Thursday, January 10, 2013

Aquarius ရင်ခုန်သံ(၃)



                
                မင်္ဂလာဦးညမှာပင် မြတ်နိုး လုပ်မိသော အမှားသည် တစ်သက်တာ ပြင်လို့ မရတော့သော အမှားမှန်း မြတ်နိုးသိသွားသည်။ မြတ်နိုး မင်္ဂလာဆောင်ပြီး နှစ်ရက်မြောက်နေ့တွင် ကြားရသော သတင်းဆိုးသည် မြတ်နိုးရင်ကို တစ်စစီခွဲပြီးဖြစ်သည်။ ကို ဆုံးပြီတဲ့။ အိုမဖြစ်နိုင်တာ။ မဖြစ်နိုင်လိုက်တာ။
           မြတ်နိုး မချစ်မနှစ်သက်သူနှင့် လက်ထပ်ဖြစ်ခဲ့ခြင်းသည် ကို့ အပေါ်သက်သက် အရွဲ့တိုက်ခဲ့ခြင်းသာဖြစ်သည်။ ယခု လက်ရှိ မြတ်နိုးခင်ပွန်း အောင်အောင် နှင့် မင်္ဂလာဆောင်လျှင် “နင်တို့နှစ်ယောက်ကို သတ်ပြီးရင် ငါ့ကိုယ်ငါ သတ်သေပြမယ်သိလား မြတ်နိုး။ ငါက ပြောရင်ပြောတဲ့အတိုင်း လုပ်တာနော်။” ဟု ဒေါသကြီးစွာ ကို ပြောခဲ့ဖူးသည်။ တကယ်တမ်းကျတော့ ကိုကထိုသို့မလုပ်ခဲ့ပါ။ အစက ဘာမဆိုပြောရင် ပြောတဲ့အတိုင်း လုပ်တတ်သော ကို့စကားကို ယုံကြည်ခဲ့မိသေးသည်။ တကယ် မင်္ဂလာဆောင်သည့်နေ့တွင်တော့ ကို တစ်ယောက်မင်္ဂလာပွဲကို မလာခဲ့ပါ။ ဒီတစ်ခါတော့ ပြောတဲ့အတိုင်း တကယ်မလုပ်ခဲ့ပါလား ကို။
          တကယ်တော့ မြတ်နိုးက အချစ်ကို ဆော့ကစားချင်ခဲ့သည်။ ကိုနှင့် ချစ်သူမဖြစ်ခင်ကလဲ မြတ်နိုးမှာ ရည်းစားတွေရှိခဲ့ဖူးသည်။ မြတ်နိုးအကျင့်က မြတ်နိုးကို အမြဲအလိုလိုက် အကြိုက်ဆောင်တတ်သော မြတ်နိုးကိုမှ မရရင် သေရပါမယ်ဆိုသော ယောကျ်ားများနှင့် ချစ်တမ်းကစားတတ်ခြင်းဖြစ်သည်။ ကို ကတော့ မြတ်နိုး၏ သုံးယောက်မြောက်ချစ်သူဖြစ်သည်။ ကို ချစ်ခွင့်ပန်လာတော့ မြတ်နိုးက အလွယ်တကူပဲ လက်ခံခဲ့သည်။ ကို သည် မြတ်နိုးအတွက် ကစားစရာအရုပ်သဖွယ်သာဖြစ်သည်။ အပျော်တွဲရင်း ကို သည် တဖြည်းဖြည်းနှင့် မြတ်နိုးနှလုံးသားထဲ ရောက်လာသည်။ အချစ်ကို မြတ်နိုးတကယ်ခံစားမိခဲ့သည်။ မြတ်နိုးကိုယ် မြတ်နိုး ကံကောင်းသော မိန်းမတစ်ယောက်အဖြစ် ခံယူခဲ့မိသည်။
