Wednesday, December 25, 2013

ချောကလက်ခြွေတဲ့ မနက်ခင်းအလွမ်း









         ~~~~ မနက်ခင်းတိုင်းမှာ တွေ့ချင်နေတုန်းပဲ ~~~~       
          ~~~~ ညတိုင်း မင်းနဲ့ ဖုန်းတွေ အတူပြောမယ် ~~~~    
          ~~~~ အိပ်မက်ထဲက ချစ်သူဘဝရယ် ~~~~
          ~~~~ ဘယ်တော့မှ ငါ့ကို နင်လေ စွန့်ကြဲမလဲ ~~~~
          ခုရက်ပိုင်း တမင်သတ်သတ် ရွေးနားထောင်ဖြစ်သည့် သီချင်းတစ်ပုဒ်သာ။ စာသားတိုင်းဟာ လက်ရှိ သူ့ခံစားချက်များကို အပီအပြင်ပုံဖော်နိုင်စွမ်းရှိနေသည်။ ခုတော့လဲ သူ့ မနက်ခင်းတွေ အထူးသဖြင့် သူ့အလုပ်ချိန်တွေဟာ အရင်အတိုင်း တိတ်ဆိတ်ငြိမ်သက်လျှက်သာ။
          ရက်သတ္တပတ်နှစ်ပတ်ကျော်ကျော် မနက်ခင်းတိုင်းမှာ သူမအလုပ်ချိန်တွေမှာ သူက သူမရဲ့ တစိတ်တပိုင်းလေး ခဏတာ ဖြစ်ခွင့်ရခဲ့သည်။ ထိုမနက်ခင်းတွေဟာ သူ့အတွက် ချိုမြိန်လွန်းလှသည်။ ဒါတွေကို သူ ရှင်းပြဖို့မလိုလောက်အောင် သူ့အချစ်တွေနှင့် သူမအပေါ် တာဝန်ကျေခဲ့ပါသည်။ သူ့ဂရုစိုက်မှုတွေနှင့် သူမအပေါ် နွေးထွေးခဲ့သည်။ အားလုံးရဲ့ မျက်လုံးတွေ ဘယ်လိုပဲ အဓိပ္ပာယ်ဖွင့်ကြပါစေ၊ အားလုံးရဲ့ စကားသံတွေ ဘယ်လိုပဲ ကွဲလွဲနေပါစေ သူဟာ သူမအတွက် အချစ်တစ်ခုအတွက် သူ့ရဲ့ အတ္တကိုလဲ စွန့်လွှတ်ခဲ့ပါသည်။ သူမအတွက် သူ့ရဲ့ မာနကိုလဲ ဖုန်းဖိထားခဲ့ပါသည်။ သူမပတ်ဝန်းကျင်မှာ  “အရူး” လို့ အမည်တွင်အောင် သူ့အချစ်များက သူ့အပြုအမူများက အစွန်းရောက်ကောင်း ရောက်နိုင်ပေမယ့် ခဏတာတွေ့ဆုံခွင့်တိုင်းမှာ အမှတ်တရ ထင်ကျန်ရစ်စေချင်သော သူ့ဆန္ဒများကိုတော့ မည်သူတစ်ဦးတစ်ယောက်မှ ရိပ်မိပုံမပေါ်ပါ။
          ဘယ်လောက်ချမ်းအေးတဲ့ ညဉ့်နက်သန်းခေါင်တွေကို ဖြတ်ကျော်ခဲ့ရပါစေ
          မနက်ခင်းတိုင်းမှာ ဆံနွယ်ကောက်ကောက်လေးတွေနှင့် သူမမျက်နှာလေးကို မြင်လိုက်ရလျှင်
          အရောင်စုံခြယ်သထားတဲ့ သူမမျက်နှာလေးကို မြင်လိုက်ရလျှင်
          အူလှိုက်အသည်းလှိုက် သူမ ရယ်မောသံတွေကို ကြားလိုက်ရလျှင်
          သူ့မနက်ခင်းတွေဟာ ကျက်သရေရှိသွားတတ်သည်။
          ရံဖန်ရံခါ သူ့ခေါင်းပေါ် ဝဲပျံအောင် သူမ လက်ချောင်းတွေနှင့် ဒေါက်ကနဲမြည်အောင် ခေါင်းခေါက်တတ်ပုံ ။ ရံဖန်ရံခါ သူ့လက်မောင်းကို ဖြောင်းကနဲနေအောင် သူမလက်သံပြောင်လှပုံ။ ထိုကဗျာမဆန်သော သွယ်လျမှု သိပ်မရှိသော လက်ချောင်းတွေ၏ ပါဝင်ပတ်သက်မှုကို သူက မြတ်နိုးမိသည်။ သူမ မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့် အဖြေရှာတိုင်း ကွေးညွှတ်ချင်သယောင်ဖြစ်သွားတတ်သော သူမနှုတ်ခမ်းတွေကိုလဲ သူ လွမ်းဆွတ်မိသည်။ သူမ နံဘေးထိုင်ပြီး အလုပ်လုပ်တိုင်း ကြားရတတ်သော သက်ပြင်းဖွဖွသံကိုလဲ တမ်းတမိသည်။ အလုပ်ရှုပ်လာတိုင်း ဆံပင်ကို လက်ချောင်းများနှင့် ထိုးဖွတတ်သော သူမဟန်ပန်ကိုလဲ မြင်ယောင်မိသည်။ သူ့ကို အမြဲတစေ အားမလိုအားမရဖြစ်တတ်သော သူမရဲ့ ဆူသံငေါက်သံတွေနှင့် သူ့နေ့ရက်တွေ ဗလောင်ဆူခဲ့သည်။ သူကလဲ ခပ်ဆိုးဆိုး ဂျစ်ပေပေပုံစံနှင့် သူမရဲ့ ဆူသံငေါက်သံတွေ တမင်တကာ ကြားရအောင် ဖန်တီးယူခဲ့မိသည်။ တခါတရံ သူမ၏ စနောက်တတ်သော အပြုအမူတွေမှာ ပျော်မွေ့လျက် တခါတရံ သူမအပြုအမူတွေကို သူက ချော်လဲရောထိုင် စိတ်ဆိုးလျက် တခါတရံ သူ့အပြုအမူတွေက ကလေးဆန်လျက် တခါတရံ သူမ အုပ်ထိန်းမှုတွေမှာ ကြည်မွေ့လျက် ဘေးစကားတွေကို လျစ်လျူရှုပြီး သူ့နှလုံးသားကို လွတ်လပ်ခွင့်ပေးခဲ့သည်။ သူ့နေ့ရက်တွေကို သူမတစ်ယောက်အတွက်နှင့် အဓိပ္ပာယ်ပြည့်ဝစေခဲ့သည်။
          ထိုလွမ်းဆွတ်ဖွယ် သူ့မနက်ခင်းတွေကို အဓိပ္ပာယ်ပြည့်ဝစေသော
           ချောကလက်မလေးရယ်
          ကဗျာမဆန်သော လက်ချောင်းတွေရယ်
          ခပ်သွက်သွက် စကားပြောသံတွေရယ်
          သွက်လက်ဖျတ်လက်နေသော သူမပုံရိပ်လေးရယ်
          သက်ပြင်းဖွဖွတွေရယ်
          ထမင်းလက်ဆုံစားခွင့်အတွက်ရယ်
          ထိုအကြောင်းအရာများဖြင့် သူမနေ့ရက်တွေမှာ ပါဝင်ပတ်သက်ခွင့်အတွက် ဝင်ခွင့်ဗီဇာ ရမည်ဆိုလျှင်……………………..

ရိုးမြေကျ(မုံရွာ)
(25.12.2013, 1:45PM)

Thursday, October 17, 2013

ကမ္ဘာဦး အလွမ်း



          

          မနေ့ညက အိပ်မက်မက်တယ်။
          အိပ်မက်ထဲမှာ နူးညံ့သိမ်မွေ့မှုတခု ဖမ်းဆုပ်မိတယ်။
          အပြင်မှာ လျစ်လျူရှုတတ်သလောက်
          အပြင်မှာ အေးစက်မာကျောချင်ဟန်ဆောင်တတ်သလောက်
          အပြင်မှာ တိုးတိတ်သလောက်
          အိပ်မက်ထဲမှာ ညင်သာတယ်
          အိပ်မက်ထဲမှာ ချိုမြတယ်
          အိပ်မက်ထဲမှာ နီးကပ်ရတယ်
          အိပ်မက်ထဲမှာ နီးစပ်ရတယ်
          သူမရှိရာဆီ တစ်လှမ်းခြင်း လှမ်းလျှောက်သွားမိတဲ့အခါ
          ထိုအချိန်က သူ့ရင်ဘတ်ထဲ လစ်ဟာ တုန်ရီနေသည်။ ဝမ်းနည်းနေခြင်းလား လွမ်းဆွတ်နေခြင်းလား တိတိပပ ပြောမပြတတ်အောင် လှိုက်ခုန်မောနေတာ သေချာသည်။ သူတို့နှစ်ယောက် တွေ့ဆုံပြီးတာ ရက်ပိုင်းသာ ရှိသေးသည်။ ထုံးစံအတိုင်း တွေ့ဆုံမှုတိုင်းဟာ စကားတစ်ခွန်းစ နှစ်ခွန်းစလောက်နှင့် အစပျိုး “ပြန်တော့မယ်နော်။” ဟူသော တိုတိုတုတ်တုတ်စကားတစ်ခွန်းနှင့် နိဂုံးချုပ်ပြီး သူမဆီက “ဘိုင့်ဘိုင်။” ဆိုသော စကားလုံးနှစ်လုံးနှင့်သာ ချွေးသိပ်ရတာများသည်။ ဘယ်မလဲ သူ မျှော်လင့်သော ထမင်းလက်ဆုံစားခွင့်။ ဘယ်မလဲ စကားလုံးတိုင်းကို ရင်ဖွင့်ခွင့်။ ဘယ်မလဲ အလွမ်းတွေကို ခင်းကျင်းပြခွင့်။ ဘယ်မလဲ သူမနေ့ရက်တွေရဲ့ တစိတ်တပိုင်းဖြစ်ခွင့်။
          ဒါ……… ဒါတွေဟာ လက်ရှိ သူ့ မကျေနပ်ချက်များသာ။
          တွေ့ဆုံမှုတိုင်း သူ့ဘက်က တိတ်တိတ်လေး ခိုးကြည့်။ တိတ်တိတ်လေး ရင်ခုန်။ သူ လက်ဆောင်ပေးထားသော ပစ္စည်းတခုတလေ သူမအသုံးပြု မပြု တိတ်တိတ်လေး စူးစမ်း။ တိတ်တိတ်လေး ကြေကွဲ။
          သူမဘက်ကလဲ သူ ရောက်မည့်အချိန်တွက်ဆကာ သူ့လက်ဆောင် ပစ္စည်းများ တိတ်တိတ်လေး သိုဝှက်။ သူ ဆက်ချစ်နေသေးလားဆိုတာ တိတ်တိတ်လေး အဖြေရှာ။ တိတ်တိတ်လေး ပျော့ပျောင်း။ တိတ်တိတ်လေး ကြည်နူး။ မျက်ဝန်းတွေနဲ့ တိတ်တခိုးကြည့်။
          တိတ်တခိုးအဆင့်က မလွန်ဆန်နိုင်သော ဒီလက်တွေ့အဖြစ်ကို မနှစ်မြို့မှုအဆုံး သူ့အတွေးထဲမှာတော့ သူမဟာ သူ့အပေါ် ယုယသည်။ ကြင်နာသည်။ လေသံတိုးဖျော့ငြိမ့်ညောင်းသည်။ အတွေးထဲမှာ သူမနှင့်သူ အချိန်တိုင်း စကားလက်ဆုံကြသည်။ သူ့ဘေးနား သူမအမြဲရှိသည်။ သူ အားငယ်နေချိန် သူမ ပခုံးထက်မှာ မှီထားနိုင်သည်။ သူ ပျော်ရွှင်နေချိန် သူမ အပြုံးတွေ လင်းလက်သည်။ လမ်းလျှောက်သည့်အချိန်တိုင်း သူ့လက်ကို နူးညံ့စွာ မလွတ်တမ်း ဆုပ်ကိုင်ထားသည်။ ရေခဲမုန့် တူတူစားကြသည်။ တူတူလျှောက်လည်ကြသည်။ တစ်ယောက်မရှိလျှင် တစ်ယောက်မနေတတ်အောင် ပွင့်လင်းစွာ ချစ်ကြသည်။
          နေ့စဉ်ရက်ဆက် စိတ်ကူးအတွေးများက မသိစိတ်မှာ သိုလှောင်သွားခဲ့တာ။ ထုထည်သိပ်သည်းလာသည့်အခါ အိပ်မက်မိုးအဖြစ်ရွာသွန်းခဲ့တာ။
          ဘယ်လောက်ပဲ အလွမ်းတွေကို မြိုသိပ်ထား မြိုသိပ်ထား မသိစိတ်မှာရှိတဲ့ အလွမ်းရဲ့ တန်ခိုးက အိပ်မက်ကို ဖြစ်ပေါ်စေတယ် ချစ်သူ………………….
          သူမရှိရာဆီ တစ်လှမ်းခြင်း လှမ်းသွားရင်း သူမ မျက်ဝန်းတွေကို စိုက်ကြည့်မိသည်။ ဘယ်သူတစ်ဦးတစ်ယောက်မှ သူတို့အနားရှိမနေတာတောင် သူ့စကားလုံးများ ပွင့်ထွက်မလာ။ မျက်ဝန်းနဲ့ပဲ တိတ်တဆိတ်စကားပြောမိ။ အိပ်မက်ထဲမှာတောင် သူက ခံစားမှုအကျဉ်းကျနေသလို။ သူမ အနား ခြေစုံရပ်မိတော့ သူမကလဲ စကားတစ်ခွန်းတစ်လေတောင်မဆိုဘဲ သူ့ခံစားချက်တွေကို နားလည်နေသလို သူ့မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်သည်။ ဘာလဲ။ အိပ်မက်ထဲမှာတောင် စကားတွေ ဖောဖောသီသီ ပြောလို့မရဘူးလား။ ပြင်ပဘဝကအတိုင်း အရာရာကို မျက်ဝန်းစကားနဲ့ပဲ အတည်ပြုနေလို့ မှ မရတာ။ ဘာလို့ သူ့နှုတ်တွေ ဆွံ့အနေတာလဲ။ သူမအသံတွေကရော ဘာလို့ထွက်မလာတာလဲ။ သူမ သူ့ကို ရီဝေေ၀ကြည့်နေပြီး ရုတ်တရက်ဆိုသလို သူ့ပါးပြင်ကို သူမပါးနဲ့ ထိကပ်လာသည်။ အဲဒီနောက် သူ့နှုတ်ခမ်းနှင့် သူမပါးပြင် မဆိုသလောက် ထိတွေ့မိသည်။ သိမ်မွေ့တဲ့ အတွေ့အထိက ဗလောင်ဆူအောင် ရင်ခုန်မနေစေဘဲ နွေးထွေးနေသည်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံး လုံခြုံနွေးထွေးနေသည်။ သူတို့နှစ်ယောက်လုံး ခဏတာ ခပ်ဖွဖွဖက်ထားမိကြသည်။
          မထားခဲ့ပါနဲ့။ သူ့ကို မထားခဲ့ပါနဲ့။ သူမအချစ်တွေကို သူရိပ်မိတာပေါ့။ ဆက်ပြီး မလိမ်ညာပါနဲ့တော့။ ဆက်ပြီး အချစ်တွေကို ဖုန်းဖိမထားပါနဲ့တော့။
          မနေ့ညက အိပ်မက်မက်တယ်။
          အိပ်မက်ထဲမှာ နူးညံ့သိမ်မွေ့မှုတခု ဖမ်းဆုပ်မိတယ်။
          အပြင်မှာ လျစ်လျူရှုတတ်သလောက်
          အပြင်မှာ အေးစက်မာကျောချင်ဟန်ဆောင်တတ်သလောက်
          အပြင်မှာ တိုးတိတ်သလောက်
          အိပ်မက်ထဲမှာ ညင်သာတယ်
          အိပ်မက်ထဲမှာ ချိုမြတယ်
          အိပ်မက်ထဲမှာ နီးကပ်ရတယ်
          အိပ်မက်ထဲမှာ နီးစပ်ရတယ်
          ဟိုး ကမ္ဘာဦးအစ အချစ်ရှိကတည်းက အလွမ်းတွေ တောင်လိုပုံခဲ့တာ။ အလွမ်းတွေ သိပ်သည်းဆများလာတော့ အိပ်မက်မိုးအဖြစ် ရွာချခဲ့ပေါ့…………………………….
ရိုးမြေကျ
(15.10.2013, 11:00PM)

