Friday, August 9, 2013

ဖြတ်ကျော်ရန်ခက်သော (၁၆၈)နာရီ


        ဒီအသိုက်အဝန်းလေးကို သူစွန့်ခွာတော့မည်ဆိုတော့ အားလုံးက မယုံကြည်ကြ။ သူဟာ ဒီဝန်းကျင် ဒီနေရာလေးမှာ ပျော်မွေ့သည်။ ဘာ့ကြောင့် သူ ဒီပတ်ဝန်းကျင်မှာ ရှိနေရသည်ဆိုတာ ရင်းနှီးလွန်းသော အပေါင်းအသင်းများက နားလည်ကြသည်။ စွန့်ခွာတော့မည်ဟု ယတိပြတ်ပြောလိုက်သောအခါ သူမ ကိုယ်တိုင်တောင် သူ့ဆုံးဖြတ်ချက်အတွက် အံ့သြချင် အံသြသွားခဲ့မည်။ သူမ မှမဟုတ်။ အားလုံးသော အပေါင်းအသင်းများက အံသြကြမည်ဆိုတာ သူခံစားမိသည်။ အမြဲတစေ စနောက်ပြောင်နေကြဖြစ်သည့် အတွက် ဒီတစ်ကြိမ် သူ့ဘက်က ပြောလာသည့်အခါ ဘယ်သူမှမယုံကြ။ နောက်ပြီး သူမအခက်ခဲဆုံး ဖြစ်နေနိုင်သည့် ဒီအခြေအနေမျိုးမှာ သူကပါ စွန့်ခွာသွားမည်ဆိုခြင်းမှာ သူမအတွက် မတရားဘူးဆိုတာ သေချာသိပေမယ့် ဒီလိုဆုံးဖြတ်ချက်မျိုးချမိသည့် သူ့ရဲ့ စိတ်အခြေအနေကိုရော အားလုံးက ခံစားနားလည်ပေးနိုင်ပါ့မလား။ ဟိုးလွန်ခဲ့သည့် ခုနှစ်နှစ်ကျော်က ဖြစ်ခဲ့ဖူးသည့် အခြေအနေအတိုင်း အရာရာကို သူစိတ်ကုန်သွားခြင်းမျှသာ။ ယုံကြည်ချက်ပျောက်ဆုံးသွားခြင်းသာ။ သူကိုယ်သူ ထပ်ပျောက်ဆုံးသွားမည်စိုး၍ လုပ်ခဲ့ရခြင်းမျှသာ။ ဒီဝန်းကျင်ကို စိတ်ပျက်လက်ပျက်ဖြစ်ပြီး အကြိမ်ကြိမ်စွန့်ခွာသွားချင်ခဲ့ပေမယ့် သူမဆိုသော မျှော်လင့်ချက်ရှိနေ၍သာ သူ ဒီဝန်းကျင်မှာ အသက်ဆက်ခဲ့ခြင်းမျှသာ။ ဒီဆုံးဖြတ်ချက်ကို မချခင်မှာ သူ့နှလုံးသားကို သော့ခတ်ထားခဲ့ရပြီး ဦးနှောက်ကိုသာ ဆုံးဖြတ်ခိုင်းစေခဲ့သည်။ ကံ ကံ၏အကျိုး ၊ စေတနာရောင်ပြန်ဟတ်တယ်ဆိုသော စကားများက စာအုပ်ထဲမှာပဲ ရှိသောအရာမျိုးလား။ အပြင်မှာ သူမျက်ဝါးထင်ထင် မြင်ချင်စမ်းပါဘိ။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ဖော်ထုတ်ခဲ့သော နယူတန်ရဲ့ အယူအဆမှားခဲ့သလား။ သူတွေ့ကြုံဖူးခဲ့ရသည်များက ကိုယ်ကပြုံးပြလျှင် ပြန်ပြုံးပြခံရဖို့ မသေချာပေမယ့် ကိုယ်က မဲ့ပြလျှင် တစ်ဖက်လူက ချက်ချင်းပြန်မဲ့ပြသော အနေအထားမျိုးတွေသာ။ ဒါ့ကြောင့် သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသည်ဆိုသောစကားသည် အဆိုးအတွက်သာ သေချာနေသည့် နိယာမတစ်ခုမဟုတ်လား။ ကောင်းတာတွေလုပ်လျှင် အကျိုးပေးခွင့်မသာပေမယ့် မကောင်းတာတစ်ခုများလုပ်မိလျှင်တော့ တန်ပြန်သက်ရောက်မှုနှုန်းက မြန်နေတာ။ သူကိုယ်တိုင် လောကကြီးကို စိတ်ပျက်လက်ပျက်စိတ်ကုန်နေခြင်းမျိုးလား။ လောကဓံကို ခံနိုင်ရည်မရှိအောင် သူ့နှလုံးသားက နုနယ်လွန်းနေတာလား။ ဘာ့ကြောင့်လဲ သူကိုယ်တိုင်သေချာမသိပေမယ့် သူမနှင့် သူ့အပေါင်းအသင်းများကလွဲလျှင် အားလုံးကို ကျောခိုင်းလိုက်ချင်ပါပြီ။ ရှိခြင်းရဲ့တန်ဖိုးကို သူမရှိသည့်နောက်မှ သိနိုင်မည့်သူတွေကို သင်ခန်းစာပေးချင်ပါသည်။ သူထားရှိသည့် စံနှုန်းတွေထဲမှာ တာဝန်ကျေမှု၊ တာဝန်ယူမှု၊ လူပီသမှု၊ စာရိတ္တ စတာတွေသာ။ သူနှစ်ခြိုက်သည့်အရာ သူ့ရည်မှန်းချက်တွေကို ပြောင်းလဲအောင် လုပ်နိုင်သော အရာတွေထဲမှာ သက်မဲ့ငွေစက္ကူမပါဝင်ခြင်းပါ။ ပြီးတော့ နောက်ဝန်းကျင်ရှိလို့ ဒီဝန်းကျင်ကို စွန့်ခွာသွားသည့် အခြေအနေမျိုးလဲ မဟုတ်ရပါ။ သူက လှေနံနှစ်ဖက်နင်းတတ်သည့်သူမျိုး မဟုတ်ပါ။ လက်တွဲလို့ မရနိုင်သော ဒီဝန်းကျင်လေးကို လက်တွဲဖြုတ်ထားခဲ့ချင်ခြင်းပါ။ ထို့အတွက် သူ့တွင် မက်လုံးများသော အခြားအခြားသော နေရာအသစ်ဆိုတာလဲ မရှိရပါ။ ဒီဝန်းကျင်ကို စွန့်ခွာသွားခြင်းမှာလဲ အရှုံးပေးခြင်းမဟုတ်ရပါ။ ဒီနေရာလေးမှာ သူမက်မောတွယ်တာရသည့်လူကလဲ သူမတစ်ယောက်သာ။ ထိုအတွယ်အတာကလဲ တခါတရံ အလွမ်းဖြေခွင့်မရှိအောင် သူနှင့် အလှမ်းဝေးလွန်းလှပါသည်။

          သူရင်ဘတ်မအောင့်တာ တော်တော်ကြာပြီ။ ဒီရက်ပိုင်းတွေမှာ အသက်ရှူကျပ်ပြီး ရင်ဘတ်အောင့်တာတွေ စိပ်လာသည်။ သူကိုယ်တိုင် အံ့အားသင့်ရသော သူ့ဆုံးဖြတ်ချက်အတွက် ရှေ့ဆက်ဖို့ခက်ခဲရင်း သူ့ဆုံးဖြတ်ချက်တွေ ဒီ (၁၆၈) နာရီမှာ ယိမ်းယိုင်သွားလေမလား သူကိုယ်တိုင်လဲ မသိရပါ။ အနာကျင်ရဆုံးက သူကျောခိုင်းထွက်သွားချင်သော ဒီဝန်းကျင်လေးမှာ သူမတစ်ယောက် ပါဝင်နေခြင်းကြောင့်သာ။ သေချာတာက သူမ ကို ကျောခိုင်းသွားချင်ခြင်း မဟုတ်ရပါ။ သူ သူမကို ဆက်ပြီး ချစ်နေပါဦးမည်။

ရိုးမြေကျ(မုံရွာ)
(10.8.2013,6:20AM)