Monday, July 8, 2013

ပိုင်ဆိုင်ခွင့်




လူတချို့
နာမည်ကြီးတံဆိပ်ပါတဲ့ ဖိနပ်တွေ
ထည်လဲစီးနေကြချိန်
လူတချို့
ရာဘာဖိနပ်တစ်ရန်အတွက်
အသေအလဲ ကြိုးပမ်းနေရတယ်
..
လူတချို့
Donut ဆိုင်မှာ အပူအပင်ကင်းစွာ
ထိုင်နေကြချိန်
လူတချို့
ထမင်းတစ်နပ်အတွက်
အနိုင်နိုင် အားခဲထားရတယ်
.
လူတချို့
အကြီးစား ခြင်္သေ့ရွက်တွေ
ဖောဖောသီသီ သုံးနေကြချိန်
လူတချို့
ရှိစုမဲ့စု အသေးစားငွေစက္ကူတစ်ရွက်ကို
မလေလွင့်အောင် ထိန်းသိမ်းနေရတယ်
.
လူတချို့
မာနတွေနဲ့ မော်ကြွားနေချိန်
လူတချို့
ဖြစ်တည်မှု တစ်ခုအတွက်
ယဲ့ယဲ့ကျန်တော့တဲ့
သိက္ခာတွေကို ချ ချ နင်းနေရတယ်
.
ဒါပေမဲ့
ဘယ်သူတွေ ဘယ်လိုပဲ
တည်မြဲခဲ့ တည်မြဲခဲ့
ဘယ်သူတွေ ဘယ်လိုပဲ
ပျက်သုဉ်းခဲ့ ပျက်သုဉ်းခဲ့
ဘယ်သူတွေ ဘာတွေပဲ
ပိုင်ဆိုင်ခဲ့ ပိုင်ဆိုင်ခဲ့
ဘယ်သူတွေ ဘာတွေပဲ
ဆုံးရှုံးခဲ့ ဆုံးရှုံးခဲ့
နောက်ဆုံး
လူတစ်ယောက် ပိုင်ဆိုင်ခွင့် ရှိတဲ့အရာက
ကမ္ဘာမှာ မြေတစ်နေရာစာပဲ ရှိပါတယ်။ ။

မှတ်ချက်။ ။ကျောင်းတုန်းက ထုတ်ဖူးတဲ့ ကဗျာစာအုပ်ထဲက စာရေးသူရဲ့ ကဗျာလေးပါ။ အခုတော့လဲ ခြင်္သေ့ မဟုတ်တော့ဘဲ ဆင်ဖြစ်နေပါပြီ။
ဒီကဗျာက အရင်ဘလော့မှာ တင်ခဲ့ဖူးပါတယ်။ စာရေးသူရဲ့ ညီမလေးက ဒီကဗျာကို အရမ်းကြိုက်တာမို့  ထပ်တင်လိုက်တာပါ။ ဖတ်ဖူးတဲ့သူတွေ အလုပ်ရှုပ်သွားရင် တောင်းပန်ပါတယ်။

13 comments:

Anonymous said...

ဖတ်ဖူးတယ်..ထင်နေတာ..အရင်ဘလော့ဂ်မှာကို
အဲ့တုန်းက အသူနဲ့မခင်သေးဘူး။
ကျေးဇူးပဲ..ရှဲချင်လို့ရလား
(Areal Thu)

ကြည်ဖြူခင်ခင် said...

လာဖတ်ခဲ့တယ်.. ကဗျာလေးထဲက အမှန်တရားတွေကို နှစ်သက်တယ်..

မိုးငွေ့........ said...

ကဗျာလေးကောင်းတယ်

နွေတေးရှင် (မင်းဧရာ) said...

ဖတ်ရသေးပါဘူးဗျာ ။
ကဗျာလေး ကောင်းတယ်
ကွာဟမှု့ တွေကို ချပြသွားတာ
သိပ်ကို ပေါ်လွင်လှတယ် ။

တိမ်လွှာဖြူ said...

ဖတ်ဖူးတယ် .. အဲဒီမှာကတည်းက ဒီကဗျာကိုကြိုက်ခဲ့တာ

roseayemaung said...

အမှန်တွေပဲနော်...မရိုးရေ...
သတိရလျက်....အပြေးလာခဲ့တယ်..ဟောဟဲ...ဟောဟဲ

မင်းအရိပ် said...

မှန်ပါတယ်ဗျာ
နောက်ဆုံးတော့ ကမ္ဘာမြေပေါ်က မြေတစ်ကွက်လေးပါပဲ
ပိုင်ဆိုင်မှုချင်း တူကြမယ့်သူတွေပဲ
ကိုယ်ချင်းစာစိတ်လေးတွေနဲ့ပဲ ကမ္ဘာကြီးကို တည်ဆောက်ကြရင် အကောင်းဆုံးပေါ့နော်

ရင်လှိုင်းခတ်သံ said...

မျှဝေခံစားမှု့
ဆိုတာတွေကလည်း
လေတွေထဲံ ကွယ်ပျောက်ကုန်ပါပြီ
အချိုးမညီတဲ့ ကံတရားတွေ
နောက်ဆုံတော့ အဲဒီမြေမှာ
အားလုံးထားခဲ့ရမှာပါပဲ လေ ။

လရိပ်အိမ် said...

ကြိုက်မြဲကြိုက်လျက်ပါဘဲ။ ( ကဗျာ )

Phyu Moe Pyae said...

အားပေးသွားတယ်နော် .. ညီမလေး .. ^_^

မြတ်ပန်းနွယ် (Myat Pan Nwe) said...

လူတစ်ကိုယ် မြေမည်မျှလိုဆိုတဲ့ လီယိုတော်စတွိုင်းရဲ့ ဝတ္တုကလေးကိုတောင် ပြေးအမှတ်ရမိပါရဲ့ ညီမရေ။ လူသားဖြစ်ရတာကိုက ဒုက္ခတရားတွေရဲ့ ရေသောက်မြစ်ပဲနော်။ ကြမ်းတမ်းတဲ့ လောကဓံမှာ လူသားတိုင်း အဆင်ပြေကြစေဖို့ မမြတ်တော့ ဆုတောင်းတယ်။

စံပယ်ချို said...

အဲဒီမြေတနေရာစာကိုလူတိုင်းကမေ့ထားပြီးနေကြတယ်ညလေးရေ

အလွမ်းမြို့ said...

ခုမှ ဒီကဗျာလေးဖတ်ဖူးပေမဲ့ တကယ့် ကဗျာကောင်းလေးပါ။
အားပေးသွားတယ်။ တကယ့်လက်တွေ့ဘဝတွေနဲ့ ညီမျှနေတာမို့
ပိုကြိုက်တယ်။


မေတ္တာဖြင့်
မကြီးလွမ်း

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။