         

Sunday, October 13, 2013

PE Training မှ ရသော သင်ခန်းစာ (၁)



        PE ဆိုတာ Personal Excellence Training ပါ။ အလုပ်မှာ ထွက်စာတင်ထားတုန်း HO က Trainer တွေနဲ့ Facilitator တွေက Branch တွေကို PE Training လာသင်နေပြီလို့ သူငယ်ချင်းတစ်ယောက်က ပြောတော့ စာရေးသူကတောင် ထွက်စာတင်ထားတဲ့သူကို Training တက်ခိုင်းနေပါတော့မလားဟာဆိုပြီး နာနာကျင်ကျင်ပြောခဲ့မိသေးတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ထွက်စာတင်လိုက်ပေမယ့် ဆွေးနွေးညှိနှိုင်းမှု တချို့တလေနဲ့ စာရေးသူ အလုပ်မထွက်ဖြစ်ခဲ့ဘူး။ အဲဒီအချိန် PE Training လာသင်ပေးတော့ တက်ခွင့်ရခဲ့တယ်ပေါ့။
          စာရေးသူတို့ ကုမ္ပဏီက Training နဲ့ ပတ်သက်ရင် တော်တော်လေး ကျေနပ်အားရစေတဲ့ ကုမ္ပဏီပါ။ ဝန်ထမ်းတွေရဲ့ Knowledge တွေ Skill တွေကို အမြဲ တိုးတက်စေအောင် ကြံဆောင်နိုင်ပါတယ်။ အားမရတာလေးတစ်ခုက ဝန်ထမ်း Turnover Rate တွေများနေတာပဲ။ Turnover Rate အရမ်းများတာ သိပ်ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ ဒါကလဲ အများစုဖြစ်နေကြအတိုင်း ဝန်ထမ်းတော်တော်များများ အထက်လူကြီးနဲ့ အဆင်မပြေလို့ ထွက်ကြတာများတယ်။ အများစုက ကုမ္ပဏီကို ကျောခိုင်းခြင်းမဟုတ် အထက်လူကြီးကို ကျောခိုင်းကြခြင်းတွေသာ။ ပြီးတော့ လစာပိုကောင်းလို့ ထွက်သွားတာများတယ်။ တခြားသော အကြောင်းအရာ သိပ်ကိုနည်းပါတယ်။ ထွက်သွားတဲ့ ဝန်ထမ်းတွေထဲမှာ တကယ့် Skill Labor တွေပါရင်တော့ ကုမ္ပဏီအတွက် အကြီးအကျယ်ဆုံးရှုံးမှုကြီးတစ်ခုပါ။ စာရေးသူ ယခုလက်ရှိလုပ်နေတဲ့ ကုမ္ပဏီကို စာရေးသူချစ်ပါတယ်။ ဘာ့ကြောင့်ချစ်တာလဲဆိုတော့ လစာတွေအများကြီး ပေးထားလို့လဲ မဟုတ်ဘူး။ တခြားခံစားခွင့်တွေအများကြီး ရနေလို့လဲ မဟုတ်ဘူး။ တစ်ခုပဲ စာရေးသူရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ ဘလော်ဂါဆိုတဲ့ အိပ်မက်ကို မက်ခွင့်ရအောင် အင်တာနက်သုံးခွင့်ရနေတာကြောင့်ပဲ။
          Training စစခြင်းမှာ ဒီ Workshop ကနေ ဘာတွေ မျှော်လင့်ထားသလဲဆိုတာရယ် ကိုယ့်မှာ ရှိတဲ့ ကိုယ်တန်ဖိုးထားတဲ့ အပြုသဘောဆောင်တဲ့ အရည်အချင်းတစ်ခုကို စာရွက်ပေါ်မှာ ရေးပေးရတယ်။ တစ်ယောက်ရေးတာ တစ်ယောက်ကြည့်ခွင့်မရှိဘူး။ ပြီးတော့ Trainer တွေက စာရွက်တွေသိမ်းပြီး သင်တန်းသားတွေ ရေးထားကြတဲ့ အရည်အချင်းတစ်ခုရွတ်ပြတယ်။ ဘယ်သူဖြစ်နိုင်လဲလို့မှန်းဆရတယ်။ ဥပမာ- ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပါ။ လို့ ရွတ်ပြလိုက်ရင် ဘယ်သူဖြစ်နိုင်လဲ မှန်းရတယ်။ မှန်အောင် မှန်းနိုင်ရင် စတစ်ကာတစ်ခုရတယ်။ စာရေးသူကတော့ စစခြင်းမှာ စတစ်ကာ သုံးခုရခဲ့တယ်။ ကြက်ကန်းဆန်အိုးတိုးသွားတာပါ။
          Training မှာ Group လေးတွေ ခွဲပေးတယ်။ သုံးယောက်အုပ်စု သုံးဖွဲ့ပေါ့ ။ ပြီးရင် Group ကို နာမည်ရွေးရတယ်။ Group မှာ သံပြိုင်ရွတ်မယ့် စာသားရွေးရတယ်။ စာရေးသူတို့ Group နာမည်ကိုတော့ စာရေးသူပဲ ဦးဆောင်ပြီး First Step ဆိုတဲ့ နာမည်လေးပေးဖြစ်တယ်။ ပထမဆုံးခြေလှမ်းပေါ့။ ဘယ်အရာပဲလုပ်လုပ် ပထမဆုံးခြေလှမ်းကသာ အရေးကြီးတာပါ။ ပထမဆုံးလှမ်းပြီးသွားပြီဆိုရင် နောက်ဆက်လျှောက်ရမယ့် လမ်းတွေက သိပ်မခက်ခဲတော့ဘူးလေ။ နောက်ပြီး သံပြိုင်ရွတ်မယ့်စာသားကလဲ Group လိုက် တိုင်ပင်ပြီး “ဘယ်တော့မှ အရှုံးမပေးဘူး” ဆိုတဲ့ စာသားရွေးလိုက်ကြတယ်။ Training တစ်လျှောက်လုံးမှာ Trainer တွေက Group နာမည်အော်လိုက်တာနဲ့ ကိုယ်ရွေးထားတဲ့စာသားကို သံပြိုင်ညီအောင် ရွတ်ရတယ်။
          PE Training က အလုပ်နဲ့ဆိုင်တာမဟုတ်ဘဲ ဘဝနဲ့ဆိုင်တာပါ။  ကိုယ်နေ့စဉ်ဖြတ်သန်းရတဲ့ ဘဝအပေါ် ကျေနပ်အောင် ပြီးတော့ ကိုယ့်ကိုယ်ကို အကောင်းဆုံးနေတတ်အောင် သတိထားမိစေတဲ့ သင်တန်းတစ်ခုပါ။
An Excellent life is a journey not a destination!
ဆိုတဲ့ စာသားလေးနဲ့ ရင်ခုန်အောင် စဖွင့်လိုက်တယ်။ ပြီးတော့ ကိုယ်နေ့စဉ်ဖြတ်သန်းနေတဲ့ ဘဝမှာ ဟန်ချက်ညီရဲ့လားဆိုတာ သိရအောင် အပိုင်း(၆) ပိုင်းနဲ့ ကိုယ်ဘယ်အပိုင်းမှာ အားနည်းနေတယ်သိရအောင် ပုံဆွဲရပါတယ်။ အပိုင်း(၆)ပိုင်းကတော့ ၁) Social ၂) Spiritual ၃) Family ၄) Financial ၅) Physical ၆) Mental ပါ။



