Monday, March 18, 2013

မုခဝေဒနာ



    ယနေ့သည် သူ့ကို သူမကိုယ်တိုင် Unfriend လုပ်သွားသော ခြောက်လတိတိပြည့်သည့်နေ့ပင် ဖြစ်သည်။ သူ့ဒဏ်ရာသည် ထိုစဉ်ကလောက် မနာကျင်တော့ပေမယ့် အမာရွတ်လေးတော့ ကျန်နေသေးသည်။ ဘယ်လိုတောင်းပန်၍မှ မရနိုင်သော သူ့ရဲ့ နောက်ပြောင်မှုကို သူမက နောင်ကျဉ်သွားအောင် ဆုံးမချင်၍လား၊ သူ့ကို တကယ်နာကျည်းသွား၍လား သေချာမပြောတတ်ပေမယ့် သူနောက်တစ်ကြိမ် friend request လုပ်သည်ကို ပြန်လက်မခံဘဲ ရှိသည်မှာလဲ ခြောက်လနီးပါးရှိပြီ။ သူက အင်မတန်ပျော်တတ် စတတ်နောက်တတ်သူ တစ်ယောက်ဖြစ်သည်။ ထိုပျော်တတ်ခြင်း စနောက်တတ်ခြင်းကပဲ သူ့ကို သူမစွန့်ခွာထားခဲ့သည်။ သူမ notification တွေ မမြင်ရတော့သောအခါ သူနေ့ရက်တွေသည် အထီးကျန်ဆန်လာသည်။ အိပ်ရာမှနိုးထလာတိုင်း ထို unfriend လုပ်ခြင်းသည် အိပ်မက်ပဲဖြစ်ရမည်ဟု သူက တစ်ပတ်လောက် မျက်စိမှိတ်ယုံကြည်နေခဲ့သေးသည်။ ထို့နောက်မှာတော့ အမှန်တရားကို ရင်မဆိုင်ချင်၍လဲ မရတော့။ သူ့ friend list ထဲတွင် သူမမရှိတော့။ သူဖေ့ဘုတ် မသုံးချင်တော့ ၍ ရက်နှစ်ဆယ်နီးပါးလောက်ပိတ်ထားလိုက်သည်။ ဒါပေမယ့် သူမအကောင့်ကိုတော့ တခြားနာမည်တစ်ခုနှင့် အမြဲဝင်ကြည့်ဖြစ်သည်။ သူ့ကို unfriend လုပ်ပြီး ငါးရက်လောက်အထိ သူမလဲ ဖေ့ဘုတ်ကို မသုံးဘဲ ပစ်ထားသည်။ သူမ မအား၍လား။ မဟုတ်ပါစေနဲ့။ သူ့အပေါ် အားနာသွား၍ စိတ်မကောင်းဖြစ်၍ မသုံးခြင်းပဲဟု သူက ယုံကြည်ချင်ပါသည်။ ယုံကြည်ခွင့်ပြုပါ။ ထိုယုံကြည်မှုသည်လဲ အမှန်တရားပင်ဖြစ်ပါစေ။
          ခြောက်ရက်မြောက်နေ့မှာတော့ သူမသည် အရင်အတိုင်းပဲ ဟာသပို့စ်တွေကို ရှဲသည်။ ဖေ့ဘုတ်နှင့် ပတ်သက်၍ သူမက ဘာမှမဖြစ်ပေမယ့် သူ့မှာသာ ဖေ့ဘုတ်ဝေဒနာ ရခဲ့သည်။ သူ့နာမည်နှင့် အကောင့်ကို ဝင်သုံးရမှာကိုပင် ကြောက်ရွံ့လာသည်။ လုပ်ဖော်ကိုင်ဖက်တွေအားလုံးသိသည့် ကိစ္စအတွက် သူကရှက်နေခြင်းလားဆိုတာလဲ ကောင်းကောင်း မဝေခွဲတတ်။ အွန်လိုင်းမှာ သူကိုယ်ရောင်ဖျောက်နေလိုက်သည်။ ထိုအခါ သူဘာတွေခံစားနေရလဲဆိုကာ သူ့သူငယ်ချင်းတွေက စိတ်ပူကြသည်။ သူကတော့ အားလုံးကို ဂရုမစိုက်နိုင်ပဲ နေ့စဉ် သူမဘာလုပ်တယ် ဘာပို့စ်တွေ ရှဲတယ်ဆိုတာကိုသာ ချောင်းကြည့်သူဖြစ်နေခဲ့သည်။
