Tuesday, September 10, 2024

အဆုံးရဲ့ အစ

 



တဒင်္ဂလေးပဲ

သူမ ဖြတ်လျှောက်သွားတဲ့ ဒီတဒင်္ဂလေး

ပခုံးပေါ်ဝဲကျနေတဲ့ ဆံနွယ်ကောက်ကောက်လေးတွေ

မဆုံတာကြာခဲ့ပြီမို့ကြောင့်လား

သူ့ကို လှည့်မကြည့်ဘဲ ပြောသွားတဲ့ သူမစကားတွေ

အရင်ကလဲ ဒီလိုတွေ့ဖူးနေကျပဲ

ရင်ခုန်သံက အဲဒီတုန်းက မခုန်ဘဲ ဘာ့ကြောင့်ခုများမှ လာခုန်နေရတာလဲ

သူကျရှုံးနေချိန်ကျမှ သူပြိုလဲနေချိန်ကျမှ အရာရာဖြည့်ဆည်းပေးဖို့

အဆင်သင့်အနေအထား မရှိတဲ့အခါမှ

အချစ်ဆိုတာ ဖြစ်ပေါ်ဖို့ တကယ်တဒင်္ဂလေးပဲလိုတာပါ

ချစ်မိသွားပြီ။

ဒုက္ခပဲလို့သာ ရေရွတ်မိတော့တယ်။

သူ့ရဲ့ Dark Side အားလုံးကို သူမ မြင်ပြီးသားလေ။ ဘယ်ရွေးချယ်မလဲ။ ရွေးချယ်ရဲမလဲ။

နေ့မြင်ညပျောက်မတည်မြဲတဲ့ ဒီခေတ်ကြီးထဲမှာ ကြိုးစားကြည့်ချင်ခဲ့တယ်။ နှင်းဆီပန်းစည်းလေး သူမဆီ အရောက်ပို့လိုက်တဲ့အခါ။ ဖေ့ဘွတ်ပေါ်တက်လာတဲ့ သူမပုံရိပ်လေးတွေက ကြည်နူးဖို့ကောင်းလိုက်တာ။ သူက ပန်းစည်းကို အဓိပ္ပာယ်တွေနဲ့သာ ပေးတတ်တာ။ နှင်းဆီအဝါဟာ သူငယ်ချင်းအချစ်လေ။ ပျော်နေတဲ့ သူမပုံလေးကို မြင်ရတာ သူပျော်တယ်။ အချစ်ရဲ့ အစဟာ ပျော်ရွှင်ခြင်းပဲ။ ဒုတိယအကြိမ်ကျ နေကြာပန်း၅ပွင့် ပါတဲ့ ပန်းစည်းကြီး သူကိုယ်တိုင် သယ်လာပြီး သူမကို ပေးခဲ့တာ။ သူမရော ရင်တွေခုန်နေမလား။ သူကတော့ ကြောက်စိတ်တွေရော ရင်ခုန်တာတွေရော ခံစားချက်တွေက ရောထွေးနေတယ်။ အဲဒီနေ့ညနေက သူမအိမ်ကို သူကိုယ်တိုင် လိုက်ပို့ခဲ့တယ်။ ပန်းစည်းကြီးကိုင်ပြီး သူမဘေးနားကနေ လျှောက်ရတာ ရင်တော်တော်ခုန်တယ်။ ယူ့ကိုကြည့်နေကြပြီ သိလားတဲ့။ သူလား သိတာပေါ့။ ကောင်မလေးတယောက်ကို ပန်းစည်းနဲ့ ချစ်ရေးဆိုတဲ့ပုံ ပေါ်နေတာလေ။ သူက အဲလိုထင်ကြလေ သဘောကျလေ။ ဒါတော့ သူဘယ်ထုတ်ပြောမလဲ။ သူမအိမ်ထိလျှောက်တဲ့ လမ်းတလျှောက်မှာ မောနေပေမယ့်လည်း ရင်ခုန်ရတယ်။ သူမဖျော်တိုက်တဲ့ အအေး ကမ္ဘာပေါ်မှာ သောက်လို့အကောင်းဆုံး။ သူမအဖေနဲ့ စကားလက်ဆုံကျခဲ့သေး။ သူမအမေက ပန်းစည်းကြီးကျန်ခဲ့ပြီဆိုပြီး သတိပေးသေးတယ်။ အန်တီ့သမီးလေးအတွက် ချစ်ခြင်းမေတ္တာသဝဏ်လွှာပါလို့ စိတ်ထဲကနေ ပြောမိတယ်။ အပြန်မှာ သူ့ကို သူမပြန်လိုက်ပို့တယ်။ ဒီကျောင်းက သူမ ငယ်ငယ်က တက်ခဲ့တဲ့ကျောင်းဆိုတာ။ သူမ ငယ်ငယ်က ရည်းစားတွေနဲ့ ဘဲကြည်ဆော်များဖြစ်နေမလား စာတွေပဲ ကြိုးစားတဲ့သူဖြစ်နေမလား။

လောကဓံက သူ့ကို တိုက်ခိုက်ချိန် အမျိုးမျိုးသော ဖိအားတွေ ကျန်းမာရေးကြောင့် သောက်နေရတဲ့ဆေးတွေ။ ဒီလိုဖိအားတွေကို မခံနိုင်လို့ အားလုံးကို ထားပြီး တခြားနေရာကို ထွက်သွားဖို့ သူကြိုးစားမယ့်ညမှာပဲ သူမကို ချစ်တဲ့အကြောင်း ပြောမိသွားတယ်။ နောက်ရက်မှာ သူဆိုတာ ဘာဖြစ်မယ် မသေချာဘူးလေ။ သူမကို သိစေချင်လို့ ဖွင့်ပြောမိတယ်။ ချစ်တယ်လို့ ဖွင့်ပြောလိုက်ခြင်းဟာ တာဝန်ယူမှုတွေပါမယ်ဆိုတာ သူမ သိမှာပါ။ ချစ်တယ်လို့ လွယ်လွယ်ပြောတတ်တယ်လို့ သူ့ကို ကောက်ချက်ချနိုင်တယ်။ နောက်နှစ်ရက်နေတော့ သူမဆီကို ဒေစီပန်းအနီတွေပို့ပေးခဲ့တယ်။ အချစ်တဖန်စတင်ခြင်းရဲ့ အဓိပ္ပာယ် ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပာယ်အနေနဲ့ ပို့ပေးခဲ့တာပါ။ သူမကတော့ စာတွေပဲလေ့လာနေသူဆိုတော့ ဒါတွေ နားလည်မယ် မထင်ဘူး။ သူမကို ပန်းစည်းလေးနဲ့ ပုံရိုက်တင်ပေးဖို့ တောင်းဆိုလိုက်တော့ ဖေ့ဘွတ်ပေါ်တက်လာတဲ့ သူမပုံလေးက ချစ်စရာကောင်းလိုက်တာ။ အကြိမ်ကြိမ်တွေ့ဖူးခဲ့တဲ့ ဒီမျက်နှာလေးက ခုကျမှ ဘာလို့ ချစ်စရာကောင်းနေတာလဲ။ ချစ်ရင် အလိုလိုနေရင်းကို လှနေတယ်လို့ မြင်လာတာ။ သူ ရူးသွားတာလား။ အချစ်ဟာ လူကို ရူးစေတတ်တာ။

ဘယ်တော့မှ ပြန်မလာတော့မယ် စာလေးတွေ

ဘယ်တော့မှ ဆက်သွယ်လို့မရမယ့် ဖုန်းနံပါတ်

Messenger မှာ သူမ မီးစိမ်းနေတာကို ည ၁၁နာရီခွဲထိ ထိုင်ကြည့်နေခဲ့တာ။ ပြန်ပို့လာမှာ မဟုတ်တဲ့ စာအတွက် မပို့မိအောင်နေတတ်ရအောင် လူယဉ်ကျေးလုပ်ရတယ်။ ဖြိုးပြည့်စုံက ဆုံးမထားတာကိုး။ လူဆိုတာ ယဉ်ကျေးမှုရှိရတယ်တဲ့လေ။

လူယဉ်ကျေးလုပ်ပေးပါမယ်။

မဝင်ရလို့တားမြစ်ထားတဲ့ အခန်းထဲ မဝင်မိအောင် ယဉ်ကျေးပါ့မယ်။

သူ လူယဉ်ကျေးတယောက်ဖြစ်ဖို့ ကြိုးစားပေးပါမယ်။

 

အချစ်

 

​တွေ့ခဲ့ဖူး​နေကျပဲ

အဲဒီ​နေ့ကမှ

ကိုယ့်နှလုံးသားရင်ခုန်သံ စည်းချက်က

မင်းအတွက်ဖြစ်သွားတာ

အကြိမ်ကြိမ်ရှိခဲ့ဖူးကြတာပဲ

ရင်ခုန်ဖို့ နှစ်​တွေ​ဝေး​ပေးလိုက်ရခြင်းကလဲ သက်​သေပဲ​လေ

အဲဒီ​နေ့က

မင်းနဲ့အတူတူ လမ်းလျှောက်ခွင့်ရတာ

မင်းနဲ့အတူတူ စကားထိုင်​ပြောခွင့်ရတာ

မင်းနဲ့ အကြည့်ချင်းဆုံခွင့်ရတာ

ဒါ​တွေက အချစ်ရဲ့ လမ်းစ​တွေပဲ

အရမ်းမြန်လွန်းတယ် မထင်ပါနဲ့

ဘယ်အချိန် စ ရင်ခုန်ရမယ်

စ ချစ်ရမယ်လို့ ပုံ​သေနည်း​တွေမှ မရှိတာဘဲ

မင်းကို တကယ်ချစ်မိသွားခဲ့တယ်

မျက်ဝန်းထဲက အသံက ပယ်ချလို့မှ မရတာ

ရင်ခုန်သံ အပိုင်းအစအချို့ မြင်ခဲ့ပြီးပြီ

ဒါအစတဲ့


ရိုးမြေကျ

11.09.2024 (10:21 AM)


Credit : Aung Htet Song


Monday, June 3, 2024

လွဲ


အုတ်ဂူပေါ် နှင်းဆီပန်းစည်းလေးတင်လိုက်မိသည်။

ကျနော် နောင်တတွေ ရနေသည်။ သူငယ်ချင်းဟာ လူ့ဘဝကို လက်လွှတ်ထွက်ခွာသွားခဲ့ပြီ။ ပြင်းထန်စိတ်ကျရောဂါသူခံစားနေရမှန်း သိကြပေမယ့် သူ့ရောဂါကို သက်သာလာပြီဟုသာ လုပ်ဖော်ကိုင်ဖက်အားလုံးက ယုံကြည်နေခဲ့သည်။ antidepressant ဆေးတွေကို နှစ်ချီသောက်ခဲ့ရတော့ စိတ်ကျရောဂါကို သက်သာလာပြီဟု အားလုံးက လွဲမှားစွာ ယူဆခဲ့မိကြသည်။ 