           အပိုင်း(၆) ပိုင်းကို ပုံဆွဲဆက်ကြည့်တော့ စာရေးသူအတွက် အကောင်းဆုံးအနေအထားတော့ မဟုတ်ပေမယ့် အရမ်းချို့ယွင်းနေတဲ့ အချက်မရှိပါဘူး။ Social ပိုင်းမှာသာ နည်းနည်းအားနည်းတယ်လို့ ထင်မိတာ။ ဒါကလဲ အလုပ်ထဲက ဆက်ဆံရေးကိုသာ ဆိုချင်တာပါ။  စာရေးသူက ဘော်ဒါကဏ္ဍနဲ့ ပတ်သက်ရင်တော့ လူချစ်လူခင်များတဲ့ဘွဲ့ကို ပိုင်ဆိုင်ထားပေမယ့် အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တချို့တလေနဲ့တော့ သိပ်အဆင်ပြေလှတယ်မဟုတ်ဘူး။ အလုပ်ထဲဆိုတဲ့နေရာမှာလဲ Account Dept နဲ့တော့ ဆက်ဆံရေးပြေပြစ်လှပေမယ့် မုံရွာရုံးက လုပ်ဖော်ကိုင်ဖက်မမတချို့ရဲ့ အတင်းအဖျင်းမှာ အဓိက ဇာတ်ဆောင်နေရာက ကပြအသုံးတော်ခံနေကြမို့ပါ။ မိန်းကလေးတော်တော်များများရဲ့ စရိုက်တွေက အုပ်စုဖွဲ့တတ်ပြီး ကိုယ်မကြည်တဲ့သူကို ဘေးရောက်အောင် လုပ်တတ်တဲ့အကျင့် ရှိတတ်ကြပါတယ်။ ဒီလိုနဲ့ စာရေးသူလဲ နေရင်းထိုင်ရင်း ဘေးရောက်သွားပြီး တစ်ကိုယ်တော်သိုင်းသမားဘွဲ့ ခံယူခဲ့မိတာ။ ထားပါတော့လေ Training အကြောင်းကနေ ဘယ်ရောက်သွားမှန်းမသိဘူး။ စကားမစပ် Social ဆိုလို့ စာရေးသူရဲ့ အကျင့်တစ်ခုပြောပြရဦးမယ်။ စာရေးသူဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ရင် ခဲမှန်ဖူးတဲ့ စာသူငယ်ပါ။ ကျောင်းတက်စဉ်ကတည်းက တချို့သောသူငယ်ချင်းတွေရဲ့ ပြိုင်ဆိုင်ခြင်းခံရတယ်။ နောက်ကျောဓားနဲ့ ထိုးခံရဖူးတယ်။ အဲဒီကတည်းက လူက သတိအနေအထားနဲ့ နေတတ်သွားတာလားမသိဘူး။ အပေါင်းအသင်းတွေအများကြီး မထားချင်တော့ဘူး။ စိတ်ဓာတ်ကောင်းတဲ့သူတွေကိုသာ Selection ရွေးပေါင်းခဲ့တာ လေးငါးနှစ်တောင် ရှိရော့မယ်။ တကယ်တော့  ခဲမှန်ဖူးလို့ပါ။ တစ်ခါသေဖူးတော့ ပျဉ်ဖိုးလဲနားလည်သွားတာပါ။ ကြီးကျယ်တာလဲ မဟုတ်ရပါ။ လုပ်ငန်းခွင်ထဲမှာ သူငယ်ချင်းလိုပေါင်းတဲ့သူတွေရှိတယ်။ အလုပ်သဘောအရဆက်ဆံရတဲ့သူတွေ ရှိတယ်။ စာရေးသူက ဆက်ဆံရေးတစ်ခုမှာ တချိန်လုံး အမှတ်တွေပေးနေတာပါ။ ဒါဘယ်သူမှမသိသေးတဲ့အချက်ပါ။ ငါ လက်မလွှတ်ချင်လောက်အောင် ကောင်းမယ့်သူက ဘယ်သူလဲ။ ငါ ကျောခိုင်းရမယ့်သူက ဘယ်သူလဲ။ ဘယ်သူက ငါ့အပေါ်တကယ်ကောင်းတာလဲ။ ဘယ်သူက ငါ့အပေါ် ကောင်းဟန်ဆောင်နေလဲဆိုတာ အမြဲသုံးသပ်နေတဲ့သူပါ။ စာရေးသူ ကြွားစရာတစ်ခုရှိသေးတယ်။ စာရေးသူရင်ထဲမှာ အမြဲအမှတ်ရနေမယ့် အရာတစ်ခုပါ။ စာရေးသူတို့သူငယ်ချင်းတစ်တွေ အပတ်စဉ် မုန့်စုစားကြတယ်။ တစ်ပတ်ကို မအားလပ်တဲ့ကြားက သုံးနာရီလောက်တွေ့ဖြစ်ကြတယ်။ ဒါဟာ အပင်ရေလောင်းနည်းတစ်မျိုးပါ။ သူငယ်ချင်းချင်းဆက်ဆံရေးတစ်ခုကို ရေလောင်းပေါင်းသင်တာပါ။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်ထဲက ဖဲ့တွေ့ရတဲ့သူဆိုတော့ တကယ်ကို တန်ဖိုးထားလို့ပါ။ စာရေးသူနဲ့ သူငယ်ချင်းတစ်ယောက်က မုန့်သွားဝယ်ပေးရတဲ့ တာဝန်ကို အမြဲတမ်း ယူရတယ်။ တစ်ရက် စာရေးသူတို့နှစ်ယောက်မုန့်ဝယ်သွားကြတယ်။ စာရေးသူ သူငယ်ချင်းက