Friday, September 6, 2013

ရင်ဖွင့်ခန်း




        အဆောက်အဦးရဲ့ အကျယ်က ၁၅ပေပတ်လည်လောက်သာ ရှိမည်။ ဒီနေရာသည် “ရင်ဖွင့်ခန်း” ဟု သူတို့မြို့တွင် ကျော်ကြားသော နေရာတစ်ခုဖြစ်သည်။ လူငယ်အများစု နှလုံးသားရေးရာနှင့် ပတ်သက်လျှင် ဤနေရာသို့ မရောက်ဖူးသူ အလွန်ရှားပေသည်။ ယခုသူသည်လဲ ဤနေရာလေးသို့ နှလုံးသားရေးရာ ကိစ္စတစ်ခုနှင့်ရောက်လာခဲ့ခြင်းဖြစ်သည်။ ဤနေရာ၏ ဝင်ကြေးသည် အကြောင်းအရာခိုင်လုံပါက ကင်းလွတ်ခွင့်ရှိပေသည်။ ဝင်ကြေးကို နှလုံးသားရေးရာ စုံစုံလင်လင် ရင်ဖွင့်ပြီး ပေါ့ပါးသွားပြီဆိုမှ ပေးရခြင်းဖြစ်သည်။
          အခန်းထဲ ဝင်ဝင်ခြင်း အရင်ဆုံးသတိထားမိသည်က တယောသံ ငြိမ့်ငြိမ့်ဖွင့်ထားခြင်းဖြစ်သည်။ ဘေးဘီဝဲရာ ကြည့်လိုက်တော့ သက်တောင့်သက်သာ ထိုင်နိုင်ရန် ဆိုဖာနှစ်လုံးသာရှိသည်။ အခန်းထဲတွင် သူမှ လွဲလျှင် မည့်သည့်လူတစ်ယောက်၏ အရိပ်အယောင်မှမရှိ။ “မင်္ဂလာပါ။” ဟူသော အသံတစ်သံထွက်လာသည်။ လူကြီးပိုင်းအရွယ် အသံဟု ခန့်မှန်းသိရှိနိုင်သည်။ အခန်းတွင်း အသံဖမ်းစနစ် အသံထုတ်လွှင့်စနစ် ကောင်းလွန်းလှသည်ဟု သူထင်သည်။ ကြည်လင်ပြတ်သားသော အသံကို ကြားလိုက်ရ၍ဖြစ်သည်။ ထိုသူ ။ သူရင်ဖွင့်သမျှကို ဒိုင်ခံနားထောင်မည့်သူ မည်သည့်နေရာတွင် ရှိနေသည်ကို သူမခန့်မှန်းနိုင်။ “ဟုတ်ကဲ့ မင်္ဂလာပါ။” ဟု သူ့တုန့်ပြန်စကားကိုလဲ ထိုသူ ကောင်းကောင်းကြားနိုင်ပေလိမ့်မည်။ ထိုသူအိုင်ဒီယာက သိပ်ကဗျာဆန်လွန်းပါလားဟု စိတ်ထဲက ကြိတ်ချီးကျူးမိသွားသည်။ ထို့နောက်
          အသံရှင်က “မင်းအကြောင်းတွေ စပြောလို့ရပြီ။”
          သူ ဆိုဖာတစ်လုံးပေါ် ခြေပစ်လက်ပစ် ထိုင်ချရင်း ခံစားမှုအကြောင်းကို အစပျိုးလိုက်သည်။
          “ခင်ဗျားသာဆို ကိုယ်ချစ်တဲ့သူတစ်ယောက်က ကိုယ့်ကို မမြင်ချင်။ ကိုယ်ပို့သမျှ မက်ဆေ့ချ်တွေကို မကြည့်ချင် ဖြစ်နေရင် ကိုယ့်ကို ဘယ်တော့မှ ပြန်ချစ်မှာ မဟုတ်ဘူးလို့ ယတိပြတ်ပြောထားရင် ဘာဆက်လုပ်မလဲ။”
          သူ ရင်ဖွင့်စကားက မေးခွန်းတစ်ခုနှင့် အစပြုလိုက်သည်။ အသံရှင်ဆီက အဖြေစကားမဟုတ်သော ရင်ဖွင့်သံ ပြန်ထွက်လာသည်။