          သူ့ကို ဘာ့ကြောင့် unfriend လုပ်လိုက်သည်ဆိုသည့်အချက်ကို သူကရှာဖွေရသည်။ သူကိုယ်တိုင် စနောက်မိသည့် အပြစ်လေးတစ်ခုရှိပေမယ့် ထိုအပြစ်လောက်နှင့်တော့ သူ့ကို စိမ်းကားရက်စက်မှာ မဟုတ်ဖူးဆိုပြီး သူက နည်းနည်းမာန်တက်ချင်နေသေးသည်။ လုပ်ဖော်ကိုင်ဖက်တွေမှ တစ်ဆင့်နောက်ဆုံးသိလိုက်ရသော အမှန်တရားမှာ ထိုအပြစ်လေးသည် သူ့ကို ကြိုးစင်တက်ရလောက်သော အပြစ်ကို ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူက လုပ်ဖော်ကိုင်ဖက်တွေကို နားပူနားဆာတိုက်ကာ သူ့ request ကို ပြန်လက်ခံပေးဖို့ တိုက်တွန်းပေးရန် အကူအညီတောင်းမိသည်။ သူမ။ သူမက တစ်ခြားသူပြောတိုင်း လွယ်လွယ်လက်ခံတတ်မည့်သူမျိုးမှ မဟုတ်တာ။ သူကရော။ သူကိုယ်တိုင်ကရော အကူအညီတောင်းပြီးဖြစ်ပေမယ့် သူမစိတ်ထဲမပါဘဲ သူများတိုက်တွန်းမှုကြောင့် သူ့ကို ပြန်လက်ခံမည့် အဖြစ်ကိုတော့ လက်မခံနိုင်ဘူးဖြစ်နေသည်။
                   တွေဝေပါ။ စိတ်ကြိုက်တွေဝေပါ။
          သူမကို စိတ်ကြိုက်တွေဝေခွင့်ပေးလိုက်သည်။ သူက ဖေ့ဘုတ်မှာ သူမအတွက် ပျော်တော်ဆက်တစ်ယောက်သာဖြစ်ခဲ့သည်။ သူမကို နောက်တစ်ကြိမ် ပျော်တော်ဆက်ခွင့်မရသေးခင်မှာ သူရွေးချယ်လိုက်သည်က သူ့သူငယ်ချင်းအကောင့်ဖြင့် ဖေ့ဘုတ်သုံးခြင်းသာဖြစ်သည်။ friend list ထဲတွင် သူမနာမည် ရှိသော သူငယ်ချင်းဆီ တောင်းတောင်းပန်ပန်ဖြင့် ထိုအကောင့်ကို တောင်းယူရသည်။ ဒီလိုနှင့် သူသည် သူမကိုယ်တိုင် မရိပ်မိသော ချောင်းကြည့်သူတစ်ယောက်ဖြစ်လာခဲ့သည်။
          ဖေ့ဘုတ်အပေါ် စွဲလမ်းမှုသည် သူမအပေါ် စွဲလမ်းခြင်းတစ်မျိုးသာဖြစ်သည်။ သူမ notification မတွေ့ရသော သူ့နေ့ရက်သည် အလွန်အထီးကျန်ဆန်ပါသည်။
          ဖေ့ဘုတ်ဝေဒနာ အစကို ပြောရမည်ဆိုလျှင်…………….
          သူ့အဖြစ်က  Mark Zuckerberg ကို ဦးညွှတ်ရမည်လား ၊ အပြစ်တင်ရမည်လားပင် မဝေခွဲတတ်တော့။ ဖေ့ဘုတ်လို့ဆိုလိုက်လျှင် လူကြီးရော လူငယ်ရော စွဲလမ်းကြတာ အမှန်ပင်။ မစွဲလမ်းပါဘူးဟု မညာချင်ပေမယ့် တကယ်တကယ့် ယခုကဲ့သို့စွဲလမ်းလာရခြင်းအကြောင်းမှာတော့ သူမကြောင့်ပင် ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်ခွဲကျော်လောက်က သူ့ကိုယ်ပိုင် ဖေ့ဘုတ်အကောင့်တစ်ခု ဖန်တီးခဲ့ပေမယ့် သူက ထိုဖေ့ဘုတ်ကို စွဲစွဲလန်းလန်း မသုံးဖြစ်ခဲ့ပါ။ သူမကို သံယောဇဉ် လေးလေးနက်နက်ဖြစ်ပေါ်ခဲ့ပြီးနောက်မှာတော့ သူက ဖေ့ဘုတ်မှာ သူမနာမည်နှင့် အကောင့်တွေကို ရှာဖွေသူဖြစ်လာခဲ့သည်။ သူမနာမည်နှင့် အကောင့်ပိုင်ရှင်တွေများမှန်း ထိုအချိန်တုန်းက အံသြစွာ သိခဲ့ရသည်။ သူကလဲ အကောင့်တိုင်းကို Friend Request ပို့ခဲ့သည်။ အကောင့်တစ်ခုခုများ ကြက်ကန်းဆန်အိုးတိုးပြီး သူမများ ဖြစ်နေမလားဆိုသည့် မျှော်လင့်ချက် ယဲ့ယဲ့လေးနှင့်ရယ်ပါ။ ကံဆိုးစွာပင် ဘယ်အကောင့်ကမှ သူ့ request ကို လက်မခံခဲ့ပါ။