ထိုညနေက သူ ကျနော့်ဆီ ရောက်လာသည်။ အသည်းကွဲလာတယ်လို့ သူ့စကားတွေက ဆိုပြန်သည်။ သူက အိမ်ထောင်သည် ယောကျ်ားတယောက်ကို ချစ်မြတ်နိုးနေမိပြီး ထိုအမျိုးသားကြောင့် အသည်းကွဲနေခြင်း ဖြစ်သည်။ အရက်ခပ်ပြင်းပြင်းကို ရေမရောဘဲ သူတကျိုက်မော့သောက်နေသည်။ သူ့ရောဂါနှင့် မတည့်ဘူးဟု မည်သို့ပင် တားဆီးပေမယ့် လိုက်နာနိုင်ခြင်းမရှိအောင် သူက နာကျင်ကြေကွဲနေသည်။ မျက်ရည်တွင်တွင်ကျနေသော သူ့ကို ကျနော့်စကားတွေကြောင့် သူပိုနာကျင် ခံစားနေခဲ့ရလေမလား။ “ငါက အိန်ဂျယ့်ကို ချစ်နေရုံလေး ချစ်နေတာလေကွာ။ ဒီ့ထက်ဘာမှ မပိုဘူး။ ပိုလို့မရဘူး ဆိုတာလဲ ငါ လက်ခံထားပြီးသား။” ဟု သူကဆိုလာတဲ့အခါ ကျနော်က “မင်းလုပ်နေတာတွေက မင်းဝင်ခွင့်မရှိတဲ့နေရာကို အပြင်ကနေ တုတ်နဲ့ ထိုးနေသလိုပဲကွ။” ဟု ရက်စက်စကားဆိုမိသည်။ သူက “တော်ပါတော့ကွာ။ ငါ့ကို ရက်စက်စကား ထပ်မပြောပါနဲ့တော့။ ဒီညတော့ ငါ့ကို ခဏလွှတ်ထားပေးပါလားကွာ။” အရက်ကို ထပ်ငှဲ့နေရင်း သူက တောင်းပန်စကားဆိုသည်။ ကျနော့်သူငယ်ချင်း နာကျင်ကြေကွဲနေသော မြင်ကွင်းကို ယခုအချိန်ထိ ကျနော့်မျက်လုံးထဲက မထွက်နိုင်ပေ။ “ငါလဲ လိင်တူချင်းမှ ချစ်မြတ်နိုးမိတဲ့သူ မဖြစ်ချင်ဘူးကွ။ အထူးသဖြင့် အိမ်ထောင်သည်ကိုမှ ကြွေမိတဲ့သူ ပိုမဖြစ်ချင်ဘူးကွ။ ကာမေသုဆိုတဲ့ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်ကို မချိုးဖောက်ချင်ခဲ့ဘူးကွ။ ဒါပေမယ့်ကွာ ငါ့နှလုံးသားက ချစ်ခြင်းမေတ္တာဟာ အရင်ဖြစ်ပေါ်ခဲ့တာလေ။ အိန်ဂျယ့်မှာ မိန်းမရှိမှန်း ငါနောက်မှ သိခဲ့ရတာပါကွာ။ နောက်ပြီး အများအမြင်မှာ ပွဲလယ်တင့်မယ့် ချစ်ခြင်းမေတ္တာမျိုးကိုပဲ လိုချင်တာပေါ့ကွ။ ဆန့်ကျင်ဘက်မိန်းမတယောက်ကို ချစ်မြတ်နိုး အဲဒီအမျိုးသမီးနဲ့ ရွှေလက်တွဲမယ့် ပုံရိပ်ကောင်းမယ့်သူပဲ ဖြစ်ချင်တာပါကွာ။ ငယ်ငယ်ကတည်းက လိင်တူချင်းမှ မေတ္တာသက်ဝင်နိုင်တဲ့သူ ဘာလို့ဖြစ်နေရတာလဲကွာ။ ငါ့သွေးတွေကို ဖောက်ထုတ်ပြစ်လိုက်လို့ ဒီခံစားချက်တွေက ပြောင်းလဲသွားမယ်ဆို ငါဖောက်ထုတ်ပစ်ချင်တာပေါ့ကွာ။ ဂေးတယောက်လို့ လူတွေကဲ့ရဲ့စကားဆိုတာကို ငါခံနိုင်ရည်ရှိပါတယ်။ ခုတော့ ငါအမြတ်နိုးဆုံး အိန်ဂျယ်က ယောကျ်ားချင်း လိင်တူချစ်မြတ်နိုးမှုကို အန်ချင်တယ်တဲ့ကွာ။ လိင်တူချစ်မြတ်နိုးမှုကို ဘယ်တော့မှ လက်ခံနိုင်မှာ မဟုတ်တဲ့ Very Straight တဲ့ကွာ။ ငါက သူနေမကောင်းလို့ သူစားဖို့အတွက် ဖက်ထုပ်ဆီချက်ပို့ပေးတာပါကွာ။ ငါ့ရဲ့ ဂရုစိုက်မှုတွေက သူ့အတွက် ဝန်ထုပ်ဝန်ပိုးတွေတဲ့ကွာ။ ပိုးကြေးပန်းကြေးတဲ့ကွာ။ ငါပေးနေတာတွေကို လက်ခံနေရင် ငါ့အတွက် False Hope ပေးသလို ဖြစ်နေမှာ စိုးလို့တဲ့ကွာ။ False Hope တဲ့။ သိပ်ရယ်ရတယ်။ မျှော်လင့်ချက် မထားပါဘူးလို့ ရိုးသားအပွင့်လင့်ဆုံး ဝန်ခံထားပြီးသားပါကွာ။ ငါ့မှာ အိန်ဂျယ်နဲ့ ပတ်သက်ရင် ဘာမျှော်လင့်ချက်မှ မရှိဘူး။ ငါအမြင့်ဆုံးလိုချင်တပ်မက်မိတဲ့ လောဘက သူ့ရဲ့ အခင်ဆုံး လုပ်ဖော်ကိုင်ဖက်တယောက်ပဲ ဖြစ်ချင်တာကွ။ ဒီလောက်ပဲ။ ဒီလောက်လေးပဲ လိုချင်တပ်မက်မှုရှိတာပါ။ ဒီလောက်လေးပဲ လောဘရှိမိတာပါ။ အိန်ဂျယ်နေမကောင်းရင် ငါကိုယ်တိုင် နေမကောင်းဖြစ်နေသလို ခံစားရတယ်။ အိန်ဂျယ် လုပ်ငန်းခွင်ထဲမှာ အဆင်မပြေရင် ငါကိုယ်တိုင်ဖြစ်နေသလို ခံစားရတယ်။” လို့ မျက်ရည်တွေကြားက သူတုန်ယင်စွာ ရင်ဖွင့်နေသည်။ ကျနော်က သူ့ကို “လွမ်းလို့ သေသွားတဲ့သူမှ မရှိတာကွာ။ မင်း အားရအောင် ငိုပြီးရင် move on လုပ်နိုင်အောင် ကြိုးစားပါတော့။ မင်း ဒီလောက် ပျော့ညံ့တာမျိုး ငါမထင်ခဲ့ဘူး။ ပျော့ညံ့တာမျိုး မြင်လဲမမြင်ချင်ဘူးကွာ။” ဟု ကျနော်က နှစ်သိမ့်စကားဆိုခဲ့သည်။ အခုပြန်တွေးကြည့်တော့ ထိုစကားတွေက နှစ်သိမ့်စကားမှ မဟုတ်ခဲ့တာပဲ။ ကျနော်က ကျနော့်ခံစားချက် ကျနော်ဖြစ်ဖူးတာတွေနှင့် သူ့ကို ဘောင်ခတ်မိခဲ့သည်။ နှစ်သိမ့်တယ်လို့ ထင်ယောင်ထင်မှားဖြစ်စေသည့် ပုံစံနှင့် သူ့ဒဏ်ရာကို ဆွပေးနေခဲ့သည်သာ။ သူငယ်ချင်းရယ် ငါ့ကို ခွင့်လွှတ်ပါကွာ လို့ တိုးတီးစွာ ရေရွတ်မိသည်။ ခွင့်လွှတ်ခိုင်းနေတော့ရော အသက်မဲ့စွာ ရှိနေပြီဖြစ်သော သူငယ်ချင်းအတွက် ဘာအဓိပ္ပာယ်မှ ရှိနိုင်မည် မထင်ပေ။ ကျနော်က သူ့ကို “အချစ်ဟာ အချစ်သန့်သန့်ပဲဆိုရင် နီးခြင်း ဝေးခြင်း ရယူခြင်း ပေးဆပ်ခြင်း ဖွင့်ပြောခြင်း မပြောခြင်း ဘာဆိုဘာမှ သက်ရောက်ခြင်းမရှိဘဲ ဖြစ်တည်နေနိုင်တယ်။” ဟု ပြောပြမိသည်။ သူက ဒေါသတကြီးဖြင့် “ဟိတ်ကောင် စောက်ရူး။ မင်းပြောနေတာတွေက သောတပန်တွေ အနာဂမ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေလား။ ဥပက္ခောပြုနိုင်ခြင်းတွေလား။ ငါက ပုထုဇဉ်ကွ။ ငါကိုက စိတ်ကျရောဂါကြောင့် စိတ်မထိန်းနိုင်ဘဲ အိန်ဂျယ့်ကို ချစ်တယ်လို့ ဖွင့်ပြောမိသွားတာ။ ငါသာ ဖွင့်မပြောခဲ့ရင် ဘယ်သူမှ ကဲ့ရဲ့စကားမဆိုနိုင်ဘဲ ငါဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တဦးအနေနဲ့ ရှိနေမှာပဲ။” ဟု နောင်တသံစွက်ပြီး ကြေကြေကွဲကွဲ ပြောနေသည်။ ကျနော်က “ မင်း ဖွင့်ပြောပြော မပြောပြော မင်းရဲ့ အပြုအမူတွေက ဒီလိုပဲ လုပ်ခဲ့မှာပဲ။ ပေးချင်တာတွေ ပေးခဲ့မှာပဲလေ။ အဲတာက cheesy ဖြစ်တယ်လို့ သူမင်းကို စွပ်စွဲတာလို့ ထင်ရတာပဲ။” ဟု ဆိုမိသည်။ သူငယ်ချင်းက “အေး အိန်ဂျယ်မလိုချင်တာတွေ ငါ မပေးတော့ဘူးကွာ။ ရပြီမလား။ အဓိကက အိန်ဂျယ့်ကို ပေးနေလို့ အပြစ်ဖြစ်နေတာမလား။ လူတွေက ဒါကို ချည်နှောင်တယ်လို့ ထင်နေတာမလား။” ဟု နင့်နဲစွာ ပြန်ပြောသည်။

