Sunday, October 13, 2013

PE Training မှ ရသော သင်ခန်းစာ (၁)



        PE ဆိုတာ Personal Excellence Training ပါ။ အလုပ်မှာ ထွက်စာတင်ထားတုန်း HO က Trainer တွေနဲ့ Facilitator တွေက Branch တွေကို PE Training လာသင်နေပြီလို့ သူငယ်ချင်းတစ်ယောက်က ပြောတော့ စာရေးသူကတောင် ထွက်စာတင်ထားတဲ့သူကို Training တက်ခိုင်းနေပါတော့မလားဟာဆိုပြီး နာနာကျင်ကျင်ပြောခဲ့မိသေးတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ထွက်စာတင်လိုက်ပေမယ့် ဆွေးနွေးညှိနှိုင်းမှု တချို့တလေနဲ့ စာရေးသူ အလုပ်မထွက်ဖြစ်ခဲ့ဘူး။ အဲဒီအချိန် PE Training လာသင်ပေးတော့ တက်ခွင့်ရခဲ့တယ်ပေါ့။
          စာရေးသူတို့ ကုမ္ပဏီက Training နဲ့ ပတ်သက်ရင် တော်တော်လေး ကျေနပ်အားရစေတဲ့ ကုမ္ပဏီပါ။ ဝန်ထမ်းတွေရဲ့ Knowledge တွေ Skill တွေကို အမြဲ တိုးတက်စေအောင် ကြံဆောင်နိုင်ပါတယ်။ အားမရတာလေးတစ်ခုက ဝန်ထမ်း Turnover Rate တွေများနေတာပဲ။ Turnover Rate အရမ်းများတာ သိပ်ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ ဒါကလဲ အများစုဖြစ်နေကြအတိုင်း ဝန်ထမ်းတော်တော်များများ အထက်လူကြီးနဲ့ အဆင်မပြေလို့ ထွက်ကြတာများတယ်။ အများစုက ကုမ္ပဏီကို ကျောခိုင်းခြင်းမဟုတ် အထက်လူကြီးကို ကျောခိုင်းကြခြင်းတွေသာ။ ပြီးတော့ လစာပိုကောင်းလို့ ထွက်သွားတာများတယ်။ တခြားသော အကြောင်းအရာ သိပ်ကိုနည်းပါတယ်။ ထွက်သွားတဲ့ ဝန်ထမ်းတွေထဲမှာ တကယ့် Skill Labor တွေပါရင်တော့ ကုမ္ပဏီအတွက် အကြီးအကျယ်ဆုံးရှုံးမှုကြီးတစ်ခုပါ။ စာရေးသူ ယခုလက်ရှိလုပ်နေတဲ့ ကုမ္ပဏီကို စာရေးသူချစ်ပါတယ်။ ဘာ့ကြောင့်ချစ်တာလဲဆိုတော့ လစာတွေအများကြီး ပေးထားလို့လဲ မဟုတ်ဘူး။ တခြားခံစားခွင့်တွေအများကြီး ရနေလို့လဲ မဟုတ်ဘူး။ တစ်ခုပဲ စာရေးသူရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ ဘလော်ဂါဆိုတဲ့ အိပ်မက်ကို မက်ခွင့်ရအောင် အင်တာနက်သုံးခွင့်ရနေတာကြောင့်ပဲ။
