Sunday, February 9, 2014

ကျနော် မက်တဲ့ အိပ်မက်များ



အိပ်မက်မက်နေဆဲ…………..
သိတတ်စအရွယ် ကတည်းက အိပ်မက်မက်နေခဲ့တာ….
 ပုံပေါ်ခဲ့တာတွေ ရှိခဲ့သလို ဒီအတိုင်း အိပ်မက်ဟာ အိပ်မက်အဖြစ်သာ ရှိနေခဲ့တာတွေလဲ အများသား။
၂၀၁၄ မှာ ကျနော် တရှိုက်မက်မက် မက်ချင်တဲ့အိပ်မက်တွေက ဘာတွေဖြစ်မလဲ…………..
ပညာရေး………….
ပညာရေးအနေနဲ့ကတော့ ဒီနေ့ပဲ အောင်စာရင်းထွက်တယ်။ အားလုံးကို ကြွားလိုက်ဦးမယ်။ ကျနော် စာမေးပွဲအောင်ပါတယ်လို့။ ခုမှ ACCA part II ကို ကြိုးစားနေတုန်းပါ။ Part II ပြီးဖို့ လေးဘာသာကျန်ပါသေးတယ်။ Part III ထိ မယိုင်မလဲ ဆက်လျှောက်နိုင်ဖို့ ကျန်းမာရေးကောင်းဖို့လဲ အမြဲဆုတောင်းပါတယ်။ ACCA ခရီးကြမ်းကြီးကို ဆက်လျှောက်ပြီး တကယ့် လက်ဖျားခါလောက်အောင် တော်ပြီး Ethic စောင့်ထိန်းတဲ့ Professional Accountant တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါ့မယ်လို့။
မိသားစု……………..
အားလုံးက သာသာယာယာပါပဲ။ ကျနော်လဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီ။ ပြီးတော့ မိဘကျေးဇူးကိုလဲ သေးသေးလေးတော့ ဆပ်နိုင်ပါပြီ။ ကိုယ့်ဝင်ငွေနဲ့ကိုယ် ကျောင်းဆက်တက်နိုင်ပါပြီ။ မိသားစု သုံးယောက်ပဲရှိတာဆိုတော့ အပူအပင်သိပ်မရှိလှပါဘူး။ ဖြစ်ချင်တာလေးတစ်ခုက ရန်ကုန်မှာ နှစ်နှစ်သုံးနှစ်လောက် အလုပ်လုပ်ခွင့်ပေးရင် သိပ်ကောင်းမှာပဲ။
အလုပ်အကိုင် စီးပွားရေး……………………….
အလုပ်အကိုင်ကတော့ ကိန်းဂဏန်းတွေကြားထဲ ရှင်သန်နေဦးမှာပဲ။ Head Office မှာ လုပ်ငန်းအတွေ့အကြုံတွေ အများကြီး ယူချင်သေးတယ်။ ကျနော် တတ်ထားတဲ့ ပညာရပ်တွေနဲ့ Branch မှာ နေရတာ သိပ်အံဝင်ခွင်ကျ မဖြစ်ဘူး။ ကြာရင် ကျနော့် ပညာတွေ သံချေးတက်သွားလိမ့်မယ်။ ဒါ့ကြောင့် ဖေဖေနဲ့ မေမေကို HO ကို ပြောင်းခွင့်ပြုပါလို့ နားပူနာဆာလေး လုပ်နေတုန်း။ မေမေကတော့ အစားအသောက်အတွက် စိတ်ပူနေလို့ ချက်ချင်းခွင့်မပြုပေးသေးတာလို့ပဲ ခံစားမိတယ်။ ကျနော့်အတွက် အစစအရာရာ အဆင်ပြေအောင် လုပ်ပေးနိုင်တဲ့နေ့မှာတော့ ကျနော့်ကို ရန်ကုန်မှာ နေခွင့်ပြုမယ်လို့ မျှော်လင့်ရတာပဲ။ မိဘတွေလဲ အရမ်းအသက်မကြီးသေးတုန်း။ ကျနော်လဲ ငယ်ရွယ် ကျန်းမာတုန်းလေး လုပ်ငန်းခွင် အတွေ့အကြုံတွေ ယူချင်တာပါ။ မုံရွာမှာပဲ နေပြီး အလုပ်လုပ်ရမယ်ဆိုရင် ကျနော် အဝေးသင်ပဲ တက်ခဲ့ပါတယ်။ ဟီးဟီး
လူမှုရေး…………………
