Sunday, January 6, 2013

Aquarius ရင်ခုန်သံ(၂)



        မနက်က မောင် ဆုံးပြီဆိုသော သူမသူငယ်ချင်းပို့လိုက်သည့် အီးမေးလ်ကို ဖတ်လိုက်ရတော့ သူမ မျက်လုံးကို သူမ မယုံချင်သဖြင့် ထိုအီးမေးလ်ကို ထပ်ခါထပ်ခါ ဖတ်နေမိသည်။ သူမ သူငယ်ချင်းက နောက်ပြောင်တတ်သည့်သူမျိုးလဲမဟုတ်။ သေချာချင်၍ မြန်မာနိုင်ငံမှာရှိသော သူမ မောင်လေးကို ထပ်စုံစမ်းကြည့်ခိုင်းတော့လဲ မကြားချင်ဆုံးစကားကိုသာကြားခဲ့ရသည်။ “ မောင်”လို့ သူမတစ်ယောက်တည်းသာ သိသည့် အမည်နာမကို ရေရွတ်ရင်း သူမ ရည်မှန်းချက်တွေ ပြည့်အောင်လုပ်ရင်း မောင်နှင့်သူမ တဖြည်းဖြည်း ဝေးကွာသွားသလိုဖြစ်ခဲ့ရသည်။ တကယ်တော့လဲ မောင်နှင့် သူမက တရားဝင်သမီးရည်းစားတွေလဲမဟုတ်ကြပါ။မောင် ချစ်ခွင့်ပန်ထားပေမယ့် သူမရည်မှန်းချက်တွေပြည့်မြောက်အောင်ကြိုးစားနေချိန်မှာ ဘယ်လိုအတားအဆီးကိုမှ မကြုံချင်ခဲ့သော သူမရဲ့ အတ္တကြီးမှုကြောင့် မောင့်ကို သူမ နှုတ်ဆက်ခွင့်လေးတောင် မရတော့ပါလား။ လွန်ခဲ့သည့် နှစ်နှစ်က သူမမြန်မာနိုင်ငံပြန်ရောက်စဉ် မောင်နှင့် တွေ့တော့ ဂျပန်မှာ ချစ်သူရနေပြီဟု မောင့်ကို လိမ်ညာခဲ့သည်။ တနည်းပြောရရင် မောင့်မျှော်လင့်ချက်ခပ်ပါးပါးကို သူမရိုက်ချိုးခဲ့သည်။ သူငယ်ချင်းလိုပဲ ခင်လို့ရတယ်လို့ ပြောလိုက်တော့ အနည်းငယ်ပျက်ယွင်းသွားတဲ့ မောင့်မျက်နှာလေးကို အခုထိ မြင်ယောင်နေတုန်းပဲ။ အဲဒီကတည်းက သူမမြန်မာနိုင်ငံကို မပြန်ဖြစ်တော့။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတော့ သူမသူငယ်ချင်းကတစ်ဆင့် မောင်ချစ်သူရနေပြီဆိုသော သတင်းကြားတော့ သူမရင် တစ်ဆစ်ဆစ်နာကျင်ခဲ့ရသည်။ မောင့်လို အချစ်ကို တန်ဖိုးထားတတ်သောသူနှင့် တရားဝင်ချစ်သူဖြစ်ခွင့်ရသော ထိုကောင်မလေးကို သူမ သဝန်တိုခဲ့မိသည်။ သူမသာ အရမ်းထူးချွန်ထက်မြက်ချင်သည့် မိန်းမတစ်ယောက်မဟုတ်ခဲ့ဖူးဆိုလျှင် ထိုမိန်းကလေးနေရာတွင် သူမရှိနေရမည်။