မုန့်ဝယ်သွားတိုင်း ဆိုင်ကယ်အမြဲမောင်းပြီး စာရေးသူကတော့ နောက်ကထိုင်လိုက်သူပေါ့။ စာရေးသူ မုန့်ဆင်းဝယ်နေတုန်း သူက ဆိုင်ကယ်ပေါ်ထိုင်စောင့်နေခဲ့တာပါ။ စာရေးသူ မုန့်ဆိုင်ကထွက်လာတော့ သူက သူလွယ်ထားတဲ့ လွယ်အိတ်ကြီးနဲ့ စာရေးသူထိုင်တဲ့ဆိုင်ကယ်နောက်ခုံကို အုပ်ပေးထားတယ်။ “ဟိတ် နင်ဘာလုပ်နေတာလဲ။” လို့ စာရေးသူ မေးလိုက်တော့ သူ ပြန်ဖြေလိုက်တဲ့ အဖြေကြားကြားချင်း ကြက်သီးတောင် ထသွားတယ်။ “နင်ထိုင်တဲ့အခါ ထိုင်ခုံပူနေမှာစိုးလို့။” တဲ့။ သူ စကားတစ်ခုက နှလုံးသားတစ်ခုလုံးကို ဖြစ်ညှစ်ဆွဲကိုင်ထားသလိုပဲ။ သူကတော့ ကြည်စုငယ်ပါ။ သူငယ်ချင်းရေ နင့်ရဲ့ သေးသေးမွှားမွှား အပြုအမူလေးက ငါပေးတဲ့အမှတ်တွေကို သိမ်းကြုံးယူသွားပါရော့လားလို့ ခုထိ မပြောရသေးဘူး။      နောက်တစ်ယောက်ရှိသေးတယ်။ သူကတော့ ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက် ညီမလေးပေါ့။ မိတ္ထီလာရုံးကပါ။  တစ်နှစ်က စာရေးသူတို့ မုံရွာရုံးက HO ကို Presentation သွားရတယ်။ ရုံးက မန်နေဂျာရယ် အစ်မတစ်ယောက်ရယ် ရန်ကုန်ကို သွားကြတယ်။ Presentation မှာ အဆင်မပြေလို့ စာရေးသူကို ရန်ကုန်လိုက်လာဖို့ ခေါ်တယ်။ စာရေးသူချက်ချင်း လိုက်သွားရတယ်။ ရန်ကုန်ရောက်တော့ တည်းစရာ စီစဉ်မပေးထားလို့ စာရေးသူက ရုံးချုပ်မှာ ပိတ်ရက်ကြီး ငုတ်တုတ်ထိုင်စောင့်နေရတယ်။ စာရေးသူတို့ ရုံးက လုပ်ဖော်ကိုင်ဖက်နှစ်ယောက်လုံးက အဆင်ပြေလား ဖုန်းတစ်ချက်လှမ်းဆက်မမေးကြဘူး။ အဲဒီအချိန် မိတ္ထီလာရုံးက ညီမလေးက သူတည်းတဲ့ မှော်ဘီကနေပြီး လှိုင်သာယာအထိ လိုက်လာပြီး စာရေးသူအဖော်ရအောင် တည်းခိုခန်းမှာ တူတူလိုက်တည်းပေးခဲ့တယ်။ အဲဒီအပြုအမူလေးအတွက်လဲ စာရေးသူ ရင်ထဲအမြဲအမှတ်ရနေမှာပါ။ သူကတော့ စိုးစိုးအောင်ပါ။ စာရေးသူရဲ့ ရဲဘော်ရဲဘက်ဘော်ဒါကြီးပေါ့။ စာရေးသူမှာ ရဲဘော်ရဲဘက်ဘော်ဒါတွေပဲများတယ်။ ဟန်ဆောင်ပေါင်းတဲ့သူမျိုးဆို စောစောစီးစီး ဘိုင့်ဘိုင်လုပ်တယ်။ ပေါင်းသင်းဆက်ဆံရေးတစ်ခုမှာ စာရေးသူ အမုန်းဆုံးက ဟန်ဆောင်ပေါင်းတာပဲ။ ရှေ့တမျိုး ကွယ်ရာတမျိုးလုပ်တဲ့သူမျိုးဆို အမုန်းပဲ။ ရှေ့မှာ ကောင်းယောင်ဆောင်ပြီး နောက်ကွယ်မှာ အတင်းအဖျင်းပြောတတ်တဲ့သူမျိုး ဘော်ဒါစာရင်းထဲ မထည့်ဘူး။ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်အဆင့်မဟုတ်ဘဲ ဘော်ဒါပေါင်းပေါင်းတဲ့သူတွေကတော့ ထုံးစံအတိုင်း ဇာတ်လိုက်ကျော် Account Dept က လူအများစုပေါ့။
          ကဲကဲ စာရေးသူ ဝေဖန်ခံရတဲ့အချက်နှစ်ချက် ရှိတယ်။ နှစ်ခုစလုံးက ဆန့်ကျင်ဘက်တွေဆိုတော့ စာရေးသူ ကိုယ့်ကိုယ်ကို အကဲဖြတ်ရမှာ စိုးရွံ့နေမိတယ်။ စာရေးသူရဲ့ ဘော်ဒါတစ်ယောက်ကတော့ စာရေးသူကို အားကျတဲ့လေသံနဲ့ လူချစ်လူခင်များတဲ့သူတဲ့။ အဲ မန်နေဂျာကတော့ “ ခင်ဗျား ဆက်ဆံရေးညံ့လွန်းတယ်။” တဲ့။ ခက်ပြီ ခက်ပြီ။ ဘယ်လို လုပ်ရမလဲ။ စာဖတ်သူများလဲ ဝင်ဝေဖန်သွားကြပါဦး။

