Sunday, August 7, 2022

Black Hole

 


ဆရာဝန်ရှေ့ခေါင်းငိုက်စိုက်ကျလျှက် ဘာတခုမှ တုန့်ပြန်နိုင်ခြင်း မရှိပေမယ့် ဆရာဝန်ကတော့ “ Depression တွေ တော်တော်ဝင်နေတာပဲ” လို့ နှုတ်ကရေရွတ်ပြီး လူနာမှတ်တမ်းမှာသာ ဆေးစာရင်းတွေရေးနေခဲ့တယ်။ ထိုဆေးတွေနဲ့ အိပ်ပျက်ညတွေကို ဖြိုဖျက်ရဦးမယ်။ ထိုဆေးတွေနဲ့ အစားပျက်နေ့တွေကို တိုက်ထုတ်ရဦးမယ်။ ဒုတိယအကြိမ်မြောက် သူထပ်မံရင်ဆိုင်ရမယ့် လက်ဖဝါးပေါ်က ဆေးတွေကို ကြည့်နေပေမယ့် သူ့စိတ်အာရုံဟာ ခံစားချက်ကင်းမဲ့လို့။ ဘာကို မပျော်ပိုက်နိုင်တာလဲ။ သူ့ကိုယ်သူတောင် နားမလည်နိုင်မှတော့ ဘေးပတ်ဝန်းကျင်က နားမလည်တာ အံ့သြစရာတော့ မဟုတ်ပါ။ သူ့အဒေါ်ရဲ့ “ အပြင်မှာ စားသောက်စရာအတွက် ခက်ခဲနေတဲ့သူတွေ အများကြီးမှ အများကြီး။ ကိုယ့်မှာ အလုပ်လဲရှိတယ်။ မိစုံဖစုံလဲရှိတယ်။ နေဖို့စားဖို့အတွက် ပူစရာမလိုဘူး။” လို့ ဖြောင်းဖြပြောဆိုနေတဲ့အသံကို နားထောင်ရင်း “  ဟုတ်၊ ဟုတ်။” လို့ ရောယောင်ဖြေမိပေမယ့် သူ့ကို ဘယ်သူမှ နားလည်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ခဲ့ပါတယ်။

အရှိန်နဲ့ ဖြတ်သန်းသွားလာနေကြတဲ့ ကားတွေရှေ့ ခြေတလှမ်းတိုးဝင်ချင်စိတ်တွေ…….

အဆောက်အဦးပေါ်က ခုန်ချချင်စိတ်ပေါက်ခဲ့တာတွေ…………..

ပြန်လမ်းမရှိမယ့် လမ်းကိုသာ သွားချင်နေခဲ့တာတွေ……

အရာရာကို စွန့်လွှတ်ချင်တော့တဲ့စိတ်တွေ……..

အဲဒီစိတ်တွေကို အတော်လေးထိန်းထားခဲ့ရတယ်။ အက်စီးဒင့်ဖြစ်ရင် ကားသမားအမှုပတ်မှာ စိတ်ပူနေသေးတာတွေ၊ အဆောက်အဦးပိုင်ရှင် အမှုပတ်မှာ စိုးရိမ်နေသေးတာတွေက စိတ်ခံစားမှုထိန်းချုပ်နေနိုင်သေးတာလား။ မသေရဲသေးတာလား။ အဖန်ငါးရာငါးကမ္ဘာဆိုတဲ့ ဘာသာရေး အသိစိတ်ကြောင့်လား။ သူကိုယ်တိုင်မသဲကွဲပါ။ “ငါမပျော်နိုင်ဘူး။” လို့စိတ်ထဲ အကြိမ်ကြိမ်ရေရွတ်မိပေမယ့် ဒီလိုအချိန်ပျော်နိုင်တဲ့သူရော ရှိရဲ့လား။ သူ့ဘဝကြီးဟာ သူ့ကို ချစ်ခင်ယုယပေးမယ့် မိဘနှစ်ပါးလဲရှိနေတယ်။ သူ့အနားမှာ သူ့ကို ပြုစုစောင့်ရှောက်ပေးသော မမလဲရှိတယ်။ ကျန်းမာရေးမကောင်းတဲ့အချိန် စာနာနားလည်ပေးနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေလဲရှိနေတယ်။ 

ဒါပေမယ့် ဒါပေမယ့် မပျော်နိုင်တဲ့ စိတ်တွေ ပိတ်လှောင်မွန်းကြပ်နေတဲ့စိတ်တွေ ဒီစိတ်တွေကို နားမလည်နိုင်လိုက်တာ။ လူတွေကို ရင်မဆိုင်ချင် ဘယ်အရာကိုမှ လုပ်ကိုင်ချင်စိတ်မရှိလို့ အလုပ်မိဆုံးအရာက အိပ်ရာထဲမှာ အမြဲလိုလို ခွေခေါက်အိပ်နေမိတာ။ ပုံမှန်ထက်လွန်ကဲတဲ့ အိပ်စက်ခြင်းတွေ၊ စိတ်မဲ့နေတဲ့ ဒီခန္ဓာ ဒါတွေဟာ စိတ်ကျရောဂါရဲ့ တစိတ်တဒေသ လက္ခဏာတွေလို့ လက်မခံချင်ပေမယ့်လဲ လက်ခံလိုက်ရတယ်။

ဒါတွေဟာ ဘယ်ကစသလဲဆိုတော့…………….