ထိုညက အရက်တွေမူးအောင် သောက်ပြီး သူငယ်ချင်းဒဏ်ရာတွေ သက်သာသွားပြီး ရှေ့ဆက်နိုင်လိမ့်မည်ဟု ကျနော်က မိုက်မဲစွာ ယုံကြည်နေမိခဲ့တာ။ မှားယွင်းသွားလိုက်တာ။ အဲဒီနောက်ပိုင်း ပျော်ရွှင်ခြင်းကင်းမဲ့နေသော သူ့ကို ရံဖန်ရံခါတွေ့ရတတ်သည်။ ရည်မှန်းချက်ကင်းမဲ့နေသလို အသက်မဲ့စွာ လှုပ်ရှားနေတဲ့ သူ့ပုံရိပ်တွေကို မြင်ယောင်နေမိသည်။ ဒီလိုနဲ့ သူနဲ့ မတွေ့တာ သုံးလေးလလောက်ကြာသွားသည်။ သူ့သတင်းကြားရချိန်ကျတော့ လက်သင့်မခံနိုင်သော သတင်းဆိုးဖြစ်နေသည်သာ။ သူက ညစဉ်ရက်စက်အိပ် မပျော်တာများခြင်းနှင့် ရင်ဆိုင်နေခဲ့ရသည်တဲ့။ ခံနိုင်ရည်မရှိတဲ့အဆုံးမှာ အိပ်ဆေးတွေ overdose လုပ်ပြီး နေ့ရက်တွေကို ဆက်လက်ရင်ဆိုင်ခြင်း မပြုတော့ခြင်းကို ရွေးချယ်သွားခဲ့သည်။

လွမ်းလို့ သေသွားတဲ့သူတော့ မရှိပေမယ့် လွမ်းလွန်းလို့ ရှေ့မဆက်နိုင်ခြင်းများ ရှိပါသည်။


ရိုးမြေကျ (မုံရွာ)

04.06.2024 (05:46AM)


Pride Month မို့ အမှတ်တရ ရေးဖွဲ့ပါသည်။ စော်ကားခံရခြင်းကင်းသော ချစ်ခြင်းမေတ္တာများ ပိုင်ဆိုင်နိုင်ကြပါစေ။

Wednesday, June 14, 2023

ဆုံမှတ်မရှိသော

 

ငါ မင်းကို ကြိုက်နေတာလို့ မဝံ့မရဲဖွင့်ပြောလိုက်မိတယ်။ ငါက ဂေးတစ်ယောက်ပါလို့ ကို့ရှေ့မှာ ရဲရဲဝံ့ဝံ့ဝန်ခံလိုက်တယ်။ သူ့မိဘကလွဲရင် သူ့အချစ်ဆုံးသူငယ်ချင်းတွေကလွဲရင် သူဘယ်လိုလူဆိုတာ အများရှေ့မှာ ဟန်ဆောင်ကောင်းခဲ့ပါတယ်။ ခုလိုပွင့်ပွင့်လင်းလင်း ကို့ရှေ့မှာ ဝန်ခံလိုက်မိလို့ သူ့စိတ်တွေ ပေါ့ပါးလွတ်လပ်သွားပေမယ့် သိပ်မကြာခင်မှာ ကို့ဆီက ဖုန်းဝင်လာတယ်။ “ညီ ကိုယ်မင်းကို ပြောစရာရှိတယ်။ မင်း ငါ့ကိုကြိုက်တယ်ဆိုတာ ဘာစကားလဲ။ ယောကျ်ားအချင်းချင်း ကြိုက်စရာလားကွ။ ဘာတွေလာပြောနေတာလဲ မင်း ကိုယ့်ကို။” စကားအဆက်ဖြတ်မခံရအောင် ကို က တရစပ်ပြောနေတယ်။ “ မင်းကိုယ်မင်း ဂေးတစ်ယောက်ပါ။ မင်းက Straight မဟုတ်ပါဘူးလို့ ကိုယ့်ကို ဘာတွေလာပြောနေတာလဲ။ ကိုယ့်မှာ မိန်းမလဲရှိတယ်။ ကိုယ့်မှာ ကလေးလဲရှိတယ်။ ကိုယ်က Very Straight ။ ယောကျ်ားအချင်းချင်း အသားချင်းထိတာတောင် ကိုယ်က ကြိုက်တဲ့သူမဟုတ်ဘူး။ မင်းကို ကိုယ်ခင်တာ ရိုးရိုးသားသားပဲ။ မင်းဘက်က ဘာတွေ မရိုးမသားဖြစ်နေတာလဲ။ ကိုယ်အလုပ်တွေရှုပ်ရတဲ့ကြားထဲ ကိုယ့်ကို စိတ်အနှောင့်အယှက် မပေးပါနဲ့လား။ ကိုယ်ဟာ သစ်ရွက်မြင်တိုင်း ရင်ခုန်တတ်တဲ့ အရွယ် မဟုတ်တော့ဘူး။ ကိုယ်ဟာ လွတ်လပ်သူမဟုတ်ဘူး။ မင်းက မိန်းမတယောက်ဖြစ်နေခဲ့ရင်တောင် ကိုယ်က မင်းကို ပြန်ချစ်လာနိုင်မှာ မဟုတ်ဘူး။ ကိုယ်တို့တွေ ညီအစ်ကိုတွေလို ရိုးရိုးသားသားခင်ကြရအောင်။” “ခဏလေး။ အစ်ကို အလုပ်ခန်းတံခါးပိတ်ပြောနေသလား။” လို့ သူက ဖြတ်မေးပေမယ့် ကိုကမဖြေ။ ကိုယ် စကားပြောနေတုန်း ဖြတ်မပြောနဲ့။ စကားဆုံးအောင် နားထောင်ဟုသာ လေသံမာမာနှင့် ပြောတယ်။ ကို့ဘက်က တံခါးပိတ်ထားမထားမသေချာပေမယ့် သူ့ကြိုးဖုန်းက အသံတွေကိုတော့ ဘေးနားက လုပ်ဖော်ကိုင်ဖက်တွေ ကြားကောင်းကြားမယ်။ ဘာလို့လဲဆိုတော့ သူဟာ အကြားအာရုံသိပ်မကောင်းသူမို့ ဖုန်းသံကို မြှင့်ထားတဲ့အတွက်ဖြစ်တယ်။ ရှက်ရွံခြင်းဆိုတဲ့ ခံစားချက်ကို သူခံစားလိုက်ရတယ်။ သူ ရင်ထဲနာကျင်သလို ခံစားရတယ်။ ကို့မွေးနေ့အတွက် သူ ပန်းစည်းကြိုမှာထားနှင့်တယ်။ အဖြူရောင် ၃၃ပွင့်။ ၃၃ပွင့်ဆိုတာ မင်းကိုချစ်တယ်လို့ အဓိပ္ပာယ်ရတာ ကို သိနိုင်တော့မှာ မဟုတ်တော့။ သူ့မျှော်လင့်ချက်တွေ အားလုံးဟာ ရေစုံမြောကုန်လေပြီ။ ကို့မွေးနေ့ရောက်ဖို့ ၉ရက်တိတိအလိုမှာ ထိုအဖြစ်အပျက်နှင့် ဆုံခဲ့ရခြင်းမှာ သူ့ရဲ့ မအောင့်အီးနိုင်သော စိတ်ကြောင့် ဖြစ်ခဲ့ရတယ်။

တန်ပါတယ်လေ။ မဖြစ်နိုင်ဘူးလို့ သူ့စိတ်သူ ထိန်းခဲ့သားပဲ။ ရမှ မရတာ။ ဒီအိမ်ထောင်သည် ယောကျ်ားတစ်ယောက်ကို သူ့စိတ်က ဘယ်လိုမြတ်နိုးတွယ်တာမိသလဲ သူ့ကိုယ်သူ အံ့သြတယ်။ ယောကျာ်းအချင်းချင်း ချစ်ခင်စုံမက်ယုံတင်မကဘဲ အိမ်ထောင်သည် ယောကျ်ားကိုမှ မြတ်နိုးမိသည့်အတွက် သူ့ကိုယ်သူ ရွံရှာစက်ဆုပ်ရမည်လား။ ကိုကတော့ သူ့ကို ရွံရှာစက်ဆုပ်သွားပြီလား။ ကို ့မျက်နှာကို သူ ရဲရဲဝံ့ဝံ့မကြည့်ရဲတော့ပါ။ အရင်ကလို အရင်လို ခင်မင်မှုမျိုးကိုပါ ဆုံးရှုံးလိုက်ရမည်ဆိုတော့ သူ့ကိုယ်သူသာ အပြစ်တင်မိတယ်။ မပြောမိခဲ့ရင် အကောင်းသား။ အချိန်တွေကို သူ နောက်ပြန်ဆုတ်လို့ရမည်လား။ သူ ဝယ်တိုက်သော ကော်ဖီခွက်ကို ဖေ့ဘွတ်စတိုရီမှာ တင်ထားတဲ့ ပို့စ်တွေကရော ဘာလဲ။ ဒါ သူ့ကို ခင်မင်လို့ လုပ်တာ မဟုတ်လား။ သူက ကို့ ဖေ့ဘွတ်အကောင့်ကို နေ့တိုင်းခိုးခိုးကြည့်တယ်။ မိသားစုပုံ မတွေ့ရတာတော့ အဆန်းသား။ ကို့မှာ သမီးတစ်ယောက်ရှိတယ်။ ထိုသမီးလေးကို ကို က တယုတယချစ်ခင် မြတ်နိုးကြောင်းတွေ တွေ့ရတော့ အပြင်မှာ မြင်တွေ့ဖူးခြင်း မရှိသေးသော ထိုကလေးငယ်ကို သူ ခင်မင်မိတယ်။ ကို့ အမျိုးသမီးကရော။ ကို ဟာ မိသားစုနဲ့ ပတ်သက်သမျှကို  သမီးပုံကလွဲရင် အမျိုးသမီးပုံကို တင်လေ့တင်ထ မရှိပါ။