ရိုးမြေကျ(မုံရွာ)
(13.10.2013, 10:15PM)

Friday, September 6, 2013

ရင်ဖွင့်ခန်း




        အဆောက်အဦးရဲ့ အကျယ်က ၁၅ပေပတ်လည်လောက်သာ ရှိမည်။ ဒီနေရာသည် “ရင်ဖွင့်ခန်း” ဟု သူတို့မြို့တွင် ကျော်ကြားသော နေရာတစ်ခုဖြစ်သည်။ လူငယ်အများစု နှလုံးသားရေးရာနှင့် ပတ်သက်လျှင် ဤနေရာသို့ မရောက်ဖူးသူ အလွန်ရှားပေသည်။ ယခုသူသည်လဲ ဤနေရာလေးသို့ နှလုံးသားရေးရာ ကိစ္စတစ်ခုနှင့်ရောက်လာခဲ့ခြင်းဖြစ်သည်။ ဤနေရာ၏ ဝင်ကြေးသည် အကြောင်းအရာခိုင်လုံပါက ကင်းလွတ်ခွင့်ရှိပေသည်။ ဝင်ကြေးကို နှလုံးသားရေးရာ စုံစုံလင်လင် ရင်ဖွင့်ပြီး ပေါ့ပါးသွားပြီဆိုမှ ပေးရခြင်းဖြစ်သည်။
          အခန်းထဲ ဝင်ဝင်ခြင်း အရင်ဆုံးသတိထားမိသည်က တယောသံ ငြိမ့်ငြိမ့်ဖွင့်ထားခြင်းဖြစ်သည်။ ဘေးဘီဝဲရာ ကြည့်လိုက်တော့ သက်တောင့်သက်သာ ထိုင်နိုင်ရန် ဆိုဖာနှစ်လုံးသာရှိသည်။ အခန်းထဲတွင် သူမှ လွဲလျှင် မည့်သည့်လူတစ်ယောက်၏ အရိပ်အယောင်မှမရှိ။ “မင်္ဂလာပါ။” ဟူသော အသံတစ်သံထွက်လာသည်။ လူကြီးပိုင်းအရွယ် အသံဟု ခန့်မှန်းသိရှိနိုင်သည်။ အခန်းတွင်း အသံဖမ်းစနစ် အသံထုတ်လွှင့်စနစ် ကောင်းလွန်းလှသည်ဟု သူထင်သည်။ ကြည်လင်ပြတ်သားသော အသံကို ကြားလိုက်ရ၍ဖြစ်သည်။ ထိုသူ ။ သူရင်ဖွင့်သမျှကို ဒိုင်ခံနားထောင်မည့်သူ မည်သည့်နေရာတွင် ရှိနေသည်ကို သူမခန့်မှန်းနိုင်။ “ဟုတ်ကဲ့ မင်္ဂလာပါ။” ဟု သူ့တုန့်ပြန်စကားကိုလဲ ထိုသူ ကောင်းကောင်းကြားနိုင်ပေလိမ့်မည်။ ထိုသူအိုင်ဒီယာက သိပ်ကဗျာဆန်လွန်းပါလားဟု စိတ်ထဲက ကြိတ်ချီးကျူးမိသွားသည်။ ထို့နောက်
          အသံရှင်က “မင်းအကြောင်းတွေ စပြောလို့ရပြီ။”
          သူ ဆိုဖာတစ်လုံးပေါ် ခြေပစ်လက်ပစ် ထိုင်ချရင်း ခံစားမှုအကြောင်းကို အစပျိုးလိုက်သည်။
          “ခင်ဗျားသာဆို ကိုယ်ချစ်တဲ့သူတစ်ယောက်က ကိုယ့်ကို မမြင်ချင်။ ကိုယ်ပို့သမျှ မက်ဆေ့ချ်တွေကို မကြည့်ချင် ဖြစ်နေရင် ကိုယ့်ကို ဘယ်တော့မှ ပြန်ချစ်မှာ မဟုတ်ဘူးလို့ ယတိပြတ်ပြောထားရင် ဘာဆက်လုပ်မလဲ။”
          သူ ရင်ဖွင့်စကားက မေးခွန်းတစ်ခုနှင့် အစပြုလိုက်သည်။ အသံရှင်ဆီက အဖြေစကားမဟုတ်သော ရင်ဖွင့်သံ ပြန်ထွက်လာသည်။
          “အင်း ငါလဲမင်းမေးခွန်းအတွက် အဖြေမရှိသေးဘူး။ ငါ့တုန်းက ငါချစ်တဲ့သူကို စာပို့ခွင့် ချစ်ကြောင်းကြိုက်ကြောင်းလေး ပြောခွင့်ရှိခဲ့တယ်။ သူ့ဆီကို ဘယ်တော့မှ စာမပို့နဲ့ဆိုတဲ့ ပိတ်ပင်တားဆီးမှုမျိုးမရှိခဲ့သလို သူက ငါ့ကို ချစ်တဲ့ အရိပ်အယောင်လဲ မပြခဲ့ဘူး။ သူ့ဆီက ပြန်စာလဲ ဘယ်တုန်းကမှ မရခဲ့ဘူး။အနည်းဆုံးတော့ သူ ငါ့ကို ဘယ်လိုမှ ပြန်မချစ်နိုင်ပေမယ့် သူ ငါ့အချစ်ကိုတော့ စိတ်ကြိုက်လွတ်လပ်ခွင့်ပေးခဲ့တယ်။ ငါ မင်းထက် ကံကောင်းတယ်ပြောရမယ်။ ကိုယ့်အချစ်ဟာ တစ်ဖက်သားအပေါ် စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုး သူ ငါ့ကို မပေးခဲ့ဘူး။”
          သူဆက်ပြီး ရင်ဖွင့်မိသည်။
          “ ကျွန်တော် ဘယ်တော့မှ ဖမ်းဆုပ်နိုင်မှာ မဟုတ်တဲ့ ကြယ်တစ်လုံးကို မျှော်လင့်နေရသလိုပဲ။ တခါတလေ အဲဒီကြယ်လေးဟာ အနားနား ရောက်လာလိုက်။ တခါတလေ ဟိုးအဝေးဆုံးကို လွင့်ပျံလိုက်နဲ့။ ဒါပေမယ့် ကြယ်လေးကို ကြွေလွင့်သွားစေချင်တဲ့ စိတ်တော့ကျွန်တော့်မှာ မရှိဘူး။ ငေးကြည့်ချင်တဲ့စိတ်လေးတော့ ကျွန်တော့်မှာ ရှိတယ်။ ကျွန်တော် ရှေ့ဆက်လျှောက်ရမယ့် ခရီးကြမ်းတွေအတွက် ကျွန်တော် ကြယ်လေးကို ကြည့်ပြီး အားယူချင်တယ်။ တခါတရံ ချစ်မိတဲ့အကြောင်းလေးတွေ မက်ဆေ့ချ်ပို့ပြီး ရင်ဖွင့်ချင်တယ်။ ချစ်တဲ့အကြောင်း သိုဝှက်ထားဖို့ ကျွန်တော့်မှာ စိတ်ကူးမရှိဘူး။ လူ့ဘ၀ တစ်ခဏနေထိုင်ရတုန်းလေးမှာ ကိုယ်ချစ်တဲ့သူကို တိတ်တခိုးချစ်နေရတာမျိုး ကျွန်တော်မလိုလားဘူး။ ဒါပေမယ့် ဒါပေမယ့် ကျွန်တော့် ပွင့်လင်းတဲ့ အချစ်တစ်ခုဟာ ကြယ်လေးအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်တဲ့။ ကျွန်တော့် အပြုအမူတိုင်းဟာ ကြယ်လေးကို စိတ်ပင်ပန်းစေခဲ့တယ်။”