          “အင်း ငါလဲမင်းမေးခွန်းအတွက် အဖြေမရှိသေးဘူး။ ငါ့တုန်းက ငါချစ်တဲ့သူကို စာပို့ခွင့် ချစ်ကြောင်းကြိုက်ကြောင်းလေး ပြောခွင့်ရှိခဲ့တယ်။ သူ့ဆီကို ဘယ်တော့မှ စာမပို့နဲ့ဆိုတဲ့ ပိတ်ပင်တားဆီးမှုမျိုးမရှိခဲ့သလို သူက ငါ့ကို ချစ်တဲ့ အရိပ်အယောင်လဲ မပြခဲ့ဘူး။ သူ့ဆီက ပြန်စာလဲ ဘယ်တုန်းကမှ မရခဲ့ဘူး။အနည်းဆုံးတော့ သူ ငါ့ကို ဘယ်လိုမှ ပြန်မချစ်နိုင်ပေမယ့် သူ ငါ့အချစ်ကိုတော့ စိတ်ကြိုက်လွတ်လပ်ခွင့်ပေးခဲ့တယ်။ ငါ မင်းထက် ကံကောင်းတယ်ပြောရမယ်။ ကိုယ့်အချစ်ဟာ တစ်ဖက်သားအပေါ် စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုး သူ ငါ့ကို မပေးခဲ့ဘူး။”
          သူဆက်ပြီး ရင်ဖွင့်မိသည်။
          “ ကျွန်တော် ဘယ်တော့မှ ဖမ်းဆုပ်နိုင်မှာ မဟုတ်တဲ့ ကြယ်တစ်လုံးကို မျှော်လင့်နေရသလိုပဲ။ တခါတလေ အဲဒီကြယ်လေးဟာ အနားနား ရောက်လာလိုက်။ တခါတလေ ဟိုးအဝေးဆုံးကို လွင့်ပျံလိုက်နဲ့။ ဒါပေမယ့် ကြယ်လေးကို ကြွေလွင့်သွားစေချင်တဲ့ စိတ်တော့ကျွန်တော့်မှာ မရှိဘူး။ ငေးကြည့်ချင်တဲ့စိတ်လေးတော့ ကျွန်တော့်မှာ ရှိတယ်။ ကျွန်တော် ရှေ့ဆက်လျှောက်ရမယ့် ခရီးကြမ်းတွေအတွက် ကျွန်တော် ကြယ်လေးကို ကြည့်ပြီး အားယူချင်တယ်။ တခါတရံ ချစ်မိတဲ့အကြောင်းလေးတွေ မက်ဆေ့ချ်ပို့ပြီး ရင်ဖွင့်ချင်တယ်။ ချစ်တဲ့အကြောင်း သိုဝှက်ထားဖို့ ကျွန်တော့်မှာ စိတ်ကူးမရှိဘူး။ လူ့ဘ၀ တစ်ခဏနေထိုင်ရတုန်းလေးမှာ ကိုယ်ချစ်တဲ့သူကို တိတ်တခိုးချစ်နေရတာမျိုး ကျွန်တော်မလိုလားဘူး။ ဒါပေမယ့် ဒါပေမယ့် ကျွန်တော့် ပွင့်လင်းတဲ့ အချစ်တစ်ခုဟာ ကြယ်လေးအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်တဲ့။ ကျွန်တော့် အပြုအမူတိုင်းဟာ ကြယ်လေးကို စိတ်ပင်ပန်းစေခဲ့တယ်။”
          သူ့အသံတိမ်ဝင်သွားသည်။
          “ ကျွန်တော် ဘာမှ မမျှော်လင့်ရဲပါဘူး။ ဒီအတိုင်း ငေးကြည့်နေခွင့်လေးပါပဲ။ တခါတရံ ပြန်အချစ်ခံရဖို့ မပြောနဲ့ ကိုယ့်ဘက်က ချစ်နေခွင့်လေးတောင် မရတဲ့ အခြေအနေမျိုး။ ဒီအခြေအနေဟာ ဘယ်လောက်ဆိုးဝါးတဲ့ အဖြစ်လဲ။”