          အကြောင်းတိုက်ဆိုင်စွာပဲ ရုံးမှ လုပ်ဖော်ကိုင်ဖက်တွေ၏ အကောင့်များမှ တစ်ဆင့် သူမအကောင့်ကို သူခြေရာခံနိုင်ခဲ့သည်။ ထိုနေ့က သူ့ဘဝတွင် အပျော်ဆုံးလို့ပြောလျှင် သင်တို့က ကဲလွန်းသည်ဟု ထင်ချင်ထင်မည်။ ဝေးကွာလွန်းတဲ့သူနှစ်ဦးအဖို့ နီးနီးလေးဟု ထင်ယောင်ထင်မှား ခံစားစေနိုင်အောင် စွမ်းဆောင်နိုင်သော အရာတွေထဲတွင် ဖေ့ဘုတ်လဲ အပါအဝင်ပင်ဖြစ်သည်။ ထို့ကြောင့် သူက သူမဆီ Friend Request ချက်ချင်းပဲ ပို့ခဲ့သည်။ လက်ခံမှာ မဟုတ်ပါဘူးလေဆိုတဲ့ စစ်မရောက်ခင် မြားကုန်နေသော စိတ်လဲ သူ့မှာ အပြည့်ရှိနေခဲ့သည်။ ဒါပေမယ့် ထိုနေ့ညနေက သူမရဲ့ confirm လုပ်လိုက်တဲ့အခါ သူ့စိတ်ထဲ အရမ်းပျော်သွားခဲ့သည်ဆိုတာ သူမလဲ သိကောင်းသိပါလိမ့်မည်။
          သူမနှင့်သူ friend ဖြစ်သွားသည့်နောက်မှာတော့ သူက status တွေအမြဲတင်သည့်သူဖြစ်လာသည်။ တစ်ခါတစ်ရံ status တွေက သီချင်းစာသားတွေပါသလို ဟာသဆန်ဆန်နောက်ပြောင်ရေးထားတာတွေလဲ ပါသည်။ တစ်ခါတစ်ရံ သူ့ရဲ့ စိတ်ညစ်ညူးမှုများလဲ ပါသလို မြူးထူးပျော်ရွှင်မှုများလဲ ပါသေးသည်။ တနေ့တာ၏ စိတ်ခံစားချက်များကို သူမသိပါစေဟူသော ရည်ရွယ်ချက်သေးသေးလေးလဲ ပါသေးသည်။ များသောအားဖြင့်တော့ ဟာသဆန်ဆန်နောက်ပြောင်ထားသည့် စာတွေသာများပါသည်။ ထိုစာတွေဖတ်ပြီး တနည်းတဖုံသူမကို အပျင်းပြေစေချင်ခဲ့သည်။
          ဖေ့ဘုတ်မှာ သူရေးထားတာတွေ ဖတ်ကြည့်ဖူးလားဟု သူမကို သူမေးခဲ့ဖူးသည်။ ဖတ်မကြည့်ဖြစ်ဘူး။ ဝင်မကြည့်ဖြစ်ဘူးဆိုသည့် အားငယ်စရာ စကားတစ်ခွန်းပဲ ကြားခဲ့ရပေမယ့် ထိုစကားမမှန်ကြောင်း သူမကိုယ်တိုင် သက်သေပြသွားသည်။ ထိုနေ့က တခါမှ မမြင်ဖူးသော လူတစ်ယောက်ကြောင့် သူစိတ်ညစ်နေခဲ့သည်။ ထိုစိတ်ညစ်မှုကိုဖြေဖျောက်ချင်၍တော့ မဟုတ်ပေမယ့် သူက သူမကို ဖေ့ဘုတ်မှာ လွန်လွန်ကျူးကျူးနောက်ပြောင်မိသွားသည်။ သူမ ဓာတ်ပုံလေးကိုကြည့်ရင်း သူက သဘောကျနေမိသည်။ ထိုဓာတ်ပုံလေးနှင့် ပတ်သက်၍ စနောက်မိတော့ နောက်ဆုံး unfriend လုပ်ခြင်းဖြင့် အပြစ်ပေးခံလိုက်ရသည်။ unfriend လုပ်ခံရမှန်း ချက်ခြင်းသိလိုက်တော့ သူ့ရင်ထဲ တစ်ဆစ်ဆစ်နာကျင်လာပေမယ့် သူ့ပို့စ်တွေ အမြဲဖတ်တယ်ဆိုတာ ထိုလုပ်ရပ်က ဝန်ခံသွားမှန်း နောင်တွင် တဖြည်းဖြည်း သိလာရသည်။
          သူမကိုယ်တိုင် စိတ်လိုလက်ရ ပြန်လက်ခံမည့်နေ့ထိ သူစောင့်ပါမည်။ သူမကို ပျော်တော်ဆက်ခွင့်ရမည့်နေ့ကို စောင့်ပါမည်။
          ထိုစောင့်ဆိုင်းနေစဉ်ကာလအတွင်းမှာတော့ သူသည် ချောင်းကြည့်သူတစ်ဦးမျှသာ……………………


