Wednesday, December 25, 2013

ချောကလက်ခြွေတဲ့ မနက်ခင်းအလွမ်း









         ~~~~ မနက်ခင်းတိုင်းမှာ တွေ့ချင်နေတုန်းပဲ ~~~~       
          ~~~~ ညတိုင်း မင်းနဲ့ ဖုန်းတွေ အတူပြောမယ် ~~~~    
          ~~~~ အိပ်မက်ထဲက ချစ်သူဘဝရယ် ~~~~
          ~~~~ ဘယ်တော့မှ ငါ့ကို နင်လေ စွန့်ကြဲမလဲ ~~~~
          ခုရက်ပိုင်း တမင်သတ်သတ် ရွေးနားထောင်ဖြစ်သည့် သီချင်းတစ်ပုဒ်သာ။ စာသားတိုင်းဟာ လက်ရှိ သူ့ခံစားချက်များကို အပီအပြင်ပုံဖော်နိုင်စွမ်းရှိနေသည်။ ခုတော့လဲ သူ့ မနက်ခင်းတွေ အထူးသဖြင့် သူ့အလုပ်ချိန်တွေဟာ အရင်အတိုင်း တိတ်ဆိတ်ငြိမ်သက်လျှက်သာ။
          ရက်သတ္တပတ်နှစ်ပတ်ကျော်ကျော် မနက်ခင်းတိုင်းမှာ သူမအလုပ်ချိန်တွေမှာ သူက သူမရဲ့ တစိတ်တပိုင်းလေး ခဏတာ ဖြစ်ခွင့်ရခဲ့သည်။ ထိုမနက်ခင်းတွေဟာ သူ့အတွက် ချိုမြိန်လွန်းလှသည်။ ဒါတွေကို သူ ရှင်းပြဖို့မလိုလောက်အောင် သူ့အချစ်တွေနှင့် သူမအပေါ် တာဝန်ကျေခဲ့ပါသည်။ သူ့ဂရုစိုက်မှုတွေနှင့် သူမအပေါ် နွေးထွေးခဲ့သည်။ အားလုံးရဲ့ မျက်လုံးတွေ ဘယ်လိုပဲ အဓိပ္ပာယ်ဖွင့်ကြပါစေ၊ အားလုံးရဲ့ စကားသံတွေ ဘယ်လိုပဲ ကွဲလွဲနေပါစေ သူဟာ သူမအတွက် အချစ်တစ်ခုအတွက် သူ့ရဲ့ အတ္တကိုလဲ စွန့်လွှတ်ခဲ့ပါသည်။ သူမအတွက် သူ့ရဲ့ မာနကိုလဲ ဖုန်းဖိထားခဲ့ပါသည်။ သူမပတ်ဝန်းကျင်မှာ  “အရူး” လို့ အမည်တွင်အောင် သူ့အချစ်များက သူ့အပြုအမူများက အစွန်းရောက်ကောင်း ရောက်နိုင်ပေမယ့် ခဏတာတွေ့ဆုံခွင့်တိုင်းမှာ အမှတ်တရ ထင်ကျန်ရစ်စေချင်သော သူ့ဆန္ဒများကိုတော့ မည်သူတစ်ဦးတစ်ယောက်မှ ရိပ်မိပုံမပေါ်ပါ။
          ဘယ်လောက်ချမ်းအေးတဲ့ ညဉ့်နက်သန်းခေါင်တွေကို ဖြတ်ကျော်ခဲ့ရပါစေ
          မနက်ခင်းတိုင်းမှာ ဆံနွယ်ကောက်ကောက်လေးတွေနှင့် သူမမျက်နှာလေးကို မြင်လိုက်ရလျှင်
          အရောင်စုံခြယ်သထားတဲ့ သူမမျက်နှာလေးကို မြင်လိုက်ရလျှင်
          အူလှိုက်အသည်းလှိုက် သူမ ရယ်မောသံတွေကို ကြားလိုက်ရလျှင်
          သူ့မနက်ခင်းတွေဟာ ကျက်သရေရှိသွားတတ်သည်။
          ရံဖန်ရံခါ သူ့ခေါင်းပေါ် ဝဲပျံအောင် သူမ လက်ချောင်းတွေနှင့် ဒေါက်ကနဲမြည်အောင် ခေါင်းခေါက်တတ်ပုံ ။ ရံဖန်ရံခါ သူ့လက်မောင်းကို ဖြောင်းကနဲနေအောင် သူမလက်သံပြောင်လှပုံ။ ထိုကဗျာမဆန်သော သွယ်လျမှု သိပ်မရှိသော လက်ချောင်းတွေ၏ ပါဝင်ပတ်သက်မှုကို သူက မြတ်နိုးမိသည်။ သူမ မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့် အဖြေရှာတိုင်း ကွေးညွှတ်ချင်သယောင်ဖြစ်သွားတတ်သော သူမနှုတ်ခမ်းတွေကိုလဲ သူ လွမ်းဆွတ်မိသည်။ သူမ နံဘေးထိုင်ပြီး အလုပ်လုပ်တိုင်း ကြားရတတ်သော သက်ပြင်းဖွဖွသံကိုလဲ တမ်းတမိသည်။ အလုပ်ရှုပ်လာတိုင်း ဆံပင်ကို လက်ချောင်းများနှင့် ထိုးဖွတတ်သော သူမဟန်ပန်ကိုလဲ မြင်ယောင်မိသည်။ သူ့ကို အမြဲတစေ အားမလိုအားမရဖြစ်တတ်သော သူမရဲ့ ဆူသံငေါက်သံတွေနှင့် သူ့နေ့ရက်တွေ ဗလောင်ဆူခဲ့သည်။ သူကလဲ ခပ်ဆိုးဆိုး ဂျစ်ပေပေပုံစံနှင့် သူမရဲ့ ဆူသံငေါက်သံတွေ တမင်တကာ ကြားရအောင် ဖန်တီးယူခဲ့မိသည်။ တခါတရံ သူမ၏ စနောက်တတ်သော အပြုအမူတွေမှာ ပျော်မွေ့လျက် တခါတရံ သူမအပြုအမူတွေကို သူက ချော်လဲရောထိုင် စိတ်ဆိုးလျက် တခါတရံ သူ့အပြုအမူတွေက ကလေးဆန်လျက် တခါတရံ သူမ အုပ်ထိန်းမှုတွေမှာ ကြည်မွေ့လျက် ဘေးစကားတွေကို လျစ်လျူရှုပြီး သူ့နှလုံးသားကို လွတ်လပ်ခွင့်ပေးခဲ့သည်။ သူ့နေ့ရက်တွေကို သူမတစ်ယောက်အတွက်နှင့် အဓိပ္ပာယ်ပြည့်ဝစေခဲ့သည်။
          ထိုလွမ်းဆွတ်ဖွယ် သူ့မနက်ခင်းတွေကို အဓိပ္ပာယ်ပြည့်ဝစေသော
           ချောကလက်မလေးရယ်
          ကဗျာမဆန်သော လက်ချောင်းတွေရယ်
          ခပ်သွက်သွက် စကားပြောသံတွေရယ်
          သွက်လက်ဖျတ်လက်နေသော သူမပုံရိပ်လေးရယ်
          သက်ပြင်းဖွဖွတွေရယ်
          ထမင်းလက်ဆုံစားခွင့်အတွက်ရယ်
          ထိုအကြောင်းအရာများဖြင့် သူမနေ့ရက်တွေမှာ ပါဝင်ပတ်သက်ခွင့်အတွက် ဝင်ခွင့်ဗီဇာ ရမည်ဆိုလျှင်……………………..