          အသံရှင်ဆီက လေးနက်တဲ့ အသံဝင်လာသည်။
          “ မင်းမှာ ဆက်ချစ်ခွင့် မရှိတာ မဟုတ်ပါဘူး။ မင်း ကြယ်လေးကို ဆက်ချစ်ခွင့်ရှိတယ်။ မင်း ဆက်ချစ်တယ်ဆိုတာ သူ မသိရုံပဲ ရှိမယ်။ သူမကြိုက်တဲ့ အပြုအမူတွေ မင်းမလုပ်ဘဲ သူ့ဘေးနား မင်း အရိပ်အယောင်ဖျောက်ထားလိုက်။ သူရော သူ့အပေါင်းအသင်းတွေပါ မင်းအကြောင်းမေ့သွားလောက်တဲ့အထိ မင်း ပျောက်နေလိုက်။ ဒါပေမယ့် သူ့ကို  မင်း နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း ဆက်ချစ်ပါ။ မင်း ရှင်သန်ရမယ့် နေ့ရက်တိုင်း သူ မင်းအနားရှိနေတယ်လို့ စိတ်ကူးယဉ်ပါ။ ဒါနဲ့ မင်းမှာ သူ့ဓာတ်ပုံရှိတယ်မလား။ သူ့ ဓာတ်ပုံကြည့်ပြီး မင်းရင်ထဲက စကားတွေ ရင်ဖွင့်လို့ရတယ်။ လူအရှင်လတ်လတ်ကြီးကို မင်း ရင်ဖွင့်နေတာ မဟုတ်ပေမယ့် သူ မင်းရင်ဖွင့်သမျှကို ကြားရလိမ့်မယ်။ မင်း ဆဌမအာရုံကို ယုံကြည်လား။ လောကမှာ မမြင်ရတဲ့ အင်အားတွေ ရှိတယ် ကလေး။”
          သူ ဖြစ်လိုရာရာတွေ ဟိုရောက်ဒီရောက် ဆက်ပြောမိသည်။
          “ ကျွန်တော် ကြယ်လေး နဲ့ ခရီးတူတူသွားဖူးချင်တယ်။ အဆင့်တွေ သိပ်တက်လွန်းအားကြီးသွားမလား မသိပေမယ့် ကြယ်လေးနဲ့ ခရီးတူတူ သွားဖူးချင်တယ်။ တခါတခါ ရေခဲမုန့် သိပ်ကြိုက်တဲ့ ကြယ်လေးနဲ့ icecream bar ကို တူတူသွားပြီး ရေခဲမုန့်အဝစားချင်တယ်။ icecream bar ကျွန်တော် တခါမှ မရောက်ဘူးသေးဘူးဗျ။ ပြီးတော့ ကြယ်လေးနဲ့ candle light dinner လဲ ခဏခဏ စားချင်တယ်။ ပြီးတော့ ပြီးတော့လေ ကျွန်တော့် မွေးနေ့ကို တခါမှ သတိတရ မရှိဘူးတဲ့ ကြယ်လေးရဲ့ နှလုံးသားထဲမှာ ကျွန်တော့် မွေးနေ့လေးကို အမြဲအမှတ်ရနေအောင် သံမှိုရိုက်ထားချင်တယ်။ ကျွန်တော် မွေးနေ့လက်ဆောင် လိုချင်လို့ မဟုတ်ပါဘူး။ ဒီအတိုင်း Birthday Wish လေးဆိုလဲ အတိုင်းထက်အလွန် ပီတိဖြစ်မိမှာ။ ကျွန်တော် သိပ်ကို စိတ်ကူးယဉ်သွားသလား။ ကျွန်တော် ရူးများ ရူးနေပြီလားမသိဘူး။ ကြယ်လေးနဲ့ အပေါင်းအသင်းတွေကြားရင် အော်ဟစ်ရယ်ချင်ရယ်နေမှာ။ ကျွန်တော့် အပြုအမူတိုင်းဟာ ကြယ်လေးတို့အမြင်မှာ ရယ်စရာအမြဲဖြစ်နေတယ်။ တခါတခါ ကျွန်တော်ရင်ဖွင့်သမျှ ကြယ်လေးနားထောင်ပြီး ကြယ်လေးရဲ့ နာကျင်မှုတိုင်းအတွက်လဲ ကျွန်တော့်ပခုံးအမြဲ အသင့်ရှိချင်တယ်။ ကျွန်တော်ဟာ လက်တွေ့ ဘဝမှာ မရှင်သန်ဘဲ စိတ်ကူးယဉ်ဘဝမှာပဲ အမြဲကျက်စားနေတဲ့သူမျိုးဖြစ်ပြီထင်တယ်။”