          သူ့အသံတိမ်ဝင်သွားသည်။
          “ ကျွန်တော် ဘာမှ မမျှော်လင့်ရဲပါဘူး။ ဒီအတိုင်း ငေးကြည့်နေခွင့်လေးပါပဲ။ တခါတရံ ပြန်အချစ်ခံရဖို့ မပြောနဲ့ ကိုယ့်ဘက်က ချစ်နေခွင့်လေးတောင် မရတဲ့ အခြေအနေမျိုး။ ဒီအခြေအနေဟာ ဘယ်လောက်ဆိုးဝါးတဲ့ အဖြစ်လဲ။”
          အသံရှင်ဆီက လေးနက်တဲ့ အသံဝင်လာသည်။
          “ မင်းမှာ ဆက်ချစ်ခွင့် မရှိတာ မဟုတ်ပါဘူး။ မင်း ကြယ်လေးကို ဆက်ချစ်ခွင့်ရှိတယ်။ မင်း ဆက်ချစ်တယ်ဆိုတာ သူ မသိရုံပဲ ရှိမယ်။ သူမကြိုက်တဲ့ အပြုအမူတွေ မင်းမလုပ်ဘဲ သူ့ဘေးနား မင်း အရိပ်အယောင်ဖျောက်ထားလိုက်။ သူရော သူ့အပေါင်းအသင်းတွေပါ မင်းအကြောင်းမေ့သွားလောက်တဲ့အထိ မင်း ပျောက်နေလိုက်။ ဒါပေမယ့် သူ့ကို  မင်း နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း ဆက်ချစ်ပါ။ မင်း ရှင်သန်ရမယ့် နေ့ရက်တိုင်း သူ မင်းအနားရှိနေတယ်လို့ စိတ်ကူးယဉ်ပါ။ ဒါနဲ့ မင်းမှာ သူ့ဓာတ်ပုံရှိတယ်မလား။ သူ့ ဓာတ်ပုံကြည့်ပြီး မင်းရင်ထဲက စကားတွေ ရင်ဖွင့်လို့ရတယ်။ လူအရှင်လတ်လတ်ကြီးကို မင်း ရင်ဖွင့်နေတာ မဟုတ်ပေမယ့် သူ မင်းရင်ဖွင့်သမျှကို ကြားရလိမ့်မယ်။ မင်း ဆဌမအာရုံကို ယုံကြည်လား။ လောကမှာ မမြင်ရတဲ့ အင်အားတွေ ရှိတယ် ကလေး။”
          သူ ဖြစ်လိုရာရာတွေ ဟိုရောက်ဒီရောက် ဆက်ပြောမိသည်။
          “ ကျွန်တော် ကြယ်လေး နဲ့ ခရီးတူတူသွားဖူးချင်တယ်။ အဆင့်တွေ သိပ်တက်လွန်းအားကြီးသွားမလား မသိပေမယ့် ကြယ်လေးနဲ့ ခရီးတူတူ သွားဖူးချင်တယ်။ တခါတခါ ရေခဲမုန့် သိပ်ကြိုက်တဲ့ ကြယ်လေးနဲ့ icecream bar ကို တူတူသွားပြီး ရေခဲမုန့်အဝစားချင်တယ်။ icecream bar ကျွန်တော် တခါမှ မရောက်ဘူးသေးဘူးဗျ။ ပြီးတော့ ကြယ်လေးနဲ့ candle light dinner လဲ ခဏခဏ စားချင်တယ်။ ပြီးတော့ ပြီးတော့လေ ကျွန်တော့် မွေးနေ့ကို တခါမှ သတိတရ မရှိဘူးတဲ့ ကြယ်လေးရဲ့ နှလုံးသားထဲမှာ ကျွန်တော့် မွေးနေ့လေးကို အမြဲအမှတ်ရနေအောင် သံမှိုရိုက်ထားချင်တယ်။ ကျွန်တော် မွေးနေ့လက်ဆောင် လိုချင်လို့ မဟုတ်ပါဘူး။ ဒီအတိုင်း Birthday Wish လေးဆိုလဲ အတိုင်းထက်အလွန် ပီတိဖြစ်မိမှာ။ ကျွန်တော် သိပ်ကို စိတ်ကူးယဉ်သွားသလား။ ကျွန်တော် ရူးများ ရူးနေပြီလားမသိဘူး။ ကြယ်လေးနဲ့ အပေါင်းအသင်းတွေကြားရင် အော်ဟစ်ရယ်ချင်ရယ်နေမှာ။ ကျွန်တော့် အပြုအမူတိုင်းဟာ ကြယ်လေးတို့အမြင်မှာ ရယ်စရာအမြဲဖြစ်နေတယ်။ တခါတခါ ကျွန်တော်ရင်ဖွင့်သမျှ ကြယ်လေးနားထောင်ပြီး ကြယ်လေးရဲ့ နာကျင်မှုတိုင်းအတွက်လဲ ကျွန်တော့်ပခုံးအမြဲ အသင့်ရှိချင်တယ်။ ကျွန်တော်ဟာ လက်တွေ့ ဘဝမှာ မရှင်သန်ဘဲ စိတ်ကူးယဉ်ဘဝမှာပဲ အမြဲကျက်စားနေတဲ့သူမျိုးဖြစ်ပြီထင်တယ်။”
          ပြောရင်း ပြောရင်း သူမောဟိုက်လာသည်။ ရင်ထဲက နာကျင်မှုက မခန့်မှန်းနိုင်။
          အသံရှင်လူကြီးဆီက အမေးစကားတစ်ခုထွက်လာသည်။
          “အချစ်ဆိုတာ ဘာလဲ ကလေး။”