          ဟိုစဉ်က အတိတ်ဖြစ်ရပ်လေးကို သူမပြန်တွေးကြည့်မိသည်။  သူမ နိုင်ငံခြားကို ပညာတော်သင်သွားတော့မည်ဆိုတုန်းကတော့ မောင်နှုတ်ဆိတ်နေခဲ့သည်။ မောင့်ရင်ထဲမှာ ဘယ်လောက်တောင် ဝမ်းနည်းနေမလဲ။ဝမ်းနည်းနေမှာကို သူမ သိပေမယ့် သူမပညာရေးရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့အတွက်တော့ မောင့်ကို စွန့်လွှတ်ရပါမည်။ ပြီးတော့ သူမတို့နှစ်ယောက်က တရားဝင်ချစ်သူတွေလည်း မဟုတ်ကြပါ။ တစ်ယောက်မျက်ဝန်းကို တစ်ယောက်နားလည်ပေးရုံအဆင့်လေးပါပဲ။ ဒီတော့ သေချာနေတာက မောင် သူမကိုတားမှာ မဟုတ်တာပါပဲ။ တားချင်တောင် မောင်တားရက်မှာမဟုတ်တာကို သူမကောင်းကောင်းသိတာပေါ့။
          သင်တန်းတစ်ခုမှာ မမျှော်လင့်ဘဲတွေ့ဆုံရင်း သံယောဇဉ်တွေငြိတွယ်ခဲ့ကြတာ။ သူမတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက ရှုမငြီးဖွယ် ပန်းချီကားတစ်ချပ်လိုပါပဲ။ ဒီလိုပဲ လွန်ခဲ့တဲ့ဆယ့်နှစ်နှစ်တုန်းက မောင်လဲ မောင်ယုံကြည်ရာလမ်းကို ဆက်လျှောက်ခဲ့သလို သူမလျှောက်တဲ့လမ်းကိုလည်း မောင်မပိတ်ပင်ခဲ့။ အဲဒီတုန်းက နယ်မြို့လေးမှာ မောင် ကျန်ရစ်ခဲ့သည်။ မောင့်ပညာရေးလမ်းကြောင်းကို မောင်ပုံဖော်သည်။ သူမကတော့ သူမဝါသနာပါတဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်ကို မန္တလေးမှာ တက်ရသည့်အတွက် မောင်နှင့် နည်းနည်းတော့ဝေးသွားတာ ဝန်ခံပါသည်။ မန္တလေးမှာ ကျောင်းတက်နေစဉ် သူငယ်ချင်းတွေနှင့် အပျော်တမ်း ဗေဒင်မေးတော့ သူမကို အရမ်းချစ်သည့် လူတစ်ယောက်ရှိသည်ဟု ဗေဒင်ဆရာမကြီးက ဟောခဲ့ဖူးသည်။ ထိုခန့်မှန်းချက်ကို သူမက အမှုမဲ့အမှတ်မဲ့ပဲရှိခဲ့သည်။ ထိုဟောချက်မှန်မှန်း သူမတဖြည်းဖြည်းသိလာသည်။ တကယ်ဆို မောင်နှင့် သူမဝေးကွာသွားပြီး သူမကို အလွယ်တကူစွန့်လွှတ်လိမ့်မည်ဟု မောင့်ကို လျော့တွက်ခဲ့မိသည်။ တကယ်တမ်းတော့ မောင်သည် အရမ်းချစ်တတ်သူတစ်ယောက်သာ ဖြစ်သည်။ သူမကို လွမ်းဆွတ်လို့ဆိုကာ သူမဆီ မောင်ကအပတ်တိုင်း စာပို့လေ့ရှိသည်။ မောင့်စာထဲမှာပါတာတွေက မောင်ကျောင်းမှာ စာကြိုးစားကြောင်းတွေ၊သူမကို သတိရလွမ်းဆွတ်တာတွေ၊ အို မောင်ဘာလုပ်လုပ် သူမကို ဖွင့်ဟတိုင်ပင်ထားတာတွေပါ။ သူမကလဲ မောင့်လိုအပတ်တိုင်း စာမရေးနိုင်တော့ မောင့်စာတွေလေးစောင်လောက်မှ တစ်စောင်လောက်ပဲ မောင့်ဆီ ပြန်နိုင်ခဲ့တာပါ။ တစ်ခါတစ်လေ မောင်က တစ်ပတ်တည်း စာနှစ်စောင်လောက်သူမဆီ ပို့ချင်ပို့နေတာလေ။ သူငယ်ချင်းများနေ့၊ခရစ်စမတ်နေ့၊ သူမမွေးနေ့တွေမှာ အမှတ်တရ လက်ဆောင်တွေရောက်ရောက်လာတတ်တာ မောင့်ရဲ့ ဂရုစိုက်တတ်မှုတွေပါပဲ။ ဘယ်ခရီးပဲသွားသွား သူမဖို့အပြန်လက်ဆောင်ပါလာတတ်တာတွေ။ အို အဲတာတွေကို သူမ ခုချိန်မှာ ပြန်လိုချင်တယ်ဆိုရင် ရနိုင်ဦးမလား။
          အဆောင်က သူငယ်ချင်းများကြားမှာ မောင်နှင့်ပတ်သက်လျှင် သူမက မျက်နှာတော်တော်ပွင့်သည်။ တစ်ပတ်တစ်ခါရောက်လာတတ်သောစာလွှာတွေ၊မုန့်တွေ။ သူမ အသက်(၁၉)နှစ်ပြည့်တုန်းကဆိုလျှင် (၇)ရက်တိတိ သူမအဆောင်ကို မွေးနေ့လက်ဆောင်ရောက်လာသည်။ မမောနိုင်မပန်းနိုင် စာတိုက်ကို နေ့တိုင်း သွားပို့နိုင်သည်။ တစ်ရက်ကဆို စာပို့သမားကြီးက လမ်းမှာ ခွေးဟောင်နေလို့ဗျာလို့ ပြောတော့ သူမအနည်းငယ်ကြောင်သွားသေးသည်။ ပါဆယ်ဖွင့်ကြည့်တော့ ခွေးရုပ်ကလေး။ မောင် ဓာတ်ခဲဖြုတ်ထည့်ပေးဖို့ မေ့နေသည် ထင်သည်။ ထိုခွေးရုပ်လေးက တစ်လမ်းလုံးဟောင်နေခဲ့သည်။ ဒီလူတော်တော်စိတ်ရှည်သည့် လူဗျာဟုလဲ သူမကို ပြောသွားသည်။ သူမလောက်ကံကောင်းသည့်လူရှိမည်မထင်ပါ။ မောင်က အဲလိုလူမျိုးရယ်ပါ။ ဒါကြောင့်လဲ ဗေဒင်တွေထဲမှာ ကုမ်ရာသီဖွားနှင့် ချစ်ခွင့်ရသူသည် ကံကောင်းသည်ဟု ရည်ညွှန်းကြတာပဲဖြစ်မည်။ အခုချိန်မှာ သူမ အလိုချင်ဆုံးဆုတစ်ခုတောင်းပါဆိုလျှင် ကုမ်ရာသီဖွားမောင့်ရဲ့ ချစ်သူပဲ ဖြစ်ချင်ပါတယ် ဟုသာ တောင်းမိမှာအမှန်ပင်။

