Tuesday, September 3, 2013

ကိုယ်လဲ မှောက်မယ် ချန်မထားနဲ့ (တဂ်ပို့စ်)



            
        ခုတလော အလုပ်ထဲမှာ စိတ်ညစ်စရာလေးတွေတော်တော်များတာကလား။ ဒါပေမယ့် ညစ်နေတာတွေက (၂၈.၈.၂၀၁၃) တုန်းက မမမိုးငွေ့ ဘလော့ဂ်မှာ တဂ်ပို့စ်လေးဖတ်လိုက်ရတော့ အားလုံးအရည်ပျော်ပျောက်ကွယ်သွားပါတယ်။ မမမိုးငွေ့ဘလော့ဂ်က တစ်ဆင့်ခြေရာခံလိုက်တာ အဲဒီနေ့က ဘလော်ဂါတွေ အားလုံး အိတ်မှောက်ကြတယ်။ အိတ်မှောက်တဲ့ပို့စ်လေးတွေ လိုက်ဖတ်ရင်း စိတ်ထဲ အလိုလို ပျော်လာတယ်။ ဘလော်ဂါတွေရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေ သိပ်ပေါ်လွင်တာပါပဲ။ ဒါနဲ့ အားကျမခံ အိတ်မှောက်မယ်ကြံလိုက်တော့ သင်တန်းတစ်ဖက် ရုံးတစ်ဖက်နဲ့ ဆိုတော့ ချက်ချင်း မမှောက်နိုင်ခဲ့တာကို အားမလို အားမရဖြစ်မိပါရဲ့။
          ကဲကဲ မှောက်တော့မယ်ဗျာ။
        

        မှောက်တော့မယ်ဆိုတော့ ကျွန်တော်ကိုင်တဲ့အိတ် ကျွန်တော် ကြည့်ပြီး ဟင် ငါမိန်းမမဆန်တာကို လူသိရှင်ကြား ထုတ်ပြ ရတော့မှာဆိုပြီး ချီတုန်ချတုန်ဖြစ်မိသေး။ ဘာပဲဖြစ်ဖြစ်မှောက်ပြရတော့မှာပဲလေ…….          ခါတိုင်းလွယ်နေကျ အိတ်က ဒီထက်နည်းနည်းပိုကြီးတယ်။ ဒီအိတ်က ဝယ်ထားတာကို သုံးနှစ်ကျော်ကြာပြီ။ နေပြည်တော်မှာ ဦးစီးစာမေးပွဲသွားဖြေတုန်းက ဝယ်လာခဲ့တာ။ ကျွန်တော်က ဂျွန်စောသိပ်ကြိုက်တာလေ။ ကျောက်မဖြစ်တဲ့ နှလုံးသားရုပ်ကြွင်း ဇာတ်ကားထဲက ဂျွန်စော လွယ်လွယ်နေတဲ့ စတုဂံပုံစံ ဘေးလွယ်အိတ်လေးကို သိပ်သဘောကျခဲ့တာ။ ဒါနဲ့ပဲ အဲဒီအိတ်နဲ့ တော်တော်လေးဆင်တဲ့ ဒီအိတ်လေးကို နေပြည်တော် Junction Center မှာတွေ့လို့ ဝယ်လာခဲ့တာပါ။