          ပြောရင်း ပြောရင်း သူမောဟိုက်လာသည်။ ရင်ထဲက နာကျင်မှုက မခန့်မှန်းနိုင်။
          အသံရှင်လူကြီးဆီက အမေးစကားတစ်ခုထွက်လာသည်။
          “အချစ်ဆိုတာ ဘာလဲ ကလေး။”
          “ အချစ်ဆိုတာ ဘာမှန်းမသိပါဘူး။ ကြယ်လေးက အမြင့်နေရာမှာ ရောက်နေလို့ ချစ်နေတာလဲ မဟုတ်ဘူး။ တန်ပြန်မျှော်လင့်မှုတွေ ရချင်လို့လဲ မဟုတ်ဘူး။ အဲ မမျှော်လင့်ဘူးလို့ ပြောလိုက်ရင် ကျွန်တော် မရိုးသားဘဲ နေတော့မယ်။ ကြယ်လေးဆီက ကျွန်တော် အတူတူရှိနေခွင့်လေး မျှော်လင့်ဖူးတယ်။ ကြယ်လေးရဲ့ အပြုံးတွေ မျှော်လင့်ဖူးတယ်။ ကြယ်လေးရဲ့ စိတ်ရှည်လက်ရှည်အသံလေး အမြဲကြားချင်တယ်။ တခါတခါ ကြယ်လေးဆီက မက်ဆေ့ချ် စ ပို့တာမျိုး လိုချင်တယ်။”
          သူ့ အဖြေက မပြည့်စုံ၍ ထင်သည်။ အသံရှင်ဆီက ခိုင်မာတဲ့ စကားသံထွက်လာသည်။
          “ အချစ်ရဲ့ အဆုံးသတ်ဟာ လက်ထပ်ခြင်းမဟုတ်ဘူး။ အတူတူနေခြင်း မဟုတ်ဘူး ကလေး။ မင်း ချစ်တဲ့သူဟာ မင်း လက်ထပ်လို့ ရတဲ့သူ ဖြစ်ချင်မှ ဖြစ်မယ်။ မင်း လက်ထပ်လို့ မရပေမယ့် သူ့ကို မင်း နှလုံးသားထဲ ထည့်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားလို့ ရတယ်။ ဒီလို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခြင်းဟာ သူ့အပေါ် မင်းအချစ်တွေ လျော့နည်းသွားပါပြီလို့ သက်သေပြနေတာ မဟုတ်ဘူး။မင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခြင်းဟာ မင်းကို မင်း တန်ဖိုးထားခြင်းပဲ။ မင်းကိုယ်မင်းတန်ဖိုးထားလိုက်ခြင်းဟာ မင်းချစ်တဲ့သူအပေါ် တန်ဖိုးထားလိုက်တာနဲ့ တူတူပါပဲ။ လူတစ်ယောက်ကို ချစ်တာတို့ လွမ်းတာတို့ကို ပြချင်ရင် တမှိုင်မှိုင်တတွေတွေနဲ့ ပူဆွေးပြနေခြင်းမှ အချစ်တွေ အလွမ်းတွေမဟုတ်ဘူးကလေး။ ဖြတ်သန်းရမယ့် နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ ရင်ဆိုင်နေခြင်းဟာ အချစ်အပေါ် လေးစားဦးညွှတ်ခြင်းပါပဲ။ မင်း ချစ်တဲ့သူ က မင်းကို မမြင်ချင်တဲ့အခါ သူရှိတဲ့ ဝန်းကျင်မှာ မင်းရှောင်နေပေးလိုက်ပါ။ မင်းချစ်တဲ့သူ စိတ်ချမ်းသာခြင်းဟာ မင်းရဲ့ စိတ်ချမ်းသာခြင်းပါပဲ။ မင်း သူ့ကို ပြင်းပြင်းရှရှ သတိရလွမ်းဆွတ်လာတဲ့အခါ သူ့ဓာတ်ပုံကို ကြည့်ပြီး ရင်ဖွင့်ပါ။ ဖြတ်ကျော်ရခက်တဲ့နေ့ရက်တွေ ရင်ဆိုင်တွေ့ရတဲ့အခါ ငါးစက္ကန့်လောက် မျက်လုံးမှိတ်ပြီး သူ မင်းအနား ရှိနေသယောင် ခံစားကြည့်လိုက်ပါ။ အရာရာကို မင်း ဖြတ်ကျော်သွားနိုင်လိမ့်မယ်။ သူ ဒါတွေကို သိချင်မှ သိမယ်။ ခံစားမိချင်မှ ခံစားမိမယ်။ အရေးမကြီးပါဘူး။ အချစ်ဆိုတာ candle light dinner တူတူစားဖူးမှ အချစ်မဟုတ်ဘူး။ ခရီးအတူတူသွားဖူးမှ အချစ်မဟုတ်ဘူး။ သူ့ရဲ့ ဖြစ်တည်မှုကို လေးစားပြီး ကိုယ့်ရဲ့ ရပ်တည်မှုကို တန်ဖိုးထားခြင်းဟာ အချစ်ပဲ။ နားလည်လား ကလေး။”
          ရှင်းလင်းပြတ်သားသော အကြံပေးမှုသည် သူ့နှလုံးသားကို လင်းချင်းသွားစေသည်။
          “ဟုတ်ကဲ့ အန်ကယ်။ ဒီရင်ဖွင့်ခန်းလေးအတွက် ဝင်ကြေးဘယ်လောက်ပေးရမလဲ။”
          “မင်း အချစ်တွေကောင်းကောင်းခံစားမိတဲ့အခါ ဒီရင်ဖွင့်ခန်းလေးကို ပြန်လာခဲ့ပါ။ မင်း ဘာတွေ ဆက်ဖြစ်ခဲ့တယ်ဆိုတာ ဒီမှာ ပြန်လာပြောပြပါ။ အဲဒီအခါကျမှ ဝင်ကြေးကို ပေးပါ။ မပေးရသေးလို့ဆိုပြီး အကြွေးသဘောမျိုး မမှတ်ထားလိုက်နဲ့။ မင်းပြန်မလာဖြစ်ရင်လဲ ပေးစရာမလိုပါဘူး ကလေး။”
          ဒီရင်ဖွင့်ခန်းလေးထဲက တယောသံသည် တိုးတိတ်စွာကျန်ရစ်သည်။ သူ့ နှလုံးသားသည် လွတ်လပ်ပေါ့ပါးနေသည်။ နာကျင်နေခြင်းလဲ မရှိ။ မျှော်လင့်ချက်တွေနှင့် လေးပင်နေခြင်းမျိုးလဲ မရှိ။ သူမ မမြင်နိုင်သော နေရာလေးတွင် သူမ မသိနိုင်သော အချစ်များဖြင့် သူ့နှလုံးသား ဆက်ခုန်နေဦးမည်။ သူမ မမြင်ချင် မကြားချင်သော သူ့အကြောင်း သူ့ပုံရိပ်များကို လျှို့ဝှက်သိမ်းဆည်းရင်း သူ့နှလုံးသား ဆက်ခုန်နေဦးမည်။ သူမနှလုံးသားကတော့ သူ့နှလုံးသားလို ခုန်ချင်မှ ခုန်လာမည်။ ဒါပေမယ့် သူ့နှလုံးသားကတော့ စည်းချက်ညီစွာ ဆက်ခုန်နေဦးမည်။ ဒါသည်ပင် အချစ်မဟုတ်ပါလား။