          ကို နှင့် ချစ်ကြိုက်နေမှန်း မြတ်နိုး မိဘတွေသိတော့ ကို့ကို သိပ်သဘောမကျ။ မြတ်နိုးမိဘတွေက ကို့မိဘ၏ ငွေကြေးမတောင့်တင်းသော အနေအထားကို သဘောမကျတာဆိုလျှင် ပိုမှန်မည်ထင်သည်။ ဒါပေမယ့် တင်းတင်းကျပ်ကျပ် တားမြစ်တာမျိုးတော့ မလုပ်ခဲ့ပါ။ မြတ်နိုး အပျော်တွဲ နေသည်ဟု မေမေတို့ ယူဆထားလို့လဲ ဖြစ်နိုင်သည်။
          ကို နှင့် ချစ်သက်တမ်း တစ်နှစ်ခွဲအတွင်းမှာ ကို့ရဲ့ ဂရုစိုက်မှုတွေကို အမြဲရခဲ့သည်။ မြတ်နိုးက အစားအသောက်ကို မှန်မှန်စားတတ်သူမဟုတ်။ ထိုအခါမျိုးတွင် ကို က မြတ်နိုး အစာအိမ်ရောဂါဖြစ်မည်စိုးရိမ်ကာ ကို ကိုယ်တိုင်တကူးတက မုန့်လုပ်ကျွေးတတ်သည်။ အခုတော့ ကို လုပ်ကျွေးဖူးသော ခေါက်ဆွဲပြုတ်ချိုပူပူနွေးနွေးနှင့် ကော်ပြန့်ကြော်ကို ဘယ်တော့မှ စားခွင့်ရတော့မည်မဟုတ်။ ကို ခေါက်ပေးသည့် စက္ကူကြိုးကြာရုပ်လေးတွေ ၊ ကြယ်လေးတွေကို မြတ်နိုး ခုထိတယုတယသိမ်းထားဆဲ။
          ဒါပေမယ့် ကို့ရဲ့ သဝန်တိုမှုနှင့် မြတ်နိုးရဲ့ အရွဲ့တိုက်မှုက ကိုနှင့်မြတ်နိုးကို ရှင်ကွဲကွဲ စေရုံသာမက သေကွဲပါကွဲစေခဲ့သည်။ မြတ်နိုး ကုမ္ပဏီတစ်ခုမှာ ဝင်လုပ်မိခြင်းသည် ကို နှင့် မြတ်နိုးကို ခွဲပစ်သော လမ်းစဆိုလျှင် မှားမည်မထင်။ ကို ကလဲ တခြားကုမ္ပဏီမှာလုပ်နေတာဆိုတော့ မြတ်နိုး ရုံးဆင်းလျှင် မြတ်နိုးကို အကြိုအပို့ မလုပ်နိုင်ခဲ့ပါ။ ထိုကုမ္ပဏီက ဝန်ထမ်းများက ကို့အကြောင်းတွေကို အမြဲသွေးထိုးပေးပြီး သူတို့ အပေါင်းအသင်းတစ်ယောက်နှင့် မြတ်နိုးကို ဖြစ်စေချင်ကြသည်။ ဒါကို ကို သိသွားတော့ ဆတ်ဆတ်ထိမခံ။ ထုံးစံအတိုင်း အရမ်းသဝန်တိုပြီး မြတ်နိုးကို စိတ်မချဖြစ်သည်။ ကို နှင့် မြတ်နိုးကြား အဆိုးဝါးဆုံးအဖြစ်အပျက်တစ်ခုမှာ စားသောက်ဆိုင်တစ်ခုမှာလုပ်သော ကုမ္ပဏီ၏ နှစ်သစ်ကူးပွဲမှာဖြစ်သည်။ စားသောက်ဆိုင်မှာဆိုတော့ ယောကျ်ားလေးဝန်ထမ်းတွေ အသောက်အစားပါမည်ကို စိုးရိမ်ကာ မြတ်နိုးကို ထိုဆိုင်သို့လိုက်ပို့ချင်သည်။ မြတ်နိုးကလဲ လက်မခံခဲ့။ ထိုလက်မခံခြင်းကပဲ ရာသက်ပန် အမှား ဖြစ်သွားတော့သည်။ ထိုညက ကို အရမ်းပေါက်ကွဲသည်။ မြတ်နိုး အပေါင်းအသင်းတွေ ရှေ့မှာပါ မြတ်နိုးကို အော်သည်။ ကို့ရဲ့ သဝန်တိုမှုကို မထိန်းနိုင်ခြင်းကလဲအမှားတစ်ခုဖြစ်ခဲ့သည်။ အပေါင်းအသင်းတွေရှေ့ အအော်ခံရတော့ မြတ်နိုး ကို့ကို စိတ်ပျက်သွားသည်။ ထိုနေ့မှစ၍ မြတ်နိုးရုံးဆင်းခါနီးတိုင်း အမြဲနောက်ကလိုက်လာတတ်သော ကို အရမ်းမုန်းသော အောင်အောင့်ကို မြတ်နိုး စတွဲခဲ့သည်။ ကိုနှင့် လမ်းခွဲလိုက်သည်။ အောင်အောင်နှင့် စတွဲခဲ့ခြင်းသည် အမှန်တကယ်တော့ ကို့ကို သက်သက်အရွဲ့တိုက်ခဲ့ခြင်းသာဖြစ်သည်။
          တစ်ရက်မှာ မြတ်နိုးနှင့်ကို မုန့်ဆိုင်တစ်ဆိုင်မှာ ချိန်းလိုက်သည်။ ကို နှင့် စကားတွေအများကြီးပြောကြသည်။ ကို ကသူ့ဆီပြန်လာရန် တောင်းပန်သည်။ မြတ်နိုးက ပြန်မလာနိုင်ကြောင်းပြောကာ မြတ်နိုးမရှိရင် ကို အသက်ရှင်နိုင်မှာလားလို့လဲ အရွဲ့တိုက်မေးခဲ့သေးသည်။ မြတ်နိုးကတော့ ကို မရှိလဲ အသက်ရှင်နိုင်ကြောင်း အနိုင်ပိုင်းခဲ့သေးသည်။ ထိုစဉ်ကတည်းက ကို့မျက်နှာတွေချောင်ကျနေပြီ။ မြတ်နိုးစိတ်ကြောင့်ပဲနေမှာပေါ့။ ကို သိပ်ချစ်တတ်တာ မြတ်နိုးသိသားပဲလေ။ ကို နှင့် စကားပြောနေစဉ် မြတ်နိုးကြိုချိန်းထားသည့်အတိုင်း ထိုနေရာကို အောင်အောင်ရောက်လာသည်။ အနည်းငယ်ပျက်ယွင်းသွားသော ကို့မျက်နှာကို ကြည့်ရင်း မြတ်နိုး စိတ်မကောင်းပေမယ့် ထိုစဉ်က မြတ်နိုး ရူးရူးမိုက်မိုက် မလုပ်သင့်တာတွေ လုပ်ခဲ့မိသည်။ အောင်အောင် မြတ်နိုးနားလာထိုင်ချိန်တွင် မြတ်နိုး ထင်မှတ်မထားသော အပြုအမူကို ကို လုပ်ခဲ့သည်။ မြတ်နိုးတို့နှစ်ယောက်ရှေ့မှာ ကို ဒူးထောက်ပြီး သူ့ကို ခွင့်လွှတ်ပေးပါ။သူ့ဆီပြန်လာပါဟု တောင်းပန်ခဲ့သည်။ လုံးဝထင်မှတ်မထားသော အပြုအမူဆိုပေမယ့် မြတ်နိုးရဲ့ အရွဲ့တိုက်မှုက အစွမ်းကုန်ပါပဲ။ လုံးဝပြန်မလာနိုင်ကြောင်းပြတ်ပြတ်ပြောလိုက်တော့ ကို လှည့်ထွက်သွားတော့သည်။ မြတ်နိုးရဲ့လုပ်ရက်ဟာ အရမ်းရက်စက်တယ်ဆိုတာ အခုချိန်မှာ နောင်တရနေလဲ ကို ကတော့ ပြန်ရှင်လာတော့မည်မဟုတ်။