ကို နဲ့ စခင်ကာစက “ညီ မင်းမိန်းမ ယူမှာလား။ ယောကျ်ားယူမှာလား။ ကိုယ်က ယောကျ်ားအချင်းချင်း မချစ်တတ်ဘူးနော်။” လို့ စနောက်ခဲ့ဖူးတယ်။ သူက ဘာကွဆိုကာ ခွန်းတုံ့ပြန်ခဲ့ဖူးတယ်။ မိတ်ဆွေအပေါင်းအသင်းများက သူဟာ ဂေးတစ်ယောက်လို့ ရိပ်မိသိရှိကြပေမယ့် သူကိုယ်တိုင် ဝန်မခံသေးသမျှတော့ သူဟာ ယောကျ်ားစစ်စစ်တစ်ယောက်ပါပဲ။ အမျိုးသမီးများကို စိတ်ဝင်စားသော ယောကျ်ားတစ်ယောက်ဟုသာ ဟန်ဆောင်ဖုံးကွယ်ခဲ့တယ်။ “အစ်ကို ခင်ဗျားဖုန်းကို ဆက်ရင် နားထောင်ရတဲ့ သီချင်းကြီးက မမိုက်ပါဘူးဗျာ။ တခြားသီချင်းတပုဒ်လောက် ပြောင်းလိုက်ပါ။” သူတောင်းဆိုလိုက်တဲ့အခါ ကို့ Ring Tune သီချင်းဟာ ကိုယ်အရမ်းကြိုက်တဲ့ မြစ်နှစ်စင်းရဲ့ ပင်လယ်ဖြစ်နေတာ ဘာ့ကြောင့်လဲ။ ထိုအလိုလိုက်သော အပြုအမူကရော ဘာလဲ။ ရံဖန်ရံခါ သူက သီချင်းနားထောင်ချင်တဲ့အခါ အကြောင်းကိစ္စ ကြီးငယ်မရှိဘဲ ကို့ဖုန်းကို ဆက်တတ်တယ်။

ဟိုတလောက ကို့ဟန်းဖုန်းကို ဆက်ကြည့်တဲ့အခါ Ring Tune သံဟာ ပြောင်းသွားခဲ့ပြီ။ ဘာလို့ ပြောင်းလိုက်တာလဲလို့ သူကမေးတော့ “ကိုယ် ရင့်ကျက်သွားပြီလေ။ ကိုယ်ကလေးမဆန်တော့ဘူး။” အဖြေစကားက သူ့ရင်ကို နာကျင်စေတယ်။

မိုးတွေရွာတဲ့အခါ ကို့ဆီသွားပြီး ကော်ဖီတိုက်ချင်တယ်။ သူ အလုပ်ထဲ စိတ်ရှုပ်လာတဲ့အခါ အားဆေးအဖြစ် ကို့အသံကြားအောင် ဖုန်းခေါ်မယ်။ စိတ်မရှည်တဲ့အသံနဲ့ ပြန်ထူးပါစေအုန်းတော့ ထိုအသံဟာ သူ့ပင်ပန်းမှုတွေကို ပြေပျောက်စေခဲ့တယ်။ ရံဖန်ရံခါ ဆုံကြတိုင်း မျက်နက်ဝန်းတွေနဲ့ သူ့ကို စိုက်ကြည့်ဖူးတာ မတော်တဆလား သူ့ရင်ထဲက ချုပ်တည်းထားရတဲ့ စိတ်ကို လာဆွနေသလားလို့ ဝေခွဲရခက်ပေတယ်။ ထိုမျက်နက်ဝန်းတွေကို စိုက်ကြည့်လိုက်တိုင်း အမုန်းတရားတွေ ရှိမနေတာတော့ အမှန်ပင်။ အချစ်တွေများ ရှိမလားလို့ ရှာဖွေကြည့်မိတဲ့အခါ………………………………………..


ကျွန်တော်က ဂေးလားလို့

သူငယ်ချင်းက မေးတဲ့အခါ

အဲဒါက အရေးပါသလားလို့

ပြန်မေးကြည့်တော့

အရေးမပါဘူးလို့ ဆိုပြန်တယ်။

ဟုတ်တယ်လို့

ကျွန်တော် ဖြေတဲ့အခါမှာတော့

ငါ့ကို မင်း သူငယ်ချင်းအဖြစ် မသတ်မှတ်နဲ့…. လို့

သူ ပြောခဲ့တယ်။ ဒါ အရေးပါခဲ့တယ်။

ငါ့ကို ချစ်လား….လို့

ချစ်သူက မေးတယ်။

ဒါအရေးပါသလား…..လို့

မေးတဲ့အခါ

အင်း…လို့ သူဖြေတယ်။

ငါ မင်းကို ချစ်တယ်လို့

သူ့ကို ကျွန်တော် ပြောခဲ့တယ်။

ငါ မင်းကို ပွေ့ဖက်ထားပါရစေ….လို့

သူက ဆိုတယ်။

ကျွန်တော့်ဘဝမှာ

ပထမဆုံးအကြိမ် အရေးပါတဲ့ အရာပေါ့။


ရိုးမြေကျ

15.06.23 (10:35 AM)

မှတ်ချက်။ ။ June လတလလုံးဟာ LGBT Pride Month မို့ LGBT နဲ့ ပတ်သက်တဲ့ အက်ဆေးလေး တပုဒ်ရေးဖြစ်သွားတယ်။ တကယ့်ချစ်ခြင်းမှာ လိင်ခွဲခြားမှု မရှိစေရလို့ဘဲ ကိုယ်က ခံယူထားပါတယ်။ ကိုယ် ဂေးတွေကို အထင်မသေးပါဘူး။ ဒီလိုပါပဲ ယောကျ်ားစစ်စစ် မိန်းမစစ်စစ် (Straight) တွေကိုလဲ ထူးထွေပြီး အထင်မကြီးပါ။ အဓိကက လူတယောက်ဟာ လူတယောက်ကို ချစ်ခင်စုံမက်ခြင်းလို့ပဲ မြင်ပေးကြဖို့ လိုပြီး အိပ်ယာပေါ်က အကြောင်းတွေပဲ ခေါင်းထဲထည့်ထားသရွေ့တော့ ဂေးတွေဟာ တဆင့်အနှိမ်ခံ လူတန်းစားတရပ်ဖြစ်နေအုန်းမှာပါပဲ။ ကိုယ်ဖတ်ဖူးတဲ့ စာထဲမှာ Straight စစ်စစ်ဆိုတာ လောကမှာ မရှိပါဘူးတဲ့။ တချိန်ချိန်မှာ လိင်တူကို ချစ်ခင်စုံမက်စိတ်ဖြစ်ပေါ်လာတတ်ပါတယ်တဲ့။ ဟော်မုန်းအပြောင်းအလဲကြောင့် လိင်စိတ်ကွဲပြားမှုဟာ လှောင်ရယ်စရာ မဟုတ်ပါ။

ကဗျာလေးကတော့ မမမယ့်ကိုးရဲ့ အရေးပေါ်ခန်းထဲမှာ စာအုပ်ထဲက ကဗျာလေးပါ။ ခွင့်မတောင်းဘဲ ယူသုံးခဲ့မိလို့ ဒီပို့စ်လေးနဲ့ တောင်းပန်ပါရစေ။

Sunday, November 14, 2021

31 Jan 2021 မနက်ခင်းကိုသာ ပြန်သွားခွင့်ရမယ်ဆိုရင်

 အား​ကောင်း​မောင်းသန်လူငယ်​တွေ ဦး​ဆောင်ပြီး CBM ဥက္ကဌကိုယ်စားလို့ သူ့ကိုယ်သူ သတ်မှတ်သူကြီး ဦးဝင်း​သော်နဲ့ ဗဟိုဘဏ်က စာတတ်​ပေတတ်လူနည်းနည်းပါးပါးကို ပြန်​ပေးဆွဲမယ်။ အစိုးရရုံးဌာန​တော်​​တော်များများကို CDM လုပ်ဖို့ မတိုက်တွန်းဘူး။ မဟစ်​ကြွေးဘူး။ ပညာ​ရေးဌာနနဲ့ ကျန်းမာ​ရေးဌာနကို တအုပ်စုလုံး CDM ဝင်ဖို့ ဆွဲ​ဆောင်မယ်။ အခွန်ရုံးနဲ့ စည်ပင် က တကယ်အားကိုးရတဲ့ Key Person ​တွေကို ပြန်​ပေးဆွဲထားနှင့်မယ်။ Operations တခု ရပ်သွား​စေချင်ရင် လူအားလုံးမရှိမှ ရပ်တာမဟုတ်ဘူး။ Key Person, Core Person မရှိတာနဲ့ Operations တခုလုံး ကျွမ်းထိုး​မှောက်ခုံဖြစ်တယ်။ အစိုးရဝန်ထမ်းအားလုံး CDM ဝင်ဖို့ ​ကြောင်​တောင်​တောင် တိုက်တွန်းလိုက်တဲ့အခါ CDM သမား​တွေကို ​ထောက်ပံ့ခဲ့ရတဲ့ ​ငွေ​တွေဆိုတာ နှ​မြောစရာ။ CRPH အလှူခံတဲ့အချိန် တပြားမှ မထည့်ဖို့ တိုက်တွန်းမယ်။ အလှူခံရတဲ့ ​ဒေါ်လာ ဆယ်သန်း​ကျော်ဟာ ဘယ်နားပလုံသွားမှန်းမသိဘူး။ ပိုက်ဆံရိုက်ထုတ်​ပေး​နေတာ ကျ​နော်တို့ အ​မေလင်မဟုတ်ဘူး။ စိတ်အပင်ပန်းခံပြီး ​ငွေရှာ​​နေကြရတာ။ ဘယ်သူမှ ​​ပျော်မ​နေဘူးရယ်။ Core Person ​တွေပဲ CDM လုပ်တဲ့အခါ CDM ​တွေကို ​ထောက်ပံ့ရတဲ့ ဘတ်ဂျက်ပိုထွက်လာမယ်။ ဝန်ထမ်းအားလုံး CDM လုပ်လို့ အလုပ်မရှိ အကိုင်မရှိနဲ့ စိတ်ကျ​ရောဂါဝင်စရာ မလို​တော့ဘူး။ လက်ရှိအလုပ်ကိုပဲ ဆက်လုပ်ပြီး SAC ​ပေးမယ့် လစာယူပြီး အဲဒီလစာနဲ့ နာနတ်သီးဖိုးလှူ။ ဘာလို့ဒီလို​ပြောရတာလဲဆိုရင် အခွန်ရုံးက ဝန်ထမ်း​တွေဆိုတာ လူတိုင်းအားကျိုးမာန်တက်အလုပ်လုပ်​နေကြတာ မဟုတ်ဖူး။ အ​မေစုလက်ထက်ကတည်းက အလုပ်ချိန်မှာ ဂိမ်း​ဆော့လိုက် စကား​ပြောလိုက်နဲ့ တိုင်းပြည်ရဲ့ အခွန်​ငွေ​တွေ အလဟဿဖြစ်​နေခဲ့တာ။ သူတို့ ဂျ​လေဘီလုပ်​နေလို့ လုပ်အားဆုံးရှုံး​​နေခဲ့ရတာ။ အ​မေစုလက်ထက်မှာ​တောင် စလုံးကို ​ကျော်ရမယ် ​ပြော​တော့ ဒီလို အစိုးရဝန်ထမ်း​တွေနဲ့ စလုံးကို ​ကျော်ဖို့ ​မြေပုံချပြီး ကုလားမ​ခြေ​ထောက်နဲ့ ​ကျော်ရင်​တော့ အသာ​လေး စင်ကာပူကို ​ကျော်လို့ရတယ်။ ဒီ​တော့ သိပ်ကြိုးကြိုးစားစားမရှိတဲ့ ဝန်ထမ်း​တွေ CDM လုပ်ဖို့ မလိုဘူး။ ဒီအတိုင်း ရုံးတက်, ဂိမ်း​ဆော့, မနက် ၁၀နာရီမှ ရုံးလာ, လကုန်ရင် SAC ​ပေးတဲ့ လစာယူ။ ​သွေးစွန်းတာ​တွေ ဘာ​တွေ​တွေးမ​နေနဲ့။ ဘုန်းကြီး​တွေ​တောင် ​သွေးစွန်းဆွမ်းဘုန်း​နေကြရရှာတာ။