ရိုးမြေကျ
(7.9.2013;9:25PM)

Tuesday, September 3, 2013

ကိုယ်လဲ မှောက်မယ် ချန်မထားနဲ့ (တဂ်ပို့စ်)



            
        ခုတလော အလုပ်ထဲမှာ စိတ်ညစ်စရာလေးတွေတော်တော်များတာကလား။ ဒါပေမယ့် ညစ်နေတာတွေက (၂၈.၈.၂၀၁၃) တုန်းက မမမိုးငွေ့ ဘလော့ဂ်မှာ တဂ်ပို့စ်လေးဖတ်လိုက်ရတော့ အားလုံးအရည်ပျော်ပျောက်ကွယ်သွားပါတယ်။ မမမိုးငွေ့ဘလော့ဂ်က တစ်ဆင့်ခြေရာခံလိုက်တာ အဲဒီနေ့က ဘလော်ဂါတွေ အားလုံး အိတ်မှောက်ကြတယ်။ အိတ်မှောက်တဲ့ပို့စ်လေးတွေ လိုက်ဖတ်ရင်း စိတ်ထဲ အလိုလို ပျော်လာတယ်။ ဘလော်ဂါတွေရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေ သိပ်ပေါ်လွင်တာပါပဲ။ ဒါနဲ့ အားကျမခံ အိတ်မှောက်မယ်ကြံလိုက်တော့ သင်တန်းတစ်ဖက် ရုံးတစ်ဖက်နဲ့ ဆိုတော့ ချက်ချင်း မမှောက်နိုင်ခဲ့တာကို အားမလို အားမရဖြစ်မိပါရဲ့။
          ကဲကဲ မှောက်တော့မယ်ဗျာ။
        

        မှောက်တော့မယ်ဆိုတော့ ကျွန်တော်ကိုင်တဲ့အိတ် ကျွန်တော် ကြည့်ပြီး ဟင် ငါမိန်းမမဆန်တာကို လူသိရှင်ကြား ထုတ်ပြ ရတော့မှာဆိုပြီး ချီတုန်ချတုန်ဖြစ်မိသေး။ ဘာပဲဖြစ်ဖြစ်မှောက်ပြရတော့မှာပဲလေ…….          ခါတိုင်းလွယ်နေကျ အိတ်က ဒီထက်နည်းနည်းပိုကြီးတယ်။ ဒီအိတ်က ဝယ်ထားတာကို သုံးနှစ်ကျော်ကြာပြီ။ နေပြည်တော်မှာ ဦးစီးစာမေးပွဲသွားဖြေတုန်းက ဝယ်လာခဲ့တာ။ ကျွန်တော်က ဂျွန်စောသိပ်ကြိုက်တာလေ။ ကျောက်မဖြစ်တဲ့ နှလုံးသားရုပ်ကြွင်း ဇာတ်ကားထဲက ဂျွန်စော လွယ်လွယ်နေတဲ့ စတုဂံပုံစံ ဘေးလွယ်အိတ်လေးကို သိပ်သဘောကျခဲ့တာ။ ဒါနဲ့ပဲ အဲဒီအိတ်နဲ့ တော်တော်လေးဆင်တဲ့ ဒီအိတ်လေးကို နေပြည်တော် Junction Center မှာတွေ့လို့ ဝယ်လာခဲ့တာပါ။

     အိတ်လေးကို စမှောက်လိုက်တော့
၁) Wallet လေးထွက်လာပါရောလား။ အဲဒီ wallet ကြီးဖောင်းနေလို့ အထင်မကြီးလိုက်ကြပါနဲ့ဦး။ အဲဒီထဲ မြန်မာကျပ်ငွေ သုံးထောင်ငါးရာကျပ်သာပါပါတယ်။ ဖောင်းနေရခြင်းအကြောင်းကား ဟိုဟာဝယ်ဒီဟာဝယ် ဘောက်ချာမျိုးစုံပါနေခြင်းကြောင့်သာ။ ပိုက်ဆံအိတ်ဖောင်းဖောင်းကြီးကို ကြည့်ကြည့်ပြီး အထင်တကြီးနဲ့  ခဏခဏ ပိုက်ဆံချေးခံရပါတယ်။ ပိုက်ဆံအိတ်လှပ်ပြလိုက်သောအခါ ရှုံ့ခွက်သွားသော မျက်နှာများကိုသာ အမြဲ တွေ့နေရသူပါ။
