မနေ့ညက အိပ်မက်မက်တယ်။
အိပ်မက်ထဲမှာ နူးညံ့သိမ်မွေ့မှုတခု ဖမ်းဆုပ်မိတယ်။
အပြင်မှာ လျစ်လျူရှုတတ်သလောက်
အပြင်မှာ အေးစက်မာကျောချင်ဟန်ဆောင်တတ်သလောက်
အပြင်မှာ တိုးတိတ်သလောက်
အိပ်မက်ထဲမှာ ညင်သာတယ်
အိပ်မက်ထဲမှာ ချိုမြတယ်
အိပ်မက်ထဲမှာ နီးကပ်ရတယ်
အိပ်မက်ထဲမှာ နီးစပ်ရတယ်
သူမရှိရာဆီ တစ်လှမ်းခြင်း လှမ်းလျှောက်သွားမိတဲ့အခါ
ထိုအချိန်က သူ့ရင်ဘတ်ထဲ လစ်ဟာ တုန်ရီနေသည်။ ဝမ်းနည်းနေခြင်းလား လွမ်းဆွတ်နေခြင်းလား တိတိပပ ပြောမပြတတ်အောင် လှိုက်ခုန်မောနေတာ သေချာသည်။ သူတို့နှစ်ယောက် တွေ့ဆုံပြီးတာ ရက်ပိုင်းသာ ရှိသေးသည်။ ထုံးစံအတိုင်း တွေ့ဆုံမှုတိုင်းဟာ စကားတစ်ခွန်းစ နှစ်ခွန်းစလောက်နှင့် အစပျိုး “ပြန်တော့မယ်နော်။” ဟူသော တိုတိုတုတ်တုတ်စကားတစ်ခွန်းနှင့် နိဂုံးချုပ်ပြီး သူမဆီက “ဘိုင့်ဘိုင်။” ဆိုသော စကားလုံးနှစ်လုံးနှင့်သာ ချွေးသိပ်ရတာများသည်။ ဘယ်မလဲ သူ မျှော်လင့်သော ထမင်းလက်ဆုံစားခွင့်။ ဘယ်မလဲ စကားလုံးတိုင်းကို ရင်ဖွင့်ခွင့်။ ဘယ်မလဲ အလွမ်းတွေကို ခင်းကျင်းပြခွင့်။ ဘယ်မလဲ သူမနေ့ရက်တွေရဲ့ တစိတ်တပိုင်းဖြစ်ခွင့်။
ဒါ……… ဒါတွေဟာ လက်ရှိ သူ့ မကျေနပ်ချက်များသာ။
တွေ့ဆုံမှုတိုင်း သူ့ဘက်က တိတ်တိတ်လေး ခိုးကြည့်။ တိတ်တိတ်လေး ရင်ခုန်။ သူ လက်ဆောင်ပေးထားသော ပစ္စည်းတခုတလေ သူမအသုံးပြု မပြု တိတ်တိတ်လေး စူးစမ်း။ တိတ်တိတ်လေး ကြေကွဲ။
သူမဘက်ကလဲ သူ ရောက်မည့်အချိန်တွက်ဆကာ သူ့လက်ဆောင် ပစ္စည်းများ တိတ်တိတ်လေး သိုဝှက်။ သူ ဆက်ချစ်နေသေးလားဆိုတာ တိတ်တိတ်လေး အဖြေရှာ။ တိတ်တိတ်လေး ပျော့ပျောင်း။ တိတ်တိတ်လေး ကြည်နူး။ မျက်ဝန်းတွေနဲ့ တိတ်တခိုးကြည့်။
တိတ်တခိုးအဆင့်က မလွန်ဆန်နိုင်သော ဒီလက်တွေ့အဖြစ်ကို မနှစ်မြို့မှုအဆုံး သူ့အတွေးထဲမှာတော့ သူမဟာ သူ့အပေါ် ယုယသည်။ ကြင်နာသည်။ လေသံတိုးဖျော့ငြိမ့်ညောင်းသည်။ အတွေးထဲမှာ သူမနှင့်သူ အချိန်တိုင်း စကားလက်ဆုံကြသည်။ သူ့ဘေးနား သူမအမြဲရှိသည်။ သူ အားငယ်နေချိန် သူမ ပခုံးထက်မှာ မှီထားနိုင်သည်။ သူ ပျော်ရွှင်နေချိန် သူမ အပြုံးတွေ လင်းလက်သည်။ လမ်းလျှောက်သည့်အချိန်တိုင်း သူ့လက်ကို နူးညံ့စွာ မလွတ်တမ်း ဆုပ်ကိုင်ထားသည်။ ရေခဲမုန့် တူတူစားကြသည်။ တူတူလျှောက်လည်ကြသည်။ တစ်ယောက်မရှိလျှင် တစ်ယောက်မနေတတ်အောင် ပွင့်လင်းစွာ ချစ်ကြသည်။
နေ့စဉ်ရက်ဆက် စိတ်ကူးအတွေးများက မသိစိတ်မှာ သိုလှောင်သွားခဲ့တာ။ ထုထည်သိပ်သည်းလာသည့်အခါ အိပ်မက်မိုးအဖြစ်ရွာသွန်းခဲ့တာ။
ဘယ်လောက်ပဲ အလွမ်းတွေကို မြိုသိပ်ထား မြိုသိပ်ထား မသိစိတ်မှာရှိတဲ့ အလွမ်းရဲ့ တန်ခိုးက အိပ်မက်ကို ဖြစ်ပေါ်စေတယ် ချစ်သူ………………….
