကေသီရေ လိုင်းပေါ်ကိုမရောက်ဖြစ်တာပါ နေမကောင်းနေလို့လေ

မိုးနတ်ကြယ်စင် said...

မ...၀တ္ထုတိုလေးကို ညလေးခံစားခဲ့တယ်နော်...
မိုးနတ်လဲ မျက်ရည်လွယ်သူမို့ ဖတ်နေရင်းမှာ ငိုမိတော့မလိုပါပဲ
ဒါပေမဲ့...ခုနောက်ပိုင်း မျက်ရည်မလွယ်အောင် ကိုယ့်ကိုယ်ကို
ဆုံးမထားတယ်..(ရမလားတော့မသိဘူး)
ဒီရက်ထဲ မအားဘူးမရယ်...fb မှာလဲ မဆုံဖြစ်ကြဘူးနော်..
မကို အပ်ထားတာရပြီမို့ အတိုင်းမသိ ၀မ်းသာမိတယ်...
နောက်မှ တရက်ရက် fb မှာဆုံချင်သေးတယ်...
ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေမ...
အရမ်းသတိရနေတယ်....:)
ချစ်တဲ့.....မိုးနတ်

ပန်းချီ said...

ကိုယ်လဲ aquarius ပါပဲး( ပေးဆပ်နေရသလို ဆက်လဲပေးနေရသေးတယ်။ ဇာတ်လမ်းကလေး ကောင်းချက် ညီမလေးရေ။

နွေလ said...

ရင်ထဲမှာတစ်ဆို့ဆို့ကြီး ခံစားရတယ်
မရောက်ဖြစ်တာလည်း ကြာပြီ
စိတ်ဓာတ်တွေ ကျနေတာနဲ့
ဘာမှလုပ်ချင်စိတ် မရှိဖြစ်နေတယ်
စာတွေလည်း မရေးဖြစ်ဘူး

ညီလင်းနိုင် said...

ထိရှခဲ့ရတဲ့ ထုဆစ်မှုတစ်ခုပါပဲ ရိုးမြေလေးရေ .....

ကျွန်တော်လည်း အထိအရှတွေ ခဏခဏ ရှိခဲ့ဖူးပါတယ် ။

ဒါပေမယ့် ကုမ်ရာသီဖွားတော့ မဟုတ်ဘူး ။

မိဿ.... သင်းကွဲမိဿ .... အဟဲ

Thu said...

templateအသစ်လေးကိုကြိုက်တယ်။
ဆက်သွယ်မှုဧရိယာပြင်ပရောက်နေလို့အဆက်ပြတ်နေတာကြာပြီနော်
Belately Happy New Year!!
ရေးတတ်တဲ့သူတွေများမိုက်တယ်နော်။ရေးတတ်လိုက်တာနော်။
ကုမ်ရာသီဖွားတွေက ပေးဆပ်တတ်တဲ့သူများတယ်တဲ့ကြားဖူးတယ်။

ရတုသစ် said...

အဆုံးသတ်ကိုဖတ်ပြီးမှ ကိုယ့်ဘာသာရင်မခိုင်ဘူးဆိုတာသတိပြုမိတယ် ဗျာ..။

ရတုသစ် said...

အဆုံးသတ်ဖတ်ပြီးမှ ကိုယ့်ရင်ဟာမခိုင်မှန်းသိလိုက်ရတယ်။
နင့်နင့်နဲနဲနဲ့ကျနော့်မျက်ရည်ကိုချူယူသွားခဲ့တယ်။

NweYoePhyu said...

အားပါး အရမ်းကောင်းတဲ့ဝတ္ထုလေးပဲ ဒါပေမယ့်
ဒီဝတ္ထုလေးဖတ်ပြီးတော့ကုမ်ရာသီဖွား တစ်ယောက်အတွက်
စိုးရိမ်မိတယ် သူကလဲ အဲလိုပဲ စိတ်ထဲမှာဝမ်းနည်းစရာရှိတယ်ဆိုရင်မိုးထဲမှာတစ်ယောက်ထဲ လျှောက်သွားတက်တယ်

အိပ်မက်ကောင်းကင် said...

ပထမပိုင်းကို မဖတ်ရသေးလို့ ပထမပိုင်းကိုလာဖတ်သွားတယ်နော်
စိတ်မကောင်းစရာ ဇာတ်လမ်းတစ်ပုဒ်လေးပါပဲ

roseayemaung said...

Aquarius ရင်ခုန်သံ(၃)
အခန်းဆက်(၃)...လေ.လာဖတ်သွားပါရင်တွေတုန်လိုက်တာလေ.ဘာတွေဖစ်ကြအုံးမလဲနော်

Unknown said...

နော်လည်း ကုမ် ပဲဗျာ

စိတ်ဝင်တစား ဖတ်သွားတယ် အင်း တမျိုးတော့ ခံစားရတယ်ဗျ

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။