Thursday, September 20, 2012

လွှမ်းမိုးသောမိန်းမသားများ(၂)


မမစနိုးခန့်မှန်းသွားသလိုပဲ ကိုယ့်ကို လွှမ်းမိုးတဲ့သူတွေထဲမှာပါတဲ့ ဒုတိယမြောက် အမျိုးသမီးကတော့ ဆရာမ ဂျူးပါ။ ဆရာမ ကိုယ့်ဘဝထဲကို ဝင်လာတာက တကယ်ကို အမှတ်ရစရာ။
ကိုယ် ဆယ်တန်းအောင်ပြီးတော့ ပြင်ပဗဟုသုတစာတွေ အရမ်း ဖတ်တော့တာ။ ဒါပေမယ့် ဆရာမရေးတဲ့စာတွေဟာ living together ဆန်ဆန်တွေပါတယ်ဆိုတဲ့ မေမေ့ရဲ့ စကားတစ်ခွန်းနဲ့တင် ဆရာမနဲ့ ကိုယ်နဲ့တွေ့တာ နောက်ကျခဲ့ရတာပေါ့။ ဒါ့ကြောင့် ကိုယ့်လက်ထဲရောက်လာတဲ့စာအုပ်တွေက ဂျာနယ်ကျော်မမလေး၊ဆရာကြီး မြသန်းတင့်တို့ပါ။ ကိုယ်ဒုတိယနှစ်လောက်မှာ ကိုယ့်ညီမတွေနဲ့ သူတို့သူငယ်ချင်းတွေ ကိုယ့်ရှေ့မှာ စာအုပ်တစ်အုပ်အကြောင်းလာငြင်းခုန်နေကြတယ်။ အဲဒီတုန်းက ကိုယ်က စာဂျပိုးဆိုတော့ ကိုယ့်ရဲ့ ထင်မြင်ချက်ကို သိချင်ကြလို့ ဖတ်ကြည့်ပေးပါလို့ တောင်းဆိုကြတယ်။ ကိုယ်က သူတို့ကိုအရေးမလုပ်နိုင်ဘဲ ဂျာနယ်ကျော်မမလေးစာအုပ်တွေပဲ သဲကြီးမဲကြီးဖတ်နေတာ။ ဒီလိုနဲ့ ဒုတိယနှစ်စာမေးပွဲဖြေပြီးတော့ ကိုယ် မြစ်ကြီးနားက ညီမလေး ထိုက်ထိုက်နဲ့ Pen Friend ဖြစ်လာတယ်။ သူနဲ့ စာအုပ်တွေအကြောင်း တော်တော်ဆွေးနွေးဖြစ်တာ။ အဲဒီမှာတင် သူက ဂျူးရေးတဲ့ “ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်” ဖတ်ကြည့်ပါတဲ့။ သူနဲ့ဆွေးနွေးရအောင်တဲ့။ ဒါနဲ့ ကိုယ်လည်း စာအုပ်ဆိုင်သွားပြီး ဆရာမ စာအုပ်သွားရှာဖတ်ရတာပေါ့။ အဲဒီမှာတင် ကိုယ့်ညီမတွေက ပွစိပွစိနဲ့ သူတို့ဖတ်ခိုင်းတုန်းက မဖတ်ဘဲ သူ့သူငယ်ချင်းဖတ်ခိုင်းမှ ဖတ်တာဆိုပြီး ရန်လုပ်ကြသေးတယ်။အိုး အဲဒီတစ်အုပ်နဲ့တင် ဆရာမက ကိုယ့်နှလုံးသားကို အပိုင်သိမ်းသွားတာ။ ကိုယ့်မှာ ကြိုက်လွန်းလို့ သိမ်းထားချင်လို့ စာအုပ်ဆိုင်တွေသွားရှာဝယ်တာတောင်မရဘူး။ မန္တလေးကစာအုပ်ဆိုင်တွေ ရှာခိုင်းတော့လည်း မရဘူး။ နောက်တော့  ကိုယ့်သူငယ်ချင်းတစ်ယောက်က ရန်ကုန်ကနေမှာပြီး ကိုယ့်ကို မွေးနေ့လက်ဆောင်ပေးခဲ့တာ။ အဲဒီကတည်းက ဆရာမကို ကိုယ်အရမ်းချစ်သွားခဲ့တာ။ ဆရာမစာအုပ်တွေဆို ငှားမဖတ်ဘဲ ဝယ်ဖတ်တယ်။ ဆရာမရဲ့ အတွေးက ရဲရင့်တာ living together ဆန်ဆန်မဟုတ်ဘူးဆိုတာ ကိုယ်သိလိုက်ရတယ်။ ဆရာမက စာအုပ်ထွက်တာကြဲတော့ ကိုယ့်မှာ စောင့်ဖတ်ရတာ တမေ့တမောပဲ။ ဆရာမ စာအုပ်တွေ လက်လွှတ်လိုက်ရမှာစိုးလို့ သတင်းစာမှန်မှန်ဖတ်ဖြစ်တာ စာအုပ်ကြော်ငြာများ တွေ့ရမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ဆိုတာ ကိုယ်ပဲသိတယ်။ စာအုပ်ကြော်ငြာထားတာတွေ့ပြီဆို စာအုပ်ဆိုင်ချက်ချင်းသွားမေးတာ။ မရောက်သေးဘူးပြောလွှတ်ရင် နေ့တိုင်းကို သွားမေးတာ။ အဲဒီလို ကိုယ်အရမ်းလိုချင်နေတဲ့အချိန်စာအုပ်ဝယ်မရရင် ကိုယ်က ဘာမဆိုင် ညာမဆိုင် မုံရွာမှာ နေရတာ စိတ်တိုလာတာ။ လိုချင်ရင် ဘာနေနေချက်ချင်းမရဘူးဆိုပြီး ကိုယ့်မြို့လေးကို ဒေါသတွေထွက်လာတာဟာ ဆရာမကို ချစ်မြတ်နိုးစိတ်ကြောင့်ပါ။
ပြီးခဲ့တဲ့နှစ်က ကိုယ် အလုပ်နဲ့ပတ်သက်ပြီး Training ဆင်းနေရတဲ့ကာလဆိုတော့ ရန်ကုန်မှာရှိနေခဲ့တယ်။ ရုံးပိတ်ရက်မှာ လှည်းတန်းက အင်းဝစာအုပ်တိုက်မှာ စာအုပ်တွေဝင်မွှေနေတယ်။ စာအုပ်တွေကြည့်ရင်း စာအုပ်စင်ပေါ်မှာ ဆရာမရဲ့ စာအုပ်တွေ့လိုက်ရတော့ ရင်ခုန်သွားတယ်။ ခေါင်းစဉ်ဖတ်လိုက်ရတော့ ပိုရင်ခုန်သွားတယ်။ “ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ” တဲ့။ ဆရာမ က ခေါင်းစဉ်လှလှတွေနဲ့ စာဖတ်သူနှလုံးသားကို ထိထိမိမိ သိမ်းပိုက်တာ။ ပြီးတော့ ဆရာမရဲ့ ဇာတ်ကောင်တွေက ကိုယ့်ကို တော်တော်စိုးမိုးတာ။ စာအုပ်တွေဖတ်ပြီး တခါတရံ ပြည်မိုးငြိမ်းဖြစ်ချင်လိုက်၊ တခါတလေ ခွန်သာဖြစ်ချင်လာလိုက်၊ မြဝန်းရံ ဖြစ်ချင်လာလိုက်၊ အေသင် ဖြစ်ချင်လာလိုက်နဲ့လေ။
ကလျာမဂ္ဂဇင်းမှာပါတဲ့ ဆရာမရဲ့ ဆောင်းပါးတွေလည်း ကိုယ်က မလွတ်တမ်းဖတ်ဖြစ်တာ။ ခုနောက်ပိုင်း ဆရာမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ စာတွေအရေးများလာတာဆိုတော့ ဆရာမကို ချစ်တဲ့ကိုယ်လည်း ကိုယ်နိုင်တဲ့အားလေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်လာတာ၊ အစိမ်းရောင်တွေကို ချစ်တတ်လာတာ၊ သစ်ပင်တွေကို ချစ်တတ်လာတော့တာ။ တခါတလေ တစ်ရှူးလေးသုံးမှာက အစ ကိုယ့်မှာ ချင့်ချိန်နေမိတာ။ ဟုတ်တယ်လေ။ တစ်ရှူးဆိုတာ ဝါးပင်လေးတွေက ရတာမလား။ မလိုအပ်ဘဲ ပိုများသုံးမိရင် ဝါးပင်တစ်ပင်သေဆုံးဖို့အတွက် ကိုယ့်အပြစ်ကြီးလို အပြစ်မကင်းသလို ခံစားမိတော့တာ။ Thesis လုပ်တုန်းကလည်း တစ်ဖက်လွတ်စာရွက်တွေသုံးတာ နှမြောလို့မဟုတ်ဘဲ စာရွက်ဆိုတာ ဝါးပင်က ဖြစ်လာတာမို့ မလိုအပ်ဘဲ ဝါးပင်တွေအခုတ်ခံရမှာ စိုးရွံ့တဲ့ စိတ်လေးနဲ့ပေမယ့် ကိုယ် က အပေါင်းအသင်းတွေကြား ဆရာမတွေကြားမှာ ကပ်စေးနှဲဘွဲ့ခံယူခဲ့ရတာ ၊ ငကြောင်ဆိုတဲ့ အကြည့်တွေနဲ့ အကြည့်ခံခဲ့ရတာ။ ဒါပေမယ့် ကိုယ်ဝမ်းမနည်းပါဘူး။ ကိုယ်ဆရာမကို ချစ်တယ်။ လေးစားတယ်။ တစ်ခါကလည်း လမ်းချဲ့မှာမို့ ကိုယ်တို့ရုံးရှေ့က လူလေးယောက်ဖက်စာလောက်ရှိတဲ့ သစ်ပင်ကြီး ခုတ်ပစ်လိုက်တုန်းကဆို ကိုယ် ငိုချင်စိတ်တောင်ပေါက်ခဲ့တာ။ ခုတ်လှဲလိုက်တဲ့ သစ်ပင်ဟာ သူ့အလေးချိန်နှစ်ဆ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေပြန်ထုတ်တတ်တာဆိုတော့ ကိုယ်ငိုချင်လာတာ မဆန်းပါဘူးနော်။ ဒီနေ့ခေတ်မှာ ဘာဝယ်ဝယ် ကြွပ်ကြွပ်အိတ်တွေနဲ့ ထည့်ပေးတိုင်း ကိုယ်ငယ်ငယ်က အကြော်ဝယ်တာတောင် ဗယာကြော်ကွင်းလေးတွေကို နှီးကြိုးလေးနဲ့ ချည်ပြီး ထည့်ပေးတဲ့ အကြော်ဆိုင်လေးကို ကိုယ်တမ်းတမိတုန်း။ ပြီးတော့ နီးနီးနားနားသွားရင်လည်း ကိုယ်ကဆိုင်ကယ်လေးနဲ့ပဲ သွားနေကျ။ ဒါဆို ကိုယ့်ဆိုင်ကယ်ကထွက်မယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကလည်း ကမ္ဘာကြီးကို ပူနွေးစေမှာပဲနော်။ ဒါနဲ့  ဟိုနားဒီနားသွားဖို့ စက်ဘီးစီးမယ်ဆိုတော့ ဆယ်တန်းတုန်းကစီးခဲ့တဲ့ စက်ဘီးကို အိမ်မှာ ရှုပ်တယ်ဆိုပြီး ကိုယ်က ရောင်းပစ်ခဲ့တာ။ အသစ်တစ်စီးကို ကိုယ့်လစာနဲ့ ဝယ်လို့ရပေမယ့် စက်ဘီးရောင်းစားထားတဲ့အတွက် ကိုယ့်မေမေက ထောင်းမှာ အသေအချာပဲ။ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲဆရာမရယ်။ တစ်ရက်မှ မေမေ့ကို စက်ဘီးတစ်စီးလောက်ဝယ်ပေးဖို့ ချော့ပြောရဦးမယ်။  ပြီးတော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကိုယ်နဲ့ အစိမ်းသတ်သတ်ဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဆိုင်တဲ့ Certificate (ဒါမှမဟုတ်) Diploma ရအောင်ယူပေးမယ်လို့ ကိုယ်ရည်မှန်းထားပြီးသား။
ဆန္ဒတွေရှိသည်။ မျှော်လင့်ချက်တော့မရှိပါ။ သို့သော် ဆရာမကို ကိုယ်အရမ်းချစ်သည်။
ချစ်ခြင်းတူသော်မှဖြင့် ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါရစေ။
(Acquarius နတ်သမီး မမစနိုးရေ ကိုယ့်ရဲ့ တတိယမြောက်လွှမ်းမိုးသူကို ခန့်မှန်းပေးပါလား။ ဘလော့ဂ်ဂါ  မောင်နှမတွေလည်း ခန့်မှန်းပေးကြပါ။ ခန့်မှန်းတာမှန်တဲ့သုံးယောက်ကို ဆရာမဂျူးရဲ့ နောက်ထွက်မယ့် စာအုပ်လက်ဆောင်ပို့ပေးပါ့မယ်။ သဲလွန်စပေးမယ်။
တတိယမြောက်လွှမ်းမိုးသူဘယ်သူဖြစ်မယ် ထင်လဲ။
အခုတလော သူအသဲကွဲနေတယ်။
Celebrity ထဲကပါ။ လွယ်လွယ်လေးနော်။)