သူငယ်ချင်းတွေနဲ့ကတော့ ချစ်ချစ်ခင်ခင်ပဲ။ တစ်ခုပဲ။ အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတွေနဲ့ သိပ်မတွေ့ဖြစ်တာ အားမရဘူး။ သူတို့ကလဲ မအားတော့ အထိအတွေ့နည်းလာတာ သိပ်မကြိုက်ဘူး။ ကျန်တဲ့ဘော်ဒါတွေနဲ့ကတော့ စနေ၊တနင်္ဂနွေတိုင်း မုန့်စုစားနေကြပါ။ လုပ်ဖော်ကိုင်ဖက်တွေထဲကဆိုရင်လဲ Acc Dept သူတွေနဲ့ဆို ဟေးလားဝါးလား နောက်လားပြောင်လားနဲ့ပဲ။ မုံရွာရုံးမှာတော့ တစ်ယောက်တည်း အေးအေးငြိမ်းငြိမ်းနေဖြစ်တာများတယ်။ စကားပြောဖြစ်တာ နည်းတယ်။ ဒါပေမယ့် မုံရွာရုံးမှာ ဖက်လဲတကင်းပေါင်းမိတဲ့ သူငယ်ချင်းဆိုလို့ ရုံးကညီမလေးတစ်ယောက်ရဲ့ တစ်နှစ်နှစ်လအရွယ် ကလေးလေးပါပဲ။ အဲဒီကလေးလေးကတော့ မုံရွာရုံးမှာ အချစ်ဆုံး ဘော်ဒါလေးပါပဲ။ ကျနော် ကလေးတွေကို အရမ်းသဘောကျတယ်။ မုန့်ဝယ်ကျွေးရင်လဲ မူယာမာယာများမနေဘူး။ အားရပါးရစားတာပဲ။ ကျနော်က ချစ်တဲ့သူဆိုရင် မုန့်ဝယ်ကျွေးတတ်တဲ့ အကျင့်ရှိပါတယ်။ အဲ အကျင့်ကြီးကလဲ ပိုက်ဆံကုန်တဲ့ အကျင့်ကြီးနော်။
ဘာသာရေး……………………
မနက်ဆို ရုံးရောက်ရင် ဘုရားကန်တော့ပြီး ဆွမ်းတော်ကပ်ပါတယ်။ ညနေညနေ အိမ်ပြန်ရောက်ရင်လဲ စိတ်ပါတဲ့နေ့တွေဆို ပရိတ်ရွတ်ပါတယ်။ မေမေကတော့ အမြဲတမ်း ပရိတ်မရွတ်လို့ တဂျီဂျီနဲ့ ဆူငေါက်နေတုန်းပါ။ ပြီးရင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရပ်ကွက်ထဲက ရှစ်မျက်နှာ ဘုရားမှာ ဘုရားပန်းလဲတယ်။ တံမြက်စည်းလှည်းတယ်။ အလုပ်ကိစ္စနဲ့ ရန်ကုန်ရောက်နေတဲ့ တနင်္ဂနွေကလွဲရင် မပျက်မကွက် ကုသိုလ်လုပ်မိအောင် မေမေက လေ့ကျင့်ပေးပါတယ်။ ကျနော် ဘုရားမှာ ဝေယျာဝစ္စလုပ်ပြီးတိုင်း အမြဲဆုပန်ပါတယ်။ နောက်ဘဝကစပြီး ဘဝဆက်တိုင်း ယောကျ်ားကောင်း ယောကျ်ားမြတ်တစ်ယောက် ဖြစ်ရပါလို၏ လို့ ဆုပန်ပါတယ်။ ဒါကတော့ နောင်ဘဝအတွက် အိပ်မက်ပါပဲ။ မမစနိုးရေ ကျနော်ကတော့ ၂၀၁၄ တင်မကဘူး။ နောင်ဘဝထိပါ လှမ်းပြီး အိပ်မက်မက်တာနော်။ တကယ်လို့ ဖြစ်လာခဲ့ရင်တော့ နောင်ဘဝမှ ကျနော် ဘလော့မှာ တင်ပေးမယ်။သိလား မမ။
ဝါသနာ……………….
စာရေးတာပါပဲ။ ဒါပေမယ့် မှန်မှန်လဲ မလုပ်ဖြစ်ဘူး။ အလုပ်များတယ်ဆိုတဲ့ ဆင်ခြေ ၊ စာကြည့်ရတယ်ဆိုတဲ့ ဆင်ခြေ ၊ ဖီလင်မလာ mood မလာဆိုတဲ့ဆင်ခြေတွေနဲ့ မှန်မှန်မရေးဖြစ်ပါဘူး။ ဘလော်ဂါထဲမှာ မပျက်မကွက် ပို့စ်ရေးတဲ့သူကတော့ မမမိုးငွေ့က ထိပ်ဆုံးကဖြစ်မယ်။ ဒီနှစ်ထဲမှာ The Best ကို ဘာသာပြန်စာမူတွေပြန်ပို့မယ်လို့ အားခဲထားတာ ရိုးမြေကျ ခုထိ အပျင်းကြီးနေတုန်းပါ။ နောက်ပြီး ဓာတ်ပုံပညာရပ်ကို လေ့လာမယ်လို့ စိတ်ကူးထားပါတယ်။ ကင်မရာကောင်းကောင်းလေး ဝယ်ဖို့ကလဲ အိပ်မက်ပါပဲ။ ဒီနှစ်တော့ ဓာတ်ပုံပညာလေ့လာဖြစ်အောင် ကြိုးစားပါ့မယ်။
အချစ်ရေး……………………..
ခိခိ။ ဘာရေးရမှန်းကို သိဘူး။ နှလုံးကတော့ ခုန်နေပါတယ်။ နှလုံးခုန်သံကြောင့်ပဲ နေ့ရက်တိုင်း အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေနိုင်တာပါ။ အချစ်စစ်ရှိကြောင်း သက်သေပြချင်သေးတယ်။ မိုက်ရူးရဲဆန်ခြင်း မဟုတ်ဘဲနဲ့လေ။ အချစ်ကို သိမ်မွေ့စွာ ခံစားဖို့ ကျနော် အသက် သိပ်မကြီးသေးဘူး ထင်တာပဲ။ ကျနော် ချစ်တာ ခံရတဲ့ သူက ဘယ်သူများလဲ …………….ဘယ်သူများလဲ……………………