KBZ, AYA, CB, MAB, UAB ဘဏ်ထဲက​နေ ပင်စင်စားအဖိုးကြီး အဖွားကြီး​တွေကို ပိုက်ဆံကြိုထုတ်ခိုင်းထားမယ်။ % နဲ့ လဲသုံးရရင် ရှိတာ​လေး အ​ငွေ့ပြန်သွားမှာစိုးလို့။ ပန်ဆယ်လိုမ ​လော်လို့ ပြည်သူ​တွေ ​ငွေဒုက္ခ​ရောက်ကြ​တော့မှာ​လေ။ ပြီး​တော့ KBZ, AYA, CB, MAB, UAB စတဲ့ ဘဏ်​တွေက CFO ​တွေ FC ​တွေကို ပြန်​ပေးဆွဲမယ်။ ​ဘဏ်ပိုင်ရှင်​ရော ​အောက်​ခြေဝန်ထမ်း​တွေကို​ရော Financial Consultant မရှိဘဲ ​ယောက်ယက်ခက်ကြပ​လေ့​စေ။ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း​တွေကို ​ယောင်လို့​တောင် CDM မဝင်ခိုင်းနဲ့။ ဘဏ်က သူ့အလိုလိုပြိုမှာ။ ကိုယ်က လက်​​ညောင်းခံ သွားတွန်းမ​နေနဲ့။ အချိန်ကုန်တယ်။
ပြီး​တော့ CDM ​တွေကို ​ထောက်ပံ့ရမယ့် ပိုထွက်လာတဲ့ ဘတ်ဂျက်က​နေ မင်းဂွတ်သီး, နာနတ်သီး ဝယ်ထား။ တ​ပေါင်းမ​ကျော်ခင် ​​ဒေါင်း​ပျော်ရမယ်လို့ ​ကြောင်စီ​ကွေးမ​တွေးနဲ့။ ပြီး​တော့ ဒလန်​တွေကို နားကန်း​ မျက်စိကန်းအောင် အရင်လုပ်ထား။ ရက်စက်​ပေမယ့် မတတ်နိုင်ဘူး။ နားရှိ မျက်စိရှိလို့သာ သူတို့ သတင်း​ပေးလုပ်လို့ရတာ။ သတ်စရာမလို​တော့ မျက်စိမမြင် နားမကြားတဲ့ဘဝ​ပေမယ့် မြန်မာနိုင်ငံရလာမယ့် ဒီမိုက​ရေစီကို ​ပေးခံစားခိုင်းလိုက်ပါ။
လူတိုင်းအလုပ်လုပ်။ အစိုးရဝန်ထမ်း​ရော ပုဂ္ဂလိက ဝန်ထမ်းရော ရှာလို့ရတဲ့ ဝင်​ငွေကို ၁ရာခိုင်နှုန်း​လောက်ပဲ ပြန်လှူကြအုန်း။ နည်းတဲ့​ငွေလား။ တလရဟာ မြန်မြန်​တောင် ပွဲပြတ်သွားနိုင်တယ်။ ​သွေးစွန်းတယ်လို့ ​မ​တွေးနဲ့။ ဘိုင်ဒင်စားတဲ့ ထမင်း, ရှီကျင့်ဖျင် စားတဲ့ထမင်း, ယုတ်စွအဆုံး သီတဂူနဲ့ သဘာဝတရားရိပ်သာ​ ဘုန်း​ပေးတဲ့ ဆွမ်းလဲ ​သွေးစွန်းပြီးသား။
ပြီး​တော့ မြသွဲ့သွဲ့ခိုင်ကို အနီ​ရောင်အဝတ်အစားမဝတ်ခိုင်းဘူး။ ခန့်ငြားဟိန်းကို အခန်းတံခါး​သော့ခတ်ထားမယ်။ ညီညီထက်နိုင်ကို လှည်းတန်း​ကျောင်း​ရှေ့က​နေ ဖယ်ခိုင်းထားမယ်။ Bulletproof Helmet ​တွေ ​ဆောင်းခိုင်းထားမယ် လူငယ်​တွေကို။
စိုင်းစိုင်းကိုလဲ Boycott, SP မလုပ်ခိုင်းဘူး။ သူ့ဝင်​ငွေနဲ့ အလှူခံရရင် တလရအတွက် တတပ်တအားပဲ။ ကျ​နော်တို့​တွေဟာ လိပ်ကို သစ်ပင်​ပေါ်တက်ခိုင်းတယ်။ ​မျောက်ကို ​ရေဆင်းကူးခိုင်းတယ်။ ငါးကို ကုန်း​ပေါ် အသက်မရှူနိုင်ရ ​ကောင်းလား ပြစ်တင်ကဲ့ရဲ့ကြမယ်။ အမှား​တွေ။ ကျ​နော်တို့ မစဥ်းစား မ​တွေး​ခေါ်ဘဲ လုပ်မိတဲ့အမှား​တွေ။ ဒီအမှား​တွေသာ ပြင်လို့ရမယ်ဆိုရင် တလရဟာ .............. ??????
ကျ​နော်က Finance သမားတ​ယောက်ပါ။ ​ဆရာဝန်တ​ယောက်လို​တော့ မရဲရင့်​ပေမယ့် ကိန်းဂဏန်း​တွေအ​ပေါ်မှာ အတွက်အချက်ပီပြင်စွာ လုပ်နိုင်ပါတယ်။ ကျ​နော့် ဝင်​ငွေ​လေးနည်းနည်းဟာ ​သွေးနည်းနည်း​တော့ စွန်းခဲ့ပါတယ်။ မတတ်သာတဲ့အဆုံး ​ရွေးစရာမရှိတဲ့ ဘဝဆိုတာ ခင်ဗျားတို့ ကြုံလာရမှာပါ။ ဂျီ​ဟောသူကြီး မစန္ဒာကို သိပ်မ​လှောင်ကြပါနဲ့ဗျာ။ ခင်ဗျားတို့ ကိုယ်တိုင် လမ်းမ​တွေ​ပေါ်မှာ ရုံးမတက်နဲ့ ရုံးထွက် ရုံးထွက် ဆိုပြီး အာ​ဘောင်အာရင်းသန်သန် ​ရေရွတ်ခဲ့ဖူးမယ်။ ရုံးတက်​နေတာ ရှက်စရာလို့ လမ်းမထက်မှာ ဟစ်​ကျွေးခဲ့ဖူးမယ်။ ကျ​နော်တို့ရဲ့ ကျယ်​လောင်တဲ့ အသံ​တွေ​ကြောင့် အစိုးရဝန်ထမ်း​အနည်းစုဟာ CDM ရဲ့ အတိမ်အနက်ကို မသိဘဲ Peer Pressure ​ကြောင့် CDM လုပ်ခဲ့ကြတာ​တွေ ရှိမယ်။ ရင်ထဲအသဲထဲက SAC ကို မ​ထောက်ခံလို့ထက်။ ကျ​နော်တို့က ပိတ်ထားတဲ့ နား​တွေ ကြား​အောင် ​အော်ခဲ့ကြတာ။ သူတို့အားလုံး Pressure ​ကြောင့် CDM လုပ်ဖြစ်သွားကြတယ်။ တကယ်တမ်း ​ထောက်ပံ့ဖို့လုပ်​တော့ ကျ​နော်တို့​တွေ ​ထောက်ပံ့နိုင်တာက ဆင်ပါးစပ်နှမ်းပက်သလိုပဲ။ UK နိုင်ငံ Brexit ဆိုပြီး EU က​နေ ထွက်ခဲ့သလိုပဲ။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားဖို့ မလိုဘူး။ နိုင်ရုံ​လောက် ဝမ်းသွားနိုင်ရင် ​ပေါ့ပါးတယ်။ CDM, CDM ဆိုပြီး ​ရေရွတ်ခဲ့ကြတဲ့ ကျ​နော်တို့ ကိုယ်တိုင်က အလုပ်ကိုယ်စီနဲ့။ CDM သမား​တွေထက် ပိုအဆင်​ပြေလှတဲ့ ဘဝ​တွေ ပိုင်ထားတယ်။ လုံသလား လိပ်ပြာ။ ခင်ဗျား ရဲရဲကြီး လိပ်ပြာလုံသလား။
ဖဘ​ပေါ်မှာ ဆယ်လီ​တွေ ​ပြောသမျှ စဥ်းစား​တွေး​ခေါ်နိုင်ခြင်း မရှိဘဲ ​ယော​ရောင်​သော​ကောင် ​ယောင်​ခြောက်ဆယ် အဖွဲ့ကြီး။ ဘတ်ဂျက်သိဖို့ လိုတယ်ဗျ။ ခန့်မှန်းတတ်ဖို့ လိုတယ်။ အနိုင်အရှုံးဆိုတာ စဥ်းစား​တွေးခေါ်နိုင်မှု အား​ကောင်းတာနဲ့ပဲ ဆိုင်တယ်။ လက်​​တွေ့ဆန်ဖို့လိုတယ်။ False Hope နဲ့ စိတ်ကူးမယဥ်ဖို့ လိုတယ်။ ဖဘ​ပေါ်က ဆယ်လီ​တွေဆိုတာ လူပြိန်းကြိုက် ​ဒေါ်နယ်ထရမ့် ပျက်လုံး​တွေလိုပဲ။ သူ့အရပ်နဲ့ သူ့ဇာတ်က​တော့ ဟုတ်လို့။ စိုင်းစိုင်းကို SP လုပ်ဆို လိုက်လုပ်လိုက်ကြ။ ဟိုလူ့​လှောင် ဒီလူ့​လှောင်နဲ့။
စကားမစပ် ကျ​နော့်အ​မေက​တောင် အ​မေစုပြန်လာရင် အရာအားလုံးအဆင်​ပြေသွားမှာတဲ့။ ရယ်ချင်တာ။ သိကြားမင်း​တောင် မအလကို တည့်တည့်မပစ်ရဲဘူး။ ​​နေပြည်​တော် သွားရမယ့် မိုးကြိုးများ ​ဝေ့ဝိုက်​နေတာ ဆိုတာ။ အ​မေစုက သိကြားမင်းမှ မဟုတ်တာ။ ပြီး​တော့ ​မေ​မေက ​ပြော​သေးတယ်။ အ​မေစုပြန်လာရင် ဘဏ်ကိစ္စ​တွေ အဆင်​ပြေသွားမှာတဲ့။ ​28 Feb 2022 ဆို ​ဘဏ်​တွေပြို​တော့မှာ။ ကျောင်းသားဘဝမှာ ကဗျာ​တွေ စာ​တွေ မ​ရေးရလို့ ခုမှ ဥက္ကဌကိုယ်စားဖြစ်သူကြီး ထိုင်ထုတ်​နေတဲ့စာ​တွေ စိပ်လာတဲ့ တ​နေ့