သူမရှိရာဆီ တစ်လှမ်းခြင်း လှမ်းသွားရင်း သူမ မျက်ဝန်းတွေကို စိုက်ကြည့်မိသည်။ ဘယ်သူတစ်ဦးတစ်ယောက်မှ သူတို့အနားရှိမနေတာတောင် သူ့စကားလုံးများ ပွင့်ထွက်မလာ။ မျက်ဝန်းနဲ့ပဲ တိတ်တဆိတ်စကားပြောမိ။ အိပ်မက်ထဲမှာတောင် သူက ခံစားမှုအကျဉ်းကျနေသလို။ သူမ အနား ခြေစုံရပ်မိတော့ သူမကလဲ စကားတစ်ခွန်းတစ်လေတောင်မဆိုဘဲ သူ့ခံစားချက်တွေကို နားလည်နေသလို သူ့မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်သည်။ ဘာလဲ။ အိပ်မက်ထဲမှာတောင် စကားတွေ ဖောဖောသီသီ ပြောလို့မရဘူးလား။ ပြင်ပဘဝကအတိုင်း အရာရာကို မျက်ဝန်းစကားနဲ့ပဲ အတည်ပြုနေလို့ မှ မရတာ။ ဘာလို့ သူ့နှုတ်တွေ ဆွံ့အနေတာလဲ။ သူမအသံတွေကရော ဘာလို့ထွက်မလာတာလဲ။ သူမ သူ့ကို ရီဝေေ၀ကြည့်နေပြီး ရုတ်တရက်ဆိုသလို သူ့ပါးပြင်ကို သူမပါးနဲ့ ထိကပ်လာသည်။ အဲဒီနောက် သူ့နှုတ်ခမ်းနှင့် သူမပါးပြင် မဆိုသလောက် ထိတွေ့မိသည်။ သိမ်မွေ့တဲ့ အတွေ့အထိက ဗလောင်ဆူအောင် ရင်ခုန်မနေစေဘဲ နွေးထွေးနေသည်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံး လုံခြုံနွေးထွေးနေသည်။ သူတို့နှစ်ယောက်လုံး ခဏတာ ခပ်ဖွဖွဖက်ထားမိကြသည်။
မထားခဲ့ပါနဲ့။ သူ့ကို မထားခဲ့ပါနဲ့။ သူမအချစ်တွေကို သူရိပ်မိတာပေါ့။ ဆက်ပြီး မလိမ်ညာပါနဲ့တော့။ ဆက်ပြီး အချစ်တွေကို ဖုန်းဖိမထားပါနဲ့တော့။
မနေ့ညက အိပ်မက်မက်တယ်။
အိပ်မက်ထဲမှာ နူးညံ့သိမ်မွေ့မှုတခု ဖမ်းဆုပ်မိတယ်။
အပြင်မှာ လျစ်လျူရှုတတ်သလောက်
အပြင်မှာ အေးစက်မာကျောချင်ဟန်ဆောင်တတ်သလောက်
အပြင်မှာ တိုးတိတ်သလောက်
အိပ်မက်ထဲမှာ ညင်သာတယ်
အိပ်မက်ထဲမှာ ချိုမြတယ်
အိပ်မက်ထဲမှာ နီးကပ်ရတယ်
အိပ်မက်ထဲမှာ နီးစပ်ရတယ်
ဟိုး ကမ္ဘာဦးအစ အချစ်ရှိကတည်းက အလွမ်းတွေ တောင်လိုပုံခဲ့တာ။ အလွမ်းတွေ သိပ်သည်းဆများလာတော့ အိပ်မက်မိုးအဖြစ် ရွာချခဲ့ပေါ့…………………………….
ရိုးမြေကျ
(15.10.2013, 11:00PM)