          Training စစခြင်းမှာ ဒီ Workshop ကနေ ဘာတွေ မျှော်လင့်ထားသလဲဆိုတာရယ် ကိုယ့်မှာ ရှိတဲ့ ကိုယ်တန်ဖိုးထားတဲ့ အပြုသဘောဆောင်တဲ့ အရည်အချင်းတစ်ခုကို စာရွက်ပေါ်မှာ ရေးပေးရတယ်။ တစ်ယောက်ရေးတာ တစ်ယောက်ကြည့်ခွင့်မရှိဘူး။ ပြီးတော့ Trainer တွေက စာရွက်တွေသိမ်းပြီး သင်တန်းသားတွေ ရေးထားကြတဲ့ အရည်အချင်းတစ်ခုရွတ်ပြတယ်။ ဘယ်သူဖြစ်နိုင်လဲလို့မှန်းဆရတယ်။ ဥပမာ- ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပါ။ လို့ ရွတ်ပြလိုက်ရင် ဘယ်သူဖြစ်နိုင်လဲ မှန်းရတယ်။ မှန်အောင် မှန်းနိုင်ရင် စတစ်ကာတစ်ခုရတယ်။ စာရေးသူကတော့ စစခြင်းမှာ စတစ်ကာ သုံးခုရခဲ့တယ်။ ကြက်ကန်းဆန်အိုးတိုးသွားတာပါ။
          Training မှာ Group လေးတွေ ခွဲပေးတယ်။ သုံးယောက်အုပ်စု သုံးဖွဲ့ပေါ့ ။ ပြီးရင် Group ကို နာမည်ရွေးရတယ်။ Group မှာ သံပြိုင်ရွတ်မယ့် စာသားရွေးရတယ်။ စာရေးသူတို့ Group နာမည်ကိုတော့ စာရေးသူပဲ ဦးဆောင်ပြီး First Step ဆိုတဲ့ နာမည်လေးပေးဖြစ်တယ်။ ပထမဆုံးခြေလှမ်းပေါ့။ ဘယ်အရာပဲလုပ်လုပ် ပထမဆုံးခြေလှမ်းကသာ အရေးကြီးတာပါ။ ပထမဆုံးလှမ်းပြီးသွားပြီဆိုရင် နောက်ဆက်လျှောက်ရမယ့် လမ်းတွေက သိပ်မခက်ခဲတော့ဘူးလေ။ နောက်ပြီး သံပြိုင်ရွတ်မယ့်စာသားကလဲ Group လိုက် တိုင်ပင်ပြီး “ဘယ်တော့မှ အရှုံးမပေးဘူး” ဆိုတဲ့ စာသားရွေးလိုက်ကြတယ်။ Training တစ်လျှောက်လုံးမှာ Trainer တွေက Group နာမည်အော်လိုက်တာနဲ့ ကိုယ်ရွေးထားတဲ့စာသားကို သံပြိုင်ညီအောင် ရွတ်ရတယ်။
          PE Training က အလုပ်နဲ့ဆိုင်တာမဟုတ်ဘဲ ဘဝနဲ့ဆိုင်တာပါ။  ကိုယ်နေ့စဉ်ဖြတ်သန်းရတဲ့ ဘဝအပေါ် ကျေနပ်အောင် ပြီးတော့ ကိုယ့်ကိုယ်ကို အကောင်းဆုံးနေတတ်အောင် သတိထားမိစေတဲ့ သင်တန်းတစ်ခုပါ။
An Excellent life is a journey not a destination!
ဆိုတဲ့ စာသားလေးနဲ့ ရင်ခုန်အောင် စဖွင့်လိုက်တယ်။ ပြီးတော့ ကိုယ်နေ့စဉ်ဖြတ်သန်းနေတဲ့ ဘဝမှာ ဟန်ချက်ညီရဲ့လားဆိုတာ သိရအောင် အပိုင်း(၆) ပိုင်းနဲ့ ကိုယ်ဘယ်အပိုင်းမှာ အားနည်းနေတယ်သိရအောင် ပုံဆွဲရပါတယ်။ အပိုင်း(၆)ပိုင်းကတော့ ၁) Social ၂) Spiritual ၃) Family ၄) Financial ၅) Physical ၆) Mental ပါ။