          အောင်အောင်နှင့် တွဲပြီး ခြောက်လလောက်ကြာတော့ မြတ်နိုး ကိုနှင့် ပြန်ဆက်သွယ်ခဲ့သည်။ မြတ်နိုး စိတ်နှင့် ကို တော်တော်လေးပိန်ကျသွားသည်။ မြတ်နိုးက အောင်အောင်နှင့် လမ်းခွဲပြီးပြီဟု လိမ်ပြောကာ ကို နှင့်တွေ့ခဲ့သည်။ ကို က သူ့ဆီပြန်လာသည်အထင်နှင့် အပျော်ကြီးပျော်နေသည်။ အမှန်တကယ်မှာ မြတ်နိုး အောင်အောင်နှင့် စေ့စပ်ပြီးပြီဖြစ်သည်။ အောင်အောင့်ကို လျှော့တွက်ခဲ့မိခြင်းသည် မြတ်နိုး အမှားဖြစ်သည်။ မြတ်နိုးမိဘတွေနှင့် အောင်အောင့်မိဘတွေသည် မိတ်ဟောင်းဆွေဟောင်းများဖြစ်နေကြသည်။ ထိုအချက်ကို အခွင့်ကောင်းယူကာ အောင်အောင်က မြတ်နိုးကို အရယူဖို့ ကြိုးစားခြင်းဖြစ်သည်။ အောင်အောင့်ကို တကယ်မချစ်ဘဲ လက်ထပ်ရတော့မည်။ စေ့စပ်ပြီး နှစ်လနေလျှင် လက်ထက်ပွဲဆင်နွှဲရတော့မည်။ ဒါတွေကို ကို ကမသိ။ ထိုနှစ်လအတွင်းမှာ ကို နှင့်ခဏလေးပဲဖြစ်ဖြစ် အတူရှိနေခွင့်ရချင်ခြင်းသည် မြတ်နိုး၏ အဖြူရောင်အတ္တသာဖြစ်သည်။ ထိုအတ္တက ကို့ကို လူ့လောကထဲမှ အပြီးတိုင်ဆွဲထုတ်သွားအောင် ရက်စက်စေခဲ့သည်ဆိုတာ ယခုအချိန်ကျမှ သိလိုက်ရသည်။ ကို့သူငယ်ချင်းတွေက မြတ်နိုးနှင့်အောင်အောင့်အကြောင်းကို သိတော့ ကို့ကိုပြောပြကြသည်။ ကို ကလက်မခံခဲ့။ မယုံကြည်ခဲ့။ မြတ်နိုးကိုသာ ယုံကြည်ခဲ့သည်။ ကို့သူငယ်ချင်းတွေကိုပင် မြတ်နိုးနှင့် အောင်အောင်လမ်းခွဲပြီး သူ့ဆီပြန်လာကြောင်း ကြွားခဲ့သေးသည်။ မြတ်နိုး၏ မင်္ဂလာဆောင်ကိစ္စကို ကို့ကို ပိပိရိရိ ဖုံးကွယ်ထားနိုင်ခဲ့သည်။ မင်္ဂလာပွဲကျင်းပဖို့ တစ်ရက်အလိုမှ ကို့ထံ မင်္ဂလာဆောင်ဖိတ်စာပို့ပေးခဲ့သည်။ ထိုညနေခင်းကို မြတ်နိုးမှတ်မိသေးသည်။ ညနေ(၅)နာရီခွဲလောက်မှာ မြတ်နိုးထံ ကိုဖုန်းဆက်လာခဲ့သည်။ သူ့ကို လိမ်ညာနေတာမလား။ ဖိတ်စာတစ်စောင်တည်းသီးသန့်ရိုက်ပြီး သူ့ကို စနောက်နေတာမဟုတ်လား ဟု မြတ်နိုးကို အထပ်ထပ်မေးရင်း မယုံနိုင်ဖြစ်နေခဲ့သည်။ “တကယ်မင်္ဂလာဆောင်တော့မှာ။” လို့ မြတ်နိုးပြောလိုက်ချိန်မှာ ကို့ဆီက ကြားဖို့မျှော်လင့်ထားပြီးသားဖြစ်သော စကားတစ်ခွန်းကြားခဲ့ရသည်။ “မင်းတော်တော်ကြောက်ဖို့ကောင်းတဲ့မိန်းမပဲ။”