     အိတ်လေးကို စမှောက်လိုက်တော့
၁) Wallet လေးထွက်လာပါရောလား။ အဲဒီ wallet ကြီးဖောင်းနေလို့ အထင်မကြီးလိုက်ကြပါနဲ့ဦး။ အဲဒီထဲ မြန်မာကျပ်ငွေ သုံးထောင်ငါးရာကျပ်သာပါပါတယ်။ ဖောင်းနေရခြင်းအကြောင်းကား ဟိုဟာဝယ်ဒီဟာဝယ် ဘောက်ချာမျိုးစုံပါနေခြင်းကြောင့်သာ။ ပိုက်ဆံအိတ်ဖောင်းဖောင်းကြီးကို ကြည့်ကြည့်ပြီး အထင်တကြီးနဲ့  ခဏခဏ ပိုက်ဆံချေးခံရပါတယ်။ ပိုက်ဆံအိတ်လှပ်ပြလိုက်သောအခါ ရှုံ့ခွက်သွားသော မျက်နှာများကိုသာ အမြဲ တွေ့နေရသူပါ။
၂) တစ်ထောင်ဖိုး လေးချပ်ရတဲ့ ခိုးကူးခွေတွေ။(ဟီးဟီး မုံရွာမှာ original သီချင်းခွေဝယ်ဖို့ လွယ်မှမလွယ်တာ။ ခိုးကူးခွေတောင် မနည်းရှာနေရတာ။ သီချင်းငတ်သူဆိုတော့ ဒီလို ရှာကြံရှာရတာပါပဲ။ ခုနေများ ဂီတအစည်းအရုံးက တွေ့သွားလို့ ဖမ်းရင်တော့ ရိုးမြေကျတော့ သွားရှာပြီ။) ဟန်ထွန်း ရဲ့ စီးရီးအသစ် “ခေါင်းနဲ့ ပန်း” ၊ သားကြီးရဲ့ “ဆယ်ပုံတစ်ပုံ”၊ နောက်တစ်ခွေကတော့ ဖြူဖြူကျော်သိန်းရဲ့ တစ်ကားတည်းသော ဗီဒီယိုဇာတ်ကား သက်တော်စောင့်အခွေ။ သူငယ်ချင်းတစ်ယောက်က ကူးပေးထားတာပါ။
၃) မျက်မှန်။ ကွန်ပျူတာ ကြည့်ရင် အမြဲတပ်ထားရတယ်။ စာရင်းကိုင်ဆိုတော့ စာရင်းတွေကြားထဲ လုံးချာလည်ပြီး မျက်စိ မွဲချင်ချင်ဖြစ်နေပြီ။ မျက်မှန်ပုံစံကလဲ သိပ်မိန်းမမဆန်ဘူးနော်။ ပြောရရင် ကိုရီးယားမင်းသားတွေ တပ်နေကျ မျက်မှန်ကိုင်းအမဲနဲ့။ (ဒီရိုးမြေကျဟာလေ ကိုရီးယားရူးရူးနေတာ။)
၄) V Rohto မျက်စဉ်း။ ဒါလေးကတော့ မပါမဖြစ်။ နေ့တိုင်း သုံးရတယ်။ မျက်စိလဲ အေးတယ်။
၅) ခဲဆံဗူး။ ခဲတံလဲ မပါဘဲ ခဲဆံဗူးကြီး အိတ်ထဲ ရှိနေတာ။ ဘာလို့ပါလိမ့်???????????
၆) ယာဉ်မောင်းလိုင်စင်။ ဒါကလဲ မပါမဖြစ်။ အဖမ်းခံရရင် ဘတ်ဂျက်ထိနိုင်တယ်မလား။
၇)ဆံကုတ်။ ဆံပင်က မတိုမရှည်ဆိုတော့ မျက်နှာပေါ် ဝဲ၀ဲ ကျနေတာ သတ်သတ်တင်နေရတာ အလုပ်ရှုပ်တာနဲ့ ဆံကုတ်ထည့်ထားဖြစ်တယ်။ ဟင် ဆံကုတ်ကလဲ မိန်းမမဆန်လိုက်တာလို့ တွေးမနေကြနဲ့ဦးနော်။
၈) Memory Stick ၂ ချောင်း။ အဲဒီ Stick လေးတွေ တော်တော် အသုံးခံတယ်။ ကြာလှပြီ။ တံဆိပ်တွေက တခုက Sony တခုက တံဆိပ်တောင် ပျက်နေပြီ။ ဘယ်လောက်ကြာတယ် မကြာတယ်။ ၂ခုလုံး ခုထိ မပျက်သေးဘူး။ အလုပ်ထဲက အရေးကြီးတဲ့ data တွေ အမြဲ backup လုပ်ရတယ်။ မလုပ်မိရင် သေမှာလေ။ နောက်တော့မှ ပိုက်ဆုံစုပြီး external hard disk လေးဝယ်ရမယ်။ အလုပ်ထဲက အရေးကြီးဖိုင်တွေ သိမ်းဖို့။
၉) ပီကေ။ ပီကေက အရမ်းကြိုက်လို့ ဆောင်ထားတာ။ ရုံးမှာ အလုပ်လုပ်ရင်း အိပ်ချင်ရင် ဝါးနေတာ။ တခါတလေ တနေကုန်တနေခမ်း ဝါးနေလို့ ညနေ အိမ်ပြန်ရောက်ရင် ပါးတွေညောင်းနေလို့ ထမင်းတောင် မစားနိုင်တဲ့ရက်တွေ ရှိဖူးတယ်။