လှည်းတန်းကျောင်းရှေ့ရောက်တိုင်း အွန်လိုင်းပေါ်က မြင်ကွင်းကမျက်လုံးထဲကမထွက်နိုင်ဘဲ ဘယ်ဘက်ရင်အုံကအောင့်တက်လာတယ်။ မျက်ရည်တွေဝဲလာတယ်။ သွေးမတော်သားမစပ်ပါဘဲ ရုံးဖယ်ရီကားက လှည်းတန်းကျောင်းရှေ့ရောက်တိုင်း ဒီကျောင်းပေါက်ဝရှေ့မှာ ဒဏ်ရာနဲ့ လဲကျသွားတဲ့ ညီညီအောင်ထက်နိုင်ကို မြင်ယောင်မိပြီး ရင်ဘတ်တွေအောင့်လာတာ တနေ့တရက်တည်းမှ မကတာ။

အွန်လိုင်းပေါ်က ခန့်ညားဟိန်းအဖေရဲ့ အင်တာဗျူးကို နားထောင်ပြီး စီးကျလာတဲ့ မျက်ရည်တွေ။ ဒါတွေက တားလို့မှ မရတာ။ သွေးသံရဲရဲပုံတွေမြင်ပြီး အစားမစားနိုင်ခဲ့တာတွေ။ ဒါတွေဟာ တနေ့တည်း တရက်တည်းဖြစ်နေခဲ့တာမှ မဟုတ်တာ။

ဒီကြားထဲ လုပ်ငန်းခွင်အသစ်အပြောင်းမှာ လေ့လာသင်ယူစရာတွေအများကြီးနဲ့ စိတ်ဖိစီးမှုတွေ။ အိပ်မရတဲ့ ညပေါင်းများလာတဲ့အခါ သူခံနိုင်ရည်မရှိတော့ဘဲ ဆေးဝါးအကူအညီတွေနဲ့ ရှေ့ဆက်ခဲ့ရတယ်။ အကြောင်းမဲ့ တရက်လုံး ငိုကြွေးမိတဲ့အပြုအမူ၊ ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း စတဲ့စိတ်ခံစားမှှုတွေပဲရှိနေခဲ့တယ်။ လေးလလောက်ဆေးတွေသောက်ခဲ့ပြီးတဲ့နောက်မှာ နေကောင်းသွားပြီဟုထင်ကာ ဆရာဝန်ကို ဆေးဖြတ်ခိုင်းခဲ့မိတယ်။ ဆေးဖြတ်ခါစမှာ အလိုလိုနေရင်း စိတ်တိုလာတာ၊ တခုခုဆို နည်းနည်းလေးမှ သည်းမခံနိုင်တာ၊ ဆတ်ဆတ်ထိမခံနိုင်လောက်အောင် စိတ်ကကြွတ်ဆတ်နေတဲ့ ကာလတခုပါရင်ဆိုင်ခဲ့ရတယ်။ ပတ်ဝန်းကျင်ကလူတွေနဲ့ပါ ကတောက်ကဆဖြစ်ရတယ်။ ဒီလိုနဲ့ ပုံမှန်အနေအထားပြန်ရောက်ပြီဆိုတဲ့ အချိန်ကာလလို့ ထင်ခဲ့ပေမယ့် နောက်တကြိမ် အိပ်စက်မရခြင်းတွေ၊ အစားမစားနိုင်ခြင်းတွေနဲ့ ကြုံလာရပြန်တဲ့အခါ သူဟာ………………….

ရိုးမြေကျ ( မုံရွာ )

07.08.2022 ( 1:46 PM )

1 comments:

Cameron said...

လာဖတ်သွားပါတယ် ညီမငယ်.... အရာရာအကောင်းတိုင်းပြန်ဖြစ်ဖို့ မျှော်လင့်နေသလို ဝိုင်းဝန်းကြိုးစားနေပါတယ်... ဂရုစိုက်ပါ ကိုယ့်ကိုယ့်ကို ပိုချစ်ပါ...

မိုးငွေ့

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။