၂) တစ်ထောင်ဖိုး လေးချပ်ရတဲ့ ခိုးကူးခွေတွေ။(ဟီးဟီး မုံရွာမှာ original သီချင်းခွေဝယ်ဖို့ လွယ်မှမလွယ်တာ။ ခိုးကူးခွေတောင် မနည်းရှာနေရတာ။ သီချင်းငတ်သူဆိုတော့ ဒီလို ရှာကြံရှာရတာပါပဲ။ ခုနေများ ဂီတအစည်းအရုံးက တွေ့သွားလို့ ဖမ်းရင်တော့ ရိုးမြေကျတော့ သွားရှာပြီ။) ဟန်ထွန်း ရဲ့ စီးရီးအသစ် “ခေါင်းနဲ့ ပန်း” ၊ သားကြီးရဲ့ “ဆယ်ပုံတစ်ပုံ”၊ နောက်တစ်ခွေကတော့ ဖြူဖြူကျော်သိန်းရဲ့ တစ်ကားတည်းသော ဗီဒီယိုဇာတ်ကား သက်တော်စောင့်အခွေ။ သူငယ်ချင်းတစ်ယောက်က ကူးပေးထားတာပါ။
၃) မျက်မှန်။ ကွန်ပျူတာ ကြည့်ရင် အမြဲတပ်ထားရတယ်။ စာရင်းကိုင်ဆိုတော့ စာရင်းတွေကြားထဲ လုံးချာလည်ပြီး မျက်စိ မွဲချင်ချင်ဖြစ်နေပြီ။ မျက်မှန်ပုံစံကလဲ သိပ်မိန်းမမဆန်ဘူးနော်။ ပြောရရင် ကိုရီးယားမင်းသားတွေ တပ်နေကျ မျက်မှန်ကိုင်းအမဲနဲ့။ (ဒီရိုးမြေကျဟာလေ ကိုရီးယားရူးရူးနေတာ။)
၄) V Rohto မျက်စဉ်း။ ဒါလေးကတော့ မပါမဖြစ်။ နေ့တိုင်း သုံးရတယ်။ မျက်စိလဲ အေးတယ်။
၅) ခဲဆံဗူး။ ခဲတံလဲ မပါဘဲ ခဲဆံဗူးကြီး အိတ်ထဲ ရှိနေတာ။ ဘာလို့ပါလိမ့်???????????
၆) ယာဉ်မောင်းလိုင်စင်။ ဒါကလဲ မပါမဖြစ်။ အဖမ်းခံရရင် ဘတ်ဂျက်ထိနိုင်တယ်မလား။
၇)ဆံကုတ်။ ဆံပင်က မတိုမရှည်ဆိုတော့ မျက်နှာပေါ် ဝဲ၀ဲ ကျနေတာ သတ်သတ်တင်နေရတာ အလုပ်ရှုပ်တာနဲ့ ဆံကုတ်ထည့်ထားဖြစ်တယ်။ ဟင် ဆံကုတ်ကလဲ မိန်းမမဆန်လိုက်တာလို့ တွေးမနေကြနဲ့ဦးနော်။
၈) Memory Stick ၂ ချောင်း။ အဲဒီ Stick လေးတွေ တော်တော် အသုံးခံတယ်။ ကြာလှပြီ။ တံဆိပ်တွေက တခုက Sony တခုက တံဆိပ်တောင် ပျက်နေပြီ။ ဘယ်လောက်ကြာတယ် မကြာတယ်။ ၂ခုလုံး ခုထိ မပျက်သေးဘူး။ အလုပ်ထဲက အရေးကြီးတဲ့ data တွေ အမြဲ backup လုပ်ရတယ်။ မလုပ်မိရင် သေမှာလေ။ နောက်တော့မှ ပိုက်ဆုံစုပြီး external hard disk လေးဝယ်ရမယ်။ အလုပ်ထဲက အရေးကြီးဖိုင်တွေ သိမ်းဖို့။