 ၁၀) ipad ။ ဒါကတော့ ပခုံးကို ဒုက္ခအပေးဆုံး။ သယ်ထားရတာ အလေးလံဆုံး ပစ္စည်းပဲ။ ကာဗာတင်ကို တော်တော်လေးတာ။ အဲဒီထဲမှာ ebook တွေပါနေလို့သာ။ ပြီးတော့ ကျွန်တော်ရေးထားတဲ့စာတွေကိုလဲ pdf လုပ်ပြီးသိမ်းထားတယ်။ ကိုယ်ရေးတဲ့စာ ကိုယ့်ဟာကိုယ် ခဏခဏဖတ်ဖြစ်အောင်လို့လေ။
၁၁) ဖတ်လက်စ စာအုပ်တစ်အုပ် “အမှားမကင်းသော ကုမ္ပဏီများနှင့် လမ်းဘေးက 4P” ကိုညီ(Marketing) ရေးထားတာ။ ခုတလောမှ ဝယ်ထားတာ။ အလုပ်နဲ့ ပတ်သက်တဲ့ စာတွေတော့ အချိန်အားရတိုင်း ဖတ်ရတယ်။ မဖတ်လို့လဲ မရဘူး။ လက်တွေ့ဘဝမှာ တွေ့ကြုံဖို့ မလွယ်တာတွေကို စာတွေထဲကနေ သိမှတ်လိုက်နာရတာ။


 ၁၂) ဖုန်းအားသွင်းကြိုး။ အိတ်ထဲ မပါမဖြစ်ဟာ။ အင်တာနက်အမြဲသုံးတော့ ဖုန်းအားက ခဏခဏ ကုန်တယ်။ ဒါ့ကြောင့် အသက်ကယ်အနေနဲ့ အမြဲထည့်ထားရတာ။ မီးမလာတဲ့အချိန်ဘယ်လိုအားသွင်းမလဲလို့ မမေးနဲ့နော်။ မီးမလာရင် မီးမွှေးပြီး ဖုန်းအားသွင်းမှာ။
၁၃) ဖုန်း။ Galaxy Note II ဟန်းဆက်။ ဒါလေးကတော့ မှောက်လိုက်တဲ့ပစ္စည်းတွေထဲမှာ အကြိုက်ဆုံး ပစ္စည်း။ wallpaper မှာ ချစ်ရတဲ့သူ ပုံတင်ထားတယ်။ ဘယ်သူလဲဆိုတာ ပြောပြဘူး။ ပြောဘူး။ ပြောဘူး။
          အားလုံးမှောက်ပြီးပြီဆိုတော့ မသိတဲ့သူဆို အိတ်ပြလိုက်ရရင် ဒါမိန်းကလေး တစ်ယောက်ကိုင်တဲ့ အိတ်လို့ ယုံမှာမဟုတ်။ ယောကျ်ားလေးတစ်ယောက်အိတ်လို့ပဲ ထင်ကြမှာမလွဲ။ အလှပြင်ပစ္စည်းလဲ တစ်ခုမှ မပါ။ နည်းနည်းတော့ ရှက်မိသား။ မလိုတာတွေ ထုတ်ပစ်မယ်ဆိုတော့ တခုပဲ ထုတ်စရာရှိတယ်။ ခဲတံမပါတဲ့ လွယ်အိတ်ထဲမှာ ခဲဆံဗူးကြီးရှိနေတာ။ အဲဒါတစ်ခုပဲ ထုတ်စရာရှိတယ်။ ကျန်တာတွေကတော့ လိုအပ်တဲ့ ပစ္စည်းတွေဆိုတော့ ချန်ထားခဲ့လို့ မရတဲ့ ရဲဘော်တွေပဲ။
          ဘာပဲပြောပြော ဒီတဂ်ပို့စ်လေး ဖြစ်ပေါ်လာစေတဲ့ မမသက်ဝေကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီတဂ်ပို့စ်လေးကြောင့် စိတ်ပြန်ကြည်လာခဲ့တာပါ။
ရိုးမြေကျ
(30.8.2013;8:45PM)




13 comments:

အန်တီလေးမေခင် said...

ရိုးမြေကျရေ အိတ်မှောက်မယ် အားပေးသွားတယ်။ မှန်လေးတစ်ချပ်တော့ထဲ့ထားပါကွယ်။ ခင်တဲ့ အန်တီလေး မေခင်

ချစ်ကြည်အေး said...

း) ညီမပြောသလိုပဲ အိတ်ကလေးက မိန်းမ မဆန်ပေမဲ့ အထဲက ပစ္စည်းလေးတွေက ချစ်စရာလေးတွေပါ......

Phyu Phyu said...

ဟီးဟီး ရီရတယ်ဟေ့ .. ညီမလေးတို့ blogger တွေ ဒီလို Tag Post တွေရေးကြတာ အခုမှ သိတယ် ..
ပျော်စရာလေးပေါ့နော် ..

သက်ဝေ said...

စိတ်ပါလက်ပါ ရေးပေးတဲ့ ပိုစ့်လေးက ချစ်စရာ... အိတ်လေးရော ပစ္စည်းလေးတွေရော ချစ်စရာ...း-)

ညိုလေးနေ said...

တိတ်တိတ်လေး ပြန်တော့မလို့ဟာ comment box အပေါ်က စာလေးမြင်တော့ ပြုံးမိတယ် :)
ပျော်ပျော်ရွှင်ရွှင် နဲ့ မှောက်ထားတဲ့အိတ်လေး ကြည့်သွားပါတယ် ။

Lorem Ipsum said...