ရိုးမြေကျ(မုံရွာ)
(25.12.2013, 1:45PM)

8 comments:

Anonymous said...

မ မိသဲ လင့်ချိတ်ထားပေမယ့် ဒီပို့စ် က လာမပေါ်ဘူးရော ဘယ်လိုဖြစ်တာမသိ

သူများဆီက တဆင့် ရောက်လာခဲ့ပါတယ်

Cameron said...

သူမအတွက် ချောကလက်အလွမ်းတွေကို တခုချင်းလာကောက်ကြည့်ပါတယ်

စံပယ်ချို said...

ရေခဲဖုန်းနေတဲ့ ဒီမြေကြီးကနေ
ချောကလက်ခြွေတဲ့ မနက်ခင်းအလွမ်းတွေကို အပြည့်အ၀ခံစားရင်း
Merry Christmas and Happy New Year

Phyu Phyu said...

ဖတ်သွားတယ် .. အားပေးသွားတယ်နော် .. နောက်ခံ skin လေးကိုလဲ ကြိုက်တယ် .. ^_^

ှSoe Soe said...

“အရူး” လို့ အမည်တွင်အောင် သူ့အချစ်များက သူ့အပြုအမူများက အစွန်းရောက်ကောင်း ရောက်နိုင်ပေမယ့်" တဲ့ ဟဲဟဲ မသက်ထားပြောတဲ့လေသံနဲ့ နဲနဲပြောကြည့်မယ် "အရူး"

အလွမ်းမြို့ said...

ချောကလက် ချွေနေတယ်ဆိုလို့ လာချောင်းကြည့်တာ..
ပုရွတ်ဆိတ်တွေတက်မှာစိုးလို့ကွယ်..


မကြီးလွမ်း
19-1-2014.

Phyu Lwin said...

ဝတ္ထုရေးဖြစ်ရင်တော့ ဒုတိယဂျူး ဖြစ်တော့မှာပဲ .။ ရေးထားတာလေးတွေက နုရွလှပလို့ :D

Unknown said...

မငယ်လေးရိုးမြေကျ အလည်လာသွားတယ်နော်
အခုတလော စားရေးမတွေ့မိပါလား မေ့တော့ မလို့
မင်္ဂလာပါလို့

Post a Comment

ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။