ရိုးမြေကျ (မုံရွာ)
14.11.2021 (11:11 AM)

Saturday, November 6, 2021

မယ့်ရဲ့ အရေးပေါ်အခန်းထဲမှာ ကျနော်

 


တကယ်ဆို မယ့်ရဲ့ အသင်နားမလည်နိုင်သော စာအုပ်ကတည်းက မယ့်အရေးအသားတွေကို အားပေးခဲ့တာ။ အရေးပေါ်အခန်းထဲမှာ စာအုပ်ကို ပထမအကြိမ်ထုတ်ကတည်းက အားပေးပြီးသားပါ။ အဲဒီစာအုပ်က မုံရွာအိမ်မှာ ကျန်ခဲ့တယ်။ ခုစာအုပ်လေးက ဖဘပေါ်က မယ့်မာကတ်တင်းစကေးကြောင့် ထပ်အားပေးထားတာ။ ဒုတိယအကြိမ်ထုတ်တာလေးက ပိုသေသပ်တယ်။ ခေတ်ပြောင်းသွားတာလဲ ပါမှာပေါ့နော်။ ဒုတိယအကြိမ်ပြန်ဖတ်ကြည့်တော့ ခံစားချက်ကတော့ မတူတော့ဘူးပေါ့။ ပထမတုန်းက ဖတ်ခဲ့ပြီးတုန်းကလဲ စာရေးဖို့စိတ်မပါလို့ မရေးဖြစ်ခဲ့တာ။

အရေးပေါ်ခန်းထဲမှာ စာအုပ်ဟာ ဂေးတယောက်ရဲ ချစ်ခြင်းကို နူးနူးညံ့ညံ့လှပ်ပြထားတာ။ လွန်ခဲ့တဲ့ငါးနှစ်ကျော် ခြောက်နှစ်ကျော်လောက်တုန်းကတော့ လိင်တူချစ်ခြင်းဟာ လှောင်ရယ်စရာဖြစ်ခဲ့မှာပေါ့။ ယောကျ်ားအချင်းချင်း ချစ်ကျွမ်းဝင်တာ မိန်းကလေးအချင်းချင်း ချစ်ကျွမ်းဝင်တာ ဒီလို လိင်စိတ်ကွဲလွဲမှုကို လှောင်ရယ်စရာအဖြစ် မြန်မာမှုအသိုင်းအဝိုင်းက သတ်မှတ်ထားကြသူများမယ်။ ဖယ်ကျဉ်ချင်ကြမယ်။ Tomboy တယောက်ရဲ ချစ်ခြင်း Lesbian တွေရဲ ချစ်ခြင်းထက် အမျိုးသားဂေးတယောက်ရဲ့ ချစ်ခြင်းဟာ ပိုဟားတိုက်လှောင်ရယ်ခံခဲ့ရလိမ့်မယ်။ ယောကျ်ားက မိန်းမတယောက်ကိုပဲ တရားဝင်လက်ထပ်ခွင့်ရသလို မိန်းမတယောက်ကလဲ ယောကျ်ားတယောက်ကိုပဲ တရားဝင်လက်ထပ်ခွင့်ရှိခြင်းကိုပဲ ဂုဏ်တင့်တယ်နေတတ်ကြတယ်။ ယောကျ်ားနဲ့မိန်းမ လက်ဆက်ခြင်းဆိုတာ မျိုးပွားရုံသက်သက်သာလို့ ကိုယ်တော့ ယူဆတယ်။ ဟစ်တလာလိုလူမျိုး မအလလိုလူမျိုး မွေးထုတ်ပေးမယ့် မျိုးပွား မျိုးဆက်ချန်ခဲ့ခြင်းထက် လိင်တူအချင်းချင်း ချစ်ကျွမ်းဝင်နေတာက ကမ္ဘာကြီး အေးချမ်းသေးတယ်။ 

ကိုယ်နေတဲ့အခန်းနဲ့ ကပ်ရပ်အခန်းက လင်မယားရဲ့ ရန်ဖြစ်သံတွေ ကြားရတဲ့အခါ သူတို့နှစ်ဦးရဲ့ ကလေးငယ်လေးကိုသာ သနားမိတော့တယ်။ မကြားဝံ့မနာသာ စကားလုံးတွေနဲ့ ရန်ဖြစ်ဖို့အရေးများ တကူးတကအာဝါဟ ဝိဝါဟခဲ့ကြသေးတယ်။ ဘေးချင်းကပ်အခန်းဟာ ငရဲခန်းပဲ။ ကိုယ်တို့အခန်းက ငရဲခန်းကို ဒိုးယိုပေါက်မြင်နေရတာ။ မျိုးဆက်သစ်လေးဟာ စိတ်ဒဏ်ရာနဲ့ ကြီးပြင်းရတော့မယ်။ ရန်ဖြစ်ဖို့အရေးများ တကူးတကအိမ်ထောင်မပြုခဲ့သင့်ဘူး။ ငါးဈေးသွားပြီး ငါးသည်ကို ရန်စလိုက်ရင် ပွဲကြီးပွဲကောင်းဆော်လို့ရပြီ။ 

အရေးပေါ်ခန်းထဲက ချစ်ခြင်းဟာ သာမန်အပြင်မှာ မြင်တွေ့ဖြစ်ပျက်တာတွေနဲ့ တူတူပါပဲ။ ချစ်ခြင်းတရားကို ရဲရဲဝံ့ဝံ့ကြေငြာရဲတဲ့ ဂေးတယောက်နဲ့ ချစ်ခြင်းကို ထုတ်ဖော်မပြောရဲဘဲ အများအမြင်ပွဲလည်တင့်အောင် သူ့ကိုယ်သူ ယောကျ်ားစစ်စစ်လို့ ထင်မှတ်ထားသူတဦးရဲ့ ချစ်ခြင်းကို ပါးနပ်စွာလှပ်ပြထားတယ်။ ထိုယောက်ျားဟာ လူသားဆန်ဖို့မကြိုးစားဘဲ ဘောင်အတွင်းမှာ ရှင်သန်နေထိုင်ချင်တဲ့အခါ လူတဦးရဲ့ အသည်းကို အကြိမ်ကြိမ်ခွဲသလိုဖြစ်ခဲ့တာပေါ့။ လူသားဆန်မှုဆိုတာ ပတ်ဝန်းကျင်မထိခိုက်ရင် လွတ်လပ်စွာ ရှင်သန်ခွင့်ရခြင်းလို့ပဲ ကိုယ်ကတော့ ကောက်ချက်ချချင်တာ။ လိင်တူအချင်းချင်း ချစ်ကျွမ်းဝင်မှုဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေသလား။ တခါတလေမှာ လူသားတွေဟာ ပတ်ဝန်းကျင်ဆိုတာကို focus လုပ်မိတဲ့အခါ စိတ်ဟာ အကျဉ်းကျသွားတယ်။ အကျဉ်းကျသွားတဲ့အခါ လူသားဆန်စွာနေထိုင်ခွင့်ရခြင်းကို ဆုံးရှုံးရတော့တယ်။ ပတ်ဝန်းကျင်က လွတ်လပ်စွာရှင်သန်နေထိုင်နေရတဲ့အခါ ကိုယ့်စိတ်ဟာ လူသားဆန်မှုပျောက်ဆုံး အပျော်တွေပျောက်ဆုံးနဲ့ ဖြတ်သန်းရှင်သန်ရတော့တယ်။

မယ့်ရဲ့ အရေးပေါ်အခန်းထဲမှာ စာအုပ်လေး ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ အရေးအသားတွေဟာ လိင်တူသဘာဝတွေကို ယဉ်ကျေးစွာရေးသားထားတာပါ။ အရိုင်းမဆန်ဘဲ လိင်စိတ်ကွဲပြားမှုတွေကို သိရှိနိုင်တယ်။ 

တကယ့်လူသားဆန်မှုဆိုတာ လိင်မတူသူအချင်းချင်း လက်ဆက်မျိုးဆက်ပွားပေးခြင်း မဟုတ်ဘူး။ 

တကယ့်လူသားဆန်မှုဆိုတာ တဦးကိုတဦး ကြာရှည်တည်တံ့စွာချစ်နိုင်ခြင်းပဲဖြစ်တယ်။

ရိုးမြေကျ (မုံရွာ)