ပြန်ဆုံခွင့်မရနိုင်တော့သော အမှန်တရားသည် သူမရင်ကို တဆစ်ဆစ် နာကျင်စေသည်။

Aquarius ရင်ခုန်သံ(၁) ကို မဖတ်ရသေးလျှင် ဒီမှာ ပြန်ဖတ်မှ ဇာတ်ရည်လည်ပါမယ်။



 ရိုးမြေကျ(10.12.2012, 10pm)




13 comments:

ချင်းမလေး said...

ဇာတ်လမ်းအခန်းဆက်လေး လာဖတ်သွားပါတယ်ညလေးေ၇...
ဆုံနိုင်ခွင့်မရှိတော့ဖူးဆိုတဲ့ အသိ...
အဲ့အသိကို အမ ခံစားပေးလို့ ရတယ်.. အရမ်းကိုခံရခက်ပါတယ်...

Phyu Lwin said...

ဒီလိုအဖြစ်အပျက်မျိုး အပြင်မှာ တွေ့ဖူးတယ် ..။ ကုမ်ရာသီဖွားတွေက အချစ်ကြီးကြတာဖြစ်မယ်နော် ..။

roseayemaung said...

အခန်းဆက်ဝတ္တု.လေးလာဖတ်သွားတယ်နော်.သနားစရာလေးပဲ

Anonymous said...

ရင်တွင်းခံစားချက်စစ်စစ်တွေ
ို PH နဲ့မပြောရတော့ Blog မှာရေးပြီးတင်နေတာလား ဟွန်း လိပ် ကြီး
ကဗျာလေးလာအားပေးသွားပါတယ် မကေသီရေ

Yoemyaykya said...

ကဗျာဟုတ်ဖူးလေ။ ဝတ္ထုပါ။

ပဥာက် said...

တော်ပါတယ်ခင်ဗျာ..ဖတ်ရ့တာသဘောကျ၏

Anonymous said...

ရင်တွင်းခံစားချက်စစ်စစ်တွေ
ို PH နဲ့မပြောရတော့ Blog မှာရေးပြီးတင်နေတာလား ဟွန်း လိပ် ကြီး
ကဗျာလေးလာအားပေးသွားပါတယ် မကေသီရေ

လေပြေချို said...

ခံစားချက်ပြင်းထန်တဲ့အချိန်မှာ ရေးထားတဲ့ ရင်တွင်းခံစားချက်လေးပေါ့... အခန်းဆက်ဝတ္ထုလေး အားပေးသွားတယ်နော်... Aquarius ရင်ခုန်သံ(၃) ကို စောင့်မျှော်နေမယ်
ခင်တဲ့
လေပြေ

စံပယ်ချို said...

ဒီလိုအချစ်ကြီးတဲ့သူတွေတော့ တွေ့ဖူးတယ်
ခံစားချက်တွေလဲပြင်းထန်တယ်
ဆက်ပြီး ခံစားချင်နေသူ
ကေသီကိုချစ်တဲ့

မိုးနတ်ကြယ်စင် said...

ဟယ် ..ချစ်မ..(၃) လာအုံးမှာလားဟင်...ဟုတ်လား
ဆက်ရန်ရှိသေးလို့လား....ဖတ်လို့ကောင်းတယ်..
ဂျုးတပည့်ပဲ ဒီလောက်တော့ရှိမှာပေါ့လို့ နော.....:)
်ဖွဘုတ်မှ ဆုံချင်တယ်...မ....သိလား...သိလားလို့...

အိပ်မက်ကောင်းကင် said...

စစဖတ်တော့ နားမလည်ဘူးဖြစ်နေတာအောက်နားရောက်မှ Aquarius ရင်ခုန်သံ(၁) ကိုတွေ့လို့
ပြန်သွားဖတ်လိုက်မှ နားလည်သွားတော့တယ်
ဇာတ်လမ်းလေးကစိတ်ဝင်စားစရာကောင်းလှပြီး
ဝမ်းနည်းစရာဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
ရိုးမြေကျလေးရဲ့အရေးအသားကောင်းလွန်းတော့
စာလေးတွေကို ဖတ်ပြီး ကျွန်တော်တောင် စိတ်မကောင်းဖြစ်မိတယ်
Aquarius ရင်ခုန်သံ(၃) ထွက်ဦးမှာပေါ့ စောင့်မျှော်အားပေးနေမယ်နော်
ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိပ်မက်ကောင်းကင်)

လရိပ်အိမ် said...

တစ်ယောက်ယောက်အကြောင်းကို ရေးထားတာလား။
ကုမ်ရာသီဖွားအချင်းချင်း ကြိုက်ရင်ကော ဘာဖြစ်မလဲ။
ခရီးမသွားခင်လာသွားတယ် ညီမလေး။
ကုမ်ရာသီဖွားရင်ခုန်သံကို အရမ်းစိတ်ဝင်စားမိနေပြီ။

ညီလင်းနိုင် said...

ရိုးမြေလေးရဲ့ ဝတ္ထုက နူးညံ့သိမ်မွေ့မှုတွေနဲ့

သိင်္ဂါရ ရသတွေ မွှန်းထုံနေတယ်လို့

ကျွန်တော် ခံစားရပါတယ် ။

အပိုင်း ၃ ကို ဆက်ဖတ်လိုက်ဦးမယ်ဗျာ ။

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။