16 comments:

အိပ်မက်ကောင်းကင် said...

ဟာ ကောင်းလိုက်တဲ့အရေးအသားတွေပါလား
ကျွန်တော်လည်း ဆရာမ ဂျူးရဲ့စာအုပ်တွေကို တော်တော်များများဖတ်ဖူးပါတယ်
ဖတ်လို့လည်းကောင်းတယ်
သည်နောက်ပိုင်းတော့သိပ်မဖတ်ဖြစ်တော့ဘူး
သည်ပိုစ့်လေးကိုရေးတဲ့သူက ဆွဲဆောင်အားလွန်းလို့ထင်ပါရဲ့
“ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်” ဆိုတဲ့
စာအုပ်လေးကိုတောင် ဖတ်ချင်လာပြီ ဒါပေမဲ့မရှိလောက်တော့ဘူးထင်တယ်
ခင်တဲ့(အိမ်မက်ကောင်းကင်)

Thu said...

Same 2 u.I envy her soso much.

မြတ်နိုးသူ(MUFL) said...

အမရိုးမြေကျရေ
စာအရေးသားတွေအရမ်းကောင်းတယ်အမ
အားပေးသွားပါတယ်အမ

Phyu Lwin said...

ဆရာမဂျူးနဲ့ပတ်သက်ရင် လုပ်ခဲ့သမျှ အတော်တူတယ်.. သူ့စာအုပ်တွေကို အချိန်တိုင်းစောင့်ဖတ်နေတာတွေ . သူ့ဇာတ်ကောင်တွေကို ချစ်တတ်တာတွေ အားလုံးလိုလိုပေါ့ .. တတိယမြောက် လွှမ်းမိုးသူ ဘယ်သူဖြစ်မလဲ .. celebrity ထဲကဆိုတော့ အသည်းကွဲနေတာ ဘယ်သူပါလိမ့် သိချင်တယ် မခန့်မှန်းတတ်ဘူး

Phyu Lwin said...

ဖြူဖြူကျော်သိန်း ... (ကောင်မလေးတစ်ယောက် အသည်းကွဲနေသည် )
ခန့်မှန်းခဲ့ပြီနော်.. နောက်ထွက်မယ့်စာအုပ်တော့ လက်ဆောင်ရတော့မယ် :))

Yoemyaykya said...

ဆရာမဂျူးရောင်းရတဲ့စောင်ရေတက်အောင်တစ်ဖက်တစ်လမ်းကကူညီပေးတာ။
ဟီးဟီး....

NweYoePhyu said...


အသဲကွဲနေတယ် ဆိုတဲ့ Celebrity ကိုပြောပြရင် ဆရာမဂျူးရဲ့ စာအုပ်လက်ဆောင်ပေးမယ်ဆိုတာ တကယ်ပါနော်
ဟဲဟဲ Celebrity နာမည်ကို comment ထဲမှာ မဖေါ်ပြတော့ဘူး Phone ဆက်လိုက်မယ်
ခင်တဲ့ Meikhtila

စံပယ်ချို said...

အကြိုက်ချင်းတွေတူတာများတယ်
ဂျက်လဲ ဂျူးကို တကယ်ရူးသွပ်နေသူမို့လေ

Yoemyaykya said...

မကြီးဂျက်မနေ့ကဖုန်းဆက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ မမစံပယ်နဲ့ ညီမလေးနဲ့တူတာတွေက တစ်ဦးတည်းသောသမီး၊ ဂျူးကိုအရမ်းရူးသွပ်တယ်။

လရိပ်အိမ် said...

ဂျူးနဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်ဘဲဖတ်ဖူးတယ်။ နေမကောင်းတုန်းက ဦးလေးယူလာပေးတာ။ စာဖတ်အားညံ့တယ်နော်။ ရှက်လိုက်တားP
အဖြေကိုတော့မစဉ်းစားချင်ဘူးကွယ်။ တစ်အုပ်ဘဲဖတ်ဖူးတဲ့အတွက် လက်ဆောင်ပေးသင့်ပါတယ် ညီမလေးရယ်။

kiim said...