အပေါ်က ခေါင်းစဉ်တွေထဲမှာ မပါတဲ့ မျှော်လင့်ချက် အိပ်မက်အကြီးကြီး တစ်ခုရှိသေးတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် ကွန်နက်ရှင်တွေ ဖလန်းဖလန်းနဲ့ ကောင်းလာရင် သိပ်ကောင်းမှာပဲ။ လေ့လာချင်တဲ့ ပညာရပ်တွေကို အချိန်တိုအတွင်း မြန်မြန်ရှာနိုင်တာ အင်တာနက်တစ်ခုပဲ ရှိတာလေ။ အခုတောင် ရုံးမှာ အရင်က ipStar သုံးနေရာက ဘေလ်တွေ အရမ်းများလာလို့ Skynet လိုင်း ပြောင်းသုံးတာ။ Skynet က လှည်းစီးနေရသလိုပဲ။ ရွစိရွစိ နဲ့ Loading လုပ်နေတာ မပြီးနိုင်ဘူး။ ဖုန်းအင်တာနက်ကသူ့ထက် အပုံကြီးသာတယ်။
စာကြွင်း။       ။ ခုလို စာရေးပြတ်နေတဲ့ ကျနော့်ကို တဂ်ပို့စ်လေးနဲ့ အာရုံတွေ လှုပ်နှိုးပေးတဲ့ မမစနိုး ရည်းစားချောချောလေး အမြန်ဆုံးရပါစေလို့……………………
ရိုးမြေကျ
(8.2.2014, 9:40PM)

5 comments:

Phyu Phyu said...

စာမေးပွဲ အောင်တာကို Congratulations နော် ..
စာအရမ်းရေးတတ်တဲ့ ညီမလေးရဲ့စာကို ဖတ်ပြီး အားပေးသွားတယ် ..
ညီမအတွက် accounting နဲ့ ပတ်သက်တဲ့ ဆောင်းပါးများကိုလဲ တင်ပေးနိုင်အောင် ကြိုးစားမယ် ..
အခုလောလောဆယ်ကတော့ .... (><)

စံပယ်ချို said...

ACCA ခရီးကြမ်းကြီးကို ဆက်လျှောက်ပြီး တကယ့် လက်ဖျားခါလောက်အောင် တော်ပြီး Ethic စောင့်ထိန်းတဲ့ Professional Accountant တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါ့မယ်ဆိုတာလေးကိုသဘောအကျဆုံးပါပဲ ကေသီလေးအောင်မြင်ပါစေလို့

Phyu Lwin said...

အိပ်မက်တွေကတော့ တကယ်သေချာပေါက်ရောက်တော့မယ့် အိပ်မက်တွေပါ ..။ အခက်အခဲမရှိဘဲ အားလုံးကို အကောင်အထည်ဖော်နိုင်ပါစေ ညီမလေးရေ ..။ ရည်းစားချောချောတော့မရချင်ဘူး..။ ယောက်ျားပီသပြီး အရည်အချင်းရှိသူမျိုးပဲ သဘောကျတာ :D

Thu said...

တောင်းသောဆုများပြည့်စေ.... :P
ရိုးမြေကျနဲ့အသူ တူတူပဲ..ဖွတ်ပေါ်လိပ်တက်စီးတာကမှ ဒီအင်တာနက်ထက်မြန်အုန်းမယ် :D

ဆန်းစနေ၀န်း said...

မရောက်တာကြာလို့ လာလည်သွားပါတယ် အိပ်မက်လေးတွေ မြန်မြန်အကောင်အထည်ဖော်နိုင်ပါစေ

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။