အရွဲ့တိုက်မှုသည် မြတ်နိုးအချစ်ဆုံး ချစ်သူနှင့် ရံဖန်ရံခါလေးတောင် တွေ့ခွင့်မရနိုင်အောင် အပြစ်ဒဏ်ခတ်လိုက်သည်။


Aquarius ရင်ခုန်သံ(၁) နှင့် (၂)ကို မဖတ်ရသေးလျှင် ပြန်ဖတ်ကြည့်မှ ဇာတ်ရည်လည်ပါမယ်။




ရိုးမြေကျ(25.12.2012,7:45pm)

11 comments:

စံပယ္ခ်ိဳ said...

ဟုတ်တယ်ကေသီညီမရေ
အရွဲ့တိုက်တယ်ဆိုတာနေရာတိုင်းတော့ ကောင်းတဲ့အရာမဟုတ်ပါဘူးနော်
ချစ်တဲ့

Phyu Lwin said...

ဒီတစ်ခါ ဖတ်ရတာ စိတ်ထဲမှာ တစ်မျိုးခံစားရတယ်.။ မိန်းကလေးဘက်က မှားသွားတယ်လို့ ခံစားမိတာကိုး..။

လွင်ပြင်လှိုင်းငယ် said...

၁ရော၂ရော ၃ရော အခုမှပဲ တခါတည်းခံစားလိုက်တယ် ညီမလေးရေ

မိုးနတ်ကြယ်စင် said...

အဲဒိ စကားလေးက ရိုးရိုးလေးနဲ့ အမှန်ဆုံးပဲ...
အဲဒိ စကားလေးက တပုဒ်လုံးရဲ့ အသက် နဲ့ ပွဲသိမ်းလဲဖြစ်တယ်..
ခုမှပဲ ညလေးလဲ ဇာတ်ရည်လည်သွားပြီ မ..ဒါပေမဲ့ ရှေ့ကဖတ်ခဲ့ရတဲ့
အပိုင်းတိုင်းဟာလဲ ၀တ္ထုတိုတစ်ပုဒ်မြောက်အောင်ကို ဖတ်လို့အဆင်ပြေ
ချောမွေ့ပြီး အခန်းဆက်ရယ်လို့ ကို့ယို့ကားယားနဲ့ ဟာတာတာဖြစ်မနေဘူးမ..
အရင်ပို့စ်လေးတွေနဲ့ ရေးဟန်လေးနဲနဲကွဲတယ်လို့ထင်မိတယ်..
ဒါပေသိ အများကြီးမဟုတ်ပါ....ဘာပဲဖြစ်ဖြစ် နှစ်သက်မိတယ်
ဆက်လက်ထုဆစ်နိုင်ပါစေနော်....
ချစ်တဲ့...မိုးနတ်
(မက fb နေ့တိုင်းသုံးတယ်လား...ညလေးကတော့ ဖုန်းပြန်ရောင်း
ထားလို့ မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းတွေ မကြည့်ရဘူးမရယ်.....
ညပိုင်း ကွန်ပြူတာဖွင့်မှပဲ ကြည့်ရတယ်...ဖုန်းကပြန်ဝယ်တော့မှာပါ)
ဟန်းဆက်ကို မိုးနတ် ဒီတစ်ခါကောင်းကောင်းလေး လိုချင်နေလို့...
အရင်က မိုးနတ် ဟန်းဆက်ကို ဈေးကြီးတာ တစ်ခါမှ မကိုင်ဖူးဘူး..:))

ချင်းမလေး said...