           အပိုင်း(၆) ပိုင်းကို ပုံဆွဲဆက်ကြည့်တော့ စာရေးသူအတွက် အကောင်းဆုံးအနေအထားတော့ မဟုတ်ပေမယ့် အရမ်းချို့ယွင်းနေတဲ့ အချက်မရှိပါဘူး။ Social ပိုင်းမှာသာ နည်းနည်းအားနည်းတယ်လို့ ထင်မိတာ။ ဒါကလဲ အလုပ်ထဲက ဆက်ဆံရေးကိုသာ ဆိုချင်တာပါ။  စာရေးသူက ဘော်ဒါကဏ္ဍနဲ့ ပတ်သက်ရင်တော့ လူချစ်လူခင်များတဲ့ဘွဲ့ကို ပိုင်ဆိုင်ထားပေမယ့် အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တချို့တလေနဲ့တော့ သိပ်အဆင်ပြေလှတယ်မဟုတ်ဘူး။ အလုပ်ထဲဆိုတဲ့နေရာမှာလဲ Account Dept နဲ့တော့ ဆက်ဆံရေးပြေပြစ်လှပေမယ့် မုံရွာရုံးက လုပ်ဖော်ကိုင်ဖက်မမတချို့ရဲ့ အတင်းအဖျင်းမှာ အဓိက ဇာတ်ဆောင်နေရာက ကပြအသုံးတော်ခံနေကြမို့ပါ။ မိန်းကလေးတော်တော်များများရဲ့ စရိုက်တွေက အုပ်စုဖွဲ့တတ်ပြီး ကိုယ်မကြည်တဲ့သူကို ဘေးရောက်အောင် လုပ်တတ်တဲ့အကျင့် ရှိတတ်ကြပါတယ်။ ဒီလိုနဲ့ စာရေးသူလဲ နေရင်းထိုင်ရင်း ဘေးရောက်သွားပြီး တစ်ကိုယ်တော်သိုင်းသမားဘွဲ့ ခံယူခဲ့မိတာ။ ထားပါတော့လေ Training အကြောင်းကနေ ဘယ်ရောက်သွားမှန်းမသိဘူး။ စကားမစပ် Social ဆိုလို့ စာရေးသူရဲ့ အကျင့်တစ်ခုပြောပြရဦးမယ်။ စာရေးသူဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ရင် ခဲမှန်ဖူးတဲ့ စာသူငယ်ပါ။ ကျောင်းတက်စဉ်ကတည်းက တချို့သောသူငယ်ချင်းတွေရဲ့ ပြိုင်ဆိုင်ခြင်းခံရတယ်။ နောက်ကျောဓားနဲ့ ထိုးခံရဖူးတယ်။ အဲဒီကတည်းက လူက သတိအနေအထားနဲ့ နေတတ်သွားတာလားမသိဘူး။ အပေါင်းအသင်းတွေအများကြီး မထားချင်တော့ဘူး။ စိတ်ဓာတ်ကောင်းတဲ့သူတွေကိုသာ Selection ရွေးပေါင်းခဲ့တာ လေးငါးနှစ်တောင် ရှိရော့မယ်။ တကယ်တော့  ခဲမှန်ဖူးလို့ပါ။ တစ်ခါသေဖူးတော့ ပျဉ်ဖိုးလဲနားလည်သွားတာပါ။ ကြီးကျယ်တာလဲ မဟုတ်ရပါ။ လုပ်ငန်းခွင်ထဲမှာ သူငယ်ချင်းလိုပေါင်းတဲ့သူတွေရှိတယ်။ အလုပ်သဘောအရဆက်ဆံရတဲ့သူတွေ ရှိတယ်။ စာရေးသူက ဆက်ဆံရေးတစ်ခုမှာ တချိန်လုံး အမှတ်တွေပေးနေတာပါ။ ဒါဘယ်သူမှမသိသေးတဲ့အချက်ပါ။ ငါ လက်မလွှတ်ချင်လောက်အောင် ကောင်းမယ့်သူက ဘယ်သူလဲ။ ငါ ကျောခိုင်းရမယ့်သူက ဘယ်သူလဲ။ ဘယ်သူက ငါ့အပေါ်တကယ်ကောင်းတာလဲ။ ဘယ်သူက ငါ့အပေါ် ကောင်းဟန်ဆောင်နေလဲဆိုတာ အမြဲသုံးသပ်နေတဲ့သူပါ။ စာရေးသူ ကြွားစရာတစ်ခုရှိသေးတယ်။ စာရေးသူရင်ထဲမှာ အမြဲအမှတ်ရနေမယ့် အရာတစ်ခုပါ။ စာရေးသူတို့သူငယ်ချင်းတစ်တွေ အပတ်စဉ် မုန့်စုစားကြတယ်။ တစ်ပတ်ကို မအားလပ်တဲ့ကြားက သုံးနာရီလောက်တွေ့ဖြစ်ကြတယ်။ ဒါဟာ အပင်ရေလောင်းနည်းတစ်မျိုးပါ။ သူငယ်ချင်းချင်းဆက်ဆံရေးတစ်ခုကို ရေလောင်းပေါင်းသင်တာပါ။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်ထဲက ဖဲ့တွေ့ရတဲ့သူဆိုတော့ တကယ်ကို တန်ဖိုးထားလို့ပါ။ စာရေးသူနဲ့ သူငယ်ချင်းတစ်ယောက်က မုန့်သွားဝယ်ပေးရတဲ့ တာဝန်ကို အမြဲတမ်း ယူရတယ်။ တစ်ရက် စာရေးသူတို့နှစ်ယောက်မုန့်ဝယ်သွားကြတယ်။ စာရေးသူ သူငယ်ချင်းက