06.11.2021 (13:36PM)

Wednesday, February 22, 2017

အချိန်လွန်





ရိုးအပုံက သူလိုငါလိုမဟုတ်ခဲ့ပါဘူး
မေမေရေ………..
ကိုယ့်အကြောင်းလူမသိလေ လုံခြုံလေ
ကိုယ့်အကြောင်းလူမသိလေ အန္တရာယ်ကင်းလေ
ဒါတွေဟာ မေမေ့နိမိတ်ပုံ စကားရိပ်သန်းခဲ့ခြင်းလေလား
မေမေရေ…………….
ပွဲပြီးမှ ကျွန်တော်ဟာ မြွေပွေးခါးပိုက်ပိုက်မိလျက်သား
ပွဲပြီးမှ ကျွန်တော်ဟာ နောက်ကျောဓါးဒဏ်ရာအပြည့်နဲ့
မေမေရေ………….
ရိုးသားမှုကို ဈေးပေါပေါနဲ့ ထပ်မပေးနိုင်တော့တာ
ခင်မင်မှုကို ခင်မင်မှုနဲ့ ထပ်ပေါင်းမကူးနိုင်တော့တာ
စိတ်တခုကို စိတ်တခုနဲ့ မျိုးဆက်ပွားမပေးနိုင်တော့တာ
ရိုးသားမှုကို လူလည်တချို့အတွက် ပွဲတော်တည်ဖို့ တည်ခင်းမပေးနိုင်တော့ပါ
မေမေရေ………….
ကျွန်တော့်ကိုယ်ကျွန်တော် လိပ်ပြာတစ်ကောင်အဖြစ် ဖန်ဆင်း
ဒီလူတစုနဲ့ သင်းကွဲစေလိုက်ပြီ………………
ရိုးမြေကျ(မုံရွာ)
23.2.2017(10:40AM)