ွှအရွဲ့ တိုက်တာ လုံးမကောင်းဖူးဆိုတာ ဟုတ်တယ်ညလေးရေ..
သနားပါတယ်.. ကောင်လေးကိုပြောတာ.. ဟီးးး
မင်းတော်တော်ရက်စက်တဲ့ မိန်းမ ဆိုတဲ့ စကားကို
အပြောခံရမှာ အမ အကြောက်ဆုံးပဲ.. သိလား..

ချစ်စံအိမ် said...

မန့်တာအဆင်မပြေပေမဲ့ ရောက်ဖြစ်ပါတယ် ညီမရေ စာတွေဖတ်သွားပါတယ်

ညီလင်းနိုင် said...

စိတ်မကောင်းစရာပဲ .....

လူတစ်ယောက်ရဲ့ ချစ်ခြင်းကို

စကားတစ်ခွန်း လုပ်ရပ်တစ်ခုထဲနဲ့တင်

အသေသတ်ပစ်လိုက်နိုင်တယ် ဆိုတာကို

ဒီ ဝတ္ထုလေးထဲကနေ မြင်တွေ့ခဲ့ရပါတယ် ။

ဆက်လက်ထုဆစ်နိုင်ပါစေ ရိုးမြေလေးရေ .....

အိပ်မက်ကောင်းကင် said...

အရွှဲ့တိုက်တယ်ဆိုပေမဲ့လည်း နေရာတိုင်း အရွှဲ့တိုက်တာကတော့မကောင်းဘူးနော်
အချစ်မှာလည်း သူတစ်ပါးကိုကျီစားတာမကောင်းဘူး
သည်ဇာတ်လမ်းလေးမှာလည်း မြတ်နိုးကတော်တော်ရက်စက်ရာကျသွားတယ်နော်
စိတ်မကောင်းစရာဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ မမရေ
ဇာတ်လမ်းလေး တွေအကုန်ပြီးသွားလို့ အကုန်ပေါင်းပြီး
စာအုပ်လေးတစ်အုပ်အဖြစ်ဖတ်လို့ရရင်ကောင်းမှာပဲ
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

Unknown said...

ဝတ္ထုလေးတွေ ၁၊ ၂၊ ၃၊ အကုန်လုံးအားပေးသွားပါ၏
အရွဲ.တိုက်တယ်ဆိုတာနေရာတိုင်းတော.မကောင်းဘူးပေါ.ကွယ်
ဇာတ်လမ်းထဲမှမြတ်နိုးကတော.တော်တော်ရက်စက်တယ်နော်။
ဘလော.ဂါမြတ်နိုးသူဘယ်လိုဆက်သွယ်ရမှန်းမသိဖြစ်နေတယ်။
မြတ်နိုးနှစ်၂ယောက်ဘယ်သူကပိုရက်စက်လည်းသိတော.ဘူး...
ရိုမြေကျလေးပျော်ရွှင်စွာဖြင်စာတွေဆက်လက်ရေးသားနိုင်ပါစေ။
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်

Anonymous said...

ဝတ္ထုလေးဖတ်ပြီး ခံစားနေရတယ်။ အရင်ကတည်းက ခံစားနေရတဲ့သူဆိုတော့ ......................................း(

Anonymous said...

It's fantastic that you are getting ideas from this paragraph as well as from our dialogue made here.
Here is my web site ; vuelos a birmania

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။