မုန့်ဝယ်သွားတိုင်း ဆိုင်ကယ်အမြဲမောင်းပြီး စာရေးသူကတော့ နောက်ကထိုင်လိုက်သူပေါ့။ စာရေးသူ မုန့်ဆင်းဝယ်နေတုန်း သူက ဆိုင်ကယ်ပေါ်ထိုင်စောင့်နေခဲ့တာပါ။ စာရေးသူ မုန့်ဆိုင်ကထွက်လာတော့ သူက သူလွယ်ထားတဲ့ လွယ်အိတ်ကြီးနဲ့ စာရေးသူထိုင်တဲ့ဆိုင်ကယ်နောက်ခုံကို အုပ်ပေးထားတယ်။ “ဟိတ် နင်ဘာလုပ်နေတာလဲ။” လို့ စာရေးသူ မေးလိုက်တော့ သူ ပြန်ဖြေလိုက်တဲ့ အဖြေကြားကြားချင်း ကြက်သီးတောင် ထသွားတယ်။ “နင်ထိုင်တဲ့အခါ ထိုင်ခုံပူနေမှာစိုးလို့။” တဲ့။ သူ စကားတစ်ခုက နှလုံးသားတစ်ခုလုံးကို ဖြစ်ညှစ်ဆွဲကိုင်ထားသလိုပဲ။ သူကတော့ ကြည်စုငယ်ပါ။ သူငယ်ချင်းရေ နင့်ရဲ့ သေးသေးမွှားမွှား အပြုအမူလေးက ငါပေးတဲ့အမှတ်တွေကို သိမ်းကြုံးယူသွားပါရော့လားလို့ ခုထိ မပြောရသေးဘူး။      နောက်တစ်ယောက်ရှိသေးတယ်။ သူကတော့ ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက် ညီမလေးပေါ့။ မိတ္ထီလာရုံးကပါ။  တစ်နှစ်က စာရေးသူတို့ မုံရွာရုံးက HO ကို Presentation သွားရတယ်။ ရုံးက မန်နေဂျာရယ် အစ်မတစ်ယောက်ရယ် ရန်ကုန်ကို သွားကြတယ်။ Presentation မှာ အဆင်မပြေလို့ စာရေးသူကို ရန်ကုန်လိုက်လာဖို့ ခေါ်တယ်။ စာရေးသူချက်ချင်း လိုက်သွားရတယ်။ ရန်ကုန်ရောက်တော့ တည်းစရာ စီစဉ်မပေးထားလို့ စာရေးသူက ရုံးချုပ်မှာ ပိတ်ရက်ကြီး ငုတ်တုတ်ထိုင်စောင့်နေရတယ်။ စာရေးသူတို့ ရုံးက လုပ်ဖော်ကိုင်ဖက်နှစ်ယောက်လုံးက အဆင်ပြေလား ဖုန်းတစ်ချက်လှမ်းဆက်မမေးကြဘူး။ အဲဒီအချိန် မိတ္ထီလာရုံးက ညီမလေးက သူတည်းတဲ့ မှော်ဘီကနေပြီး လှိုင်သာယာအထိ လိုက်လာပြီး စာရေးသူအဖော်ရအောင် တည်းခိုခန်းမှာ တူတူလိုက်တည်းပေးခဲ့တယ်။ အဲဒီအပြုအမူလေးအတွက်လဲ စာရေးသူ ရင်ထဲအမြဲအမှတ်ရနေမှာပါ။ သူကတော့ စိုးစိုးအောင်ပါ။ စာရေးသူရဲ့ ရဲဘော်ရဲဘက်ဘော်ဒါကြီးပေါ့။ စာရေးသူမှာ ရဲဘော်ရဲဘက်ဘော်ဒါတွေပဲများတယ်။ ဟန်ဆောင်ပေါင်းတဲ့သူမျိုးဆို စောစောစီးစီး ဘိုင့်ဘိုင်လုပ်တယ်။ ပေါင်းသင်းဆက်ဆံရေးတစ်ခုမှာ စာရေးသူ အမုန်းဆုံးက ဟန်ဆောင်ပေါင်းတာပဲ။ ရှေ့တမျိုး ကွယ်ရာတမျိုးလုပ်တဲ့သူမျိုးဆို အမုန်းပဲ။ ရှေ့မှာ ကောင်းယောင်ဆောင်ပြီး နောက်ကွယ်မှာ အတင်းအဖျင်းပြောတတ်တဲ့သူမျိုး ဘော်ဒါစာရင်းထဲ မထည့်ဘူး။ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်အဆင့်မဟုတ်ဘဲ ဘော်ဒါပေါင်းပေါင်းတဲ့သူတွေကတော့ ထုံးစံအတိုင်း ဇာတ်လိုက်ကျော် Account Dept က လူအများစုပေါ့။
          ကဲကဲ စာရေးသူ ဝေဖန်ခံရတဲ့အချက်နှစ်ချက် ရှိတယ်။ နှစ်ခုစလုံးက ဆန့်ကျင်ဘက်တွေဆိုတော့ စာရေးသူ ကိုယ့်ကိုယ်ကို အကဲဖြတ်ရမှာ စိုးရွံ့နေမိတယ်။ စာရေးသူရဲ့ ဘော်ဒါတစ်ယောက်ကတော့ စာရေးသူကို အားကျတဲ့လေသံနဲ့ လူချစ်လူခင်များတဲ့သူတဲ့။ အဲ မန်နေဂျာကတော့ “ ခင်ဗျား ဆက်ဆံရေးညံ့လွန်းတယ်။” တဲ့။ ခက်ပြီ ခက်ပြီ။ ဘယ်လို လုပ်ရမလဲ။ စာဖတ်သူများလဲ ဝင်ဝေဖန်သွားကြပါဦး။