Credit: ပုံကို Google မှကူးယူပါသည်။

Saturday, January 21, 2017

ဘူဖေးလ် ဘတ်စ်ကား



ဇန်နဝါရီ(၁၆)ရက်နေ့ ဘတ်စ်ကားလိုင်းအပြောင်းအလဲမှာ စာရေးသူနဲ့ ရုံးကညီမလေးတစ်ယောက်တို့ လက်တစ်ကမ်းကမ်းကြမယ်အဖွဲ့မှာ Volunteer လုပ်ခဲ့တယ်။ မထသကနေ YBS ပြောင်းမယ့်အခြေအနေကို ပြည်သူကြိုသိခွင့်ရတာ ၁၀ရက်သာသာလောက်ပဲ ရှိတယ်။ ဒီအပြောင်းအလဲကို တစ်ခြားသူထက် စာရေးသူက ပိုရင်အခုန်ဆုံး၊ ပိုစိတ်ဝင်စားဆုံးဆို မှားမယ်မထင်ပါ။ ဘာ့ကြောင့်ဆိုတော့ စာရေးသူရဲ့ တစ်နေ့တာ သွားရေးလာရေးရဲ့ ၉၈ရာခိုင်နှုန်းလောက်ဟာ ဘတ်စ်ကားပေါ်အားပြုရတယ်။ ဘတ်စ်ကားနဲ့ ကျောင်းသွားတယ်။ ဘတ်စ်ကားနဲ့ ရုံးသွားတယ်။ ဘတ်စ်ကားနဲ့ ဟိုဟိုဒီဒီသွားတယ်။ စာရေးသူ တက္ကစီကို အရေးကြီးကိစ္စရှိမှသာ စီးတယ်။ ပိုက်ဆံချွေတာပြီးသား ဖြစ်သလို လမ်းကြပ်တာ နည်းနည်းမှ သက်သာသက်သာဆိုပြီး တက္ကစီထက်ဘတ်စ်ကားကိုသာ အားပြုပါတယ်။ စာရေးသူဟာ နယ်ကလာတဲ့သူဆိုတော့ ဒီဘတ်စ်ကားလိုင်းအပြောင်းအလဲကို တစ်ခြားသူထက် ပိုစိတ်ဝင်စားတယ်။ ပိုစိုးရိမ်တယ်။ YBS အကြောင်းစသိရကတည်းက ဖေ့ဘုတ်ကနေ ဘတ်စ်ကားအကြောင်း အမြဲစောင့်ကြည့်ဖတ်ရှုခဲ့တယ်။ ပရဟိတလုပ်မယ့် အဖွဲ့အသီးသီးကိုလဲ သိခွင့်ရတယ်။ ကိုယ့်လိုလူတွေရှိမှာပဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကြောင့် လက်တစ်ကမ်းကမ်းကြမယ်အဖွဲ့မှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့တယ်။
ဇန်နဝါရီ(၁၆)
မနက်စောစောထ။ ရေချိုး။ အစာအိမ်ဗလာနဲ့ ဆူးလေပန်းခြံကို မနက်(၆)ခွဲအရောက်သွားရဖို့ ဘတ်စ်ကားမှတ်တိုင်ကို ထွက်လာခဲ့တယ်။ စစခြင်းနေ့ဆိုတော့ ဘတ်စ်ကားတွေအလာကြဲလိုက်တာ။ စောင့်လို့မရတော့တဲ့အဆုံး တက္ကစီနဲ့ပဲ ဆူးလေပန်းခြံသွားလိုက်ရတယ်။ ကားပေါ်မှာ ဖုန်းဖွင့်ကြည့်မိတော့ စာမေးပွဲအောင်စာရင်းက မေးလ်ထဲရောက်နေပြီ။ စောစောစီးစီး မင်္ဂလာသတင်းကို မိဘတွေဆီဖုန်းဆက်။ ဘော်ဒါတွေလျှောက်ကြွားလိုက်တာ မနက်စာစားဖို့ဝယ်လာတဲ့ ပေါင်မုန့်စားချိန်မရလိုက်။ ဆူးလေပန်းခြံအဖွဲ့စုရပ်ဆီရောက်တော့ အားလုံးက တူညီဝတ်စုံဝတ် တာဝန်တွေခွဲဝေပြီးကြပြီ။ စာရေးသူလဲ ကိုယ်တာဝန်ကျတာက စစ်တမ်းကောက်တဲ့အပိုင်းဆိုတော့ လိုအပ်တဲ့စာရွက်စာတမ်းထုတ်၊ အဖွဲ့တီရှပ်ထုတ်ပြီး အသင့်စောင့်နေလိုက်တယ်။ အားလုံးတာဝန်အသီးသီးခွဲပြီးတဲ့နောက် ကျန်နေတဲ့ စာရေးသူတို့တွေကို အဖွဲ့ခေါင်းဆောင်တွေက ပန်းဆိုးတန်းမှတ်တိုင်ထိသွားကြဖို့ အချက်ပြတယ်။ ပန်းဆိုးတန်းမှတ်တိုင်မှာပဲ စာရေးသူ၊ ရုံးကညီမငယ်တစ်ယောက်နဲ့ မောင်လေးလေးယောက်ကို သိမ်ဖြူမှတ်တိုင်ထိကားစီး စစ်တမ်းကောက်ဖို့ တာဝန်ချတယ်။ ခြောက်ယောက်လုံး စစ်တမ်းကောက်ရမယ့်အဖွဲ့ဖြစ်နေတယ်။ တကယ်တော့ လမ်းကြောင်းပြရှင်းပြမယ့် ခြောက်ယောက်က စာရေးသူတို့ မှတ်တိုင်မှာ ကျန်မနေခဲ့ပါ။ မှတ်တိုင်တစ်ခုမှာ လမ်းကြောင်းရှင်းပြမယ့် သုံးယောက်နှစ်ဖွဲ့နဲ့ စစ်တမ်းကောက်မယ့် သုံးယောက်နှစ်ဖွဲ့က ရှိနေရမှာပါ။ ကံဆိုးချင်တော့ လမ်းကြောင်းရှင်းပြအဖွဲ့က စုရပ်မှာ ကျန်မနေခဲ့တော့ စာရေးသူတို့လဲ သုံးယောက်တစ်အုပ်စုစီ ခွဲပြီး သိမ်ဖြူမှတ်တိုင်ရောက်မယ့် ဘတ်စ်ကားတစ်စီးပေါ် တက်ကြဖို့ သဘောတူလိုက်ကြတယ်။ ပန်းဆိုးတန်းမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ကြီး။ စာရေးသူတို့အဖွဲ့ကို ဘယ်သွားချင်တယ် ဘယ်ကားစီးရမလဲ တစ်ယောက်ပြီးတစ်ယောက် အကူအညီတောင်းကြတယ်။ လမ်းကြောင်းရှင်းပြအဖွဲ့က မကျန်ခဲ့တော့ လမ်းညွှန်မြေပုံက အလုံအလောက်ပါမလာ။ ပါသလောက် မြေပုံအညွှန်းစာရွက်ကိုကြည့်။ ရှင်းပြကူညီ။ နောက်ဆုံး မှတ်တိုင်မှာ ဖုန်းပါလာတဲ့ လူတော်တော်များများကို YBS official application တွေ ပေးရတယ်။ အသုံးပြုပုံပြုနည်းတွေရှင်းပြရတယ်။ စာရွက်ပေါ်က ဘတ်စ်ကားနံပါတ်တွေကို လိုက်ရှာရတာ နည်းနည်းခက်ခဲတော့ application နဲ့ရှာရတာ ပိုအဆင်ပြေနေတယ်။ စာရွက်ပေါ်က လမ်းညွှန်က မှတ်တိုင်နဲ့ ပြပေးမထားဘဲ လမ်းနာမည်တွေနဲ့ ပြပေးထားခြင်းက ခရီးသွားပြည်သူကို ပိုအခက်တွေ့စေပါတယ်။ application တွေ ဒိုင်ခံပေး သုံးပုံသုံးနည်းတွေရှင်းပြလိုက်တာ အချိန်တော်တော်လင့်သွားပါတယ်။ စာရေးသူတို့ သိမ်ဖြူမှတ်တိုင်ထိရောက်မယ့် နံပါတ်(၇) က တော်တော်နဲ့ မလာနိုင်လို့ ခြောက်ယောက်လုံး ဆူးလေပန်းခြံပြန်သွားဖို့ သဘောတူလိုက်ကြပါတယ်။ ဆူးလေပန်းခြံ မှတ်တိုင်မှာလဲ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ကြီး။ အားလုံးရဲ့ မျက်နှာတွေ စိုးရိမ်ပူပန်နေကြပုံ။ ဒါတွေ ဒါတွေကို မျက်မြင်ကိုယ်တွေ့မြင်နေရတာ။ ကိုယ်တိုင်က စေတနာ့ဝန်ထမ်းလုပ်မနေရင် ထိုပူပင်နေမယ့် မျက်နှာပိုင်ရှင်က စာရေးသူဖြစ်ချင်လဲ ဖြစ်နေမှာ။ ကားတစ်စီးရပ်လာတိုင်း လူတွေတက်လို့ မလောက်နိုင်တော့တာ။ ဆူးလေပန်းခြံမှတ်တိုင်မှာလဲ အကူအညီလိုတဲ့သူတိုင်းကို တတ်နိုင်သလောက် ရှင်းပြကူညီရင်း နံပါတ်(၇) ကားနဲ့ အဖွဲ့ ၂ဖွဲ့ခွဲတက်ပြီး သိမ်ဖြူမှတ်တိုင်ဆီသွားခဲ့ကြတယ်။ သိမ်ဖြူမှတ်တိုင်သွားတဲ့ ကားပေါ်မှာပဲ စစ်တမ်းကောက်လို့ ရသလောက်ကောက်ခဲ့ပြီး သိမ်ဖြူမှတ်တိုင်မှာဆင်းပြီး မှတ်တိုင်မှာ နောက်ထပ်စစ်တမ်းစာရွက်တွေ ပြည့်နိုင်ဖို့ ထပ်ကြိုးစားခဲ့တယ်။ စစ်တမ်းကောက်ရင်း ငိုယိုပြီး တကယ်အဆင်မပြေတာပါဆိုတဲ့ အသံတွေကို ကြားခဲ့ရသလို ဆင်းလုံးချောအဆင်ပြေနေတဲ့သူ တစ်ယောက်စနှစ်ယောက်စလဲ ရှိပြန်သေးတာ။ သတ်မှတ်ချိန်ပြည့်တဲ့နောက် သိမ်ဖြူမှတ်တိုင်ကနေ နံပါတ်(၄) ကားစီးပြီး ဆူးလေပန်းခြံထိ ပြန်ခဲ့ကြတယ်။ ကားပေါ်မှာ ရနိုင်သလောက် စစ်တမ်းကောက် အင်တာဗျူးခဲ့တယ်။ မနက်(၇)နာရီလောက်ကတည်းက တောင်ဒဂုံကနေ ကားသုံးလေးငါးဆင့်စီးပြီး နေ့လည်၁၂နာရီလောက်ထိ သွားချင်တဲ့နေရာမရောက်နိုင်သေးလို့ တောင်ဒဂုံကိုပဲ လှည့်ပြန်သွားတဲ့ အဖွားတစ်ယောက်လဲ ထူးထူးခြားခြားတွေ့ခဲ့ရတာ။ ထိုအဖွားလိုပဲ အခြား အဆင်မပြေတဲ့သူတွေ အများကြီး ရှိနေနိုင်တာ။ ဆူးလေပန်းခြံထဲက စုရပ်နေရာမှာ စစ်တမ်းကောက်ခဲ့တဲ့ စာရွက်စာတမ်းတွေ အပ်ပြီးတော့ ထိုနေ့ရဲ့ တာဝန်ကပြီးဆုံးသွားတယ်။ နေ့လည်စာအတွက် အလှူရှင်လာလှူတဲ့ ဒံပေါက်ထုပ်တွေ တစ်ယောက်ချင်းဆီ ခေါင်းဆောင်တွေက ဝေပေးကြပါတယ်။ မောပန်းဆာလောင်နေပေမယ့် အကူအညီလိုတဲ့သူတွေကို တတ်နိုင်သလောက် လမ်းပြပေးနိုင်ခဲ့တဲ့ ပီတိက စာရေးသူကို ကြည်နူးစေတယ်။
ဇန်နဝါရီ(၁၇)
အရင်ရက်ကထက် နည်းနည်းစောထပြီး ဘတ်စ်ကားမှတ်တိုင်ဆီထွက်ခဲ့တော့ အရင်ရက်ကနဲ့ မတူ ဘတ်စ်ကားတွေတွေ့နေရပြီ။ နံပါတ်(၅၉)နဲ့ သခင်မြပန်းခြံထိ ဂိတ်ဆုံးစီး။ သခင်မြပန်းခြံကတစ်ဆင့် ဆူးလေပန်းခြံထိ နံပါတ်(၅၆)နဲ့ ဆက်စီးခဲ့တယ်။ မနက်(၇)နာရီ စုရပ်ရောက်တော့ ထိုနေ့အတွက် တာဝန်ကျတဲ့နေရာက ပုဇွန်တောင်အိုးရှင်းမှတ်တိုင်ပါ။ (၁၇)ရက်နေ့မှာ ကံကောင်းချင်တော့ လမ်းကြောင်းရှင်းပြအဖွဲ့ပါဝင်လာပြီး စစ်တမ်းကောက်တဲ့အဖွဲ့မှာ အရင်ရက်က မောင်လေး၂ယောက် မပါလာတော့လေးယောက်ပဲ ကျန်ပါတော့တယ်။ အိုးရှင်းမှတ်တိုင်မှာ အများစုက သန်လျင်ဘက်သွားတဲ့သူတွေပါ။ ကားမှတ်တိုင်ကနေ စီးလို့ရတဲ့ ကားနံပါတ်တွေက (၄၊၇၀၊၃၁)တို့ပါ။ သန်လျင်ဘက် ဒေါပုံဘက်ကလာတဲ့သူတွေ အရမ်းများတော့ ကားအစီးရေ မလုံလောက်တဲ့အခါ ကားတစ်စီးတစ်စီးပါလာတဲ့သူတွေ ကြပ်ပိတ်သိပ်နေတာ။ ဒီအပြောင်းအလဲမှာ ပြည်သူတွေ ကြံ့ြ့ကံ့ခံနိုင်ကြတာ။ မှတ်တိုင်မှာ စစ်တမ်းကောက်၊ ဘတ်စ်ကားစီးပြီး ကားပေါ်က လူတွေကို စစ်တမ်းကောက်ခဲ့တယ်။ အဆင်ပြေတဲ့အသံတွေကြားရသလို အခက်အခဲတပုံတပင်နဲ့လူတွေကိုလဲ တွေ့ရရဲ့။
ဇန်နဝါရီ(၁၈)ရက်
စာရေးသူတို့ ပရဟိတအဖွဲ့တာဝန်ယူထားတာက (၃)ရက်တည်းဆိုတော့ (၁၈)ရက်နေ့က နောက်ဆုံးရက်ပါ။ နောက်ဆုံးရက်မှာလဲ အဖွဲ့လိုက်တာဝန်ကျတဲ့နေရာက ပုဇွန်တောင်အိုးရှင်းပဲ ဖြစ်တာမို့ ကြုံရာဘတ်စ်ကားနဲ့ မှတ်တိုင်ရောက်အောင်သွား အရင်ရက်ရဲ့ အတွေ့အကြုံအတိုင်းပဲ ဘတ်စ်ကားလိုက်စီး ကားပေါ်ပါလာသမျှ အဆင်ပြေနိုင်မယ့်သူလောက်ကို စစ်တမ်းကောက်။ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို စစ်တမ်းကောက်ထားတဲ့စာရွက်တွေ ခပ်များများရလိုက်တယ်။ တာဝန်တွေပြီးဆုံးတော့ ဆူးလေပန်းခြံမှာ လက်တစ်ကမ်းကမ်းကြမယ် အဖွဲ့နောက်ဆုံးတွေ့ဆုံ နှုတ်ဆက်ပြီး ခေါင်းဆောင်တွေက ကျေးဇူးတင် စကားပြောပါတယ်။ နောင်အကူအညီလိုရင်လဲ ခေါင်းဆောင်တွေက ဖုန်းဆက် အကူအညီတောင်းမယ့် အကြောင်းပြောပြီး လမ်းခွဲခဲ့ကြတယ်။
စာရေးသူ ပရဟိတလုပ်တဲ့(၃)ရက်လုံး ခံစားမိတာက ဘတ်စ်ကားအစီးရေနဲ့ စီးမယ့်ဦးရေ မမျှတခြင်းပါ။ လူတွေ အခက်အခဲကြုံရတာ ကိုယ်တွေ့မြင်ရတယ်။ အခက်အခဲကို ကြံ့ကြံ့ခံတာလဲ မြင်ရတယ်။ စာရေးသူ အယူအဆက ဘတ်စ်ကားစနစ်တခုလုံး အရင်မပြောင်းဘဲ အပိုင်းလိုက်ပြောင်းခြင်းက ပိုအသက်ဝင်လိမ့်မယ်လို့ပါ။ ဥပမာ သန်လျင်ကနေ မြို့ထဲလာတဲ့ မထသယာဉ်လိုင်းတွေ အားလုံးကို လိုင်းတစ်ခုတည်းဖြစ်အောင်လုပ်။ အစမ်းသဘောအနေနဲ့ စမ်းသပ်ကြည့်။ အဆင်ပြေရင် ကျန်တဲ့မြို့နယ်တွေ ထပ်စမ်းကြည့်။ တဖြည်းဖြည်းနဲ့ ဘတ်စ်ကားစနစ်တခုလုံးပြောင်းလာမယ့်ပုံစံပါ။ ဒါပေမယ့် ခုကတော့ မထသစနစ်ကို အမြစ်ဖြုတ်ပြီး YBS စနစ်ကို လုံးဝပြောင်းပြီးပြီဆိုတော့ကာ ပြည်သူအားလုံးကြံ့ကြံ့ခံဖို့ပဲ ရှိတော့တာ။ YBS အပြောင်းအလဲဟာ တစ်ချို့လူတွေအတွက် ကံကောင်းပေမယ့် တစ်ချို့လူတွေအတွက် ကံဆိုးမိုးမှောင်ကျသလို ဖြစ်ရတာ။ ဘာပဲဖြစ်ဖြစ် ဒီအခက်အခဲ ဒီအကြပ်အတည်းတွေကို ပြည်သူတွေ ကြံ့ကြံ့ခံရင်း ယာဉ်အန္တရာယ်မဖြစ် အားလုံးဘေးကင်းစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။


                                                                                      ရိုးမြေကျ(မုံရွာ)
                                                                                      21.1.2017(6:00 PM)