          “ အချစ်ဆိုတာ ဘာမှန်းမသိပါဘူး။ ကြယ်လေးက အမြင့်နေရာမှာ ရောက်နေလို့ ချစ်နေတာလဲ မဟုတ်ဘူး။ တန်ပြန်မျှော်လင့်မှုတွေ ရချင်လို့လဲ မဟုတ်ဘူး။ အဲ မမျှော်လင့်ဘူးလို့ ပြောလိုက်ရင် ကျွန်တော် မရိုးသားဘဲ နေတော့မယ်။ ကြယ်လေးဆီက ကျွန်တော် အတူတူရှိနေခွင့်လေး မျှော်လင့်ဖူးတယ်။ ကြယ်လေးရဲ့ အပြုံးတွေ မျှော်လင့်ဖူးတယ်။ ကြယ်လေးရဲ့ စိတ်ရှည်လက်ရှည်အသံလေး အမြဲကြားချင်တယ်။ တခါတခါ ကြယ်လေးဆီက မက်ဆေ့ချ် စ ပို့တာမျိုး လိုချင်တယ်။”
          သူ့ အဖြေက မပြည့်စုံ၍ ထင်သည်။ အသံရှင်ဆီက ခိုင်မာတဲ့ စကားသံထွက်လာသည်။
          “ အချစ်ရဲ့ အဆုံးသတ်ဟာ လက်ထပ်ခြင်းမဟုတ်ဘူး။ အတူတူနေခြင်း မဟုတ်ဘူး ကလေး။ မင်း ချစ်တဲ့သူဟာ မင်း လက်ထပ်လို့ ရတဲ့သူ ဖြစ်ချင်မှ ဖြစ်မယ်။ မင်း လက်ထပ်လို့ မရပေမယ့် သူ့ကို မင်း နှလုံးသားထဲ ထည့်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားလို့ ရတယ်။ ဒီလို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခြင်းဟာ သူ့အပေါ် မင်းအချစ်တွေ လျော့နည်းသွားပါပြီလို့ သက်သေပြနေတာ မဟုတ်ဘူး။မင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခြင်းဟာ မင်းကို မင်း တန်ဖိုးထားခြင်းပဲ။ မင်းကိုယ်မင်းတန်ဖိုးထားလိုက်ခြင်းဟာ မင်းချစ်တဲ့သူအပေါ် တန်ဖိုးထားလိုက်တာနဲ့ တူတူပါပဲ။ လူတစ်ယောက်ကို ချစ်တာတို့ လွမ်းတာတို့ကို ပြချင်ရင် တမှိုင်မှိုင်တတွေတွေနဲ့ ပူဆွေးပြနေခြင်းမှ အချစ်တွေ အလွမ်းတွေမဟုတ်ဘူးကလေး။ ဖြတ်သန်းရမယ့် နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ ရင်ဆိုင်နေခြင်းဟာ အချစ်အပေါ် လေးစားဦးညွှတ်ခြင်းပါပဲ။ မင်း ချစ်တဲ့သူ က မင်းကို မမြင်ချင်တဲ့အခါ သူရှိတဲ့ ဝန်းကျင်မှာ မင်းရှောင်နေပေးလိုက်ပါ။ မင်းချစ်တဲ့သူ စိတ်ချမ်းသာခြင်းဟာ မင်းရဲ့ စိတ်ချမ်းသာခြင်းပါပဲ။ မင်း သူ့ကို ပြင်းပြင်းရှရှ သတိရလွမ်းဆွတ်လာတဲ့အခါ သူ့ဓာတ်ပုံကို ကြည့်ပြီး ရင်ဖွင့်ပါ။ ဖြတ်ကျော်ရခက်တဲ့နေ့ရက်တွေ ရင်ဆိုင်တွေ့ရတဲ့အခါ ငါးစက္ကန့်လောက် မျက်လုံးမှိတ်ပြီး သူ မင်းအနား ရှိနေသယောင် ခံစားကြည့်လိုက်ပါ။ အရာရာကို မင်း ဖြတ်ကျော်သွားနိုင်လိမ့်မယ်။ သူ ဒါတွေကို သိချင်မှ သိမယ်။ ခံစားမိချင်မှ ခံစားမိမယ်။ အရေးမကြီးပါဘူး။ အချစ်ဆိုတာ candle light dinner တူတူစားဖူးမှ အချစ်မဟုတ်ဘူး။ ခရီးအတူတူသွားဖူးမှ အချစ်မဟုတ်ဘူး။ သူ့ရဲ့ ဖြစ်တည်မှုကို လေးစားပြီး ကိုယ့်ရဲ့ ရပ်တည်မှုကို တန်ဖိုးထားခြင်းဟာ အချစ်ပဲ။ နားလည်လား ကလေး။”
          ရှင်းလင်းပြတ်သားသော အကြံပေးမှုသည် သူ့နှလုံးသားကို လင်းချင်းသွားစေသည်။
          “ဟုတ်ကဲ့ အန်ကယ်။ ဒီရင်ဖွင့်ခန်းလေးအတွက် ဝင်ကြေးဘယ်လောက်ပေးရမလဲ။”
          “မင်း အချစ်တွေကောင်းကောင်းခံစားမိတဲ့အခါ ဒီရင်ဖွင့်ခန်းလေးကို ပြန်လာခဲ့ပါ။ မင်း ဘာတွေ ဆက်ဖြစ်ခဲ့တယ်ဆိုတာ ဒီမှာ ပြန်လာပြောပြပါ။ အဲဒီအခါကျမှ ဝင်ကြေးကို ပေးပါ။ မပေးရသေးလို့ဆိုပြီး အကြွေးသဘောမျိုး မမှတ်ထားလိုက်နဲ့။ မင်းပြန်မလာဖြစ်ရင်လဲ ပေးစရာမလိုပါဘူး ကလေး။”
          ဒီရင်ဖွင့်ခန်းလေးထဲက တယောသံသည် တိုးတိတ်စွာကျန်ရစ်သည်။ သူ့ နှလုံးသားသည် လွတ်လပ်ပေါ့ပါးနေသည်။ နာကျင်နေခြင်းလဲ မရှိ။ မျှော်လင့်ချက်တွေနှင့် လေးပင်နေခြင်းမျိုးလဲ မရှိ။ သူမ မမြင်နိုင်သော နေရာလေးတွင် သူမ မသိနိုင်သော အချစ်များဖြင့် သူ့နှလုံးသား ဆက်ခုန်နေဦးမည်။ သူမ မမြင်ချင် မကြားချင်သော သူ့အကြောင်း သူ့ပုံရိပ်များကို လျှို့ဝှက်သိမ်းဆည်းရင်း သူ့နှလုံးသား ဆက်ခုန်နေဦးမည်။ သူမနှလုံးသားကတော့ သူ့နှလုံးသားလို ခုန်ချင်မှ ခုန်လာမည်။ ဒါပေမယ့် သူ့နှလုံးသားကတော့ စည်းချက်ညီစွာ ဆက်ခုန်နေဦးမည်။ ဒါသည်ပင် အချစ်မဟုတ်ပါလား။

ရိုးမြေကျ
(7.9.2013;9:25PM)