၉) ပီကေ။ ပီကေက အရမ်းကြိုက်လို့ ဆောင်ထားတာ။ ရုံးမှာ အလုပ်လုပ်ရင်း အိပ်ချင်ရင် ဝါးနေတာ။ တခါတလေ တနေကုန်တနေခမ်း ဝါးနေလို့ ညနေ အိမ်ပြန်ရောက်ရင် ပါးတွေညောင်းနေလို့ ထမင်းတောင် မစားနိုင်တဲ့ရက်တွေ ရှိဖူးတယ်။


 ၁၀) ipad ။ ဒါကတော့ ပခုံးကို ဒုက္ခအပေးဆုံး။ သယ်ထားရတာ အလေးလံဆုံး ပစ္စည်းပဲ။ ကာဗာတင်ကို တော်တော်လေးတာ။ အဲဒီထဲမှာ ebook တွေပါနေလို့သာ။ ပြီးတော့ ကျွန်တော်ရေးထားတဲ့စာတွေကိုလဲ pdf လုပ်ပြီးသိမ်းထားတယ်။ ကိုယ်ရေးတဲ့စာ ကိုယ့်ဟာကိုယ် ခဏခဏဖတ်ဖြစ်အောင်လို့လေ။
၁၁) ဖတ်လက်စ စာအုပ်တစ်အုပ် “အမှားမကင်းသော ကုမ္ပဏီများနှင့် လမ်းဘေးက 4P” ကိုညီ(Marketing) ရေးထားတာ။ ခုတလောမှ ဝယ်ထားတာ။ အလုပ်နဲ့ ပတ်သက်တဲ့ စာတွေတော့ အချိန်အားရတိုင်း ဖတ်ရတယ်။ မဖတ်လို့လဲ မရဘူး။ လက်တွေ့ဘဝမှာ တွေ့ကြုံဖို့ မလွယ်တာတွေကို စာတွေထဲကနေ သိမှတ်လိုက်နာရတာ။


 ၁၂) ဖုန်းအားသွင်းကြိုး။ အိတ်ထဲ မပါမဖြစ်ဟာ။ အင်တာနက်အမြဲသုံးတော့ ဖုန်းအားက ခဏခဏ ကုန်တယ်။ ဒါ့ကြောင့် အသက်ကယ်အနေနဲ့ အမြဲထည့်ထားရတာ။ မီးမလာတဲ့အချိန်ဘယ်လိုအားသွင်းမလဲလို့ မမေးနဲ့နော်။ မီးမလာရင် မီးမွှေးပြီး ဖုန်းအားသွင်းမှာ။
၁၃) ဖုန်း။ Galaxy Note II ဟန်းဆက်။ ဒါလေးကတော့ မှောက်လိုက်တဲ့ပစ္စည်းတွေထဲမှာ အကြိုက်ဆုံး ပစ္စည်း။ wallpaper မှာ ချစ်ရတဲ့သူ ပုံတင်ထားတယ်။ ဘယ်သူလဲဆိုတာ ပြောပြဘူး။ ပြောဘူး။ ပြောဘူး။
          အားလုံးမှောက်ပြီးပြီဆိုတော့ မသိတဲ့သူဆို အိတ်ပြလိုက်ရရင် ဒါမိန်းကလေး တစ်ယောက်ကိုင်တဲ့ အိတ်လို့ ယုံမှာမဟုတ်။ ယောကျ်ားလေးတစ်ယောက်အိတ်လို့ပဲ ထင်ကြမှာမလွဲ။ အလှပြင်ပစ္စည်းလဲ တစ်ခုမှ မပါ။ နည်းနည်းတော့ ရှက်မိသား။ မလိုတာတွေ ထုတ်ပစ်မယ်ဆိုတော့ တခုပဲ ထုတ်စရာရှိတယ်။ ခဲတံမပါတဲ့ လွယ်အိတ်ထဲမှာ ခဲဆံဗူးကြီးရှိနေတာ။ အဲဒါတစ်ခုပဲ ထုတ်စရာရှိတယ်။ ကျန်တာတွေကတော့ လိုအပ်တဲ့ ပစ္စည်းတွေဆိုတော့ ချန်ထားခဲ့လို့ မရတဲ့ ရဲဘော်တွေပဲ။
          ဘာပဲပြောပြော ဒီတဂ်ပို့စ်လေး ဖြစ်ပေါ်လာစေတဲ့ မမသက်ဝေကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီတဂ်ပို့စ်လေးကြောင့် စိတ်ပြန်ကြည်လာခဲ့တာပါ။
ရိုးမြေကျ
(30.8.2013;8:45PM)