အိတ်ကလေးလာချောင်းသွားပါတယ် ရိုးမြေကျရယ်း)))

ချစ်ခင်လျက်
ဆုမြတ်

Anonymous said...

ဟားဟား အလှပြင်ပစ္စည်းမပါတာ မမနဲ့ ကျနော် တူတယ်ဗျ

မှန်ကို မကြည့်ချင်တာ :) မလှတာမြင်ရင် စိတ်ဆင်းညိုလွန်းလို့ (ရဲတဲ့အဆင့်လွန်ပြီး ညိုတဲ့ အဆင့်ရောက်သွားတယ် ဟိ) ကိုယ့်ဘာသာ အားပေးတာ အဲ့လို

သေချာ ဖတ်သွားတယ် အမ ဘာ ကြိုက်တတ်လဲ သိသွားပြီ :P

Anonymous said...

ညီမဆီကို မရောက်တာ ကြာခဲ့ပြီ။

ခုခေတ်က မျက်မှန် လေးထောင့်ကိုင်းဘဲခေတ်စားနေတော့ တပ်ချင်ရင်းနဲ့တပ်ပစ်လိုက်တာ။ ကိုယ့်မျက်နှာနဲ့လိုက်ရင်ပြီးတာဘဲ။

ညီမရဲ့မျက်စဉ်းဆေးက ဆရာဝန်ညွှန်ကြားချက်လား? ဒီမျက်စဉ်းဆေးကို အရမ်းကောင်းတယ်လို့ ရန်ကုန်ကိုပြန်တုန်းက တော်တော်များများကပြောကြတယ်။
ဒီကသတင်းတွေမှာတော့ ဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့ မျက်စဉ်းဆေးကို ကိုယ့်ကိုယ်သုံးချင်တိုင်းသုံးကြလို့ မဖြစ်သင့်တဲ့ မျက်လုံးနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်ကြတယ်။ ရောင်းတဲ့သူတွေက ရောင်းနေမှာဖြစ်ပေမဲ့ မျက်လုံးဆရာဝန်ညွှန်ကြားမှသုံးတာပိုကောင်းမယ်လို့ပြောတာပါ ညီမ။ ဆရာလုပ်တာမဟုတ်ပါဘူး ညီမ။ ဆေးတွေတိုင်းမှာ ကောင်းကျိုး ၊ ဆိုးကျိုးရှိပါတယ်။ ဆရာဝန်နဲ့မပြရင်တောင်မှ ဗူးထဲမှာပါတဲ့ ဆေးစာရွက်ရဲ့ ကောင်းကျိုး ၊ ဆိုးကျိုးဖတ်ကြည့်ပါ။

ခဲဆံဗူးဘဲမြင်တယ် ၊ ခဲဆံနဲ့ရေးတဲ့ခဲတံရှာနေခဲ့တာ။

ဆံကုတ်ကို ကြည့်တုန်းက ဆံကုတ်လို့မထင်ဘူး ၊ တယ်လီဖုန်းကြိုးနဲ့တူတယ်။ ဒီတယ်လီဖုန်းကို ရိုးမြေကျ ဘာလုပ်သလဲလို့စဉ်းစားရင်းနဲ့ဘီးကုတ်ဆိုတာ အဖြေပေါ်သွားတယ်။

လေးစားစွာဖြင့်
လရိပ်အိမ်

Cameron said...

အိတ်ကလေးက သူ့ဟာနဲ့သူ ရှိသင့်ရှိထိုက်တာလေးနဲ့ ပြည့်စုံနေပါပြီ... ပီကေတစ်ခုလောက်ကျွေးပါ..:P

ဆန်းစနေ၀န်း said...

feeling happy for reading ur post &
very interesting things in ur bag...sis!

Anonymous said...

အတော်တော်အလေးအပင်ခံနိုင်တဲ့ ညလေး..ခ်ခ်
ရဘူး ..ရဘူး..ရဘူး..ပြ ...ပြ...Note II ကပုံလေးကြည့်ချင်တယ် တအား :P

မြတ်ပန်းနွယ် (Myat Pan Nwe) said...

စိတ်ဝင်စားစွာ စပ်စုသွားပါတယ် ရိုးမြေကျရေ။ မမြတ် နှာခေါင်းမှာ Burberryအိတ်ရဲ့ သားရေနံ့လေးတောင် သင်းနေသလိုပဲ။ :)

Unknown said...

ဟုတ်ကဲ့ လာဖတ်သွားတယ်ဆိုတဲ့အကြောင်းအသိပေးလိုက်ပါတယ်မမကြီးရေ

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။