စာလာဖတ်သွားပါတယ်...
အမလဲ ဆရာမ ဂျူးကို အရမ်းကြိုက်တာ...
အကြိုက်တူသွားပြီပေါ့..
ပြီးတော့ သူ့ စာအုပ်မှာ ပထမဆုံး ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်
ကိုဖတ်မိပီး အရမ်းအရမ်းကြိုက်သွားတာဖဲ..
တခြားဟာတွေလဲဖတ်ဖစ်တယ်..ဒါပေမယ့် ဘယ်စာအုပ်ကမှ
ချစ်သူလား.. ကိုမမှီဖူးလို့ ထင်တာဖဲ.. အမကစိတ်ကူးယဉ်သမားလေ..
ဒါ့ကြောင့်မို့ ပိုကြိုက်ဖစ်သွားတာထင်ပါတယ်..း)
ခန့် မှန်းမယ်နော်.. ၀ိုင်းစုခိုင်သိန်းလား.. :) မှန်ရင်ပြောပြဦးနော်....

လွင်ပြင်လှိုင်းငယ် said...

အေ၇းအသားအားလုံးကောင်းတယ်။

စံပယ်ချို said...

သူတို့ ဘာပဲ လာရေးခဲ့ပါတယ် မတုန်လှုပ်ပါနဲ့
ဒီလိုပဲလေ အောင်မြင်မှုရှိလာလေလေ လေပြင်းဒါဏ်ခံရလေလေ
ရေးခဲ့တာတွေဖျက်လို့ရတယ်လေ ကိုလွင်ပြင်ကိုမေးထားလိုက်
ဖုန်းခေါ်သေးတယ် ကေသီကွန်မန့်လေးကိုတွေ့ပြီးတော့
လိုင်းမရဘူးဖြစ်နေလို့ လူကြီးမင်းနဲ့ပဲတွေ့လိုက်ရတယ်
စိတ်ညစ်မနေနဲ့ အရာအားလုံး ဆက်လုပ်နော်
ချစ်တဲ့ မဂျီး jasmine

Cameron said...

လွှမ်းမိုးသောမိန်းမသားများ(၃)ကျန်သေးတယ်ထင်တယ် မျှော်နေမယ်ညီမ...

မိုးနတ်ကြယ်စင် said...

မရေ...စာရေးကောင်းတာကတော့ ညလေးလက်ဖျားခါတယ်..၀တ္ထုတွေရေးပါလား...စာရေးဆရာမသာလုပ်လိုက်ပါတော့မရယ်..ညလေးကတော်ရုံလူကို ချီးမွမ်းခဲတယ်...ဒါပေမဲ့ မကိုတော့
ညလေးလဲ ဦးညွှတ်ရတော့မယ်ထင်ရဲ့.:P..ဘာလို့ဆို..စာအရေးအသားက အရမ်းကို ပြေပြစ်ချောမွေ့သကိုး......နောက်ကျနေပြီမို့ မခန့်မှန်းတော့ဘူးနော်..မ...ဒါနဲ့ပြောရအုံးမယ်..ညလေးလဲ ဆရာမစာအုပ်တွေ ဆိုင်မှာသွားရှာဖတ်တော့မယ်..သိလား..တပုဒ်တော့ဖတ်ဖူးတယ်..မှတ်မှတ်ရရ..၀တ္ထုတိုလေးပါ...“ရာဇ၀င်ထဲမှာမောင့်ကို ထားရစ်ခဲ့” တဲ့..၊အဲဒိတုန်းကတော့ သတိထားမိတာ အသေအချာကြီးကိုလေ...ဆရာမရဲ့ အရေးအသားအရမ်းချောမွေ့ပြေပြစ်တာကိုပေါ့...ခု..မနဲ့ တထပ်ထဲလိုလိုပဲ..ယုံတယ်မ..ဆရာမကို အရမ်းခရေဇီဖြစ်တယ်ဆိုတာ..ပြီးတော့ မကိုခင်မင်လေးစားစိတ်ကြောင့် ဆရာမစာတွေကို အချိန်ပေးပြီးဖတ်တော့မှာပါ...အရင်က ငါဘာလို့ ဆရာမစာတွေမဖတ်ဖြစ်ခဲ့ပါလိမ့်လို့ တွေးမိတယ်...ရှက်လိုက်တာမရယ်..ဒါပေမဲ့ အရမ်းကြီးတော့ နောက်မကျသေးဘူးမဟုတ်လားဟင်
ခင်မင်နေတဲ့..မိုးနတ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဆရာမ ဂျူး က မြတ်ကိုလည်း လွှမ်းမိုးခဲ့ပါတယ်။ ဆရာမကို သိပ်လည်းချစ်တယ်။

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။