ရိုးမြေကျ(မုံရွာ)
(13.10.2013, 10:15PM)

5 comments:

Thu said...

PE trainingဆိုတော့ Exerciseလုပ်မှာလားလို့ :P :P
အင်းတခါတခါတော့လဲ...ဘယ်သူကောင်းလဲဘယ်သူဆိုးလဲဘာဆိုဘာမှမတွေးချင်တော့ပါဘူးကွယ်...တကယ်..

ရင်လှိုင်း said...

ရိုးရိုး က ချစ်ဖို့ ကောင်းတယ်။ ဘော်ဘော် လုပ်မယ်နော်။ တိတ်တိတ် မပြန်နဲ့ အော်နေတော့ ကြောက်တာပေါ့ နော်။

Phyu Lwin said...

ဘ၀မှာ အတွေးရှင်းရှင်း စိတ်ရှင်းရှင်းနေတတ်တာကောင်းပါတယ်..။

Phyu Phyu said...

အလုပ်ပြန်ဝင်တာ အရမ်းဝမ်းသာတယ် ညီမလေးရေ ..

နွေတေးရှင် (မင်းဧရာ) said...

လူမှု့ရေးနယ်ပယ်ကတော့ ဒီလိုပါဘဲလေ
ပြီးပြည့်စုံတယ်လို့တော့ ဘယ်ရှိနိုင်ပါ့မလဲ ။

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။