          
ရိုးမြေကျ(မုံရွာ)
(18.3.2013, 10:30PM)
                                                                           

စာရေးသူနဲ့ ခင်တဲ့ညီမလေးတစ်ယောက်ကလဲ ဘလော့တစ်ခုလုပ်ထားပါတယ်။ မိတ်ဆက်ပေးပါရစေ။စာရေးသူရဲ့ စာတွေကို အားပေးသလို ညီမလေး ထိုက်ထိုက်သုန် ရဲ့ ဘလော့ကိုလဲ လက်တွဲခေါ်ပေးကြပါလို့ တောင်းဆိုပါရစေ။

13 comments:

Unknown said...

ဟုတ်ကဲ့.. ကျနော်လဲ ချောင်းကြည့်သူ တစ်ယောက်ဖြစ်နေသလိုပဲ..
ခက်တယ်.. ခက်တယ်..
ကျနော်က အခုအချိန်ထိ စိတ်ကူးယဉ်နွံထဲနစ်နေတုန်းပဲဗျာ..

ဟုတ်. ထိုက်ထိုက်သုန်ရဲ့ဘလော့ကိုလဲ လက်တွဲခေါ်ပါတယ်လို့တော့မသုံးဘူး.. ကိုယ်တိုင်က ဘာမှ မဟုတ်လို့..
ဒါပေမဲ့ သူ့ဘလော့လေးဆီတော့ သွားလည်ဖြစ်တယ်လေ..
လင့်လဲအိမ်မှာချိတ်ထားပေးပါတယ်..

Thu said...

အော်လက်စသတ်တော့ သူကချောင်းနေတာကို...:P
င်္friend requestလေးပြန်လက်ခံလာပါစေ...
ထိုက်ထိုက်သုန်အကောင့်ကိုအသူမှာရှာလိုက်ရတာ..ဟိုနေ့ကတွေ့လို့ထည့်ပြီးပြီ။
အသူလဲခုမှဘလော့ဂ်လောကမှာလေးဘက်ထောက်တုန်းဆိုတော့ ..လမ်းလျှောက်နေသူများအားလုံးကိုအားပေးလျက်။အားကျလျက်ပါ။
ချစ်တဲ့
Areal Thu

mypersonalspace said...

don't hack ဆိုတဲ့အတွေးပြောင်းသွားရင် အချိန်မရွေးပြော
နောက်မှအမှုရင်ဆိုင်ရ ရင်ဆိုင်ရ...

မောင်ဘုန်း said...

အမြန်ဆုံး friend requestလေးပြန်လက်ခံလာပါစေ... ဗျာ ... ။

Anonymous said...

ကျွန်တော့်တော့ ဖေ့စ်ဘွတ်ဆိုတဲ့ မိန်းမကို သိပ်မုန်းတာပဲဗျ
ဘာလို့ အဲ့လောက်တောင် ဆွဲဆောင်မှုတွေ ရှိနေမှန်း မသိဘူး
မိုးလင်းလို့ မျက်နှာ မသစ်ရသေးဘူး
သူ့ကို ကြည့်မိနေပြီ
မုန်းပေမဲ့လည်း မကြည့်ဘဲနဲ့ မနေနိုင်ဘူး
ကျွန်တော် ချစ်သူတွေ အဲ့ဒီထဲမှာ အများကြီးကိုး
လာရောက်အားပေးခဲ့ပါတယ် အစ်မရေ

နွေလ

Aunty Tint said...

သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုလေးတွေကို သူမသိရှိနားလည်ပြီး နောက်ပြောင်မှုလေးအတွက် အမြန်ဆုံးခွင့်လွှတ်နိုင်ပါစေလို့ ဆုတောင်းပေးသွားတယ် ရိုးမြေကျရေ..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

ပိုစ့်လေးဖတ်ပြီးစဉ်းစားသွားတယ်..:)

roseayemaung said...

နှင်းဆီ ဝေဒနာနဲ့အတူတူပါပဲလား..
နှင်းဆီ ရဲ့ ပျော်တော်ဆက်လေးပျောက်နေတယ်..
ရီုးမြေ..ရေ စိတ်အစဉ်ပျော်ရွှင်ချမ်းမြေ့ပါစေ

အန်တီလေးမေခင် said...

သူငယ်ချင်းလေးအမြန်ဆုံးပြန်ပြီးလက်သင်.ခံနိုင်ပါစေကွယ်။
ဆုတောင်းလျှက်ခင်တဲ.အန်တီလေးမေခင်

လရိပ်အိမ် said...

တကယ်တော့ ချောင်းရတာလဲ သိပ်မလွယ်လှပါဘူး။

ဒီတလော မအားဘူးဖြစ်နေလို့ ညီမ ထိုက်ထိုက်သုန်ရဲ့ဘလော့ကိုရောက်တယ် ၊ ကွန်ပြူတာမှာလဲ ဖွင့်ထားတာ ဒီတိုင်းကြီး။ မအားတော့မဖတ်ဖြစ်။ မဖတ်ဖြစ်တော့ မမန့်ဖြစ်။ မန့်နိုင်အောင် ကျိုးစားပါ့မယ်။ ခု အင်္ဂလိပ်ကဗျာထင်တယ် ၊ တွေ့ထားတယ်။ မဖတ်ရသေးဘူး။

roseayemaung said...

မရီုးမြေေ၇...နှင်းဆီပျော်တော်ဆက်လေးကတော့
ပြန်လာပြီ.နှင်းဆီကစိတ်ပူနေတာ ၁၀ရက်လောက်မတွေ့ရ၇င်ပေါ့...
ပျော်တော်ဆက်ကခရီးလွန်နေတာလေ...ဟီး...
မရီုးမြေ..ပျော်ဆက်ဆက်လည်းအမြန်ပြန်လာပါနော့.....

မိုးညချမ်း said...

မမရေ ... သက်ပြင်းမောကြီးဖြင့် ဖတ်သွားပါသည် ... ဟီးးးး ထိုက်ထိုက်သုန်လေးရဲ့ ဘလော့ဂ်တော့ ၀င်ဖတ်ဖြစ်တယ် ... ဆောရီး ... သူ့ကိုယောက်ျားလေးမှတ်နေတာ မမရေ ... :P

အိပ်မက်ကောင်းကင် said...

အလည်လာရင်းစာလေးကို ဖတ်သွားပါတယ်
မရောက်ဖြစ်တာကြာပေမဲ့ သတိတော့ရနေပါတယ်
ထိုက်ထိုက်သုန်ရဲ့ဆိုဒ်လည်းသွားလည်ဖြစ်ပါတယ်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။